no

Font
Theme

အပိုင်း (၁) - လက်ဖက်စိမ်း

အပြင်ဘက်မှ ဆူညံသံတစ်သံ ထွက်ပေါ်လာ၏။

"မကြောက်နဲ့နော် ရန်ရန်၊ မေမေ သားကို အခုချက်ချင်း ဆေးရုံခေါ်သွားပေးမယ်!"

"မလိုပါဘူး မေမေ။ ကိုကို့ရဲ့ခွေးကဆိုးပြီး သားရဲ့ဒဏ်ရာက နာနေပေမဲ့ ကိုကိုက ခွေးကို ရည်ရွယ်ချက်ရှိရှိ ပြန်ခေါ်လာတာမဟုတ်မှန်း သားသိပါတယ်။"

လုရန်က ပင်ပန်းနွမ်းနယ်သလို ခံစားနေခဲ့ရသော်လည်း မလှမ်းမကမ်းရှိ ထိုလက်ဖက်စိမ်းအသံကို ကြားလိုက်ရသောအခါ ချက်ချင်း အသိစိတ်ပြန်ကပ်လာခဲ့သည်။

သို့သော်လည်း သူ့စိတ်က မြူဆိုင်းနေဆဲဖြစ်ပြီး အပြည့်အဝနိုးထလာဖို့ ခက်ခဲနေ၏။

ထိုအခိုက်အတန့်၌ စောစောကပြောခဲ့သည့် အမျိုးသမီး၏အသံက တင်းမာစွာထွက်ပေါ်လာခဲ့သည်။

"နင် အိမ်ကိုဘာတွေသယ်လာတာလဲ။ အဲ့လိုလမ်းဘေးခွေးကို ဟိုးအရင်ကတည်းက လွှင့်ပစ်လိုက်သင့်တာ။"

ဤသည်မှာ လုရန်ကိုပြောနေကြောင်း ရှင်းလင်းပေ၏။

တိုးလျပြီး မနှစ်မြို့မှုများပြည့်နှက်နေသည့် အသံဖြင့် သူ(မ)က ထပ်လောင်းပြောခဲ့သည်။

"နင့်ရဲ့အကျင့်ဟောင်းတွေကို ဒီအိမ်ထဲယူမလာခဲ့နဲ့။"

လုရန် ရှင်းပြနေသော သူ့ကိုယ်ပိုင်အသံကို ကြားလိုက်ရသည်။ "သာ့ဟွမ်က လမ်းဘေးခွေးမဟုတ်ပါဘူး။ အမေ သူ့ကိုပြန်ခေါ်ဖို့ သဘောတူခဲ့တာပဲလေ။ သူက အသက်အရမ်းကြီးနေပြီ၊ သွားလည်းမရှိတော့ဘူး၊ အဲ့ဒါကြောင့် မကိုက်..."

သူ့စကားမဆုံးခင် ထိုအမျိုးသမီး၏အသံက စူးရှစွာထွက်ပေါ်လာပြန်၏။

"နင် ပြန်ပြောရဲတယ်? ဒါဆို နင့်ညီရဲ့ဒဏ်ရာက အတုလား။"

လုရန်က ဆက်ပြီးရှင်းပြလိုက်၏။

"သာ့ဟွမ်မှာ အစွယ်တွေမရှိတော့လို့ ဒီလိုဒဏ်ရာဖြစ်အောင် ကိုက်နိုင်မှာမဟုတ်ပါဘူး။"

"နင် ဆိုလိုချင်တာက ဘာလဲ။ နင့်ညီလေးက ဟန်ဆောင်နေတယ်လို့ပြောချင်တာလား။"

"လုရန်၊ ငါ နင့်ကို အကြိမ်ကြိမ်ပြောထားပြီးသား။ နင့်ညီလေးကို မောင်းထုတ်ဖို့မကြိုးစားနဲ့၊ ဟုတ်ပြီလား။"

ထိုအမျိုးသမီးက သူ့ကိုပြောပြီသည်နှင့် ငိုရှိုက်သံနှင့်အတူ 'ရန်ရန်' ဟုခေါ်လိုက်သည်။

ဒီအိပ်မက်ကို ထပ်မက်ပြန်ပြီ!

လုရန်က အလွန်ဒေါသထွက်ကာ သွေးများတောင်အန်လုနီးပါးပင်။

မြင့်တက်လာသော ဒေါသများနှင့်အတူ သူ၏အသိစိတ်က တစ်စုံတစ်ခုကို ချိုးဖောက်သွားပုံရပြီး တဖြည်းဖြည်းချင်း ကြည်လင်လာခဲ့၏။

သူ့အရှေ့မှ မျက်စိကျိန်းလောက်စရာ အလင်းရောင်က သဘာဝအလင်းရောင်မဟုတ်ဘဲ ခမ်းနားထည်ဝါသော မီးဆိုင်းများမှဖြစ်သည်။

သလင်းကျောက်မီးဆိုင်းကြီးက တောက်ပသောအလင်းတန်းများ ဖြာထွက်နေပြီး အရောင်မှိန်သော နို့နှစ်ရောင်ကြွေပြားများပေါ် ရောင်ပြန်ဟပ်နေသည်။

ယခု ညရောက်နေပြီဖြစ်သော်လည်း နေ့ခင်းကဲ့သို့ အလင်းရောင်တောက်ပနေ၏။

ဗီလာ၏ခန်းမတစ်ခုလုံးမှာ ပိုက်ဆံရနံ့များနှင့် ပြည့်နှက်နေပြီး အိပ်မက်ဆန်သော တောက်ပမှုမျိုးကို ထုတ်လွှင့်နေသည်။

လုရန် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ ရှန်မိသားစု၏ အလှဆင်ထားပုံများကို ဤမျှရှင်းလင်းစွာ အိပ်မက်မမက်ခဲ့သည်မှာ တော်တော်ကြာခဲ့လေပြီ။

သူ့ခန္ဓာကိုယ်က တစ်နည်းနည်းဖြင့် လှုပ်ရှားဖို့ခက်ခဲနေဆဲပင်။

လုရန် မျက်လုံးများကို ပင့်ကြည့်လိုက်ရာ ဆိုဖာပေါ်မှာထိုင်နေသော လူနှစ်ယောက်ကို တွေ့လိုက်ရ၏။

ပထမတစ်ယောက်က စူးရှသောအသံရှိသည့် အမျိုးသမီးဖြစ်၏။

သူ(မ)က ငယ်ရွယ်နုပျိုပြီး ကျက်သရေရှိသည်။ သွေးဆုံးကိုင်ချိန်ရောက်နေသော်လည်း သူ(မ)က ဟော်မုန်းမတည်ငြိမ်မှုများကြောင့် ပင်ပန်းနွမ်းနယ်နေတတ်သည့် သာမန်အမျိုးသမီးများနှင့် မတူဘဲ ကောင်းမွန်စွာထိန်းသိမ်းထားပုံပင်။

သူ(မ)က စကားပြောဆိုရလွယ်ကူသော အမျိုးသမီးဟု အထင်မြင်မှားနိုင်ပေသည်။

ထိုအမျိုးသမီးက သူ(မ)နံဘေးမှလူ၏ လက်ကောက်ဝတ်လေးကို ဂရုတစိုက်ဆုပ်ကိုင်ထား၏။

သူ(မ)ဘေးမှာထိုင်နေသူက ကောလိပ်တက်ခါစအရွယ် လူငယ်လေးတစ်ယောက်ဖြစ်သည်။

သူ့မှာ ချောမွေ့နူးညံ့သော အနက်ရောင်ဆံပင်များနှင့် ဖြူဆွတ်နေသောအသားရေရှိပြီး အရောင်ဖျော့ဖျော့ အကွက်အင်္ကျီကို ဝတ်ဆင်ထားသည်။ အမှတ်တမဲ့ကြည့်လိုက်လျှင် ယင်းက မထင်မရှားတံဆိပ်ဟုထင်ရသော်လည်း အင်္ကျီလက်များ၏ အနားသတ်ချုပ်ရိုးများနှင့် အသေးစိတ်အလှဆင်မှုများက သေသပ်ပြီး ခေတ်မီလှသည်။

လုရန်၏ရင်ဘတ်ထဲ လေးလံသွားခဲ့ပြန်သည်။

ထိုလူနှစ်ယောက်။

တစ်ယောက်က လုရန်၏အမေအရင်းဖြစ်သည်။

နောက်တစ်ယောက်က လုရန်၏နေရာကို ရယူထားသော မွေးစားသားပင်။

လုရန် လေးနှစ်သားအရွယ်တုန်းက အသေးစားရေကြီးမှုတစ်ခု၌ ပျောက်ဆုံးသွားခဲ့ဖူးသည်။

သူ ကယ်ဆယ်ခံခဲ့ရချိန်မှာ အဖျားကြီးကာ သူ့မိသားစု၏အချက်အလက်များကို မေ့လျော့သွားခဲ့ပြီး မိဘမဲ့ဂေဟာတစ်ခုသို့ အပို့ခံခဲ့ရသည်။

လုရန် သူ့မိသားစုကို မမှတ်မိသော်လည်း ၎င်းတို့က သူ့ကိုချစ်ပြီး သူ့ကို သေချာပေါက်လိုက်ရှာနေလိမ့်မည်ဟု နက်နက်ရှိုင်းရှိုင်းယုံကြည်ထားခဲ့၏။

နောက်ဆုံးတော့ သူ ခက်ခက်ခဲခဲကြိုးစားကာ ကောလိပ်ဝင်ခွင့်အောင်မြင်သွားပြီးနောက် သူ့မိသားစုနှင့် ပြန်လည်စုံစည်းခဲ့သည်။

ထို့နောက်မှာတော့ သူ ပျောက်ဆုံးသွားပြီး ပထမနှစ်မှာကတည်းက သူ့မိသားစုသည် သားတစ်ယောက်ကိုမွေးစားခဲ့ကြောင်း သူရှာဖွေတွေ့ရှိခဲ့သည်။

ဤမွေးစားသားက သူနှင့်အသက်အရွယ်တူပြီး တက်ကြွကာ အပြစ်ကင်းစင်သည်။

မည်သူကမှ ပျောက်ဆုံးသွားသည့်ကလေးအတွက် နာကျင်ခံစားမနေခဲ့ချေ။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာခြင်းနှင့်တူသည့် ကလေးပျောက်ရှာဖွေရန်အတွက် မည်သူကမှ အချိန်နှင့် လူအားကို မဖြုန်းတီးချင်ကြပေ။

အိမ်မှာ တစ်စုံတစ်ယောက်က သူ့နေရာကို ဖြည့်ဆည်းပေးပြီးဖြစ်ရာ ရှန်မိသားစုက ပျောက်ဆုံးသွားသော ၎င်းတို့၏သားကို လျင်မြန်စွာမေ့လျော့သွားခဲ့သည်။

၎င်းတို့က ထိုမွေးစားသားကို 'ရှန်ရှင်းရန်' ဟုတောင် အမည်ပေးထားသေးသည်။

မွေးစားသားက သူ့နေရာကို ယူသွားရုံသာမက သူ၏နာမည်ကိုပါ ပိုင်ဆိုင်သွားခဲ့သည်။

ဤသို့ဖြင့် လုရန်၏ကမ္ဘာကြီးထဲမှ အရင်းနှီးဆုံးလူများက သူ့ကို အလွယ်တကူစွန့်ပစ်သွားခဲ့ကြလေသည်။

လုရန်တစ်ယောက်တည်းကသာ ထိုနာမည်အပေါ် ခေါင်းမာစွာဖက်တွယ်ထားခဲ့ခြင်းဖြစ်သည်။

သူ ပျောက်ဆုံးသွားခါစ၌ စာလည်းမရေးနိုင်ခဲ့ပေ။

သူ့ကို 'ရန်ရန်' ဟုခေါ်ဝေါ်ခဲ့ကြောင်း ဝိုးတဝါးမှတ်မိခဲ့သဖြင့် 'ရန်' ဟု ရေးမှတ်ခဲ့လေ၏။

[TN/ ရှန်ရှင်းရန်ကို 沈星染 လို့ပေါင်းပြီး လုရန်ရဲ့ ရန်က 燃 ပါ။]

သူ့ကို ပြန်ရှာတွေ့ပြီးနောက်မှသာ သူက ရုတ်တရက် ရှန်ရှင်းရန်အတုအယောင်ဖြစ်လာကြောင်း သိရှိခဲ့ရသည်။

ကနဦးတုန်းက လုရှင်းရန်က ပျော်ရွှင်ခဲ့ပြီး ထိုအထောက်အထားကို လိုလိုလားလားလက်ခံခဲ့သည်။

ဆွေမျိုးများမရှိဘဲ ကြီးပြင်းလာရခဲ့ရသည့်သူက ရနိုင်သည့်မိသားစုကို ကြိုဆိုလက်ခံလိမ့်မည်ဖြစ်ပြီး ရှန်မိသားစု၏မွေးစားသားကို ဘယ်တော့မှမငြင်းဆန်ခဲ့ပေ။

သို့သော်လည်း ရှန်မိသားစု၏ခွဲခြားဆက်ဆံမှုက လုရန်ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

သူက ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရသောကြောင့် သူ့ကို ငွေများပေးကိုင်လိုက်ပါက ဒုက္ခရောက်သွားမည်စိုး၍ ရှန်မိသားစုက သူ့ကို မုန့်ဖိုးမပေးခဲ့သည့်အပြင် သူ၏ကျောင်းစရိတ်အတွက် ကျောင်းသားချေးငွေကို အသုံးပြုစေခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ရှန်ရှင်းရန်က လစဥ်အသုံးစရိတ်ကို သောင်းချီ၍ရရှိခဲ့သည်။

ရှန်ရှင်းရန်အား ပစ်ပယ်ခံဟုခံစားရပြီး ဝမ်းမနည်းရစေရန် ၎င်းတို့က သူ့ကို အိမ်ထောင်စုဇယားထဲ ထည့်မပေးခဲ့သလို သူ၏အထောက်အထားကိုလည်း လူသိရှင်ကြား ထုတ်မပြောခဲ့ပေ။

ရှန်ရှင်းရန်က ရှန်မိသားစု၏ အချစ်ခံသခင်လေးအဖြစ် ရှိမြဲတိုင်းရှိနေပြီး လုရန်ကတော့ ဘာမှမဟုတ်ခဲ့ချေ။

ဆယ့်ငါးနှစ်ကြာ ပျောက်ဆုံးသွားခဲ့ပြီးနောက် လုရန်က သူပိုင်ဆိုင်သင့်သောအိမ်သို့ ပြန်လာခဲ့သည်။

သို့တိုင် သူ့မိသားစုထဲမှလူတိုင်း—အဖေ၊ အမေ၊ အစ်ကိုကြီး၊ အစ်ကိုလတ်—အားလုံးက သူပြန်လာသောကြောင့် ရှန်ရှင်းရန် ဝမ်းနည်းသွားမလားဟု ပို၍စိုးရိမ်နေခဲ့ကြသည်။

လုရန်ခမျာ ရှန်ရှင်းရန် မျက်မှောင်ကြုတ်လိုက်လျှင်တောင် အပြစ်သားတစ်ယောက်လိုခံစားခဲ့ရ၏။

သူ ရှန်မိသားစုဆီ ပြန်လာပြီးနောက်မှာ ရှန်ရှင်းရန်က နားမလည်နိုင်သောဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ရသည်။

သူ မတော်တဆချော်လဲသည်ဖြစ်စေ၊ ရေနွေးပူလောင်သည်ဖြစ်စေ လုရန်နှင့် မသက်ဆိုင်ခဲ့ပေ။

သို့သော် သူ့မိသားစုက သူ့ကိုနှစ်သိမ့်ရန် အပြေးရောက်လာချိန်တိုင်း ရှန်ရှင်းရန်က လုရန်ကို သတိထားသည့်အမူအရာဖြင့် ကြောက်ရွံ့သလိုကြည့်လာသောအခါ လုရန်က အမျိုးမျိုးသော အပြစ်တင်မှုများကို ခံယူရတော့သည်။

လုရန်မှာ အစပိုင်း၌ ရှုပ်ထွေးခဲ့ပြီး နောက်ဆုံးမှာတော့ ဒေါသထွက်လာခဲ့သည်။

သူက သူ၏မိသားစုဝင်များကို ရှင်းပြရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အကြိမ်တိုင်း လျစ်လျူရှုခံခဲ့ရ၏။

သို့သော် သူ့မိသားစုက ရှန်ရှင်းရန်ကို မည်မျှတန်ဖိုးထားကြောင်း သူသတိပြုမိသည့်အတွက် လုရန် သူ့ကို ဘယ်တော့မှပစ်မှတ်မထားခဲ့ပေ။

သူ့မိသားစု၏ အကျိုးကြောင်းမသင့်သော မျက်နှာလိုက်မှုကို သိရှိသွားပြီးနောက် သူက ရှန်ရှင်းရန်ကို တုပလာခဲ့သည်။

သူက ရှန်ရှင်းရန်၏အဝတ်အစားစတိုင်ကို တုပရန်ကြိုးစားခဲ့၏။

သို့သော်လည်း ရှန်ရှင်းရန်က ပျော့ပျောင်းနူးညံ့သော ရွှေရောင်ကုလားအုတ်သိုးမွေးကို ဝတ်ဆင်နေချိန်၌ လုရန်က သာမန်သိုးမွေးထည်ကိုတောင် မတတ်နိုင်ခဲ့ပေ။

သူက ရှန်ရှင်းရန်၏ သိမ်မွေ့သောသဘာဝနှင့် ဟန်ပန်အမူအရာတို့ကို တုပခဲ့သည်။

သို့သော် ရှန်ရှင်းရန်၏ ကိုယ်ရည်ကိုယ်သွေးက နှစ်ပေါင်းများစွာကြာအောင် ချမ်းသာကြွယ်ဝမှုတို့ဖြင့် တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး လုရန်ကတော့ မိဘမဲ့ဂေဟာ၌ ကြီးပြင်းခဲ့ရသည့် မိဘမဲ့တစ်ယောက်မျှသာ။

အဆုံးသတ်ရလဒ်မှာ လုရန်က အရည်အသွေးနိမ့်သော အတုအယောင်တစ်ယောက်သာဖြစ်ခဲ့သည်။

နောက်ဆုံးတွင် ဆောင်းလယ်ကြီး၌ ကတောက်ကဆဖြစ်ရင်း လုရန် ရှန်ရှင်းရန်ဆီကနေ ရေကန်ထဲတွန်းချခံခဲ့ရသည်။

လူတိုင်း ထိုမြင်းကွင်းကို မြင်တွေ့လိုက်၏။

သို့သော် အဆုံးသတ်၌ သူ၏အရင်းနှီးဆုံးမိသားစုဝင်များက ပေါ့ပေါ့တန်တန်မှတ်ချက်များကိုသာ ပြောခဲ့ကြသည်။

"ဘာလို့ နမော်နမဲ့နိုင်ရတာလဲ။ ရှင်းရန်ကို မထိခိုက်မိတာ တော်သေးတယ်။"

သူ့မိသားစု၏ချစ်ခင်မှုကို အသည်းအသန်လိုချင်ခဲ့သောလုရန်မှာ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူ၏အားထုတ်မှုအကုန်လုံးက အချည်းနှီးဖြစ်နေကြောင်း သူ နားလည်သွား၏။

သူ ရှန်ရှင်းရန်ကို ဘယ်တော့မှ အနိုင်ယူနိုင်မည်မဟုတ်ပေ။

လုရန် လက်လျှော့လိုက်ပြီး ရှန်မိသားစုကနေ ထွက်ခွာကာ တစ်ဦးတည်းနေထိုင်ခဲ့သည်။

သူက အေးချမ်းတိတ်ဆိတ်သော ယခင်တစ်ကိုယ်တည်းဘဝကိုသာ ပြန်သွားခဲ့သည်။

သို့သော် ကောင်းမွန်သောအချိန်ကာလက ခြောက်လခန့်သာကြာမြင့်ခဲ့၏။

လုရန် ဘွဲ့မရသေးခင် ရုတ်တရက်ဆိုသလို ရှန်မိသားစုဝင်များက ကျောင်းသို့ရောက်လာပြီး သူ့ကို အတင်းအကျပ်ခြိမ်းခြောက်၍ ရှန်မိသားစုသို့ပြန်လာရန် စည်းရုံးခဲ့သည်။

မာနကိုထိန်းသိမ်းရန်အတွက် လုရန်က ငြင်းဆန်ခဲ့၏။

ဤရုန်းကန်မှုအတွင်း လုရန် ရှန်မိသားစု၏အင်အားကို ပထမဆုံးအကြိမ် သဘောပေါက်လာခဲ့သည်။

ဘွဲ့ရခါနီးအချိန်တွင် လုရန်တစ်ယောက် ရှင်းပြလို့မရစွာဖြင့် ကျောင်းထုတ်ခံခဲ့ရ၏။

သူ မြို့ပေါင်းများစွာ ပြောင်းရွှေ့ကာ အလုပ်များရှာဖွေခဲ့သော်လည်း အားလုံးကို ရှန်မိသားစုက လိုက်လံဖျက်ဆီးခဲ့သည်။

နောက်ဆုံးတစ်ခေါက်၌ ရှန်မိသားစု၏ အကြီးဆုံးသခင်လေးတစ်ဖြစ်လည်း လုရန်၏အစ်ကိုက လူများကိုခေါ်ဆောင်လာပြီး သူ့ကိုပိတ်ဆို့ခဲ့သည်။

ထိတ်လန့်တကြား ထွက်ပြေးရန်ကြိုးစားခဲ့သည့် လုရန်က မီးနီကိုဖြတ်မောင်းလာသော ကားတစ်စီးဖြင့် အတိုက်ခံခဲ့ရလေသည်။

မတော်တဆက ပြင်းထန်ပြီး လုရန် လည်ပင်းကနေစကာ အောက်ပိုင်းတစ်ခုလုံး အကြောသေသွားခဲ့သလို အသံအိုးလည်း ထိခိုက်သွားခဲ့သည်။

အမှန်တကယ် နာကျင်ခံစားခဲ့ရသော အချိန်ကာလများကို ရောက်ရှိလာခဲ့၏။

အသက်နှစ်ဆယ်ကျော်သာရှိသေးသော လုရန်တစ်ယောက် လူနာခုတင်ပေါ် လဲလျောင်းနေခဲ့ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ပိုက်များတပ်ဆင်ထားသည်ကို သတိအပြည့်ဖြင့် ကြည့်နေခဲ့ရသည်။

ရှန်ရှင်းရန်၏ 'ကြင်နာမှု' ကြောင့် ရှန်မိသားစုက သူ့လိုမသန်မစွမ်းကို ဆက်လက်ထောက်ပံ့ပေးခဲ့ပုံပင်။

လုရန် လူနာခုတင်ထက် ဆယ်နှစ်တိတိနေခဲ့ရသည်။

အခန်းထဲမှာ ပြတင်းပေါက်မရှိ၊ ကျေးငှက်များမရှိ၊ လူများမရှိပေ။

သူ ထိုနေရာမှာ တစ်ယောက်တည်းလဲလျောင်းနေခဲ့ရပြီး စက်သံတတီတီကိုသာ ကြားနေခဲ့ရ၏။

သူနာပြုများကတောင် သူအိပ်ပျော်သွားပြီးမှ ဝင်လာတတ်ကြသည်။

ရံဖန်ရံခါ ရှန်ရှင်းရန်က သူ၏မိသားစုနှင့်အတူ သူ့ကိုလာကြည့်တတ်သည်။

သူက သူ့နေရာကိုလုယူသွားသောလူနှင့် ပျော်ရွှင်စွာနေထိုင်နေသော သူ၏မိသားစုတို့ သဟဇာတဖြစ်နေပုံကို ကြည့်ရှူနေခဲ့ရသည်။

သို့တိုင် လုရန်မှာ ၎င်းတို့ကိုဆဲရေးဖို့တောင် မတတ်နိုင်ခဲ့ချေ။

ဆယ်နှစ်တာအထီးကျန်မှု၌ လုရန် ပထမဆုံး စိတ်ဓါတ်ကျလာခဲ့သည်။

သူ၏အတွေ့အကြုံများက ကြမ်းကြုတ်လှပြီး လုံးဝလက်ခံနိုင်စရာမရှိဟု သူခံစားခဲ့ရသည်။

ထို့နောက် လုရန် သူ၏အတိတ်ကို ဖြည်းဖြည်းချင်း ပြန်လည်ဆန်းစစ်ခဲ့သည်။

သူ မတော်တဆမှုမှ နာကျင်ခဲ့သည့်အခိုက်အတန့်ကို ပြန်တွေးလိုက်မိသည်။

ဆောင်းရာသီ ရေကန်ထဲပြုတ်ကျခဲ့ချိန်က အရိုးခိုက်အောက်အေးခဲ့သည်ကို သူမှတ်မိ၏။

သူ အတိတ်မှ အချည်းနှီးရှင်းပြမှုတိုင်း၊ ယုံကြည်မှုမရဘဲ စိတ်ပျက်ခဲ့ရသည့်အခိုက်အတန့်တိုင်းကို မှတ်မိနေခဲ့သည်။

လုရန် သူ့ကိုယ်သူ ဘာကြောင့်လဲဟု အဆက်မပြတ်မေးနေခဲ့မိ၏။

အဘယ့်ကြောင့် သူ ထိုအရာများကို ကြုံတွေ့ခံစားခဲ့ရသနည်း။

အဘယ့်ကြောင့် ထိုကဲ့သို့အခြေအနေမျိုးထိ ရောက်ရှိသွားခဲ့သနည်း။

သူ ရှင်းရှင်းလင်းလင်း လက်လျှော့ခဲ့သည်။ သူက ရှန်ရှင်းရန်နှင့် ထပ်ပြီးမယှဥ်တော့သလို ပဋိပက္ခများကိုလည်း ရှောင်ရှားဖို့ကြိုးစားခဲ့သည်။

သို့သော် ကောင်းကင်ဘုံက သူ့ကို 'အဲ့လိုလုပ်လို့မရဘူး' ဟု ပြောနေသလိုပင်။

စောစောက လုရန်၏စိတ်ထဲ တစ်စုံတစ်ခု ဝင်ရောက်လာခဲ့သည်။

ကြေကွဲစရာအတွေ့အကြုံများက ပုံပြင်တစ်ပုဒ်မျှသာ။

ရှန်ရှင်းရန်က လူချမ်းသာမိသားစု၏ အလိုလိုက်ခံဝတ္ထု၌ ဇာတ်ကောင်ဖြစ်ပြီး လုရန်ကတော့ အဓိကဇာတ်လိုက်ကို မီးမောင်းထိုးပြဖို့ စာရေးသူ ဖန်တီးခဲ့သော အရည်အသွေးနိမ့် အမြောက်စာလေးသာ။

ဤဇာတ်ကောင်ကို ဖန်တီးခြင်းသည် သွေးသားတော်စပ်မှုက အရေးမကြီးကြောင်း လူတိုင်းကိုပြောပြရန် ဖြစ်သည်ဟု စာရေးသူကိုယ်တိုင်ကတောင် တည်ကြည်လေးနက်စွာ ရှင်းပြခဲ့သေးသည်။

လုရန်: ...

ဤအချက်အလက်များကို ဖတ်ရှုပြီးနောက် လုရန်၏စိတ်ထဲ အတွေးတစ်ခုတည်းသာရှိတော့သည်။

သူတို့အားလုံး သေကြပါစေ!

သူ သူ့အရှေ့မှလူနှစ်ယောက်ကို နောက်တစ်ခါထပ်ကြည့်လိုက်သည်။

အကြောမသေခင်က အတိတ်မှတ်ဉာဏ်များကို ရှင်းရှင်းလင်းလင်းသိနေသည့် လုရန်က လက်ရှိအခြေအနေကို အမြန်ဆုံးဖြတ်နိုင်ခဲ့သည်။

ဤသည်မှာ သူ ရှန်မိသားစုဆီပြန်ရောက်လာတာ သိပ်မကြာသေးခင်အချိန်ဖြစ်၏။

မိသားစုကိုတောင့်တနေခဲ့သော သူက မိဘမဲ့ဂေဟာ၌ သာ့ဟွမ်အမည်ရှိသည့် ခွေးလေးတစ်ကောင်ကို တိတ်တိတ်လေးမွေးခဲ့သည်။

သူ ရှန်မိသားစုဆီ ပြန်လာပြီးနောက် သူ့အမေ၏ခွင့်ပြုချက်ဖြင့် သာ့ဟွမ်ကို သူနှင့်အတူပြန်ခေါ်ခဲ့သည်။

သို့သော် သူ ကျောင်းကပြန်ရောက်လာချိန်၌ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရလေသည်။

ရှန်ရှင်းရန်က သူ့လက်မှာ အနီဖျော့ဖျော့အမှတ်ရာနှစ်ခုနှင့်အတူ ဆိုဖာပေါ်မှာထိုင်နေ၏။

မေမေရှန်က သာ့ဟွမ်သည် ရှန်ရှင်းရန်ကိုကိုက်ခဲ့ပြီး သူ(မ) ထိုခွေးကိုလွှင့်ပစ်မည်ဟုပြောလျက် သူ့ကိုပြောဆိုနေခဲ့သည်။

သိပ်ကိုရယ်စရာကောင်းပါဘိ။

သာ့ဟွမ်က သွားတစ်ချောင်းမှမရှိတော့သည့် ခွေးတစ်ကောင်ဖြစ်ပြီး ထိုကဲ့သို့ဒဏ်ရာမျိုးဖြစ်အောင် ကိုက်ခဲနိုင်မည်မဟုတ်ပေ။

သာ့ဟွမ်က ချစ်စရာကောင်းသော ခွေးမျိုးစိပ်မဟုတ်ကြောင်း လုရန်ကောင်းကောင်းသိသည်။ ထို့အပြင် ခက်ခက်ခဲခဲရရှိထားသော သူ၏မိသားစုအတွက် ပြဿနာတစ်စုံတစ်ရာဖြစ်မည်စိုး၍ သူက သာ့ဟွမ်ကို သူနှင့်အတူ အပြင်သို့ခေါ်သွားခြင်း သို့မဟုတ် သူ့အခန်းထဲတွင် သော့ခတ်ထားခြင်းကိုသာ ပြုလုပ်လေ့ရှိသည်။

သာ့ဟွမ်က သော့ခတ်ထားသောတံခါးကိုဖွင့်ကာ သူ့ဘာသာသူ အပြင်ထွက်လာပြီး ရှန်ရှင်းရန်ကိုကိုက်နိုင်လောက်အောင် မည်မျှအစွမ်းအစရှိမည်နည်း။

ယခင်ဘဝတွင် လုရန် သူ၏အပြစ်ကင်းစင်မှုကို မည်သို့မျှ မပြောပြနိုင်ခဲ့ပေ။

သူ မည်မျှရှင်းပြနေပါစေ ရှန်မေမေက နားထောင်မည် မဟုတ်။

နောက်ဆုံးတော့ လုရန်ခမျာ သူ၏မိသားစုအတွက် သူ့ကို ကိုးနှစ်ကြာအဖော်ပြုခဲ့သောခွေးအား စွန့်လွှတ်ခဲ့ရသည်။

ရှန်မိသားစုဝင်များက သာ့ဟွမ်ကို အပြင်ဆွဲထုတ်နေသည်အား လုရန် ဒေါသများမျိုသိပ်လျက် ကြည့်နေခဲ့ရသည်။

နောက်ပိုင်းတွင် အဖြစ်မှန်ကိုသိရှိသွားသော လုရန်က တိတ်တဆိတ်သာ ထွက်ခွာလာခဲ့လိုက်သည်။

သို့သော် ယခု ဤခန္ဓာကိုယ်က အခန်းကျဥ်းလေးထဲမှာ ပိုက်များတန်းလန်းဖြင့် ဆယ်နှစ်တိတိပိတ်လှောင်ခံခဲ့ရသော လုရန်ပင်။

သူက ရူးသွပ်လုနီးနီးဖြစ်နေလေပြီ။

"မေမေ၊ ကျေးဇူးပြုပြီး သားရဲ့ကိုကိုကို ခွင့်လွှတ်လိုက်ပါနော်။ ဒဏ်ရာက ပိစိလေးပဲနာတာပါ။"

ရှန်ရှင်းရန်က ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းထောင့်မှအပြုံးကို ကွယ်ဝှက်ခဲ့သည်။

ဤဒဏ်ရာက သေချာပေါက် ထိုခွေးကြောင့်ရခဲ့ခြင်းမဟုတ်ပေ။

သူက လုရန်၏တံခါးကိုဖွင့်လိုက်ချိန်မှာ ထိုအသုံးမကျသောခွေးက ချောင်လေးထဲဝင်ပုန်းသွားပြီး ရန်လိုသည့်အရိပ်အယောင်တို့ကို လုံးဝမပြသခဲ့ပေ။

သူ့မှာ ဒဏ်ရာကိုတောင် ကိုယ်တိုင်ဖန်တီးခဲ့ရသည်။

သို့သော် ယင်းက သူ၏လိုအပ်ချက်များအတွက် လုံလောက်ပေ၏။

ထိုသို့ပြောပြီးနောက် ရှန်ရှင်းရန်တွေးလိုက်သည်မှာ လုရန်က အပြင်းအထန်ခုခံကာ သူ့ကိုဆဲရေးမည်ဟူ၍။

ထိုသို့ဆိုလျှင် လုရန်အပေါ် ရှန်မိသားစု၏အမြင်က ပို၍ဆိုးဝါးသွားစေလိမ့်မည်။

သို့သော် မမျှော်လင့်စွာဖြင့် လုရန်က လုံးဝရှင်းမပြခဲ့ချေ။

ရုတ်တရက်ဆိုသလို သူက လက်ဆန့်ကာ ရှန်ရှင်းရန်၏ဆံပင်ကို ဆွဲဆောင့်လိုက်သည်။

စကားတစ်ခွန်းမှမပြောဘဲ သူက သူ့ကို နှစ်ချက်လောက်ဆင့်ရိုက်လိုက်လေ၏။

"ဖြန်း!"

"ဖြန်း!"

ကျယ်ဝန်းလှသောဧည့်ခန်းထဲ ကျယ်လောင်သောအသံနှစ်သံက ပဲ့တင်ထပ်သွားပြီး ပထမတစ်ချက်ထက် ဒုတိယတစ်ချက်က ပိုလို့တောင်အသံကျယ်လာခဲ့သည်။

...

Moonlit: ရိုက်ချက်တွေက ကျေနပ်စရာကောင်းလိုက်တာ~

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment