အပိုင်း (၁၀) - အချိန်ပိုင်းအလုပ်
『ပြန်လာခဲ့! မသွားနဲ့တော့!』
ဂိုဒေါင်အသေးစားလေးထဲမှ ပစ္စည်းများကိုကြည့်နေရင်း ရှန်ရှင်းကျိုး၏စိတ်ထဲ နူးညံ့သောအသံလေးတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
"ကိုကို၊ ဖိုးဖိုးကပြောတယ်၊ သားတို့ရဲ့ကစားစရာတွေကို သေသေချာချာ သိမ်းရမယ်တဲ့!"
သူ အဝါရောင်ပလတ်စတစ်ပုံးလေးကို စိုက်ကြည့်နေစဥ်မှာပင် သူ၏ဖုန်းက တုန်ခါလာခဲ့၏။ သူ စခရင်ကို ငုံ့ကြည့်လိုက်ရာ အဖွဲ့လိုက်စကားပြောခန်းထဲမှ တစ်စုံတစ်ယောက်က မက်ဆေ့ချ်ပို့လာခြင်းဖြစ်နေသည်။
"ကျိုးကော၊ ကျွန်တော်တို့ ရောက်နေပြီ!"
ရှန်ရှင်းကျိုး၏ဦးခေါင်းထဲ အသံများမြည်သွားပြီး ရုတ်တရက်ဆိုသလို မနေ့ညက သူ ၎င်းတို့ကိုတောင်းဆိုခဲ့သည့်ကိစ္စအား သတိရလိုက်သည်။
သူက သစ်သားပြားကို နေရာတကျပြန်ထားကာ သူ့လက်မှာပေနေသော ဖုန်များကိုတောင် မသုတ်တော့ဘဲ မက်ဆေ့ချ်တစ်ကြောင်း အမြန်ရိုက်လိုက်၏။
"ပြန်လာခဲ့! မသွားနဲ့တော့!"
သို့သော် ပြန်စာရောက်မလာရာ ၎င်းတို့တွေ တစ်စုံတစ်ခု အလုပ်များနေလောက်၏။ ရှန်ရှင်းကျိုးက အသံမက်ဆေ့ချ်တစ်စောင် ထပ်ပို့လိုက်လေသည်။ ထို့နောက် ခြေလှမ်းအနည်းငယ်တည်းဖြင့် အိမ်အဟောင်းကနေ ပြန်ထွက်ကာ သူ၏ကားဆီပြေးသွားခဲ့ပြီး အိမ်မွေးတိရစ္ဆာန်ဆိုင်ဆီ အမြန်မောင်းသွားရင်း အဖွဲ့လိုက်စကားပြောခန်းထဲ ဖုန်းခေါ်ခဲ့သည်။
ဤအချိန်က ကားကျပ်သောအချိန်ဖြစ်၏။
ရှန်ရှင်းကျိုး၏ကားက လမ်းမှာ ပိတ်မိနေပြီး သူ စိတ်ပျက်လက်ပျက်ဖြစ်လာသည်အထိ စိုးရိမ်ပူပန်လာခဲ့သည်။
ကံကောင်းစွာဖြင့် လမ်းတစ်ဝက်အရောက်မှာ အဖွဲ့ဝင်တချို့က သူ၏မက်ဆေ့ချ်ကိုမြင်သွားပြီး ပြန်ဖြေလာခဲ့၏။
"ကျိုးကော၊ ဘာလို့လဲ။"
ရှန်ရှင်းကျိုးက ပြန်ပြောလိုက်၏။
"ငါပြောခဲ့တာကို မေ့လိုက်တော့။"
၎င်းတို့အားလုံး စိတ်ရှုပ်ထွေးသွားကြပြီး မေးမြန်းလာခဲ့သည်။
"ကျွန်တော်တို့က ဒါကို ရန်ရန် စိတ်သက်သာရာရဖို့ လုပ်ပေးရမှာမဟုတ်ဘူးလား။"
ရှန်ရှင်းရန်၏အမည်ကို ပြောလာသောအခါ ရှန်ရှင်းကျိုးတစ်ယောက် ရုတ်တရက် အေးခဲသွားလေ၏။ သူ၏စိတ်က ရှုပ်ထွေးနေဆဲဖြစ်ပြီး မည်သို့ရှင်းပြရမှန်း မစဥ်းစားနိုင်ခဲ့ပေ။ အချိန်အတော်ကြာ ရပ်တန့်နေပြီးနောက်မှ သူက ပြောလိုက်သည်။
"ငါ့ကို မမေးနဲ့တော့၊ နောက်တစ်ခေါက်မှ ထပ်ပြောမယ်။"
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့က နာခံမှုရှိကြပြီး ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်ကြသည်။
သို့သော် ရှန်ရှင်းကျိုး၏စိတ်ထဲ မသက်မသာခံစားချက်တစ်ခု ကိန်းဝပ်နေခဲ့သည်။ သူ ထိုလူများအကြောင်းကို ကောင်းကောင်းကြီးသိပေ၏—သူ့ဖုန်းကိုမဖြေခင် ၎င်းတို့တွေ အိမ်မွေးတိရစ္ဆာန်ဆိုင်ကိုရောက်သွားပြီး ပြဿနာရှာပြီးလောက်ပြီဖြစ်သည်။
ရှန်ရှင်းကျိုးက ရှန်အိမ်ဆီသို့ ပြန်မသွားဘဲ ထိုအစား အိမ်မွေးတိရစ္ဆာန်ဆိုင်သို့သာ ဆက်သွားခဲ့သည်။ သူ လမ်းထဲရောက်သွားသောအခါ ထိုဆိုင်က ယနေ့ ပိတ်ထားကြောင်း တွေ့လိုက်ရလေ၏။
အထဲမှလှောင်အိမ်များနှင့် ခြံစည်းရိုးများကို ဆိုင်အတွင်းထဲထိ ရွှေ့ထားသည်။ တံခါးမှာ သော့ခလောက်တစ်ခုရှိပြီး သော့ပေါက်နေရာ၌ ခြစ်ရာများရှိနေရာ ယင်းက သူ့လူများ၏လက်ချက်ဖြစ်လောက်သည်။
ရှန်ရှင်းကျိုး ဆိုင်ထဲကိုချောင်းကြည့်လိုက်သော်လည်း သာ့ဟွမ်ရော၊ လုဟွမ်ကိုပါ မတွေ့ရသည့်အပြင် ယမန်နေ့ကတွေ့ခဲ့သော ဆိုင်ပိုင်ရှင်ကိုတောင် မတွေ့ခဲ့ရပေ။ သူ အလိုလို ဖုန်းထုတ်လိုက်ပြီးမှ သူ့မှာ လုရန်၏ဖုန်းနံပါတ်မရှိကြောင်း သတိရလိုက်၏။ ၎င်းတို့၏ဆက်ဆံရေးက ဖုန်းနံပါတ်သိရလောက်အောင်ထိ မရင်းနှီးပေ။ ယနေ့မတိုင်ခင်က သူ လုရန်ကို ဆက်သွယ်ချင်လာမည်ဟုလည်း တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။
အိပ်မက်ထဲမှ ကလေးလေး၏ပုံရိပ်က သူ့စိတ်ထဲ ပြန်လည်ဝင်ရောက်လာ၏။ ရှန်ရှင်းကျိုး စိတ်ရှုပ်ထွေးစွာဖြင့် စီးကရက်တစ်လိပ်ကို မီးညှိကာ လမ်းမထက် ဦးတည်ရာမဲ့လျှောက်သွားနေမိသည်။
သူ၏စိတ်က ခွေးလေးနှင့် အိမ်အဟောင်း၏ခြံဝင်းထဲရှိ အဝါရောင်ပလတ်စတစ်ပုံးလေးကြား တစ်လှည့်စီ ပြောင်းလဲနေ၏...
ထို့နောက် ပုံစံတူ ရာဘာဘောလုံးလေးနှစ်လုံးကိုပါ တွေးမိခဲ့သည်။
ယခု အလုပ်တတ်ချိန်ဖြစ်ရာ လမ်းမထက်မှာ သွားလာနေသူများ အများအပြားရှိပေသည်။ ရှန်ရှင်းကျိုး ဦးတည်ရာမဲ့လျှောက်သွားနေခဲ့ပြီး နောက်ဆုံး၌ အသင့်စားစားသောက်ဆိုင်တစ်ခုရှေ့၌ ရပ်တန့်သွားခဲ့၏။
အထဲမှာ မနက်စာစားနေသော ဧည့်သည်များရှိသလို ကောင်တာရှေ့မှ လူတန်းကြီးကလည်း ရှည်လျားလွန်းသည်။ ရှန်ရှင်းကျိုး ဖြတ်လျှောက်သွားတော့မည့်အချိန်မှာ လူအုပ်ကြီးထဲ၌ လုရန်ကို တွေ့လိုက်ရ၏။
လုရန်က စားသောက်ဆိုင်၏ယူနီဖောင်းကို ဝတ်ထားပြီး ကောင်တာအနောက်မှာ အလုပ်များနေသည်။
ဧည့်သည်များက များပြားသော်လည်း သူက အော်ဒါလက်ခံခြင်း၊ ငွေရှင်းခြင်း၊ အမှာစာများထုတ်ခြင်းနှင့် အမှာစာများကို မီးဖိုချောင်ဝန်ထမ်းများဆီ လွှဲပေးခြင်း စသည့်အရာအားလုံးကို တည်ငြိမ်စွာကိုင်တွယ်နေခဲ့သည်။
ရှန်ရှင်းကျိုး ထိုနေရာမှာရပ်လျက် အခိုက်အတန့်တစ်ခုလောက် ငေးကြည့်နေခဲ့သည်။ သူ သူ့အရှေ့မှအမျိုးသားကို သူ့အိပ်မက်ထဲမှကောင်လေးနှင့် နှိုင်းယှဥ်နေမိသည်။ ဤရှုထောင့်ကနေ သူ လုရန်၏မျက်လုံးများကို မမြင်နိုင်ခဲ့ချေ။
သို့သော် ကွာခြားနေမှန်း သူသိခဲ့၏။ ယင်းက တော်တော်လေးကို ကွာခြားလွန်းသည်။
သူ့အိပ်မက်ထဲမှကလေးက အပူအပင်ကင်းကာ မျက်လုံးလေးများက ကြယ်ရောင်များတောက်ပနေပေသည်။
လုရန်က သူ၏တာဝန်များကို တိတ်တဆိတ်လုပ်ဆောင်နေပြီး သူ၏လှုပ်ရှားမှုများက အသက်အရွယ်နှင့်မလိုက်အောင် ကျွမ်းကျင်လွန်းလှ၏။ သူနှင့်ပတ်သက်ပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့ပုံပေါ်သော ငြိမ်သက်မှုတစ်မျိုးလည်း ရှိနေခဲ့သည်။ ရှင်းပြရခက်သော ပင်ပန်းနွမ်းနယ်မှုမျိုးပင်။
ဧည့်သည်တော်တော်များများ ရှင်းသွားသောအခါ ရှန်ရှင်းကျိုးက ဆိုင်တံခါးကိုတွန်းဖွင့်၍ တစ်နေရာမှာ ထိုင်လိုက်သည်။ သူ အထဲကိုဝင်လိုက်သည်နှင့် ကောင်တာအနောက်မှကောင်လေးက ချက်ချင်းလှမ်းကြည့်လာပြီး မေးလာခဲ့သည်။
"ခင်ဗျား ဒီကို ဘာလာလုပ်တာလဲ။"
သူ၏လေသံက သာယာမှုမရှိပေ။ ရှန်ရှင်းကျိုး၏အိပ်မက်ထဲမှ ကလေးငယ်နှင့် လုံးဝဆန့်ကျင်ဘက်ပင်။ အနှီမျက်ဝန်းများကလည်း သူ့ကိုကြည့်လာခဲ့သည်။ သို့သော် အိပ်မက်ထဲမှ ပျော်ရွှင်နေသောအကြည့်များနှင့်မတူဘဲ ကောင်တာအနောက်မှ လုရန်သည် မျက်လုံးများမှေးစင်းလျက် သူ့ကို ကြည့်လာခဲ့သည်။
သူ၏မျက်တောင်ရှည်များက သူ၏သူငယ်အိမ်များကို ဖုံးကွယ်ပေးထားရာ သူ၏စိတ်ခံစားချက်ကို ဖတ်ရှုရခက်ပြီး အေးစက်သော သတိထားမှုကိုသာ ခံစားခဲ့ရသည်။
ရှန်ရှင်းကျိုးက အကြည့်လွှဲလိုက်သည်။
"စားဖို့လာတာ။"
"အိုး၊ ဒါဆို မှာတော့။"
လုရန်က menu (အစားအသောက်စာရင်း) ကို ညွှန်ပြလိုက်သည်။
စိတ်ပျက်လက်ပျက်ဖြစ်နေသော ရှန်ရှင်းကျိုးက တစ်စုံတစ်ခုကို ကျပန်းလက်ညှိုးထိုးပြလိုက်လေသည်။
လုရန်က ငွေချေမှုကို လုပ်ဆောင်လိုက်ပြီး အမှာစာအား မီးဖိုချောင်ဆီပေးကာ ကောင်တာဆီသို့ ပြန်သွားခဲ့သည်။
အခိုက်အတန့်တစ်ခုကြာသည်အထိ ရှန်ရှင်းကျိုး ဘာပြောရမှန်းမသိခဲ့ပေ။ သူ အဘယ့်ကြောင့် ဤနေရာသို့ ရောက်လာကြောင်းကိုတောင် မသိခဲ့ချေ။ စားသောက်ဆိုင်ထဲမှ ဧည့်သည်အရေအတွက်က တဖြည်းဖြည်းနည်းလာပြီး လူအနည်းငယ်သာ ကျန်တော့သည်။ ရှန်ရှင်းကျိုး သူ၏စားပွဲမှာ ထိုင်နေရင်း ငေးငိုင်နေခဲ့မိသည်။
ကောင်တာရှေ့မှာ လူနည်းသွားသည့်အတွက် အစားအသောက်ချပေးသည့်တာဝန်ကတောင် လုရန်ဆီ ကျရောက်လာခဲ့၏။ ရှန်ရှင်းကျိုး၏အမှာစာ အဆင်သင့်ဖြစ်သောအခါ လုရန်က လင်ပန်းကိုသယ်လျက် သူ့အရှေ့မှာ ချပေးခဲ့သည်။
ပလတ်စတစ်လင်ပန်းက သစ်သားစားပွဲနှင့် ထိတွေ့ရာမှ ခပ်သဲ့သဲ့အသံ ထွက်ပေါ်လာခဲ့၏။ ထိုအခါမှ ရှန်ရှင်းကျိုး အသိစိတ်ပြန်ကပ်လာပြီး သူ၏အစားအသောက်ကို ယူလာပေးသော လုရန်ကို မော့ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်၌ ပြင်းထန်သောခံစားချက်တစ်ခုက ရှန်ရှင်းကျိုးကို တိုက်စားသွားပြီး သူ့အား နက်နက်ရှိုင်းရှိုင်း မသက်မသာဖြစ်စေခဲ့သည်။ ပုံမှန်အားဖြင့် သူက စိတ်မြန်လက်မြန်ပြုမူတတ်ရာ ယခုလည်း စဥ်းစားမနေဘဲ မျက်မှောင်ကြုတ်လျက် မေးလိုက်လေ၏။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ။"
လုရန်က သူ့ကို အရူးတစ်ယောက်လို ကြည့်လာခဲ့သည်။
"ခင်ဗျားကို အစားအသောက်ချပေးနေတာလေ။ ဒါ ခင်ဗျားမှာထားတဲ့ဟာ မဟုတ်ဘူးလား။"
ရှန်ရှင်းကျိုး ဆွံ့အသွားလေ၏။ သို့သော် လုရန်က လင်ပန်းကိုချကာ သူ့အရှေ့မှာ အနည်းငယ်ငုံ့ကိုင်း၍ အစားအသောက်များချပေးနေသည့်အပြင် အချိန်ယူကာ လက်ကိုင်ပဝါကိုတောင် သပ်သပ်ရပ်ရပ်ပြင်ပေးနေပုံကို ကြည့်နေရင်း ရှန်ရှင်းကျိုး မယုံကြည်နိုင်လောက်အောင် စိတ်အလိုမကျဖြစ်လာခဲ့သည်။
သူ့မိသားစု၌ အိမ်အကူများရှိသည်။ ရှန်ရှင်းရန်က ထိုအရာများကို ဘယ်သောအခါမှ လုပ်မည်မဟုတ်။ အမှန်တကယ်တော့ ရှန်မိသားစုထဲမှာ မည်သူကမှ ယခုလိုအလုပ်မျိုးကို လုပ်ဖို့မလိုအပ်ပေ။ သို့သော် ယခု လုရန်က သူ့အရှေ့မှာရပ်နေပြီး စားပွဲထိုးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။ ထို့ပြင် သူက ဝန်ဆောင်မှုအပေးခံနေရ၏။
ရှင်းပြလို့မရသော ဤစိတ်မသက်မသာဖြစ်မှုကို ဖိနှိပ်လိုက်ပြီး ရှန်ရှင်းကျိုးက မစဥ်းစားဘဲ ထပ်ပြောလိုက်လေ၏။
"မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ။"
လုရန်က တိတ်ဆိတ်နေခဲ့၏။ ယခုတစ်ခေါက်၌ သူက ရှန်ရှင်းကျိုးကို အသက်ကြီးလို့ သူငယ်ပြန်နေသူတစ်ယောက်ကဲ့သို့ ကြည့်လိုက်သည်။ ခဏစဥ်းစားလိုက်ပြီးနောက် သူက ပြောလိုက်၏။
"မနေ့က ဒီဆိုင်ကိုဝယ်ခဲ့လို့ အခု ဝန်ထမ်းယောင်ဆောင််ပြီး ဆိုင်ကို စစ်ဆေးနေတာ။"
ရှန်ရှင်းကျိုး ခေါင်းညိတ်လိုက်ပြီး သူ့နှလုံးသားထဲမှ မသက်မသာဖြစ်မှုက အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ သူက တစ်စုံတစ်ခုလွဲမှားနေသည်ဟု မခံစားခဲ့ရပေ။ သူ့ဘဝမှာ ကြုံဆုံခဲ့ရသောလူများကြောင့် လုရန်၏အကြောင်းပြချက်က ပုံမှန်ဖြစ်ပြီး အကျိုးကြောင်းသင့်သည်ဟု ထင်နေခဲ့သည်။ သို့သော် သူ ခေါင်းညိတ်လိုက်သည့်အချိန်မှာ သူ့အရှေ့မှကောင်လေးက ရယ်မောခဲ့ပြီး အရူးတစ်ယောက်ဟု ခေါ်လိုက်သည်အား ကြားလိုက်ရလေ၏။
လုရန်က ကောင်တာအနောက်သို့ပြန်သွားခဲ့ပြီး အားလပ်ချိန်မှာ ဖုန်းသုံးလိုက်သည်။ သူက ဖုန်းကိုပွတ်ဆွဲနေရင်း ပေါ့ပေါ့ပါးပါးမော့ကြည့်၍ ပြောလာခဲ့၏။
"ဒုတိယသခင်လေး၊ ခင်ဗျား မျက်စိကန်းသွားတာလား။ ကျွန်တော်က ဒီမှာ အလုပ်လုပ်နေတာ။"
ရှန်ရှင်းကျိုး တုန်လှုပ်သွားလေသည်။
အလုပ်လုပ်သည်။ ယင်းက သာမန်စကားလုံးဖြစ်သော်လည်း သူ့ဘဝမှာတော့ လုံးဝကြုံတောင့်ကြုံခဲဖြစ်၏။ သူ သိခဲ့သင့်သည်။
မည်သို့ပင်ဆိုစေ သူ မနေ့က အိမ်မွေးတိရစ္ဆာန်ဆိုင်သို့ ရောက်ခဲ့ပြီး လုရန်က ကြောင်သဲများကို ခပ်ထုတ်ကာ သေးခံများကို လဲပေးနေသည်အား သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင််တွေ့ခဲ့ရ၏။
သို့သော် ထိုအချိန်က ရှန်ရှင်းကျိုးသည် လုရန် အလုပ်လုပ်နေသည်ဖြစ်စေ၊ တခြားတစ်စုံတစ်ခု လုပ်နေသည်ဖြစ်စေ ဂရုမစိုက်ခဲ့ပေ။ သူက လုရန်နှင့် ထိုခွေးကို ရှာချင်သည့်စိတ်သာ ရှိခဲ့သည်။ ထို့ကြောင့် လုရန်က အိမ်မွေးတိရစ္ဆာန်ဆိုင်မှာ ရှိနေခဲ့သောကြောင့် ထိုနေရာသို့ လိုက်သွားခဲ့ခြင်းဖြစ်၏။ အရာအားလုံးက သူ့အတွက် အရေးမပါခဲ့ပေ။
သို့သော် လက်ရှိအခိုက်အတန့်မှာတော့ လုရန် မနက်တိုင်း ၅ နာရီ၊ ၆ နာရီထပြီး ည ၁၁ သို့မဟုတ် သန်းခေါင်အချိန်ထိ ပြန်မရောက်ရသည့်အကြောင်းအရင်းကို ရှန်ရှင်းကျိုး သဘောပေါက်သွားသလိုပင်။ သူက အပြင်မှာ အမှန်တကယ် အလုပ်လုပ်နေခဲ့ရသည်။
မုန့်ဖိုးလေးနည်းနည်းရရန် အခြားသူများအတွက် အလုပ်များလုပ်လုပ်ပေးနေခဲ့ရသည်။ ရှုပ်ထွေးသောခံစားချက်တစ်ခုက ရှန်ရှင်းကျိုး၏နှလုံးသားထဲ မွှေနှောက်သွားခဲ့သည်။
တစ်ချိန်က ရှန်ရှင်းရန်သည် ကောလိပ်တက်ရင်း စေတနာ့ဝန်ထမ်းအဖြစ် လုပ်ခဲ့ပုံကို ပြန်တွေးလိုက်မိသည်။ သူက နေ့တစ်ဝက်သာ လုပ်ခဲ့ရ၏။ သို့သော် မဒမ်ရှန်က သူ့အတွက် နေအရမ်းပူနေမည်ကို စိုးရိမ်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားကြိုပေးခဲ့သည်။
ရှန်ရှင်းကျိုး၏အသံက အနည်းငယ်ကြမ်းရှနေပြီး ရှင်းပြရန် ရုန်းကန်နေခဲ့ရသည်။
"ငါမေးချင်တာက... ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေရတာလဲ။ မနေ့က မင်း... အဲ့ဒီအိမ်မွေးတိရစ္ဆာန်ဆိုင်မှာ ရှိနေခဲ့တာမဟုတ်ဘူးလား။"
ထိုသို့မေးပြီးနောက် သူ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရ၏။
ဒီမနက် သူ့လူတွေ တစ်ခုခုလုပ်ခဲ့တာများ ဖြစ်နေမလား။
လုရန်တစ်ယောက် ယခုအချိန်ထိ အလုပ်ရှုပ်နေခဲ့သဖြင့် မနက်စာကို မစားရသေးပေ။ ယခု ဧည့်သည်ပါးသောအချိန်ကို အခွင့်ကောင်းယူ၍ ကောင်တာအနောက်မှာကွယ်ကာ တစ်ခုခုစားနေခဲ့သည်။
သူက ဟန်ဘာကာကို တစ်ကိုက်ကိုက်လိုက်ပြီး လုံးထွေးနေသောအသံဖြင့် ခေါ်လိုက်၏။
"အစ်ကိုကြီး..."
ထိုသို့သောအခေါ်အဝေါ်နှင့် ဗလုံးဗထွေးအသံကို ကြားလိုက်ရသောအခါ ရှန်ရှင်းကျိုး၏နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
လုရန်က ရေတစ်ငုံသောက်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"အချိန်ပိုင်းအလုပ်က လူတစ်ယောက်ကို ထောက်ပံ့ပေးနိုင်တယ်ဆိုတာ ခင်ဗျား မတွေးမိဘူးမလား။"
ရှန်ရှင်းကျိုးတစ်ယောက် ရပ်တန့်သွား၏။ သူ 'အချိန်ပိုင်းအလုပ်' ဟု ကြားလိုက်ရသောအခါ လုရန်က ကောလိပ်တက်နေဆဲဖြစ်ကြောင်း သတိရသွားခဲ့သည်။
ရုတ်တရက်ဆိုသလို ရှန်ရှင်းကျိုး ထိုနေရာမှာ ဆက်မထိုင်နိုင်တော့ပေ။ သူမှာထားသော အစားအသောက်ကို ထိတောင်မထိရသေးဘဲ အမြန်ထရပ်ကာ အလျင်စလိုထွက်သွားခဲ့တော့သည်။
လုရန် ထွက်ခွာသွားသော ရှန်ရှင်းကျိုး၏ကျောပြင်ကို ငေးကြည့်နေခဲ့သည်။ သူ ရှန်ရှင်းကျိုးကို မလိမ်ညာခဲ့ပေ။ သူ အချိန်ပိုင်းအလုပ်များ လုပ်နေသည်မှာ အမှန်ပင်။ သို့သော်လည်း သူ ထိုအိမ်မွေးတိရစ္ဆာန်ဆိုင်မှ အလုပ်ထွက်ခဲ့ပြီးဖြစ်၏။
မနေ့က ရှန်ရှင်းကျိုး ရောက်လာသည့်အချိန်မှာ လုရန် ရှန်မိသားစုမှ ဒုတိယသခင်လေး၏စရိုက်အပေါ် မျှော်လင့်ချက်များများစားစား မထားခဲ့ပေ။
သူ သာ့ဟွမ်၏လုံခြုံရေးကို စိတ်ပူသလို ဆိုင်ရှင်အတွက် ပြဿနာမဖြစ်စေချင်ခဲ့ပေ။ ထို့ကြောင့် မနေ့ညက လုရန် အလုပ်ထွက်ခဲ့ပြီး ဆိုင်ရှင်အား ရက်အနည်းငယ်လောက် ဂရုစိုက်ဖို့ အကြံပေးခဲ့သည်။
နေ့ခင်းအချိန်မှာ သူ သာ့ဟွမ်ကို မိဘမဲ့ဂေဟာ၏လုံခြုံရေးအခန်းဆီ ပြန်ခေါ်သွားခဲ့သည်။
ကျောင်းအုပ်မရှိတော့သော်လည်း သူအရွယ်ရောက်လာသည်ကို မြင်တွေ့ခဲ့ရသည့် လုံခြုံရေးဦးလေးက ရှိနေဆဲပင်။ သာ့ဟွမ်ကလည်း ထိုနေရာမှာ နေခဲ့ဖူးသဖြင့် လုရန် စိတ်ချလက်ချထားနိုင်ခဲ့၏။
ရှန်ရှင်းကျိုး ဆိုင်ထဲမှထွက်ခွာသွားပြီးနောက် လုရန်က သူ၏ပစ္စည်းများကို သိမ်းလိုက်သည်။ သူက စားပွဲပေါ်မှ မထိရသေးသော အစားအသောက်များကို တစ်ချက်ကြည့်လိုက်ပြီး မရွံမရှာဘဲ အိတ်ဖြင့်ထုပ်ပိုး၍ နေ့လယ်စာအတွက်စားရန် သိမ်းလိုက်လေသည်။
ထိုအခိုက်အတန့်၌ ရှန်ရှင်းကျိုးက ကားတံခါးနားမှာရပ်နေပြီး ဆိုင်ဘက်သို့ ပြန်လှည့်ကြည့်လိုက်ရာ အနှီမြင်ကွင်းကို တွေ့လိုက်ရ၏။
တုံ့ဆိုင်းမှုမရှိ၊ ရွံရှာမှုမရှိ။
ထိုအချိန်မှာ ရှန်ရှင်းကျိုး ဆိုင်ထဲပြန်ပြေးသွားပြီး လုရန်၏လက်ထဲမှအရာများကို လွှင့်ပစ်ကာ သူ့ကို ဆိုင်ထဲကနေ ခေါ်ထုတ်ချင်လာခဲ့သည်။
သို့သော် နောက်အခိုက်အတန့်၌ ဆိုင်ထဲမှကောင်လေးက သူ့စားပွဲပေါ်ရှိအာလူးကြော်ကိုဖောက်ကာ တစ်ခုယူလိုက်ပြီး သူ့ပါးစပ်ထဲထည့်လိုက်သည်အား မြင်လိုက်ရ၏။
ခရမ်းချဉ်သီးဆော့၏အရသာကို မြည်းစမ်းပြီးနောက် ကောင်လေးက ပျော်ရွှင်သွားပုံရပြီး မျက်လုံးများက ကွေးညွတ်သွားခဲ့သည်။
ရှန်ရှင်းကျိုး ဆက်ပြီးမကြည့်နိုင်တော့ပေ။ သူ ကားထဲကို အမြန်တက်ကာ ထိုင်ခုံခါးပတ်ပတ်လိုက်ပြီး ကားစက်နှိုးလိုက်၏။
ထို့နောက် အလျင်စလိုထွက်ပြေးသွားသလိုမျိုး မောင်းထွက်သွားခဲ့တော့သည်။
ရှန်ရှင်းကျိုးတစ်ယောက် ရက်အနည်းငယ်လောက် ရှန်အိမ်သို့ ပြန်မလာခဲ့ပေ။ ရှန်ရှင်းရန်က သူကို ဖုန်းဆက်ခေါ်ခဲ့သော်လည်း သူက 'စတူဒီယိုမှာ အလုပ်ရှိလို့' ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆိုခဲ့၏။
ရက်အနည်ငယ်ကြာပြီးနောက် မဒမ်ရှန်၏မွေးနေ့ပွဲဖြစ်ရာ မိသားစုက တစ်နေရာမှာ စုဝေးခဲ့ကြသည်။
ရှန်ရှင်းကျိုးတစ်ယောက် သီးသန့်ခန်းထဲ အနည်းငယ်နောက်ကျပြီးမှ ရောက်ရှိသွားခဲ့ပြီး ထိုနေရာမှာ လူတောင်စုံနေလေပြီ။
ယခုတစ်ခေါက် မိသားစုတွေ့ဆုံပွဲမျှသာဖြစ်ပြီး ကြီးကျယ်ခမ်းနားသော ပွဲများမလုပ်သလို အပြင်လူများလည်း မပါခဲ့ပေ။
အခန်းထဲမှာ ရှန်ဟုန်ယွမ်၊ မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့သာ ရှိသည်။
နောက်ကျမှရောက်လာသည့် ရှန်ရှင်းကျိုးကို မြင်လိုက်ရသောအခါ မဒမ်ရှန်က အပြစ်တင်လိုက်၏။
"ပြန်လာဖို့တော့ သတိရသေးတယ်ပေါ့?"
ရှန်ရှင်းကျိုးက သူ့နေရာဆီလျှောက်သွားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။
"အစ်ကိုကြီးလည်း ပြန်မလာဘူးမလား။"
သူ့စကားဆုံးပြီးနောက် သီးသန့်ခန်းမှာ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် အနောက်တိုင်းဝတ်စုံဝတ်ထားသော လူငယ်တစ်ယောက်က အထဲဝင်လာပြီး ပြောလိုက်လေ၏။
"မင်္ဂလာပါ၊ လူကြီးမင်းရှန်နဲ့ မဒမ်ရှန်။ ကျွန်တော်က သခင်လေးရှန်ရဲ့ လက်ထောက်ပါ။"
သူက လက်ဆောင်သေတ္တာကို ကမ်းပေးရင်း ပြောလိုက်သည်။
"ဒါ သခင်လေးရှန် မဒမ်ရှန်အတွက် ပြင်ပေးခဲ့တဲ့လက်ဆောင်ပါ။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ၊ မဒမ်ရှန်။"
လက်ထောက်က ကြာကြာမနေဘဲ လက်ဆောင်ပစ္စည်းပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။
မဒမ်ရှန်က ပြောလိုက်သည်။
"မင်းအစ်ကိုကြီးကို ကြည့်လိုက်စမ်း၊ သူက နိုင်ငံခြားမှာရောက်နေတာတောင် ငါ့ကိုလက်ဆောင်ပို့ပေးဖို့ သတိရတယ်။"
ရှန်ရှင်းကျိုးက နှာမှုတ်လိုက်လေ၏။
ထို့နောက် ရှန်ဟုန်ယွမ်က သူ့ဘေးမှ စားပွဲထိုးကို ပြောလိုက်သည်။
"အချိန်ကျပြီ။"
စားပွဲထိုးက ခေါင်ညိတ်ကာ လူတိုင်းကို အခန်း၏အတွင်းပိုင်းဆီ ခေါ်သွားပေးခဲ့သည်။
ရှန်ရှင်းကျိုး ဤလုပ်ရိုးလုပ်စဥ်နှင့် အတော်လေးရင်းနှီးပေသည်။ အခန်းထဲမှမီးများက မှိတ်သွားပြီး အထဲမှာ ကိတ်တစ်လုံးနှင့် အံ့အားသင့်စရာလက်ဆောင်တချို့ရှိ၏။ ပုံမှန်အားဖြင့် ဤအပိုင်းက လူစုံမှစလေ့ရှိသည်။
သို့သော်...
ရှန်ရှင်းကျိုးတစ်ယောက် အလိုလိုရပ်တန့်ကာ ပြောလိုက်မိသည်။
"ခဏစောင့်ပါဦး၊ လူကျန်..."
ရှန်ဟုန်ယွမ်၊ မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့က သူ့ကို ရှုပ်ထွေးစွာကြည့်လာခဲ့ကြသည်။
ရှန်ရှင်းကျိုးတစ်ယောက် ရုတ်တရက် တစ်ဆို့သွားခဲ့သည်။
ဟိုးအစကတည်းက လုရန်ကို ဘယ်တုန်းကမှ ထည့်မတွက်ဖူးကြောင်း ရှန်ရှင်းကျိုး သတိရမိလိုက်သည်။
***
Aurora Novel Translation Team