အပိုင်း (၆) - နောက်ဆက်တွဲပြဿနာများ
『ခင်ဗျား စားချင်ရာစားလို့မရဘူး။』
ယခင်ရှန်သခင်ကြီး ရှေ့ဆောင်လမ်းပြအဖြစ် စတင်တည်ထောင်ခဲ့သော ရှန်မိသားစုက ယခုအချိန်ဆို ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ထိပ်တန်းအဆင့်မိသားစုကြီးမဟုတ်သော်လည်း ၎င်းတို့က အနည်းဆုံးတော့ လူချမ်းသာအသိုင်းအဝိုင်းထဲတွင် ပါဝင်ပြီး သက်တမ်းတစ်ဝက်နီးပါးကို ဂုဏ်သရေရှိစွာ နေထိုင်ခဲ့ကြသည်။
သို့သော်လည်း ထိုနေ့ညက ရှန်မိသားစုသမိုင်းမှာ အထိတ်လန့်ဆုံး၊ အရူးသွပ်ဆုံး၊ မမေ့နိုင်ဆုံးနှင့် ပြောမပြနိုင်ဆုံး ညတစ်ညဖြစ်လာခဲ့၏။
ထိုနေ့ညတွင် ရှန်အိမ်ရှိ ရေချိုးခန်းတိုင်း၌ သန်းခေါင်ယံအထိ ရေချိုးသံများ ဆူညံနေခဲ့သည်ဟုဆိုကြပေသည်။
ထို့အပြင် ညစာစားချိန်တစ်ချိန်လုံး ဆဲဆိုကြိမ်းမောင်းနေခဲ့သော်လည်း ဒေါသမပြေသည့်အပြင် သွေးတိုးရောဂါပါထလာသည့် ရှန်ဟုန်ယွမ်ကို ဆေးရုံသို့ပို့ဆောင်ရန် လူနာတင်ကားကိုပါ ခေါ်ခဲ့ရ၏။
လူနာတင်ကားပေါ်သို့ တက်ချိန်မှာတောင် ရှန်ဟုန်ယွမ်က 'ငါ ရေချိုးချင်မယ်! ရေချိုးမယ်! ငါ ရေချိုးချင်တယ်!' ဟု အော်ဟစ်နေခဲ့ကြောင်း ကြားသိရသည်။
မဒမ်ရှန်ကလည်း နောက်တစ်နေ့ နေ့လယ်တွင် သူ(မ)၏သူငယ်ချင်းများနှင့် အလှပြင်ရန် ချိန်းဆိုထားခဲ့သည်။ သို့သော် လူနာတင်ကားရောက်လာချိန်၌ သူ(မ)က တစ်စုံတစ်ခုကနေ အသက်လုကာထွက်ပြေးရသည့်အလား ထမင်းစားခန်းကိုကျော်ဖြတ်၍ ဤဗီလာ၌ တစ်စက္ကန့်လေးတောင် ဆက်မနေရဲသကဲ့သို့ လူနာတင်ကားဆီသို့ ပြေးသွားခဲ့လေ၏။
ရှန်မိသားစု၏အိမ်နီးချင်းများက အနှီမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှန်မိသားစုအကြီးအကဲက ကုရာနတ္ထိဆေးမရှိသည့် ရောဂါတစ်ခုခုကို ခံစားနေရရှာသည်ဟု တွေးတောကာ ရွှေကဲ့သို့ခိုင်မြဲသော ရှန်ဇနီးမောင်နှံ၏မေတ္တာတရားကို အားကျသွားခဲ့ကြသည်။
တတိယထပ်၌ ရှန်ရှင်းရန်က သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်ဖုံးအုပ်ကာ တစ်ညလုံး ပေါက်ကွဲငိုကြွေးနေခဲ့၏။
ယနေ့ သူက ရှန်ရှင်းကျိုးနှင့် နီးနီးကပ်ကပ်ထိုင်နေခဲ့သည်။ လုရန်က ခွေးချီးအိတ်ကို ပစ်လိုက်ချိန်မှာ အိတ်ထဲမှခွေးချီးများက နေရာအနှံ့လွင့်စင်ကုန်၏။ သူ့ဆံပင်ပေါ်၊ သူ့မျက်နှာပေါ်၊ သူ့အဝတ်များပေါ်...
သူ ငါးခါလောက်ရေချိုးပြီးတာတောင် ထို... ရွံစရာအနံ့ဆိုးကို ရနေဆဲပင်။ မနက်ဖြန် နေ့လယ်တွင် သူ့မှာ အတန်းဖော်များတွေ့ဆုံပွဲရှိပေ၏။ တက်ရောက်မည့်လူတိုင်းက သူ၏လူမှုအသိုင်းအဝိုင်းထဲမှ လူချမ်းသာ သို့မဟုတ် ဩဇာရှိသည့်လူငယ်များပင်။
ယခု သူ၏လက်ရှိအခြေအနေကမူ...
ပထမဆုံးအကြိမ်အဖြစ် ရှန်ရှင်းရန် သူ၏ပုံပန်းသဏ္ဌာန်ကို ဂရုမစိုက်တော့ဘဲ အော်ဟစ်လိုက်ပြီး ရေချိုးဝတ်ရုံကိုဆွဲယူကာ ရေချိုးခန်းထဲသို့ ထပ်မံပြေးဝင်သွားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရသော် ယနေ့ညက လူတိုင်းအတွက် အိပ်ရေးပျက်ညတစ်ညဖြစ်ခဲ့သည်။
လုရန်တစ်ယောက်တည်းသာ အေးအေးဆေးဆေး အိပ်ပျော်နေခဲ့သည်။ နောက်တစ်နေ့က စနေနေ့ဖြစ်ရာ လုရန် ရှစ်နာရီထိုးခါနီးမှ အိပ်ရာထခဲ့သည်။
သူက ရေချိုးပြီး သန့်ရှင်းသပ်ရပ်ကာ မွှေးကြိုင်လန်းဆန်းနေသော သာ့ဟွမ်ကိုခေါ်၍ အိပ်ခန်းထဲကနေ ထွက်လာခဲ့ပြီး သမ်းဝေရင်း ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။
ထမင်းစားခန်းနားသို့ ရောက်ခါနီးတွင် သာ့ဟွမ်က အခိုက်အတန့်တစ်ခုလောက် တုံ့ခနဲရပ်တန့်သွားပြီး လုရန်ကို တစ်ချက်ညည်းပြလာ၏။ သူ မနေ့ကကိစ္စကြောင့် အနည်းငယ်ရှက်ရွံ့နေပုံပင်။
လုရန်က သူ့ကိုခေါ်လိုက်သည်။
"လာလေ၊ ဘာလို့ ရပ်နေတာလဲ။"
သခင်ဖြစ်သူ၏ သောက်ဂရုမစိုက်သည့်ပုံစံကိုကြည့်ကာ သာ့ဟွမ် နှစ်စက္ကန့်လောက် တွန့်ဆုတ်နေခဲ့ပြီး ပဲစေ့အရွယ်မျက်လုံးဝိုင်းများထဲမှာ အပြစ်ကင်းစင်သည့် အရိပ်အမြွက်များဖြတ်ပြေးသွားပြီးမှ သခင်ဖြစ်သူ၏အနောက်နေ လိုက်ပါသွားခဲ့သည်။
ရှန်ဗီလာတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေသည်။ အောက်ထပ်မှာ အလုပ်လုပ်နေသော အိမ်အကူအနည်းငယ်မှလွဲ၍ အပေါ်ထပ်မှာ သက်ရှိတစ်ယောက်မှမရှိသည့်အလား မည်သည့်အသံကိုမှ မကြားရပေ။
မနေ့က ရှုပ်ပွနေခဲ့သည့် ထမင်းစားခန်းမှာ သန့်ရှင်းသပ်ရပ်နေပြီး မနေ့ညကအဖြစ်အပျက်များ၏ ခြေရာလက်ရာများ လုံးဝမကျန်တော့ပေ။
အဓိကလက်သည်ဖြစ်သည့် လုရန်က ထိုကိစ္စကို လုံးဝမေ့လျော့သွားသကဲ့သို့ ထမင်းစားခန်း၏ ပုံမှန်ထိုင်နေကျနေရာမှာ ဝင်ထိုင်လိုက်သည်။
သို့သော် စားပွဲပေါ်မှာ ဘာဆိုဘာမှမရှိပေ။ သူက အနည်းငယ်မနှစ်မြို့ဖြစ်သွားပြီး မီးဖိုချောင်ထဲမှလူကို မေးလိုက်၏။
"မနက်စာရော?"
သူ၏မေးခွန်းကို ကြားလိုက်ရသောအခါ အောက်ထပ်မှာအလုပ်လုပ်နေကြသော အိမ်အကူများက နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားကြ၏။
အတိတ်တုန်းက လုရန်သည် ရှန်အိမ်တော်၏ လူပိုတစ်ယောက်ဖြစ်ခဲ့ပြီး မည်သူကမှ သူ့ကိုမနှစ်မြို့ကြပေ။ သူ၏အနေအထားက နိမ့်ကျပြီး ခြံဝင်းထဲရှိ ဂိုဒေါင်သို့ ပြောင်းရွှေ့နေထိုင်ရန် အမိန့်ပေးခံခဲ့ရကာ အိမ်အကူများထက်တောင် ဘဝအခြေအနေဆိုးဝါးခဲ့သည်။
ရှန်မိသားစုဝင်များက သူ့အပေါ် လုံးဝလေးစားမှုမရှိရာ အိမ်အကူများကလည်း ၎င်းတို့ကိုအတုယူကာ သူ့ကို လျစ်လျူရှုလေ့ရှိကြ၏။ အရင်ကဆို အောက်ထပ်တွင်အလုပ်လုပ်နေသူများက သူ့စကားကို မကြားချင်ယောင်ဆောင်ကြလိမ့်မည်။ သို့သော် ယခုတစ်ခေါက်တွင်မူ မီးဖိုချောင်ထဲကနေ လူတစ်ယောက်ထွက်လာပြီး စားပွဲနားသို့လာရောက်ကာ ရိုရိုသေသေဖြင့် နူးနူးညံ့ညံ့ပြောလိုက်သည်။
"မဒမ်နဲ့ သခင်ကြီးတို့က ဆေးရုံမှာပဲ ရှိနေပါသေးတယ်၊ ဒုတိယသခင်လေးနဲ့ တတိယသခင်လေးတို့ကလည်း အပြင်ထွက်သွားကြပါတယ်၊ အဲ့ဒါကြောင့် ဒီနေ့မနက် မနက်စာမပြင်ဖြစ်လိုက်ပါဘူး။"
တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သဖြင့် အိမ်အကူ၏အသံက တဖြည်းဖြည်းတိုးလာခဲ့သည်။
သေချာပေါက်ဆိုသလို လုရန်က သူ့ကို အစစ်အမှန် ပဟေဠိဖြစ််နေသောအမူအရာဖြင့် မော့ကြည့်ကာ မေးလိုက်လေ၏။
"ငါက လူမဟုတ်ဘူးလား။"
အိမ်အကူ: "..."
ထိုအခါ အိမ်အကူက အမြန်တောင်းပန်လိုက်၏။
"ကျွန်တော် တောင်းပန်ပါတယ်၊ လုသခင်လေး။ ကျွန်တော် အခုချက်ချင်း ပြင်ပေးပါ့မယ်။"
ထိုသို့ပြောပြီးနောက် သူက မီးဖိုချောင်ထဲ ပြန်ပြေးသွားတော့သည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူက နောက်တစ်ကြိမ်ရပ်တန့်သွားပြီး တွန့်ဆုတ်စွာဖြင့် လုရန်ကိုပြန်လှည့်ကြည့်ကာ နူးညံ့စွာ မေးလိုက်သည်။
"သခင်လေးက... ဒီ... စားပွဲမှာ မနက်စာသုံးဆောင်မယ်လို့ ပြောလိုက်တာပါလား။"
"မဟုတ်ရင် ငါက ဘယ်မှာစားရမှာလဲ။"
သာ့ဟွမ်ကို ခွေးစာထည့်ပေးနေသော လုရန်က ထိုစကားကို ကြားလိုက်ရသောအခါ သူ့ကို ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်၏။
ထိုနေရာရှိ အခြားအိမ်အကူများက လုရန်၏စကားကို ကြားလိုက်ရသောအခါ သူ့ကို ထိတ်လန့်တကြားအကြည့်များနှင့် ကြည့်လာခဲ့ကြသည်။
သိပ်မကြာခင်မှာပင် မနက်စာကို ယူဆောင်လာခဲ့၏။
လုရန်က ဘာမှမဖြစ်ခဲ့သည့်အတိုင်း စတင်စားသောက်လိုက်သည်။ ထိုအိမ်အကူများ မည်သည့်အရာကိုအံ့ဩနေကြောင်း သူ သိပေသည်။ သို့သော် သူ အမှန်တကယ် ဂရုမစိုက်ချေ။
သူက တိရစ္ဆာန်ဆေးပညာကို သင်ယူနေသူဖြစ်ပြီး မစင်ဆိုသည်မှာ မကြေညက်သေးသော အသားဓါတ်အကြွင်းအကျန်များနှင့် ဘက်တီးရီးယားများသာ ဖြစ်ကြောင်း ကောင်းကောင်းကြီးသိထားသည်။
ယခု ထမင်းစားခန်းတစ်ခန်းလုံးကို ပိုးသတ်ဆေးများ အကြိမ်မည်မျှပက်ဖျန်းထားကြောင်းကိုတောင် မရေတွက်နိုင်တော့ပေ။ ထို့ကြောင့် အနည်းဆုံးတော့ မသန့်ရှင်းသည့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာ ရှိတော့မည်မဟုတ်။
စိတ်ပိုင်းဆိုင်ရာအရမူ...
လုရန်က အိမ်မွေးတိရစ္ဆာန်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်။ ယာယီစောင့်ရှောက်ခန်းသို့ ရောက်လာသည့် ကြောင်များနှင့် ခွေးများက ပတ်ဝန်းကျင်အသစ်ကြောင့် သို့မဟုတ် အကျင့်ဆိုးများကြောင့် ယာယီစောင့်ရှောက်ခန်းကို ဖရိုဖရဲဖြစ်သွားအောင် ဖျက်ဆီးလေ့ရှိကြ၏။ သန့်ရှင်းရေးလုပ်ခြင်းက အမြဲတမ်း လုရန်၏တာဝန်ဖြစ်ခဲ့သည်။
လုရန် ဆယ်နှစ်သားအရွယ်ကတည်းက သာ့ဟွမ်ကို စတင်မွေးမြူခဲ့ပြီး ခွေးချီးများကို စတင်ကိုင်တွယ်ခဲ့ရ၏။ မည်သို့ပင်ဆိုစေ မိဘမဲ့ဂေဟာ၌ သူ ခွေးကိုခိုးမွေးထားကြောင်း လုံးဝ ဖုံးကွယ်လို့မရခဲ့ပေ။ သိပ်မကြာခင် သူနှင့်မတည့်သော သူငယ်ချင်းများက ဆရာမကို လျှို့ဝှက်စွာတိုင်တန်းခဲ့ကြလေ၏။
ထိုအချိန်တုန်းက မိဘမဲ့ဂေဟာရှိကလေးများ၏ ဘေးကင်းရေးအတွက် ခွေးလေခွေးလွင့်များကို ဝင်ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ဆရာမက တာဝန်အရ သာ့ဟွမ်ကို မောင်းထုတ်ဖို့ဖြစ်လာခဲ့သည်။
သို့သော် ထိုအချိန်၌ လုကျောင်းအုပ်ကြီး ရောက်လာခဲ့သည်။ လုရန်၏အမြင်တွင် လုကျောင်းအုပ်ကြီးက အမြဲတမ်းပြုံးနေတတ်သော အဖိုးတစ်ယောက်ဖြစ်သည်။
သူက သာ့ဟွမ်ကိုဖက်ထားပြီး မခွဲခွာလိုသည်အား မြင်လိုက်ရသောအခါ လုကျောင်းအုပ်ကြီးက သူ့ဆီရောက်လာပြီး ခွေးလေးကို အမှန်တကယ်မွေးမြူချင်သလား၊ ခွေးတစ်ကောင်ကို မွေးမြူရန်အတွက် ယူရမည့်တာဝန်များကို စဉ်းစားပြီးပြီလားဟု မေးမြန်းခဲ့သည်။
အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်းမှာ အဖော်ရသော်ငြား ယင်းက တာဝန်ယူမှုနှင့် အတူယှဥ်တွဲနေသည်ဟုလည်း လုကျောင်းအုပ်ကြီးက သူ့ကို ပြောပြခဲ့၏။
သူ အမှန်တကယ်မွေးမြူလိုပါက သာ့ဟွမ်ကို အစာကျွေးရန်၊ သန့်ရှင်းရေးလုပ်ရန်နှင့် အခြားသူများအတွက် အနှောင့်အယှက်မဖြစ်စေရန် သူက တာဝန်ယူရမည်ဟုဆိုခဲ့သည်။
သေချာပေါက်ဆိုသလို သာ့ဟွမ်ကို အိပ်ခန်းတွင် ထားခွင့်မရှိခဲ့ပေ။
လုကျောင်းအုပ်ကြီးက လုံခြုံရေးရုံးခန်းကို ပြောပေးခဲ့ရာ ၎င်းတို့က သာ့ဟွမ်အတွက် ခွေးအိမ်လေးစီစဥ်ပေးကာ ကာကွယ်ဆေးကိုတောင် ထိုးပေးခဲ့ကြသည်။၊
လုရန်က သာ့ဟွမ်ကိုအစားကျွေးရန်နှင့် သန့်ရှင်းရေးလုပ်ပေးရန် နေ့တိုင်းသွားရောက်ခဲ့သည်။
ကလေးတော်တော်များများက အမွေးပွပွအိမ်မွေးတိရစ္ဆာန်များကို သဘောကျသဖြင့် နောက်ပိုင်းတွင် မိဘမဲ့ဂေဟာ၌ ယုန်များနှင့် ကြက်ပေါက်လေးများကဲ့သို့ သေးငယ်သောတိရစ္ဆာန်များကို မွေးမြူရန် သီးသန့်ခြံဝင်းငယ်တစ်ခုကိုတောင် ပြုလုပ်ပေးခဲ့ပြီး အတန်းတိုင်းက အလှည့်ကျ တာဝန်ယူစောင့်ရှောက်ရ၏။
လုရန် မိဘမဲ့ဂေဟာ၌နေထိုင်စဉ်က သူ့မိသားစုကိုရှာတွေ့လျှင် သူ၏ဘဝက မည်မျှပျော်ရွှင်ရမည်ဖြစ်ကြောင်း မကြာခဏ တွေးတောနေတတ်သည်။ သို့သော် ယခင်ဘဝက ရှန်မိသားစုတွင်နေထိုင်ခဲ့ရပုံကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ မိဘမဲ့ဂေဟာမှာနေထိုင်ရသည်က ပိုကောင်းသည်ဟု လုရန် ခံစားခဲ့ရ၏။
မိဘမဲ့ဂေဟာ၌ ကလေးများအများကြီးရှိပြီး အမြဲတမ်း သေးငယ်သောပြဿနာလေးများ ရှိနေတတ်သော်လည်း ဆရာများက အရာအားလုံးကိုမကိုင်တွယ်နိုင်သည့် အချိန်များလည်းရှိတတ်ပြီး အလုပ်ရှုပ်နေချိန်များလည်းရှိပေ၏။
သို့သော် ခြုံငုံပြောရလျှင် လုရန်တစ်ယောက် သူ့အတွက် လိုအပ်သည့်အရာများအားလုံးကို ရရှိခဲ့ပြီး ဈေးကြီးသော အီလက်ထရွန်နစ်ပစ္စည်းများကိုတောင် ကစားခဲ့ဖူးသည်။
လုကျောင်းအုပ်ကြီးက နေ့စဉ်နေ့တိုင်း အတန်းများအားလုံးကို တစ်ခုပြီးတစ်ခု လိုက်လံစစ်ဆေးတတ်သည်။
ငယ်ရွယ်စဉ်က လုရန် လုကျောင်းအုပ်ကြီးကို အမှန်တကယ်သဘောကျခဲ့၏။ ကျောင်းအုပ်ကြီးရောက်လာချိန်တိုင်း သူက စိတ်လှုပ်ရှားကာ ထိုကဲ့သို့ကြင်နာတတ်သောလူကြီးသူမနှင့် စကားပြောဆိုခွင့်ရရန် အမြဲမျှော်လင့်နေတတ်သည်။
သူ့ဆီကနေ ချီးကျူးစကားများရခဲ့လျှင် သူ၏တစ်နေ့တာက ပို၍ကောင်းမွန်သွားပြီဖြစ်သည်။
သို့သော် ကျောင်းအုပ်ကြီးက အလွန်အလုပ်များပြီး မိဘမဲ့ဂေဟာ၌ ကလေးများစွာရှိပေသည်။ အတန်းထဲရှိ အရုပ်များနှင့် အီလက်ထရွန်နစ်တက်ဘလက်များကဲ့သို့ အရာအားလုံးက လူတိုင်းနှင့်သက်ဆိုင်ပြီး မည်သူတစ်ဦးတစ်ယောက်၏အပိုင်မှမဟုတ်ချေ။
တစ်ခါတလေ လုကျောင်းအုပ်ကြီးက သူ့အမျိုးဖြစ်လျှင် မည်မျှကောင်းလိုက်မလဲဟု လုရန် တိတ်တိတ်လေးစိတ်ကူးယဥ်နေတတ်၏။
အခြားကလေးများနှင့်မဆိုင်ဘဲ သူတစ်ယောက်တည်း၏ဆွေမျိုးဖြစ်စေချင်သည်။
ထိုစိတ်ကူးယဥ်မှုက ဘယ်သောအခါမှ လက်တွေ့ဖြစ်မလာခဲ့သော်လည်း လုကျောင်းအုပ်ကြီးက သူ့အတွက် သာ့ဟွမ်ကို ထားခဲ့ပေးသည်။
သိပ်မကြာခင် လုရန် မနက်စာစားပြီးသွား၏။
သူက အကျင့်ဖြစ်စွာဖြင့် သူစားထားသောပန်းကန်လုံးနှင့် တူများကို ဆေးကြောပြီးမှ သာ့ဟွမ်ကိုခေါ်ကာ အလုပ်သွားရန်ထွက်လာခဲ့လိုက်သည်။
သူ အိမ်အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် အိမ်ပြန်လာသော ရှန်ရှင်းရန်နှင့် ရှန်ရှင်းကျိုးတို့ကို တွေ့လိုက်ရသည်။
ရှန်ရှင်းရန်တစ်ယောက် လုရန်ကိုမြင်လိုက်သည့်အခိုက်အတန့်မှာ ကြွက်က ကြောင်ကို မြင်လိုက်ရသည့်အလား ကားထဲသို့ ချက်ချင်းကျုံ့ဝင်သွားခဲ့သည်။ သူက မနက်စာတောင် မစားခဲ့ရပေ။ လုရန်နှင့် သူ၏ခွေးကိုမြင်လိုက်တိုင်း သူ့ကိုယ်ပေါ်တွင် အနံ့အသက်တစ်မျိုးမျိုးရနေသည့်အလား ခံစားနေခဲ့ရသည်...
ရှန်ရှင်းကျိုးက ကားအပြင်မှာရပ်နေသော်လည်း လုရန်ကို ကြည့်တောင်မကြည့်ခဲ့ပေ။
လုရန်က တစ်ချက်လှမ်းကြည့်လိုက်၏။
ရှန်မိသားစုဝင်များ သူ့ကိုလျစ်လျူရှုခြင်းမှာ ပုံမှန်ဖြစ်ပြီး သူလည်း အသားကျနေလေပြီ။
သို့သော် ယခု...
၎င်းတို့၏လျစ်လျူရှုမှုတွင် ထိတ်လန့်ကြောက်ရွံ့မှု အနည်းငယ်ပါဝင်နေ၏။ ရှန်ရှင်းရန်က လုံးဝကို ပုန်းအောင်းနေခဲ့သည်။ ရှန်ရှင်းကျိုးက မပုန်းရှောင်ခဲ့သော်လည်း ကားတံခါးကို လက်လှမ်းနေသည့်သူ့ပုံစံအရ သူလည်း ရှောင်တိမ်းလိုသော်ငြား အချိန်မမီလိုက်သည့်ပုံပင်။
ယနေ့ သူက ဆံပင်ပုံစံပြောင်းထား၏။ သူက ဆံပင်ရှည်များကိုညှပ်ကာ buzz cut ညှပ်ထားသည်။ သူ့ကိုဆံပင်ညှပ်ပေးသူသည် မနေ့ညက ထိုဆံပင်များပေါ် မည်သည့်အရာများပေကျံခဲ့ကြောင်း သိမသိကိုတော့ သူမပြောတတ်ပေ။
လုရန်က အာရုံစိုက်မနေချေ။ သူက အလုပ်ကိုအချိန်မီရောက်ရန် သာ့ဟွမ်ကိုခေါ်၍ ကားဘေးကနေဖြတ်သွားလိုက်သည်။ သူ ရှန်ရှင်းကျိုး၏အနောက်ကနေ ဖြတ်သွားစဥ် ထိုအကြောက်အလန့်မဲ့သခင်လေးမှာ မနေ့ညက သူ၏ကျောပေါ်မှအထိအတွေ့ကို ပြန်မှတ်မိသွားပုံပေါ်ပြီး ကျောက်ရုပ်တစ်ခုအလား တောင့်တင်းသွားခဲ့သည်။
သို့သော် သာ့ဟွမ်က ရှန်ရှင်းကျိုး၏ခြေထောက်နား ဖင်ထိုင်ချကာ သူ၏အမြီးလေးကို နှံ့နေခဲ့သည်။ ပဲစေ့ကဲ့သို့ မျက်လုံးနက်များဖြင့် ရှန်ရှင်းကျိုးကို မျှော်လင့်တကြီးကြည့်နေခဲ့၏။ ဤသည်မှာ သူ အတူကစားလိုသော တစ်စုံတစ်ယောက်အပေါ် သာ့ဟွမ်၏အပြုအမူဖြစ်သည်။
လုရန်တစ်ယောက် အနည်းငယ်အံ့သြသွား၏။
သူက လည်ပတ်ကို ညင်သာစွာဆွဲလိိုက်သည်။
"သာ့ဟွမ်၊ သွားမယ်။ ငတုံးလေး၊ လူကောင်းမှန်းမသိ၊ လူဆိုးမှန်းမသိနဲ့ လူတိုင်းကို လိုက်ခင်နေတော့တာပဲ။"
သာ့ဟွမ်က တွန့်ဆုတ်စွာဖြင့် လိုက်ပါသွားခဲ့သည်။
နှစ်ဦးသား လုံးဝထွက်သွားပြီဆိုတော့မှ ကားထဲမှရှန်ရှင်းရန်က စိတ်သက်သာရာရသွားတော့သည်။ ရှန်ရှင်းရန်က မကျေမနပ်ပြောလိုက်သည်။
"ကိုလတ်! အဲ့ဒီမှာ သူ့ကိုကြည့်လိုက်ဦး!"
အချိန်အတော်ကြာသည်အထိ တုံ့ပြန်သံမကြားခဲ့ရပေ။
ရှန်ရှင်းရန် မော့ကြည့်လိုက်သောအခါ ရှန်ရှင်းကျိုးက အဝေးကိုကြည့်ရင်း တီးတိုးရေရွတ်နေကြောင်း ကြားလိုက်ရ၏။
"...ဒီလောက်သေးသေးလေးကို သာ့ဟွမ်တဲ့။"
ရှန်ရှင်းရန်က ရှင်းရှင်းလင်းလင်းမကြားလိုက်ရသဖြင့် မေးလိုက်သည်။
"ကိုလတ် ဘာတွေပြောနေတာလဲ။"
ထိုအခါမှ ရှန်ရှင်းကျိုးက အသိစိတ်ပြန်ကပ်ကာ ပြောလိုက်သည်။
"ဪ၊ ဘာမှမဟုတ်ပါဘူး။"
နှစ်ဦးသား ထမင်းစားခန်းကိုဖြတ်လျှောက်သွားသောအခါ ရှန်ရှင်းကျိုးက အကျင့်ဖြစ်စွာဖြင့် သူ့ညီငယ်အတွက် စိုးရိမ်ပူပန်စွာမေးလိုက်သည်။
"မင်း မနက်စာမစားရသေးဘူးမလား။ ဗိုက်မဆာဘူးလား။"
ထိုသို့ပြောပြီးနောက် နှစ်ယောက်စလုံး အသံတိတ်သွားခဲ့ကြသည်။ နှစ်ဦးသား မနေ့ညက 'အခင်းဖြစ်ရာနေရာ' ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အပေါ်ထပ်သို့ အမြန်တက်ပြေးကြတော့သည်။
သုံးရက်ကြာပြီးနောက် ရှန်ဟုန်ယွမ် ဆေးရုံဆင်းလာခဲ့သည်။ ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့ ကားပေါ်ကဆင်းလိုက်သည့်အချိန်မှာ နှစ်ယောက်စလုံး သိသိသာသာ ပိန်သွားခဲ့သည်။
လွန်ခဲ့သောသုံးရက်အတွင်း ၎င်းတို့တွေ အစားစားချင်စိတ်မရှိခဲ့ကြပေ။ ထိုနေ့ညက လုရန်သည် ၎င်းတို့တွေ 'ဗိုက်အဆာဆုံး' အချိန်မှာ 'စပရိုက်' တိုက်ခဲ့ပြီး ရလဒ်အနေဖြင့် လူတိုင်း၏ခန္ဓာများက ဗိုက်ဆာမှုကို ထိတ်လန့်ဖွယ်ခံစားချက်များနှင့် အလိုအလျောက် ဆက်စပ်ကာတုံ့ပြန်ခဲ့၏။ ၎င်းတို့ ဗိုက်ဆာလာတိုင်း ထိုနေ့ညကိုတွေးမိသွားပြီး အန်ချင်လာခဲ့ကြသည်။
တတိယမြောက်နေ့မှာမှ ဆက်လက်တောင့်မခံနိုင်တော့ဘဲ အနည်းငယ်စစားခဲ့ကြ၏။ သို့တိုင် အရောင်မည်းမည်းနှင့် မကျက်တကျက်အစားအစာများအပြင် ထိုနေ့ညစာစားပွဲ၏ဟင်းလျာများကိုတော့ ရှောင်နေကြဆဲပင်။ ရက်အနည်းငယ် အစာအငတ်ခံပြီးနောက် ရှန်ဟုန်ယွမ်၏ သက်လတ်ပိုင်းအရွယ် ဘီယာဗိုက်ရွှဲရွှဲတောင် ပျောက်ကွယ်သွားခဲ့သည်။
ဗီလာသို့ ပြန်ရောက်လာသောအခါ ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့က နားလည်မှုရှိစွာ အောက်ထပ်ဧည့်ခန်းတွင် မနားဘဲ ဒုတိယထပ်လှေကားဆီသို့ တန်းပြီးတက်သွားခဲ့ကြသည်။ လှေကားထစ်တစ်ဝက်သို့ ရောက်သောအခါ ရှန်ဟုန်ယွမ်၏ဖုန်းက အသံမြည်လာခဲ့၏။ သူ ဖုန်းကိုငုံ့ကြည့်လိုက်ရာ ခေါ်ဆိုလာသူက အရေးကြီးသောဖောက်သည်ဖြစ်နေ၍ ချက်ချင်း ဖုန်းကိုင်လိုက်သည်။
ဖုန်းတစ်ဖက်မှ စိုးရိမ်ပူပန်နေသောအသံ ထွက်ပေါ်လာခဲ့သည်။
"လူကြီးမင်းရှန်၊ ခင်ဗျား လွန်ခဲ့တဲ့နှစ်ရက်က ဆေးရုံတက်ခဲ့ရတယ်လို့ သတင်းကြားတယ်၊ အခု သက်သာသွားပြီလား။"
"လူကြီးမင်းလီ၊ အခုလို တကူးတက ဖုန်းဆက်မေးပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ကြီးကြီးမားမားရောဂါမဟုတ်ပါဘူး၊ ကျွန်တော့်ရောဂါအဟောင်း ပြန်ပေါ်လာပြီး သွေးနည်းနည်းတိုးတာပါ..."
သွေးတိုးရသည့်အကြောင်းအရင်းကို တွေးလိုက်မိသောအခါ ရှန်ဟုန်ယွမ် ဆက်မပြောနိုင်တော့ပေ၊။
ဖုန်းတစ်ဖက်မှ လူကြီးမင်းလီက စိတ်အားထက်သန်စွာ အကြံပေးလာခဲ့သည်။
"ဟုတ်တယ်ဗျာ၊ ကျွန်တော်တို့အသက်အရွယ်က မငယ်တော့ဘူးဆိုတော့ အစစအရာရာ ဂရုစိုက်ဖို့လိုလာပြီ။ အထူးသဖြင့် အစားအသောက်နဲ့ပတ်သက်ပြီး အာရုံစိုက်ရမယ်။ ကျွန်တော်တို့တွေ စားချင်ရာစားလို့မဖြစ်တော့ဘူးဗျ!"
ရှန်ဟုန်ယွမ်: "..."
***
Aurora Novel Translation Team