no

Font
Theme

အပိုင်း (၄) - နစ်နာခဲ့တဲ့ခွေးလေး

『သန်းတစ်ထောင်တည်းတင်ပါ။ အဲ့ဒါကို ကျွန်တော့်အကောင့်ထဲကိုလွှဲပေးဖို့ မမေ့နဲ့နော်...』

မဒမ်ရှန်တစ်ယောက် သူ(မ)စကားမှားသွားကြောင်း မကြာခင်မှာပင် သတိပြုမိသွားခဲ့သည်။

သူ(မ)၏စိတ်ထဲ မည်ကဲ့သို့တွေးနေပါစေ ထိုကဲ့သို့စကားမျိုးကို ထုတ်ပြောလိုက်ခြင်းက အပြင်ပန်းလှမည်မဟုတ်။

ခဏစဉ်းစားပြီးနောက် သူ(မ)က လက်ဆန့်ကာ လုရန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး အသံကို နူးညံ့ပျော့ပျောင်းစွာဖြင့် ပြောလိုက်သည်။

"ရှောင်ရန်၊ မင်းလည်း စိတ်မဆိုးပါနဲ့တော့။ မင်း အပြင်မှာ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရတာကို အမေသိပါတယ်။ မနေ့ညက မင်းရဲ့ခွေးကို အပြင်ပစ်ထုတ်လိုက်လို့ စိတ်ထိခိုက်ခဲ့ရမှာပဲ။"

လုရန်က မဒမ်ရှန်ကို မော့ကြည့်လိုက်သည်။

အတိတ်တုန်းကဆိုလျှင် လုရန် သူ(မ)၏ယခုလိုအသံမျိုးဖြင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လှည့်ဖြားခံခဲ့ရဖူးသည်။

မဒမ်ရှန်က သူ့ကိုချစ်သည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် မကြာခဏလုပ်တတ်သောကြောင့် သူ ထိုမျှသည်းခံနိုင်ခြင်းဖြစ်၏။

အကြိမ်တိုင်းဆိုသလို မဒမ်ရှန်က ယခုလိုပြောတတ်မည်။

"မင်း နှစ်ပေါင်းများစွာ အပြင်မှာ ဒုက္ခရောက်ခဲ့ရတာကို အမေသိပါတယ်။"

သူ(မ)က ယခုလိုလည်း ပြောတတ်သည်။

"မင်း စိတ်ထိခိုက်ရတယ်ဆိုတာ အမေသိပါတယ်။"

ထို့ပြင် သူ့ကို အကြိမ်ကြိမ်ကတိပေးတတ်သည်။

"စိတ်မပူပါနဲ့၊ အမေ မင်းအတွက် ပြန်ဖြည့်ဆည်းပေးပါ့မယ်။"

လုရန်၏စိတ်ခံစားချက်များကို နှစ်သိမ့်ပေးကာ မိခင်မေတ္တာတောင့်တနေသည့်အတွက် အရာအားလုံးကို သည်းခံတတ်သည့် ခွေးကလေးတစ်ကောင်အဖြစ် လုရန်ကို ပြောင်းလဲပေးပြီးနောက်မှာတော့ မဒမ်ရှန်က လေသံကို ချက်ချင်းပြောင်းလိုက်တော့သည်။

"မင်းရောက်လာတာကြောင့် ရန်ရန်က အရမ်းထိတ်လန့်သွားရှာတာ။ သူ့ကို စိတ်အေးသွားအောင် လုပ်ပေးဖို့လိုတယ်။ မဟုတ်ရင် ရန်ရန် ဝမ်းနည်းနေတဲ့ပုံစံကို မြင်ရတိုင်း အမေ့ရင်ထဲနာကျင်ရတယ်။"

မဒမ်ရှန်က လုရန်၏လက်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး လုရန်အရင်းနှီးဆုံးဖြစ်သည့်အသံဖြင့် ပြောလာခဲ့သည်။

"ရှောင်ရန်၊ မင်း အမေ့ကို နားလည်နိုင်တယ်မလား။ အမေ့ကို ဒုက္ခမပေးပါနဲ့တော့။ မင်းရဲ့ညီလေး မနေ့က မင်းကြောင့် စိတ်ထိခိုက်ခဲ့ရတယ်။ သူ့ကို လက်ဆောင်တစ်ခုရွေးပေးပြီး လျော်ပေးလိုက်ရအောင်လေ။"

ဝါကျတိုင်းမှာ 'မင်းကြောင့်' ဆိုသည့်စကားလုံးက အမြဲပါဝင်နေခဲ့သည်။

ယင်းမှာ လုရန်အား သူက သူများမိသားစုကို အနှောင့်အယှက်ပေးနေသည့် အပြစ်သားတစ်ယောက်ကဲ့သို့ ခံစားရစေခဲ့၏။

အရင်ဘဝတုန်းက မဒမ်ရှန် ထိုသို့ပြောလိုက်သည်နှင့် လုရန်၏ဒေါသများအားလုံး ချက်ချင်းပျောက်သွားတတ်စမြဲပင်။

သူ မကျေနပ်မှုကို အနည်းငယ်ပြသမိလျှင်တောင် မဒမ်ရှန်က 'မင်းက ဘာလို့ ဒီလောက်တောင်မလိမ္မာရတာလဲ၊ အမေ့ကို မစာနာဘူးလား' ဆိုသည့် အကြည့်မျိုးဖြင့် လုရန်ကို ကြည့်တတ်ပေ၏။

သူ(မ)၏ထိုကဲ့သို့အကြည့်မျိုးကို မြင်လိုက်ရသည်နှင့် လုရန်တစ်ယောက် အလိုလို ထိတ်လန့်သွားတတ်သည်။

သို့သော် သူ(မ)က သူ့ကို အကြိမ်ကြိမ်ကတိပေးခဲ့သော်လည်း တစ်ခါမှ အကောင်အထည်မဖော်ခဲ့ဖူးချေ။

သူ(မ)က သူ့အရှေ့မှာ သူ(မ)ကိုယ်သူ(မ) 'အမေ' ဟုပြောနေသော်လည်း အခြားသူများနှင့် ရှန်ရှင်းရန်တို့ရှေ့မှာ 'အမေ' ဟု ခေါ်ခွင့်မပေးခဲ့ပေ။

သူနှင့် ရှန်ရှင်းရန်ကြား ပဋိပက္ခဖြစ်လာလျှင် သူ(မ)က ရှန်ရှင်းရန်ဘက်ကနေ အခိုင်အမာရပ်တည်ပေးတတ်၏။

ယခုတစ်ခေါက်မှာတော့ လုရန် မဒမ်ရှန်ကိုင်ထားသောလက်ကို ငုံ့ကြည့်လိုက်သည်။

သူက အေးစက်စွာပြောလိုက်၏။

"မဒမ်၊ ခင်ဗျားလက်ကိုင်ထားတာက ကျွန်တော်စားနေတာကို အနှောင့်အယှက်ဖြစ်စေတယ်။"

မဒမ်ရှန်မှာ အေးခဲသွားပြီး သူ(မ)၏လက်ကို ကိုးရိုးကားရား ပြန်ရုပ်လိုက်ရသည်။

လုရန်က တည်ငြိမ်စွာဖြင့် ဂဏန်းသားပေါက်စီကို သူ့ပါးစပ်ထဲ ထည့်လိုက်လေသည်။

စားသောက်ပြီးနောက် သူက မဒမ်ရှန်၏ဖုန်းကို တစ်ချက်ကြည့်လိုက်၏။

သူ(မ)က နာရီတစ်လုံးကို မှာယူထားတာဖြစ်ပြီး သိသိသာသာဆိုသလို ရှန်ရှင်းရန်အတွက် လျော်ကြေးအနေနှင့် ဝယ်ပေးခြင်းဖြစ်ကာ စျေးနှုန်းမှာ ယွမ်နှစ်သိန်းကျော်ပေသည်။

"လျော်ကြေးပေးသင့်ပါတယ်။" လုရန်က ပြောလိုက်သည်။

မဒမ်ရှန်လည်း နောက်ဆုံးမှာတော့ ဝမ်းမြောက်ဝမ်းသာအမူအရာကို ပြသနိုင်ခဲ့သည်။

သို့သော် လုရန်က သူ့ဖုန်းကိုထုတ်လိုက်ပြီး ဂဏန်းပေါင်းစက်ကို ဖွင့်လိုက်သည်အား မြင်လိုက်ရလေ၏။

လုရန်က သူ့ဘာသာသူ ရေရွတ်နေခဲ့သည်။

"ရှန်ရှင်းရန် တစ်ရက် စိတ်ထိခိုက်တာကို ယွမ်နှစ်သိန်း လျော်ကြေးပေးတယ်။ ငါက လေးနှစ်သားကတည်းက စိတ်ထိခိုက်ခဲ့ရတာ၊ အခု ၁၉ နှစ်အထိဆိုရင် စုစုပေါင်း ၁၅ နှစ်။ တစ်နှစ်ကို ၃၆၅ ရက်ဆိုတော့ စုစုပေါင်း စိတ်ထိခိုက်ခဲ့ရတဲ့ရက်ပေါင်းက ၅၄၇၅ ရက်။"

"တစ်ရက်ကို ယွမ်နှစ်သိန်း လျော်ကြေးရတယ်ဆိုရင်..."

ခဏအကြာမှာ လုရန်က သူ့ဖုန်းကို မဒမ်ရှန်ရှေ့သို့ တွန်းပို့လိုက်၏။

"စုစုပေါင်း ယွမ်သန်းပေါင်း တစ်ထောင့်ကိုးဆယ့်ငါးသန်းကျတယ်။ အစွန်းအထွက်တွေကို ကျွန်တော် လျှော့ပေးလိုက်မယ်—သန်းတစ်ထောင်ပဲ ထားလိုက်၊ ကျွန်တော့်အကောင့်ထဲ လွှဲပေးဖို့မမေ့နဲ့နော်။"

အရင်တုန်းကဆို လုရန်တစ်ယောက် ရှန်မိသားစုဝင်များရှေ့မှာ ပိုက်ဆံအကြောင်း လုံးဝမပြောရဲခဲ့ပေ။

ပြောလိုက်သည်နှင့် ဆယ်စုနှစ်တစ်ခုကျော် သူ့ဘဝ၏ချို့တဲ့မှုများအား ဖုံးကွယ်လို့မရတော့ဘဲ ဤချမ်းသာကြွယ်ဝသောမိသားစုနှင့် သူက မည်မျှမလိုက်ဖက်ကြောင်း ပေါ်လွင်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

ပိုက်ဆံအကြောင်းပြောလိုက်သည်နှင့် ဤမိသားစုဆီ ပြန်ရောက်လာသည့် သူ၏ရည်ရွယ်ချက်က မရိုးသားသလို၊ ရှန်မိသားစု၏ပိုင်ဆိုင်မှုများကို သူက လောဘတကြီးလိုချင်နေသလိုမျိုး ဖြစ်သွားမည်ကိုလည်း ကြောက်ရွံ့ခဲ့သည်။

နောက်ပိုင်းတွင် သူ ဆေးရုံခုတင်ပေါ် အကြာကြီး လဲလျောင်းနေပြီးမှ သူ အဘယ့်ကြောင့် ထိုကဲ့သို့တွေးမိခဲ့ကြောင်း သတိပြုမိသွားခဲ့သည်။

ရှန်မိသားစုဝင်များက သူ့ကို ထိုကဲ့သို့မြင်နေကြသည်ကိုး!

လူတိုင်း သူ့ကိုကြည့်သည့်အကြည့်များမှာ သူက စိတ်မချရသည့် တခြားရည်ရွယ်ချက်ရှိသူတစ်ယောက်ဖြစ်သည်ဟု ဖော်ပြနေခဲ့သည်။

ထိုအချက်ကို နားလည်သွားသည့်အခါ လုရန်က ဟန်ဆောင်ခြင်းကို လက်လျှော့လိုက်တော့သည်။

မိသားစုမေတ္တာကို ဘာလို့လိုချင်နေရမှာလဲ၊ ပိုက်ဆံက အများကြီးပိုကောင်းတယ်။

မိသားစုမေတ္တာမရှိရင်လည်း မရှိနဲ့ပေါ့၊ ဒါပေမဲ့ ပိုက်ဆံဆိုတာ အမြဲတမ်း ညှစ်ထုတ်ယူလို့ရနိုင်တယ်။

လုရန်တစ်ယောက် သူ့အရှေ့မှ မျက်နှာကြီးစိမ်းဖန့်နေသည့် မဒမ်ရှန်ကိုကြည့်လိုက်ပြီး စိတ်ထဲမှာ အလွန်ပျော်ရွှင်စွာဖြင့် ထရပ်ကာ လက်ပြနှုတ်ဆက်လိုက်သည်။

"ကျွန်တော့်ကို လွှဲပေးဖို့ မမေ့နဲ့နော်။ Alipay ဖြစ်ဖြစ် WeChat ဖြစ်ဖြစ် ဘယ်ဟာနဲ့လွှဲလွှဲရတယ်။"

ထိုသို့ပြောပြီးသည်နှင့် သူက ကျောပိုးအိတ်လွယ်ကာ သီချင်းလေးညည်းရင်း ထွက်သွားတော့သည်။

ယနေ့မနက်ပိုင်းမှာ စာသင်ချိန်များပေ၏။ လုရန် ဓါတ်ခွဲခန်းကနေထွက်လာပြီး ကျောင်းကွန်ပျူတာအခန်းကို သွားလိုက်သည်။

သူက ယခု တက္ကသိုလ်၏ ဒုတိယနှစ်ဝက်ကို ရောက်နေပြီဖြစ်သော်လည်း ကိုယ်ပိုင်ကွန်ပျူတာမရှိသေးပေ။ ရှုပ်ထွေးသော assignments များကို ကွန်ပျူတာအခန်းမှာသာ လုပ်ရပြီး ကျောင်း၏အရင်းအမြစ်များကို အသုံးပြုရသည်။

လုရန် သူ၏ကျောင်းစရိတ်အခြေအနေကိုလည်း စစ်ဆေးလိုက်သည်။

ကျောင်းသားချေးငွေ ရောက်ရှိလာပြီဖြစ်ပြီး ယခုပညာသင်နှစ်၏ကျောင်းစရိတ်ကို နောက်ဆုံးမှာ ပေးချေနိုင်ခဲ့ပြီဖြစ်သည်။

သူက ပထမနှစ်ကို 'အထူးလမ်းကြောင်း' ကနေ ဝင်ရောက်ခဲ့သည်ဖြစ်ရာ ကျောင်းစရိတ်ရောက်ရှိလာချိန်က သာမန်ကျောင်းသားများထက် အများကြီး နောက်ကျနေခဲ့သည်။

ထိုအရာများကိုကြည့်ပြီးနောက် လုရန်က အင်တာနက်ပေါ်မှာ 'ဟွမ်မောက်' နှင့်ပတ်သက်သည့် သတင်းများကို ထပ်ရှာကြည့်လိုက်သည်။

ပါဝင်ပတ်သက်နေသော အာဏာရှိသည့်မိသားစုအချို့ပူးပေါင်းလိုက်လျှင် ထိုဗီဒီယိုများက ဖိနှိပ်ခံရပြီး သတင်းအချက်အလက်ရေစီးကြောင်းထဲကနေ မြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားလိမ့်မည်ဟု သူတွေးခဲ့လေ၏။

သို့သော် မထင်မှတ်ဘဲ 'ဒုတိယမျိုးဆက်သူဌေးသားက လူတစ်ယောက်နဲ့ ခွေးတစ်ကောင်ကို ဝင်တိုက်' ဆိုသည့် စကားလုံးက အဆင့်ကျမသွားသည့်အပြင် နံပါတ်တစ် hot search နေရာကိုတောင် တက်သွားလေ၏။ ယင်းက ထိုနေရာမှာ တည်ငြိမ်စွာ ရှိနေခဲ့ပြီး ဖိနှိပ်ခံရမည့်လက္ခဏာမျိုး လုံးဝမပြသခဲ့ပေ။

ထိုရေပန်းစားနေသည့်အကြောင်းအရာအောက်မှာ ဖျော်ဖြေရေးလောကနှင့်ပတ်သက်သည့် အတင်းအဖျင်းများရှိနေခဲ့သည်။

လူတချို့က လူထု၏အာရုံကို လမ်းကြောင်းပြောင်းရန် အနုပညာရှင်များ၏ အတင်းအဖျင်းသတင်းများကို ဖော်ထုတ်ချင်နေပုံရသော်လည်း အရာမထင်ခဲ့ချေ။

လုရန်တစ်ယောက် နံပါတ်တစ် hot search နေရာကို ခဏစိုက်ကြည့်နေရင်း ငွေနံ့တချို့ ရလိုက်သည်။

မည်သည့်ကြိုးက သူ့ကိုကူညီပေးနေမှန်း သူ မသိပေ။

လုရန်၏စိတ်ထဲ စီးပွားရေးသုံး အနက်ရောင်ဇိမ်ခံကားကြီး ဖြတ်ပြေးသွားခဲ့သည်။

သို့သော် မကြာခင်မှာပင် သူ ထိုအတွေးများကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်၏။

နတ်ဘုရားတွေ တိုက်ခိုက်ကြတာက သူနဲ့ ဘာဆိုင်လို့လဲ။

ကွန်ပျူတာခန်းကနေ ထွက်လာပြီးနောက် အတန်းခေါင်းဆောင်က စာရွက်စာတမ်းတစ်ခုလာယူဖို့ သူ့ကို မက်ဆေ့ခ်ျပို့လာ၏။

လုရန် ရောက်သွားချိန်၌ ယင်းက ကျောင်းသားထောက်ပံ့ကြေးလျှောက်လွှာဖြစ်ကြောင်း သိလိုက်ရသည်။

ထိုအရာက ဒေသတွင်းစီးပွားရေးလုပ်ငန်းတစ်ခုနှင့် ကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အင်တာဗျူးဖြေဆိုဖို့လိုအပ်သည်။ အင်တာဗျူးအောင်ကာ ထောက်ပံ့ကြေးရရှိပြီးနောက် ဘွဲ့ရပြီးအလုပ်ဝင်ရောက်ရမည့်နေရာကို ထောက်ပံ့ပေးသည့်ကုမ္ပဏီ၏ဆန္ဒအရ ဆုံးဖြတ်ရမည်ပင်။

အရင်ဘဝတုန်းကလည်း လုရန် ဤလျှောက်လွှာကို ရရှိခဲ့သည်။

သို့သော် သူက ထိုအရာကိုမလိုအပ်တော့ဘူးဟုတွေးကာ ငြင်းပယ်ခဲ့မိ၏။

ရလဒ်အနေနှင့် ရှန်မိသားစု၏ဖိအားများကြောင့် တက္ကသိုလ်ကို အဆုံးထိမတတ်နိုင်ခဲ့ပေ။

ယခုတစ်ခေါက် လုရန်က မတိုင်းမတွဘဲ လျှောက်လွှာပုံစံဖြည့်ကာ အကြံပေးဆရာ၏ရုံးခန်းဆီသို့ သွားတင်လိုက်သည်။

နေ့လယ်စာစားချိန်၌ သူက တိရစ္ဆာန်ဆေးရုံသို့သွားကာ သာ့ဟွမ်ကိုကြည့်ပြီးနောက် အလုပ်သွားရန် အလျင်အမြန် ထွက်ခွာလာခဲ့သည်။

အလုပ်လုပ်သည့်နေရာကို ရောက်တော့မှ သူက 'နာခံမှုရှိစွာ' ဖြင့် ဤအလုပ်ကနေ နုတ်ထွက်ထားပြီးသားဖြစ်ကြောင်း သတိရလိုက်သည်။

ကံကောင်းစွာဖြင့် သူဌေးက နားလည်မှုရှိသောကြောင့် လုရန်တစ်ယောက် အချိန်ပိုင်းအလုပ်ကို ပြန်ရခဲ့သည်။

တစ်ချိန်က နေ့တိုင်း အလုပ်ကြမ်းများလုပ်နေခဲ့ရသည့် လုရန်တစ်ယောက် ယခုလောက် မရုန်းကန်ရတော့မည့်အချိန်ကို အိပ်မက်မက်ခဲ့သည်။

သို့သော် ဆယ်နှစ်ကြာလဲလျောင်းခဲ့ရသည့် လုရန်အတွက်တော့ ယခုလို အလုပ်လုပ်နေရသည်က ပျော်ရွှင်မှုတစ်မျိုး ဖြစ်နေခဲ့သည်။

မည်သို့ပင်ဆိုစေ သာ့ဟွမ်၏ဆေးဖိုးက ပေါ့သေးသေးမဟုတ်ရာ လတ်တလောမှာ သူ ငွေကြေးအခက်အခဲရှိနေခဲ့၏။

ထိုအကြောင်းကို စဉ်းစားမိလိုက်ချိန်မှာ လုရန်တစ်ယောက် အားလပ်ချိန်၌ မဒမ်ရှန်ဆီကို မက်ဆေ့ချ်တစ်စောင်ထပ်ပို့လိုက်သည်။

"သန်းတစ်ထောင်လွှဲပေးဖို့ မမေ့နဲ့နော်~"

အခြားတစ်ဖက်မှ မဒမ်ရှန်ကတော့ သေချာပေါက် မသိချင်ယောင်ဆောင်နေလောက်မည်။

သို့မဟုတ် သူ့ကြောင့် ဒေါသထွက်ပြီး သွေးအန်နေနိုင်သည်။

နောက်တစ်ရက်မှာတော့ လုရန် သာ့ဟွမ်ကို တိရစ္ဆာန်ဆေးရုံကနေ ပြန်ခေါ်လာခဲ့၏။

သူအချိန်ပိုင်းအလုပ်လုပ်သည့် အိမ်မွေးတိရစ္ဆာန်ဆိုင်နှင့်ညှိနှိုင်း၍ နေ့ခင်းဘက်ကျောင်းသွားသည့်အချိန်ဆို သာ့ဟွမ်ကို ဆိုင်မှာအပ်ထားခဲ့ပြီး ညဘက်ကျမှ သာ့ဟွမ်နှင့်အတူ အိမ်ပြန်ခဲ့သည်။

လုရန်မှာ အပြင်၌အိမ်ငှားဖို့ အစီအစဉ်မရှိပေ။

အရင်ဘဝအတွေ့အကြုံများကနေ သူအိမ်ငှားနေလျှင်တောင် ရှန်မိသားစုဝင်များဘက်က သူ့ကိုရှာချင်လျှင် အလွယ်တကူရှာတွေ့နိုင်ကြောင်း သူ ရှင်းရှင်းလင်းလင်းသိထားသည်။

တစ်နေကုန်အလုပ်ရှုပ်နေခဲ့ပြီးနောက် လုရန်တစ်ယောက် သာ့ဟွမ်ကိုခေါ်၍ ရှန်မိသားစု၏ဗီလာထဲ ဝင်လိုက်ချိန်မှာ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။

ခြံထဲမှာ ကားနှစ်စီးရပ်ထား၏။

တစ်စီးက စီးပွားရေးသုံးကားဖြစ်ပြီး နောက်တစ်စီးက ပြိုင်ကားဖြစ်သည်။

သာ့ဟွမ်က ကားတိုက်ခံရသည့် နောက်ဆက်တွဲဝေဒနာအဖြစ် ပြိုင်ကားကိုမြင်လိုက်သည်နှင့် ကြောက်ရွံ့သွားပြီး အနောက်ဆုတ်သွားခဲ့သည်။

လုရန်က ငုတ်တုတ်ထိုင်ချလိုက်ပြီး သာ့ဟွမ်၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်၏။

"ခွေးရူးလေး၊ မင်းက ကားမတော်တဆကိုတောင် ကျော်ဖြတ်လာနိုင်တာ၊ ဒီဟာကို ဘာလို့ကြောက်နေရတာလဲ။"

သူက သာ့ဟွမ်ကိုခေါ်ပြီး ဧည့်ခန်းထဲဝင်လာခဲ့လိုက်သည်။

ထမင်းစားခန်းထဲမှာ ညစာအတွက် အသင့်ပြင်ထား၏။

အလုပ်ရှုပ်နေသည့်အဒေါ်ကြီးက လုရန်ကိုကြည့်လိုက်ပြီးနောက် အလိုလို အပေါ်ထပ်ကို လှမ်းကြည့်လိုက်သည်။

တတိယထပ်ရှိလှေကားကနေ ခြေသံတချို့ ထွက်ပေါ်လာခဲ့သည်။ လုရန်က ၎င်းတို့ကို ဂရုစိုက်မနေဘဲ သာ့ဟွမ်ကို ခေါ်ကာ ရေချိုးခန်းထဲဝင်သွားခဲ့သည်။ သူကိုယ်တိုင် သန့်ရှင်းရေးလုပ်ပေးပြီးနောက် သာ့ဟွမ်၏ ခြေထောက်များကို သုတ်ပေးလိုက်၏။

ပုံမှန်အားဖြင့် သာ့ဟွမ်က ခြေထောက်သုတ်ပေးချိန်ဆို အလွန်လိမ္မာသော်လည်း ယခုတစ်ခေါက်မှာတော့ ထိုနေရာမှာတင် ပတ်ချာလည်လမ်းလျှောက်နေခဲ့သည်။

"အာဝူး~"

"လျှောက်မပြေးနဲ့လေ၊ ခဏလေးတော့ သည်းခံလိုက်ဦး။"

လုရန်က မျက်နှာသုတ်ပဝါကို တန်းပေါ် ချိတ်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သာ့ဟွမ်၏ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

သာ့ဟွမ်က နောက်ထပ်နှစ်ကြိမ်လောက် ညည်းတွားပြီး မည်းနက်တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် လုရန်ကို မော့ကြည့်လာ၏။

လုရန်တစ်ယောက် သာ့ဟွမ်ကိုခေါ်ပြီး အပြင်ထွက်လာသောအခါ ရှန်မိသားစုဝင်များက ထမင်းစားခန်းထဲ နေရာယူပြီးသားဖြစ်နေလေပြီ။

ယခုတစ်ခေါက် လူစုံတက်စုံရောက်နေကြ၏။

ခရီးထွက်နေသော ရှန်ဟုန်ဟွမ်က ပြန်ရောက်လာခဲ့သည်။ လက်ရှိရှန်မိသားစု၏အကြီးအကဲက အနည်းငယ်ပင်ပန်းနေပုံရသော်လည်း ခေါင်းဆောင်နေရာမှာရှိသည့် ဂုဏ်သိက္ခာကိုတော့ ဆက်လက်ထိန်းထားဆဲပင်။

ရှန်ဟုန်ယွမ်၏ဘေးမှာ မဒမ်ရှန်ထိုင်နေပြီး သူ(မ)ဘေးမှာ ခေါင်းငုံ့ထားသောကြောင့် မျက်နှာအမူအရာကို ကောင်းကောင်းမမြင်ရသည့် ရှန်ရှင်းရန်ပင်။

နောက်ဆုံးတစ်ယောက်ကတော့ ထိုင်ခုံပေါ်မှာ ခြေထောက်ချိတ်ထိုင်နေသည့် ရှန်ရှင်းကျိုးဖြစ်သည်။

အသံကြားလိုက်ရသောအခါ ရှန်ရှင်းကျိုးက လှည့်ကြည့်လာခဲ့သည်။

လုရန်အနောက်ကလိုက်လာသည့် သာ့ဟွမ်ကို မြင်လိုက်ရသောအခါ သူက မျက်ခုံးပင့်၍ပြုံးလိုက်လေ၏။

ရှန်ဟုန်ယွမ်က ရှန်ရှင်းကျိုးကို ဆူပူလိုက်သည်။

"ဘယ်လိုထိုင်နေတာလဲ? ယဉ်ကျေးမှုကိုမရှိဘူး!

ရှန်ရှင်းကျိုးက မကျေမနပ်ဖြစ်သွားသော်လည်း နာခံမှုရှိစွာဖြင့် ခြေထောက်ချလိုက်သည်။

"ကျွန်တော် ဒီနေ့ ရန်ရန်ကိုလာကြည့်တာ၊ အဖေဆူတာကို လာနားထောင်တာမဟုတ်ဘူး။"

ရှန်ဟုန်ယွမ်တစ်ယောက် မျက်နှာမည်းမှောင်သွားလေ၏။

"မင်းက ပြန်လာရဲသေးတာလား! မင်းထူထောင်ထားတဲ့ စတူဒီယိုမှာ ဘယ်လိုလူတွေကို အလုပ်ခန့်ထားတာလဲ။ ဒီတစ်ခေါက်ကိစ္စမှာ အတိုင်ကြားခံရတဲ့လူငါးယောက်ထဲက သုံးယောက်က မင်းကုမ္ပဏီကပဲ။"

ထိုအကြောင်းကို ပြောလာသောအခါ ရှန်ရှင်းကျိုး၏ မျက်နှာကလည်း ရှုံ့မဲ့သွားလေ၏။

ရှန်ဟုန်ယွမ်က ဆူလိုက်သည်။

"မင်း အပြင်မှာ ငွေတွေဘယ်လိုသုံးနေလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းလူတွေကို ထိန်းချုပ်ထား၊ ငါတို့ရှန်မိသားစုရဲ့ ဂုဏ်သတင်းကို မပျက်စီးစေနဲ့။"

"ဂုဏ်သတင်း၊ ဂုဏ်သတင်း—အဖေ အဲ့ဒီဂုဏ်သတင်းကို ထမင်းလုပ်စားနေတာလား။"

ရှန်ရှင်းကျိုးက ပြန်ခံပြောလိုက်၏။

"မင်း!"

ရှန်ဟုန်ယွမ်မှာ ဒေါသထွက်လာပြီး စားပွဲကိုရိုက်ချလိုက်သည်။

ထိုအချိန်မှာ ခေါင်းငုံ့ထားသည့်ရှန်ရှင်းရန်က ခေါင်းမော့လိုက်ပြီး ပြန်လည်ကောင်းမွန်နေပြီဖြစ်သည့် ဖြူဖွေးသောပါးပြင်များကို ပြသလိုက်သည်။

သူက ပန်းကန်လုံးတစ်လုံးကို ကောက်ယူလိုက်ပြီး ရှန်ဟုန်ယွမ်အတွက် ဟင်းရည်ခပ်ပေးလိုက်၏။

"ဖေဖေ၊ စိတ်မဆိုးပါနဲ့တော့။ မိသားစုတစ်စုလုံး အခုလို အတူတူညစာစားရတာ ရှားရှားပါးပါးပဲလေ။"

ရှန်ဟုန်ယွမ်က သူ့ကို ပြုံးပြလိုက်ပြီး ဒေါသကို အနည်းငယ်လျှော့ချလိုက်သည်။

ပြန်ခံပြောနေသည့် ရှန်ရှင်းကျိုးအတွက်ကမူ ပိုပြီး လွယ်ကူပေ၏။

ရှန်ရှင်းရန်က ချက်ချင်းဆိုသလို တစ်ဖက်လှည့်ကာ ရှန်ရှင်းကျိုးကိုကြည့်၍ ခေါ်လိုက်သည်။

"အစ်ကိုလတ်!"

ရှန်ရှင်းကျိုးမှာ ချက်ချင်းတိတ်ဆိတ်သွားတော့သည်။

ဤသို့ဖြင့် အလားအလာရှိသည့်မုန်တိုင်းက ရှန်ရှင်းရန်၏စကားလုံးအနည်းငယ်ဖြင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့လေသည်။

မဒမ်ရှန်ကလည်း ပြုံးလိုက်ပြီး ကျေနပ်ပီတိဖြစ်နေတော့သည်။

ယခု မိသားစုဝင်များက သဟဇာတဖြစ်ကာ စည်းလုံးနေကြသည်။

သို့သော် ၎င်းတို့အားလုံးက ဘေးနားကလုရန်ကို တညီတညွတ်တည်း လေဟာနယ်လိုသဘောထားခဲ့ကြ၏။

ဆူပူကြိမ်းမောင်းခြင်းဖြစ်ဖြစ်၊ နွေးထွေးမှုပဲဖြစ်ဖြစ် သူနှင့် လုံးဝမဆိုင်ပေ။

လုရန်လည်း ထိုကဲ့သို့လျစ်လျူရှုခံရသည်ကို ကျင့်သားရနေလေပြီ။

ဤပုံပြင်ထဲမှာ ရှန်ဟုန်ယွမ်က သူ၏သားများကို အလွန်အမင်းချစ်သည့်စရိုက်ရှိပြီး ရှန်ရှင်းကျိုးကလည်း ညီကိုအလွန်ချစ်သူဖြစ်ကြောင်း ငြင်းလို့မရပေ။

သို့သော် ထိုချစ်ခြင်းမေတ္တာများက ရှန်ရှင်းရန်အတွက်သာဖြစ်ပြီး သားအရင်း၊ ညီအရင်းဖြစ်သည့် လုရန်နှင့် လုံးဝမသက်ဆိုင်ပေ။

လုရန်က သာ့ဟွမ်ကိုခေါ်ပြီး စားပွဲမှနေရာလွတ်၌ ကိုယ့်ဘာသာကိုယ် သွားထိုင်လိုက်သည်။

သူ ထိုင်ခုံကို မထိရသေးခင်မှာပင် ရှန်ဟုန်ယွမ်က အသံမာမာနှင့် ပြောလိုက်လေ၏။

"အဲ့မှာရပ်လိုက်စမ်း။"

ရှန်ရှင်းကျိုးကလည်း ကြည့်လာပြီး ပစ်မှတ်ကို ပြောင်းလိုက်သည်။

"ဟုတ်တယ်၊ ဆူသင့်တဲ့သူကို ဆူ။ ဒီတစ်ယောက်က အဖေ့သားကို ရိုက်ရုံတင်မကဘူး ပါးစပ်တစ်ပေါက်ရှိရုံနဲ့ ယွမ်သန်းတစ်ထောင်ကိုတောင် တောင်းနေသေးတယ်။"

စားပွဲမှလူအားလုံး လုရန်ကို ကြည့်လာကြသည်။

လုရန်က ရှန်ရှင်းကျိုးကို တစ်ချက်ကြည့်လိုက်ပြီး အရှက်မဲ့စွာ ပြောလိုက်လေ၏။

"ခင်ဗျား စိုက်ထည့်ပေးချင်ရင်လည်း ကျွန်တော် ကန့်ကွက်မှာမဟုတ်ဘူး။"

ရှန်ရှင်းကျိုးမှာ ဆွံ့အသွားခဲ့လေသည်။

သူက မျက်လွှာပင့်ကာ လုရန်ကို အခိုက်အတန့်တစ်ခုလောက် သေချာစိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း ရှန်ဟုန်ယွမ်က ထိုယွမ်သန်းတစ်ထောင်ကိစ္စအား အလေးအနက်မထားခဲ့ပေ။ သူက သူ့ဘေးနားမှ ရှန်ရှင်းရန်ကိုကြည့်လိုက်ပြီးနောက် မျက်လွှာပင့်၍ လုရန်ကိုကြည့်ကာ အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။

"မင်းရဲ့ညီလေးက အဲ့ဒီမှာထိုင်နေတယ်။ မင်းက ဒီတိုင်းထိုင်တော့မလို့လား။"

"ဪ၊ ဟုတ်သားပဲ"

လုရန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ပြောလိုက်၏။

သူက ငုံ့ကိုင်းကာ သာ့ဟွမ်ကိုပွေ့ချီလိုက်ပြီး သူ့ဘေးနားမှ နေရာလွတ်ဖြစ်သည့် ရှန်မိသားစု၏အမွေဆက်ခံသူ ရှန်ရှင်းယွီ၏နေရာ၌ တင်ပေးလိုက်လေသည်။

ထို့နောက် ပန်းကန်ပြားတစ်ချပ်ယူပြီး ကြက်ပေါင်တစ်ချောင်းထည့်၍ သာ့ဟွမ်၏အရှေ့မှာ ချပေးလိုက်၏။

ပါးစပ်ကနေလည်း ဖြောင့်မတ်သည့်လေသံဖြင့် ရေရွတ်နေခဲ့သည်။

"နစ်နာခဲ့တဲ့ခွေးလေးကို ကောင်းကောင်းနှစ်သိမ့်ပေးရမှာပေါ့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment