အပိုင်း (၁၅) - စက္ကူဘူးလေးများ
『ဟိုကျောင်းသားလေး လန့်မသွားရင်ကောင်းမှာပဲ』
ဤနေရာမှာ လူရှိနေမည်ဟု ထင်မထားခဲ့မိသော လုရန်တစ်ယောက် မှင်တက်သွား၏။
သူက သူ၏ရှပ်အင်္ကျီအနားကို လက်တစ်ဖက်ဖြင့်လှန်ထားပြီး အခြားလက်တစ်ဖက်က ဖြုတ်လက်စဘောင်းဘီခါးပတ်ပေါ်၌ ရှိနေ၏။
သူ၏ချက်ကလေးတောင် ပေါ်နေလေပြီ။
မည်သို့ပင်ကြည့်လိုက်ပါစေ ၎င်းက ထူးဆန်းနေသည်ဟု လုရန် ခံစားမိလိုက်သည်။
သူက ရှပ်အင်္ကျီကို ပြန်ချလိုက်ပြီး ခေါင်းမော့ကာ လှမ်းကြည့်လိုက်သည်။
ဝှီးချဲပေါ်မှပုဂ္ဂိုလ်က သူ ပြင်သစ်စတိုင်ပြတင်းပေါက်ရှေ့မှာ မြင်ခဲ့ရသည့်တစ်ယောက်နှင့် အတူတူပင်ဖြစ်၏။
ယခု ထိုပုဂ္ဂိုလ်က သူ၏ကုတ်အင်္ကျီကိုချွတ်ထားပြီး အထဲမှာ မီးခိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ပြတင်းပေါက်မှတစ်ဆင့် မြင်ခဲ့ရသည်နှင့်မတူဘဲ ယခု အနီးကပ်တွေ့လိုက်ရသောအခါမှ ထိုအမျိုးသားက လက်အိတ်တောင်စွပ်ထားကြောင်း လုရန် သတိပြုမိလိုက်သည်။
သူက လက်အိတ်တစ်ဖက်ကိုချွတ်ထားပြီး ဖြူဖျော့သွယ်လျနေသည့် လက်ချောင်းလေးများက အနက်ရောင် စောင်ပါးလေးပေါ်မှာ အသာအယာရှိနေ၏။
သူ၏လက်ဆစ်များက ထင်းနေပြီး အသားအရေက ဖြူဖျော့နေသော်လည်း အားနည်းသည့်ပုံ လုံးဝမပေါက်ပေ။
ဤအမျိုးသားဆီမှရသော အရှိန်အဝါက လုရန်အတွက် စိမ်းသက်နေသလို၊ ရင်းနှီးသလိုလည်း ခံစားနေရသည်။
စိမ်းသက်ရခြင်းမှာ ဤလူချမ်းသာအမျိုးသားက ရှန်မိသားစုဝင်များနှင့် ပုံစံချင်း လုံးဝမတူညီသောကြောင့်ပင်။
သူက အလွန်တည်ငြိမ်၏။
ထိုတည်ငြိမ်မှုကပဲ လုရန်ကို ရင်းနှီးသလို ခံစားရစေခဲ့သည်။
ယင်းက အတိတ်ဘဝမှာ ဆေးရုံခုတင်ထက်လဲလျောင်းနေခဲ့ရသော သူ့ကိုယ်သူကို ပြန်မြင်နေရသလိုပင်။
လုရန် အင်္ကျီအောက်ဖျားမှရေများကို ညှစ်လိုက်သည်။
ဝှီးချဲပေါ်မှအမျိုးသားက ဘာမှမပြောဘဲ အေးစက်ပြီး အလင်းရောင်ကင်းမဲ့နေဟန်ပေါ်သော မျက်ဝန်းတစ်စုံနှင့် သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။
"လူကြီးမင်းကျိ... ဟုတ်တယ်မလား။"
လုရန် အခိုက်အတန့်တစ်ခုလောက် စဉ်းစားပြီး အရင်စကားစလိုက်၏။
"ဟိုတစ်ခေါက် ကားကြုံခေါ်တင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်။"
"အင်း..."
ထို့နောက် သူက သူ့ဘေးမှ ဆီးသွားသည့်နေရာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
'မသန်စွမ်းသူ' များအကြောင်း သိထားသည့်ဗဟုသုတများနှင့် အတိတ်ဘဝအတွေ့အကြုံများကြောင့် ဂရုဏာစိတ်ဖြင့် လုရန်က တီးခေါက်ကာ မေးကြည့်လိုက်သည်။
"ကျွန်တော် ကူညီပေးဖို့လိုသေးလား။"
လုရန် မေးပြီးသည်နှင့် ထိုအမျိုးသားက သူ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
ထို့နောက် နူးညံ့စွာဖြင့် တစ်ခွန်းတည်းသာပြောခဲ့သည်။
"ထွက်သွားတော့။"
လုရန်၏လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့၏။
အပြင်ပန်းအရ ထိုစကားက ယဥ်ကျေးမှုမရှိသလို သူ့ကို နှင်ထုတ်နေသည်ဟုထင်ရသည်။
သို့သော် ပြောသည့်လေသံအရ မည်သည့်စိတ်ခံစားချက်မှမပါသည့် ဖော်ပြချက်မျှသာဖြစ်၏။
လုရန်က သူ၏ပေကျံနေသောအင်္ကျီနှင့် ဘောင်းဘီတို့ကို ငုံ့ကြည့်လိုက်ပြီး ခိုင်ခိုင်မာမာပင် ခေါင်းယမ်းပြလိုက်လေသည်။
"ဟင့်အင်း။"
ကျိမင်က သူ့ကို ပြန်လှည့်ကြည့်လာခဲ့၏။
လုရန်က အိမ်သာအခန်းလေးများကို ညွှန်ပြရင်း ပြန်ပြောလိုက်သည်။
"ဒါက အများသုံးသန့်စင်ခန်းမဟုတ်ဘူးလား။ ခင်ဗျား အိမ်သာတက်ချင်တက်၊ လက်ဆေးချင်ဆေး၊ ဒါမှမဟုတ် စိတ်ညစ်လို့ ငေးငိုင်ချင်သပဆိုလည်း အိမ်သာခန်းတစ်ခန်းထဲ ဝင်နေလို့ရတာပဲ။ ကျွန်တော်က ဒီလက်ဆေးကန်နားမှာ ရပ်ပဲရပ်နေတာ၊ ခင်ဗျားကိုလည်း အနှောင့်အယှက်မပေးဘူး။ အဲ့ဒါကို ကျွန်တော်က ဘာလို့ ထွက်သွားရမှာလဲ။"
ထိုအမျိုးသား၏မျက်ခုံးတန်းများက အနည်းငယ်ပင့်တက်သွားသော်လည်း ဘာမှထပ်မပြောခဲ့ပေ။
သူ၏အသွင်အပြင်အရ လျစ်လျူရှူတာထက် စကားပြောဖို့ကို ပျင်းနေသည့်ပုံစံမျိုးပင်။
လုရန်လည်း သူ့ကို ဂရုမစိုက်တော့ဘဲ ဗီရိုဆီသွား၍ တဘက်တစ်ထည်စရှာတော့သည်။
ဗီရိုထဲတွင် အကန့်များစွာရှိနေသောကြောင့် လုရန် တစ်ခုချင်းစီ ဆွဲဖွင့်ကြည့်နေခဲ့ရ၏။
အကန့်တစ်ခုတွင် ပစ္စည်းများ ပြည့်လျှံနေသဖြင့် လုရန် အမြန်ဆွဲဖွင့်လိုက်သောအခါ ဝူးရှ်ခနဲ အသံနှင့်အတူ ဘူးနှစ်ဘူး ပြုတ်ကျလာလေသည်။
လုရန်တစ်ယောက် အမြန်ဖမ်းလိုက်ရသည်။
အနီးကပ်ကြည့်လိုက်သောအခါ လှလှပပထုပ်ပိုးထားသော လေးထောင့်ပုံစက္ကူဘူးလေးနှစ်ခုဖြစ်နေ၏။
ဘူးပေါ်တွင် မည်သည့်စာမှ ရေးမထားသောကြောင့် လုရန်တစ်ယောက် ထိုဘူးလေးများကို ဘာမှန်းမသိဘဲ သေသေချာချာစပ်စုကြည့်နေခဲ့သည်။
ဘူး၏အောက်ခြေနားမှာ 'XL' ဆိုသည့်စာလုံးကိုသာ သူ တွေ့ခဲ့ရသည်။
"တဘက်တွေက ဒုတိယအကန့်မှာ။"
သူ့အနောက်မှ သတိပေးသည့်အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"အာ။"
လုရန်က တုံ့ပြန်လိုက်ပြီး ထိုဘူးလေးနှစ်ဘူးကို အံဆွဲထဲ ပြန်ထည့်လိုက်လေ၏။
သူ ဒုတိယအကန့်ကို ဖွင့်ကြည့်လိုက်သောအခါ တစ်ခါသုံးတဘက်အဖြူများကို တွေ့လိုက်ရသည်။
လုရန်က ပြောလိုက်၏။
"ကျေးဇူးပါ။"
ထို့နောက် သူက လက်ဆေးကန်ရှိရာသို့ ပြန်လာခဲ့သည်။
ဝှီးချဲပေါ်မှအမျိုးသားက ယခု လက်အိတ်နှစ်ဖက်လုံးကို ချွတ်ထားသည်။ သူက ရေပိုက်ခေါင်းကိုလှည့်ကာ ရေအေးများဖြင့် လက်နှစ်ဖက်ကို စိမ်နေခဲ့၏။
ယခု ရာသီဥတုက အေးလာပြီဖြစ်ရာ လုရန်မှာ ဘေးကနေကြည့်နေရုံဖြင့် ချမ်းစိမ့်လာခဲ့လေသည်။
သူက ရေစိုနေသောရှပ်အင်္ကျီကိုချွတ်ကာ ဆံပင်အခြောက်ခံစက်ဖြင့် အခြောက်ခံနေခဲ့သည်။
လုရန်တစ်ယောက် ဘောင်းဘီချွတ်ရန်ပြင်လိုက်ချိန်၌ ခေါင်းမော့ကြည့်လိုက်မိသည်။
ထိုစဥ် နှစ်ဦးသား အကြည့်ချင်းဆုံသွားခဲ့၏။
လုရန် နှစ်စက္ကန့်လောက် တောင့်တင်းသွားပြီးနောက် သူစိမ်းတစ်ယောက်ရှေ့မှာ ဘောင်းဘီချွတ်ခြင်းက မသင့်တော်ကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။
သူက ကြယ်သီးကိုကိုင်ရင်း ခဏတွေဝေနေပြီးနောက်မှ ပြန်တပ်လိုက်သည်။ ထိုနောက် တဘက်ကိုရေဆွတ်၍ သူ့ဘောင်းဘီပေါ်မှ အစွန်းအထင်းများကိုသာ သုတ်လိုက်တော့သည်။
သူ့ဘေးမှအမျိုးသားကမူ လက်နှစ်ဖက်ကို ရေအေးထဲ ငါးမိနစ်၊ ခြောက်မိနစ်ခန့်စိမ်ပြီးမှ ရေကိုပိတ်ကာ ဝှီးချဲကို အပြင်ဘက်သို့ပြန်ထွက်စေရန် လှုပ်ရှားလိုက်သည်။
အိမ်သာတံခါးက တော်တော်လေး လေးလံပြီး တွန်းဖွင့်ဖို့အတွက် အားစိုက်ထုတ်ရသည်။ ထို့ကြောင့် ဝှီးချဲဖြင့်တွန်းရန်မှာ အဆင်မပြေနိုင်ပေ။
လုရန်က တံခါးနားတွင်ရှိနေသဖြင့် တံခါးကို ကူတွန်းပေးလိုက်သည်။
တံခါးက ပွင့်သွား၏။
တံခါးအပြင်မှာစောင့်နေသည့် အိမ်တော်ထိန်းကြီးက ဝှီးချဲပေါ်မှကျိမင်ကို မြင်လိုက်ရသောအခါ အမှန်တကယ်ကို အံ့သြသွားခဲ့သည်။
"သခင်လေး?"
ကျိမင်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။
သူက လျှပ်စစ်ဝှီးချဲကို အရှေ့သို့ ဆက်ရွှေ့သွားခဲ့သည်။
လုရန်လည်း ဆေးကြောလို့ပြီးပြီဖြစ်ရာ တံခါးကနေ ထွက်လာခဲ့သည်။
ကျိမင်က အကွာအဝေးတချို့ရောက်သွားတော့မှ တစ်စုံတစ်ခုကို သတိရသွားဟန်တူပြီး ပြန်လှည့်ကြည့်လာခဲ့သည်။
အေးစက်နေသောမျက်ဝန်းများဖြင့် သူ့ကိုလှမ်းကြည့်လာပြီး မေးလာခဲ့၏။
"မင်းက ရှန်မိသားစုကမလား။"
လုရန် ငြင်းချင်ခဲ့သည်။
သို့သော် ထိုအမျိုးသားက သူ့ထံမှအဖြေကို စောင့်နေခြင်းမဟုတ်သလို သူ့ကို စကားပြောခွင့်လည်းမပေးခဲ့ပေ။
တစ်နည်းအားဖြင့် သူက လုရန်၏သဘောထားကို ဂရုမစိုက်ဘဲ သူသိထားသောအချက်အလက်ကိုသာ ဂရုစိုက်ခဲ့၏။
သူက ပေါ့ပေါ့ပါးပါးပြောလာခဲ့သည်။
"ကျေးဇူးပြုပြီး မင်းရဲ့အစ်ကိုအကြီးဆုံး ရှန်ရှင်းယွီကို နှုတ်ဆက်တယ်လို့ပြောပေးပါဦး။"
လုရန်၏စိတ်ထဲ တဝီဝီမြည်လာခဲ့သည်။
ရှန်ရှင်းယွီ။
လုရန်အကြောက်ဆုံးလူ။
ထိုနာမည်ကို ကြားလိုက်ရသည်နှင့် အရိုးထဲကနေစိမ့်တက်လာသော နာကျင်မှုကို လုရန် ချက်ချင်းခံစားလိုက်ရသည်။
ယင်းမှာ ကားမတော်တဆဖြစ်ခဲ့သည့်အခိုက်အတန့်မှ သူ့မှတ်ဉာဏ်ထဲကျန်နေခဲ့သော နာကျင်မှုဖြစ်သည်။
လုရန် ဝှီးချဲပေါ်မှအမျိုးသား၏ကျောပြင်ကို ငေးကြည့်နေခဲ့မိသည်။
သူ၏အစ်ကိုကြီး ရှန်ရှင်းယွီနှင့် ကျိမိသားစု၏ဤသခင်လေးတို့က ကျောင်းနေဖက်များဖြစ်ကြပြီး ရင်းနှီးသောဆက်ဆံရေးရှိကြောင်း သူ ရုတ်တရက် သတိရမိသွားသည်။
အိမ်တော်ထိန်းကြီးက လုံခြုံရေးဝန်ထမ်းတစ်ဦးကို လုရန်အားလိုက်ပို့ပေးရန် မှာကြားခဲ့ပြီး ကျိမင်အနောက်သို့ လိုက်ပါသွားခဲ့လေသည်။
ကျိမင်က မေးလိုက်၏။
"သူက ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတာလဲ။"
အိမ်တော်ထိန်းကြီးက ရှင်းပြခဲ့သည်။
"မတော်တဆဖြစ်သွားတာပါ။ သူ ဘေးကအဆောက်အအုံမှာ အနိုင်ကျင့်ခံရပြီး အရေးပေါ်လှေကားကနေ မှားဝင်လာတဲ့ပုံပဲ။"
ကျိမင်က ထပ်ပြီးမမေးတော့ချေ။
အိမ်တော်ထိန်းကြီးက ပြုံးလိုက်ပြီး ထပ်လောင်းပြောလိုက်၏။
"အရင်တစ်ခေါက်က သခင်လေး ဒီကျောင်းသားလေးကို ကူညီပေးခဲ့ဖူးတော့ ဒီတစ်ခေါက်လည်း ကူညီပေးလိမ့်မယ်လို့ထင်နေခဲ့တာ။"
ကျိမင်က အရင်တစ်ခေါက် ကားထဲမှာကြားခဲ့ရသော စကားလုံးများကို ပြန်တွေးလိုက်သည်။
"သူက စကားပြောကောင်းလို့ပါ။"
ယခုတစ်ခေါက်မှာတော့ အိမ်တော်ထိန်းကြီးက မတုံ့ပြန်တော့ပေ။
သို့သော်လည်း သခင်နှင့် လက်အောက်ငယ်သားကြားမှ လေထုက တင်းမာသောအဆင့်အတန်းခွဲခြားခြင်းမျိုးမဟုတ်။
ထိုအခိုက်အတန့်၌ လက်ထောက်တစ်ယောက်က ချဉ်းကပ်လာခဲ့သည်။
လက်ထောက် စကားမပြောနိုင်ခင် ကျိမင်က စိတ်မရှည်သလို လက်ဟန်ပြလိုက်သည်။
အိမ်တော်ထိန်းက အပြုံးကိုဆင်မြန်းရင်း ရှေ့တက်ကာ ပြောလိုက်သည်။
"ဥက္ကဌကျိက ဒီနေ့ ပင်ပန်းနေပါပြီ။"
လက်ထောက်မှာ ပျာယာခတ်သွားသည့်ပုံပင်။
"ဥက္ကဌကျိ၊ ကျွန်တော်တို့..."
အိမ်တော်ထိန်းက သူ့စကားကို ဖြတ်ပြောလိုက်လေ၏။
"ကျွန်တော်တို့ စီမံကိန်းအကြောင်းကို နောက်ရက်မှဆွေးနွေးကြမယ်လို့ ဥက္ကဌကျန်းကို ကျေးဇူးပြုပြီးပြောပေးပါဦး။"
သူက စကားပြောနေရင်း ဓါတ်လှေကားဆီဦးတည်သွားကာ ပြန်ရန်ပြင်လိုက်သည်။
အိမ်တော်ထိန်းက မေးလိုက်၏။
"ဒါနဲ့ သခင်လေးက အများသုံးသန့်စင်ခန်းထဲ ဘယ်လိုလုပ်ပြီးရောက်သွားတာလဲဆိုတာ မေးကြည့်လို့ရမလား။"
ကျိမင်၏အသံက အေးစက်နေဆဲပင်။
"အခန်းထဲမှာ ညစ်ပတ်တဲ့အရာရှိနေလို့။"
"သြော်၊ ဟုတ်လား။"
အိမ်တော်ထိန်းက တစ်နည်းနည်းဖြင့် အံ့သြသွားလေ၏။
သူက ကျိမင်ကို ပြုံစစဖြင့် တစ်ချက်ကြည့်လိုက်ပြီး စင်္ကြံကနေ သန့်စင်ခန်းရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
အိမ်တော်ထိန်းကြီးက တစ်စုံတစ်ခုကို စဥ်းစားမိသွားပုံပေါ်ပြီး သူ့မျက်နှာထက်တွင် စိတ်မကောင်းသည့်အမူအရာမျိုး ရှိနေခဲ့သည်။
"ဟိုကျောင်းသားလေး လန့်မသွားရင်ကောင်းမှာပဲ။"
"ဦးလေးချန်!"
ကျိမင်က ကူကယ်ရာမဲ့သောအသံနှင့် ခေါ်လိုက်လေ၏။
အိမ်တော်ထိန်းချန်ကတော့ ဂရုမစိုက်ဘဲ လူကြီးတစ်ယောက်၏စိတ်ရှည်မှုများနှင့်အတူ ပြုံးနေတော့သည်။
နှစ်ဦးသား ဓါတ်လှေကားဖြင့်ဆင်းလာခဲ့ပြီး အမွှာမျှော်စင်၏ထွက်ပေါက်ဆီ ဦးတည်ခဲ့ကြသည်။
အိမ်တော်ထိန်းကြီးသည် စောစောက လုရန်၏တုံ့ပြန်မှုကို ပြန်စဉ်းစားလိုက်ပြီး စနောက်လိုက်သည်။
"သခင်လေးက ကူညီပေးပြီးတာတောင်မှ မကောင်းတဲ့စကားတွေကိုပဲ ရွေးပြောခဲ့တယ်နော်။ ပုံမှန်ဆို သခင်လေးက ဒီလိုမလုပ်တတ်ပါဘူး။"
ကျိမင်က သူ့ကိုလျစ်လျူရှုကာ တံခါးကို ကိုယ်တိုင်ဖွင့်လိုက်သည်။
၎င်းတို့နှစ်ယောက် အပြင်ထွက်လိုက်သည့်အချိန်၌ နံဘေးမှအဆောက်အအုံ၏ ဝင်ပေါက်ရှေ့တွင် လူနာတင်ကားတစ်စီးရပ်ထားကြောင်း တွေ့လိုက်ရသည်။
အထဲကနေ စောင်တစ်ထည်ခြုံထားသော တစ်စုံတစ်ယောက်ကို တွန်းထုတ်လာ၏။
လူကိုမမြင်ရသေးခင်မှာပင် စောင်ထဲကနေ ဝက်သတ်သလို အော်ဟစ်သံများကို ကြားလိုက်ရသည်။
"လုရန်! ငါ လုရန်ကို သွားသတ်မယ်!"
အော်ဟစ်သည့်အရှိန်က လွန်သွားသောကြောင့်လားကို မသိသော်လည်း စောင်က ဟသွားပြီး ရေစိုကြက်ဖတစ်ကောင်ကဲ့သို့ဖြစ်နေသော လင်ယိကို မြင်လိုက်ရသည်။
ကျိမင်က မျက်ခုံတစ်ဖက်ပင့်လိုက်ပြီး သူ့ဘေးမှအိမ်တော်ထိန်းကို လှည့်ကြည့်လိုက်သည်။
သူက ထေ့ငေါ့လိုသောအရိပ်အမြွက်ဖြင့် ပြောလိုက်လေ၏။
"ဒါကို အနိုင်ကျင့်ခံရတယ်လို့ ခေါ်တာလား။"
အိမ်တော်ထိန်းချန်လည်း အံ့သြသွားပြီး ကူကယ်ရာမဲ့စွာဖြင့် ပခုံးသာတွန့်ပြနိုင်ခဲ့သည်။
အခြေအနေများ ပျက်စီးသွားပြီဖြစ်ကြောင်း သိလိုက်သော ဥက္ကဌကျန်းက ၎င်းတို့အနောက်ကနေ ပျာပျာသလဲ လိုက်လာခဲ့သည်။
"ဥက္ကဌကျိ! နေပါဦး! ဒီနေ့ကိစ္စအတွက် တကယ် တောင်းပန်ပါတယ်။ ကျွန်တော့်လက်အောက်ငယ်သားတွေက နားမလည်လို့ပါ!"
သူက ကျိမင်နှင့် ယခုလိုတွေ့ဆုံခွင့်ရရန် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး ဤအခွင့်အရေးကို အလွယ်တကူအဆုံးရှုံးမခံနိုင်ပေ။
သို့သော် သူ မည်မျှပင်ပြောနေပါစေ ဝှီးချဲပေါ်မှလူက သူ့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ချေ။
ထိုအစား သူက တစ်ခုခု စဉ်းစားနေသလိုမျိုး နံဘေးမှအဆောက်အအုံကိုသာ ကြည့်နေခဲ့သည်။
အေးစက်နေသော သူ၏မျက်လုံးများထဲတွင် ရှားရှားပါးပါး စိတ်ဝင်စားသည့် အရိပ်အမြွက်များ ပေါ်လွင်နေ၏။
ဥက္ကဌကျန်းလည်း သူကြည့်နေရာသို့ လိုက်ကြည့်ပြီးနောက် ကြောင်အမ်းသွားလေတော့သည်။
"အဲ့ဒါက... ရှောင်ယိမဟုတ်လား?"
ဥက္ကဌကျန်းက ထိုသို့ပြောလိုက်သော်လည်း အနားကိုတော့ မသွားခဲ့ပေ။
ပထမတစ်ချက်အနေဖြင့် လင်ယိက ယခု အလွန်အရှက်ရစရာပုံစံ ဖြစ်နေသောကြောင့်ဖြစ်ပြီး...
နောက်တစ်ချက်မှာ အဘယ့်ကြောင့်မှန်းမသိသော်လည်း လင်ယိ၏သူငယ်ချင်းများက လင်ယိကိုယ်ပေါ်မှာ ညစ်ပတ်သည့်အရာတစ်ခုခု ကပ်တင်နေသကဲ့သို့ သူ့ကို ရှောင်ဖယ်နေကြသောကြောင့်ဖြစ်သည်။
"ဥက္ကဌကျန်း၊ ခင်ဗျားသားနဲ့စေ့စပ်ထားတဲ့သူက ဒီလိုဖြစ်နေတာကို သွားကြည့်မပေးဘူးလား။"
ကျိမင်က ပြောလိုက်သည်။
ဥက္ကဌကျန်းမှာ ရုတ်တရက်ဆိုသလို မျက်နှာကြီးရဲတက်လာပြီး ယခုလိုမျိုးရူးကြောင်ကြောင်နိုင်သော လင်ယိ၏အပြုအမူများက တကယ်ကိုရှက်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲမှ သံသယစိတ်များကလည်း ကြီးထွားလာ၏။
ယနေ့ သူ၏ 'အစီအစဥ်များ' က ကျိမင်ကို ဒေါသထွက်အောင်လုပ်မိသွားသဖြင့် ကျိမင်က တမင်တကာလူလွှတ်ပြီး ဘေးချင်းကပ်အဆောက်အအုံမှ လင်ယိကို ပြဿနာရှာခိုင်းခဲ့သည်လောဟု သူ သံသယဝင်နေခဲ့သည်...
လုရန်တစ်ယောက်ကတော့ မည်သူတွေ မည်သည့်အကြောင်းများတွေးနေလဲကို မသိခဲ့ချေ။
သူ အိမ်ပြန်ရောက်ချိန်မှာ တော်တော်လေးနောက်ကျနေပြီဖြစ်၏။
လုရန်တစ်ယောက် သာ့ဟွမ်ကို သွားခေါ်ပြီး အိမ်ပြန်ရောက်သောအခါ ခေါင်းအုံးပေါ်ခေါင်းချလိုက်ရုံဖြင့် အလျင်အမြန်ပင် အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက်တွင် သူ့မှာအတန်းမရှိပေ။
ရှန်ရှင်းကျိုးက သူ့ကို လစာနှစ်ဆကြိုပေးခဲ့သောကြောင့် အသင့်စားစားသောက်ဆိုင်မှ အချိန်ပိုင်းအလုပ်ကိုလည်း သွားစရာမလိုတော့ပေ။ ထို့ကြောင့် သူက နေ့လယ်အထိ အိပ်ခဲ့သည်။
တစ်စုံတစ်ယောက်က သူ့တံခါးကို လာခေါက်သည့်အသံကြားမှသာ လုရန် စိတ်ဆိုးဆိုးနှင့် အိပ်ရာထခဲ့ရသည်။
သူက အော်လိုက်လေ၏။
"ဘယ်သူလဲ!!"
သာ့ဟွမ်က တံခါးနားမှာထိုင်နေပြီး တံခါးကိုတစ်လှည့်၊ လုရန်ကိုတစ်လှည့် ကြည့်နေခဲ့သည်။
သူက မဟောင်ဘဲ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်ကာ အကဲခတ်နေသည့်ပုံစံမျိုးပင်။
"ငါပဲ!"
တံခါးခေါက်နေသူက ပြန်အော်လာခဲ့၏။
ယင်းက ရှန်ရှင်းကျိုး၏အသံနှင့်တူသည်။
လုရန် အနည်းငယ်အံ့အားသင့်သွားလေ၏။
အမှန်တမ်းပြောရလျှင် ရှန်မိသားစုဝင်များက ပထမထပ်၌ ကြာကြာမနေတတ်ကြပေ။
ရှန်မိသားစုဗီလာက သုံးထပ်ရှိ၏။ တတိယထပ်ကို ရှန်ရှင်းရန်တစ်ယောက်တည်းက ပိုင်ပြီး ဒုတိယထပ်တွင်မူ ရှန်ရှင်းယွီနှင့် ရှန်ရှင်းကျိုးတို့ တစ်ခါတလေပြန်လာလျှင် အိပ်စက်ရန်အခန်းများနှင့်အတူ မာစတာအိပ်ခန်းတစ်ခန်းနှင့် စာကြည့်ခန်းတို့ရှိသည်။
လုရန်နေသော ပထမထပ်၌မူ အစေခံများနေသည့် အိပ်ခန်းများသာရှိလေ၏။
ထို့ကြောင့် ဂုဏ်မောက်ကြသော ရှန်မိသားစုဝင်များက တံခါးလာခေါက်ဖို့ဝေးစွ၊ အောက်ထပ်ကိုတောင် ဆင်းမလာတတ်ပေ။
လုရန်တစ်ယောက် ငှက်သိုက်ဖြစ်နေသော သူ့ဆံပင်များကိုကုတ်ခြစ်ရင်း ဖိနပ်ပါးကိုတရွတ်တိုက်စီးကာ မှုန်ကုပ်ကုပ်နှင့် ထွက်လာခဲ့လိုက်သည်။
အပြင်ဘက်မှ ရှန်ရှင်းကျိုးက တံခါးထပ်ခေါက်ရန်ပြင်နေစဥ် လုရန်က တံခါးကို ရုတ်တရက်ဖွင့်လိုက်သည်။
"ခင်ဗျား ရူးနေလား။ မနက်စောစောစီးစီး သူများကို ကောင်းကောင်းအိပ်ခွင့်မပေးနိုင်ဘူးလား။"
ရှန်ရှင်းကျိုးက မယုံနိုင်စရာစကားကို ကြားလိုက်ရသကဲ့သို့ အပြင်ဘက်မှ လင်းထိန်နေသောနေရောင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။
"ဒါကို မနက်စောစောစီးစီးလို့ ခေါ်တာလား။ ဘယ်လိုလုပ်ပြီး မင်းက ငါ့ထက်တောင်ပိုအိပ်နိုင်ရတာလဲ!"
လုရန်က သူနှင့် စကားမများချင်ခဲ့ပေ။
သူက အမြီးလေးနှန့်ကာ ရောက်လာသော သာ့ဟွမ်ကို ခြေထောက်နှင့်တားဆီးလိုက်ပြီး ရှန်ရှင်းကျိုးကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ဘာလဲ? ကျွန်တော့် Alipay ထဲရောက်ပြီးသားပိုက်ဆံက ကျွန်တော့်ပိုက်ဆံပဲ။ ပြန်ရဖို့တော့ မစဉ်းစားနဲ့။"
"ဘယ်သူက ပိုက်ဆံအကြောင်းပြောနေလို့လဲ။"
ရှန်ရှင်းကျိုးတစ်ယောက် စိတ်တိုတိုနှင့်ပြောလိုက်၏။ သို့သော် တစ်ခဏအကြာမှာ အမြန်ပြန်ပြင်ပြောခဲ့သည်။
"ငါဆိုလိုတာက ဟုတ်တယ်၊ ပိုက်ဆံအကြောင်းပဲ! မင်း မနေ့က ဘယ်လောက်တောင် သုံးခဲ့တာလဲ။"
"အာ?"
လုရန်တစ်ယောက် မမှတ်မိသေးပေ။
ရှန်ရှင်းကျိုးက ဖုန်းထဲရှိဘေလ်စာရွက်ကို ပြလိုက်တော့မှ လုရန်တစ်ယောက် ရှန်ရှင်းကျိုးကိုပညာပေးရန် စျေးကြီးသောဝိုင်ပုလင်းများ ဆယ်ပုလင်းကျော်လောက်မှာခဲ့ကြောင်း သတိရသွားခဲ့သည်။
မနေ့က ရှန်ရှင်းကျိုးသည် ငွေရှင်းပေးမည်ဟု သဘောတူခဲ့သော်လည်း လုရန်က ထိုမျှသုံးခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယနေ့မနက် ကလပ်ကနေ ဘေလ်ပို့လာတော့မှ ရှန်ရှင်းကျိုးတစ်ယောက် မျက်လုံးများထွက်ကျလောက််အောင်ထိ အလွန်အံ့သြတုန်လှုပ်သွားခဲ့သည်။ သူက ဒေါသထွက်သွားပြီး လုရန်ကိုပြဿနာရှာရန် ရှန်မိသားစု၏ဗီလာသို့ ချက်ချင်းမောင်းထွက်လာခဲ့ခြင်းဖြစ်သည်။
လုရန်က သမ်းဝေလိုက်၏။
"ခင်ဗျား ဒီလောက်ပမာဏလေးကို မရှင်းနိုင်လောက်အောင်ထိ မွဲမနေလောက်ပါဘူးနော်။"
ရှန်ရှင်းကျိုးတစ်ယောက် ဆွံ့အသွား၏။
ဤနောက်ပိုင်းတွင် သူ၏စတူဒီယိုက အတော်လေးအရှုံးပေါ်နေသော်လည်း သူ မရှင်းနိုင်လောက်သည်အထိတော့ မဟုတ်ပေ။
၎င်းက ပုံမှန်ထက် အတော်လေးပိုများနေသည့် ကုန်ကျစရိတ်ဖြစ်နေသောကြောင့်ပင်။
သို့သော် ရှန်ရှင်းကျိုးဝန်ခံရလျှင် လုရန်အရှေ့မှာ... သူ မတတ်နိုင်ဟု ပြောမထွက်ပေ။
သူ အလွန်စိတ်တိုနေ၏။
သို့သော်လည်း ဆံပင်ငှက်သိုက်ဖြစ်နေပြီး မျက်လုံးများကိုပွတ်သပ်နေသည့် လုရန်ကို ငုံ့ကြည့်လိုက်သောအခါ သူ့နှလုံးသား၏ထောင့်တစ်နေရာ၌ နူးညံ့မှုကို ခံစားလိုက်ရပြီး သိပ်ပြီးစိတ်မဆိုးတော့သလို ခံစားလိုက်ရသည်။
ရှန်ရှင်းကျိုးက စိတ်လိုက်မာန်ပါလုပ်တတ်သူဖြစ်ရာ စိတ်တိုလာလျှင် အမြဲတမ်း ဒေါသပေါက်ကွဲတတ်သူဖြစ်သည်။
သို့သော်လည်း ယခု သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဒေါသများက အလိုလိုပျောက်ကွယ်သွားပြီး သူ့နှလုံးသားထဲ တစ်စတစ်စကြီးထွားလာသော မချင့်မရဲဖြစ်မှုကို ခံစားလိုက်ရသည်။
"မင်း!"
ရှန်ရှင်းကျိုးက လုရန်ကို လက်ညှိုးထိုးကာပြောလိုက်သည်။
"ကျွန်တော်က ဘာလဲ။"
လုရန်က သူ့ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်သည်။
"ခင်ဗျားဘာသာ သဘောတူခဲ့တာမဟုတ်ဘူးလား။"
ရှန်ရှင်းကျိုးက သူ့ကို အချိန်တစ်ခုလောက်စိုက်ကြည့်နေခဲ့သော်လည်း ဆက်ပြောစရာစကားရှာမတွေ့ခဲ့ပေ။
သူက တစ်ဖက်လှည့်ကာ ကောက်ပေါက်ဖို့ပစ္စည်းတစ်ခုခုကို ရှာဖွေခဲ့၏။ သူက ခွက်တစ်ခွက်ကိုကောက်ကိုင်လိုက်သော်လည်း ဘာကြောင့်မှန်းမသိဘဲ ပစ်မပေါက်နိုင်ခဲ့ပေ။
အဆုံးသတ်မှာတော့ ရှန်ရှင်းကျိုးတစ်ယောက် စိတ်တိုတိုနှင့် ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်တော့သည်။
ထို့နောက် သူက ဆောင့်ကြောင့်ထိုင်ကာ သာ့ဟွမ်၏ဦးခေါင်းကို အကြိမ်အနည်းငယ်ပွတ်သပ်လိုက်၏။ သူက စိတ်ဆိုးဆိုးနှင့်လှည့်ထွက်မသွားခင် နှာမှုတ်သွားသေးသည်။
"ဟွန့်။"
***
Aurora Novel Translation Team