no

Font
Theme

အပိုင်း (၃) - မသန်မစွမ်း

[မသန်မစွမ်းဖြစ်ပြီး မလှုပ်ရှားနိုင်တာထက် သေသွားတာပိုကောင်းတယ်။]

လုရန်က မဆိုင်းမတွဘဲ ခွေးကိုပွေ့ချီလျက် ကားဆီလျှောက်သွားခဲ့သည်။

သာ့ဟွမ်ကို ကားထဲထည့်ပြီးနောက် သူက အနောက်လှည့်ကာ ဟွမ်မောက်၏ပြိုင်ကားလိုင်စင်နံပါတ်ပြားကို သူ့ဖုန်းနှင့် ဓါတ်ပုံရိုက်လိုက်၏။

သူ ထိုသို့လုပ်ပြီးနောက် အခြားတစ်စုံတစ်ခုကို တွေးလိုက်မိပြီး လမ်းလေးကိုတစ်ချက်ကြည့်လိုက်သည်။ သူ စောစောကမိန်းကလေးကို တွေ့လိုက်သောအခါ သူ(မ)ကို စကားအနည်းငယ်ပြော၍ ကားဆီပြန်လာခဲ့လိုက်သည်။

ဖြစ်စဥ်တစ်ခုလုံး၌ သူက ကားတိုက်ခိုက်ခံရသူ၏ 'အသွင်အပြင်' ကို ထိန်းသိမ်းထားပြီး ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်နေခဲ့သည်။

အံ့အားသင့်စွာဖြင့် စီးပွားရေးသုံးဗင်ကား၏ ကားဒရိုင်ဘာက လုရန်ကို အလောတကြီးမလုပ်ခိုင်းခဲ့ပေ။

လုရန် ကားပေါ်တက်သွားသည်ကို ကြည့်နေပြီးနောက် ဟွမ်မောက်က မြေပြင်ပေါ်ထိုင်ချကာ တီးတိုးရေရွတ်လိုက်သည်။ "ငါတော့ သေပြီ!"

သူက ထိုသို့ညည်းတွားပြီးနောက် ရှန်ရှင်းကျိုးကို အမြန်ဖုန်းခေါ်လိုက်သည်။

"ကျိုးကော၊ ဘာဖြစ်လို့ ကျွန်တော့်ကို ဘာဖြစ်လို့ ဒီအရှုပ်အထွေးထဲ ဆွဲထည့်ရတာလဲ။"

ဖုန်း၏အခြားတစ်ဖက်မှ ရှန်ရှင်းကျိုးက ခွေးအကြောင်းကို မေးမြန်းနေဆဲပင်။

ဟွမ်မောက်မှာ လုံးဝကို ဒေါသပေါက်ကွဲသွားပြီး အော်လိုက်လေ၏။

"ဒီခွေးအကြောင်းပဲ လာပြန်ပြီ! သောက်ကျိုးနည်း ကျွန်တော့်ကို ဘာလို့ ဒီလမ်းပေါ်လာခိုင်းရတာလဲ!"

စီးပွားရေးသုံးဗင်ကားထဲ၌။

လုရန်က အနောက်ခုံမှာ ငြိမ်သက်စွာထိုင်နေခဲ့သည်။

ဤကားက မထင်မှတ်ထားလောက်အောင် တော်တော်လေး နေရာကျယ်ဝန်းပေ၏။

ဤကားမှာ ထိုင်ခုံရှစ်လုံးပါသင့်သော်လည်း အကြောင်းတချို့ကြောင့် အလယ်ကထိုင်ခုံနှစ်တန်းကို ဖယ်ရှားထားလေသည်။

လုရန်က နောက်ဆုံးခုံမှာ ထိုင်နေပြီး သူ့အရှေ့မှာ အနက်ရောင်ကန့်လန့်ကာတစ်ခုခြားထား၏။

ကားတစ်စီးလုံး မည်းမှောင်နေပြီး ရံဖန်ရံခါ လမ်းမီးတိုင်များမှအလင်းရောင်များက ပြတင်းပေါက်များမှတစ်ဆင့် စိမ့်ဝင်လာခဲ့သည်။

လုရန်က သူ့ပတ်ဝန်းကျင်ကို များများစားစားအာရုံမစိုက်ခဲ့ပေ။

သူ၏အာရုံအလုံးစုံက သူ့ပေါင်ပေါ်မှ ခွေးလေးပေါ်မှာသာရှိနေ၏။

သာ့ဟွမ်ကို သာ့ဟွမ်*ဟုခေါ်သော်လည်း အမှန်တကယ်တော့ သူက အတော်လေးသေးပြီး သူ၏အရပ်က လုရန်၏ဒူးလောက်တောင်မရှိပေ။ သူက လုရန်၏ပေါင်ပေါ်မှာ သက်သောင့်သက်သာရှိစွာ လဲလျောင်းနေခဲ့သည်။

[TN/ သာ့က ကြီးသော၊ ဟွမ်က အဝါရောင်ပါ။]

လုရန်က သာ့ဟွမ်၏အမွေးများနှင့် သူ့ခြေထောက်မှဒဏ်ရာများကို ဂရုတစိုက်စစ်ဆေးနေခဲ့သည်။

သူက Y တက္ကသိုလ်၏ တိရစ္ဆာန်ဆေးပညာဌာနမှ ကျောင်းသားတစ်ဦးဖြစ်ပြီး ထိုဘာသာရပ်ကို သာ့ဟွမ်ကြောင့် ယူခဲ့ခြင်းဖြစ်သည်။

သေသေချာချာစစ်ဆေးပြီးနောက် နောက်ဆုံးတော့ လုရန် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။

သူက သာ့ဟွမ်၏ဦးခေါင်းကို မြတ်မြတ်နိုးနိုးပွတ်သပ်လိုက်သည်။

"ပါပါးကို လွမ်းနေတာလား။ ပါပါးက သားလေးကို အရမ်းလွမ်းနေတာ!"

လုရန်က သာ့ဟွမ်ကို အကြိမ်များစွာနမ်းလိုက်၏။

သာ့ဟွမ်က ညည်းတွားလိုက်ပြီး လွန်ခဲ့သောကိုးနှစ် ဆောင်းရာသီကကဲ့သို့ သူ့မျက်နှာကိုလျက်လာခဲ့သည်။

လုရန်၏မျက်လုံးများက အတော်လေးစိုစွတ်လာ၏။

သာ့ဟွမ်အတွက်ကတော့ သူက နာရီအနည်းငယ်လောက်သာ အဝေးမှာရှိနေခဲ့သည့် ပိုင်ရှင်ဖြစ်သည်။

သို့သော် လုရန်အတွက် သာ့ဟွမ်ကို ဆုံးရှုံးခဲ့ရသည်မှာ ဆယ်စုနှစ်တစ်ခုရှိလေပြီ။

ဆေးရုံခုတင်ပေါ် လဲလျောင်းနေခဲ့ရသည့် အချိန်အတောအတွင်း သူ အလွမ်းဆုံးက သာ့ဟွမ်ပင်။ အတိတ်ဘဝမှာ ရှန်မိသားစုက သာ့ဟွမ်ကိုသတ်လိုက်သည်အား ထိုင်ကြည့်နေခဲ့ရသည်ကို သူ နောင်တအရဆုံးဖြစ်၏။

သူ့မျက်လုံးများထဲမှ မျက်ရည်များကို ထိန်းချုပ်လျက် သာ့ဟွမ်၏ခြေထောက်ကလေးများကို ဖျစ်ညှစ်လိုက်သည်။

"ဒဏ်ရာက သိပ်မကြီးတာ တော်သေးတာပေါ့။ တကယ်လို့ မင်းသာ ခြေထောက်ကျိုးသွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ရင် သေသွားတာကမှ ပိုကောင်းလိမ့်မယ်။"

လုရန်က သာ့ဟွမ်အကြောင်းပြောနေခြင်းမဟုတ်ဘဲ သူ့ကိုယ်သူပြောနေခြင်းဖြစ်၏။

သူ့စကားဆုံးသည်နှင့် မမျှော်လင့်စွာဖြင့် တိတ်ဆိတ်နေခဲ့သော ကားအတွင်းခန်းထဲမှ အသံထွက်ပေါ်လာခဲ့သည်။

လုရန်က ခေါင်းမော့ကာ ကန့်လန့်ကာကိုဆွဲလိုက်၏။

အခိုက်အတန့်တစ်ခုကြာပြီးနောက် ကန့်လန့်ကာက အနည်းငယ်ပွင့်သွားပြီး သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လှည့်ကြည့်လာခဲ့၏။

သက်လတ်ပိုင်းအရွယ်အမျိုးသားက ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးသင်ထားပြီး ကြော့ကြော့မော့မော့ဝတ်ဆင်ထားသည်။

သို့သော် သူ၏သဘောထားက နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်စွာမေးမြန်းလာခဲ့သည်။

"တစ်ဆိတ်လောက်ပါ၊ လူငယ်လေး၊ ဦးလေးတို့ ရဲစခန်းနဲ့နီးလာပြီ။ မင်း ဆေးရုံကိုအရင်သွားချင်လား၊ ဒါမှမဟုတ် အခု ရဲစခန်းမှာရပ်ပေးရမလား။"

"ဘယ်မှမသွားချင်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အနီးဆုံးတိရိစ္ဆာန်ဆေးရုံကို ပို့ပေးပါ။"

သက်လတ်ပိုင်းအရွယ်အမျိုးသားက အခိုက်အတန့်တစ်ခုလောက် အံ့အားသင့်သွားပြီး လုရန်၏ဒူးခေါင်းများကို တစ်ချက်ကြည့်လိုက်သည်။

လုရန်က အနောက်ခုံမှာ တည်တည်ငြိမ်ငြိမ်ထိုင်နေပြီး ခွေးလေးကို သူ့ပေါင်ပေါ်တင်ထားလေ၏။

သူ့ကို မည်သို့ပင်ကြည့်နေပါစေ ထော့နဲ့ထော့နဲ့ဖြစ်နေခဲ့သည့်ပုံစံမျိုးမဟုတ်ပေ။

လုရန်က ထိုအမျိုးသား၏အကြည့်ကို တည်တည်ငြိမ်ငြိမ်လက်ခံလိုက်ပြီး သူ၏ရိုက်စားလုပ်ခြင်းကို အဖော်ခံလိုက်ရသည့်အတွက် ရှက်ရွံ့သည့်လက္ခဏာများကို မပြသခဲ့ပေ။

သက်လတ်ပိုင်းအရွယ်အမျိုးသားကလည်း စိတ်ခံစားချက်များကို ကောင်းမွန်စွာထိန်းချုပ်တတ်ပြီး သူက ပြုံးရုံသာပြုံးကာ အမှန်တရားကို လက်ခံခဲ့သည်။

သူက တစ်ဖက်ပြန်လှည့်သွားပြီး တခြားသူများ၏သဘောထားများကို တောင်းခံနေသည့်ပုံပင်။ ထို့နောက် သူက ဘေးတစောင်းပြန်လှည့်လာကာ အပြုံလေးဖြင့် လုရန်ကိုပြောလာခဲ့သည်။

"ကောင်းပါပြီ၊ အဲ့ဒါက ဦးလေးတို့သွားမဲ့နေရာနဲ့ လမ်းကြုံတယ်။"

ထို့နောက် ကန့်လန့်ကာကို နောက်တစ်ကြိမ်ထပ်ဆွဲလိုက်တော့သည်။

ခရီးက အနည်းငယ်ဝေးပေ၏။ လုရန်တစ်ယောက် စိတ်တည်ငြိမ်လာပြီးနောက် အနည်းငယ်ငိုက်မျဥ်းလာခဲ့သည်။

ရှန်မိသားစု၌ သူက ရှန်ရှင်းရန်ကို နှစ်ကြိမ်ပါးချကာ မဒမ်ရှန်ကို တံတွေးနှင့်ထွေးခဲ့သည်။

လမ်းမှာ သူက သာ့ဟွမ်ကိုကယ်တင်ခဲ့ပြီး ဟွမ်မောက်ကို ကောင်းကောင်းကြီးလှောင်ပြောင်ခဲ့၏။

ထိုအရာများအားလုံးကို လုပ်နေစဥ်အတွင်း လုရန်က ဘာထိန်းချုပ်မှမရှိဘဲ လွတ်လပ်စွာပြုမူခဲ့သည်။

သို့သော် လက်တွေ့မှာမူ သူက သာ့ဟွမ်မသေဆုံးခင်အချိန်ကို အမှန်တကယ်ပြန်ရောက်လာခြင်းလော သို့မဟုတ် ဤသည်မှာ ဆေးရုံခုတင်ထက်လဲလျောင်းနေရင်း အိပ်မက်မက်နေခြင်းလော မခွဲခြားနိုင်ခဲ့ပေ။

သူ မျက်လုံးများဖွင့်လိုက်သောအခါ သူ့ကိုစောင့်ကြိုနေသည်မှာ အေးစက်နေသောစက်ကိရိယာများနှင့် အလုံပိတ်ခန်းဖြစ်နေလိမ့်မည်။

အခိုက်အတန့်တစ်ခုလောက် တွန့်ဆုတ်နေပြီးနောက် လုရန် လက်လွှတ်ဖို့ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ်။

သူ အသက်ရှင်နေသရွေ့ ရှန်မိသားစုအတွက် လွယ်ကူလိမ့်မည်မဟုတ်။

လုရန် နွေးထွေးသော သာ့ဟွမ်ကို တင်းကျပ်စွာပွေ့ဖက်လိုက်၏။

အသိစိတ်များ ဝေဝါးနေစဥ်အခိုက်အတန့်မှာ သူ ဤကားအကြောင်းကို တွေးနေခဲ့သည်။

ယင်းက မည့်သည့်တံဆိပ်မှန်း သူမပြောနိုင်သော်လည်း အတော်လေးစျေးကြီးမည့်ပုံပင်။

စောစောကပေါ်လာခဲ့သော သက်လတ်ပိုင်းအရွယ်အမျိုးသား ဝတ်ဆင်ထားသည့်ဝတ်စုံက ရှန်မိသားစုဝင်များပြောဖူးသည့် ကျွမ်းကျင်အိမ်တော်ထိန်းတစ်ဦး၏ အဝတ်အစားများပင်။

ယခင်ဘဝမှာ လုရန် အဆုံးစီရင်ဖို့လည်း မတတ်နိုင်ခဲ့သည့်အချိန်၌ သူ့အတွက် တရားမျှတမှုရှာပေးမည့်တစ်စုံတစ်ယောက် ရုတ်တရက်ပေါ်လာဖို့ မျှော်လင့်ခဲ့ဖူး၏။

သို့သော် ဆယ်နှစ်ကြာ ဆေးရုံခုတင်ထက် လဲလျောင်းနေခဲ့ရပြီးနောက်မှာတော့ ထိုဆုတောင်းက မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

"တစ်ဆိတ်လောက်ပါ၊ လူငယ်လေး? လူငယ်လေး?" ကြင်နာသောအသံတစ်သံက သူ့နားထဲ ထွက်ပေါ်လာခဲ့၏။

လုရန် ဆတ်ခနဲတုန်သွားပြီး မည်းနက်နေသောမျက်လုံးများက အချိန်အတော်ကြာသည့်တိုင် ဆုံချက်မဲ့နေခဲ့၏။ သူ့မျက်လုံးများထဲမှာ ဆေးရုံမျက်နှာကြက်ပေါ်မှ ရိုးရှင်းသောပုံစံများက ထင်ကျန်နေဆဲပင်။

ထိုမျက်နှာကြက်က မည်သည့်ပုံစံရှိကြောင်းနှင့် တစ်ကွက်စီမှာ အစင်းကြောင်းမည်မျှရှိကြောင်းကိုတောင် သူ မှတ်မိနေ၏။ ၎င်းတို့က သူ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းစွဲမြဲနေပြီး မေ့ပျောက်ဖို့ မဖြစ်နိုင်ပေ။

"လူငယ်လေး?"

သူ့ဒူးပေါ်မှ နွေးထွေးသောအပူချိန်ကို ခံစားလိုက်ရချိန်မှ လုရန်၏အကြည့်များက သက်လတ်ပိုင်းအရွယ် အိမ်တော်ထိန်း၏မျက်နှာကို ပြန်လည်တွေ့လိုက်ရသည်။

အိမ်တော်ထိန်းက ပြောလာခဲ့သည်။

"ဦးလေးတို့ တိရစ္ဆာန်ဆေးရုံကို ရောက်ပြီ။"

"အိုး၊ ကျေးဇူးတင်ပါတယ်။"

လုရန်က ခေါင်းကိုခါယမ်းလိုက်ပြီး သာ့ဟွမ်ကိုပွေ့ချီလျက် အပြင်သို့ထွက်လိုက်သည်။

သူ၏ခြေဖဝါးက မြေပြင်ကိုထိလိုက်သည်နှင့် ချက်ချင်းဆိုသလို ယိုင်ကျသွားခဲ့၏။

အိမ်တော်ထိန်းက သူ့ကို အမြန်ဖေးမလိုက်ပြီး စိတ်ထဲမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

ဤလူငယ်လေးအား ရိုက်စားလုပ်နေသည်ဟု သူ မည်သို့တွေးရက်ရသနည်း! သူက သူ့ဒဏ်ရာကို ဂရုစိုက်ဖို့ထက် သူ့ခွေးလေးကိုသာစိတ်ပူနေကြောင်း ရှင်းလင်းလှသည်။

သူက မတ်တတ်တောင် ကောင်းကောင်းမရပ်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားလေ၏။

"ဆေးရုံကိုမသွားချင်တာ သေချာရဲ့လား။"

အိမ်တော်ထိန်းက မေးလိုက်သည်။

လုရန်က သူ့ကို ရှုပ်ထွေးစွာစိုက်ကြည့်လိုက်ပြီးနောက် ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် သာ့ဟွမ်နှင့်အတူ တိရစ္ဆာန်ဆေးရုံထဲ ဝင်သွားလိုက်တော့သည်။

သူ့ခြေထောက်ကျဥ်နေတာလေးနဲ့ ဘာလို့ ဆေးရုံကိုသွားရမှာလဲ။

ဆေးရုံမှာ လုရန်က သာ့ဟွမ်ကို အသေးစိတ်စစ်ဆေးပေးခဲ့သည်။

သာ့ဟွမ်၏ခြေထောက်ဒဏ်ရာက အလွန်မပြင်းထန်ဘဲ အနာဂတ်မှာ လမ်းလျှောက်လျှင် အနည်းငယ်ခြေထောက်ဆာနေလိမ့်မည်သာ။ လက်ရှိမှာ ခြေထောက်ဒဏ်ရာက သူ့အတွက် လှုပ်လှုပ်ရှားရှားနေဖို့ အဆင်မပြေသဖြင့် ဆေးရုံမှာ ရက်အနည်းငယ်ထားဖို့လိုအပ်သည်။

သာ့ဟွမ်၏ဒဏ်ရာကို ဂရုစိုက်ပြီးနောက် လုရန်က လှောင်အိမ်ရှေ့မှာ ခဏထိုင်လိုက်သည်။

ထိုအခိုက်အတန့်အတွင်း သူက ဖုန်းထုတ်လိုက်ပြီးနောက် ဗီဒီယိုတစ်ပုဒ်ကို လက်ခံရရှိခဲ့၏။

သူ ကားပေါ်မတက်ခင်က လမ်းဘေးကိုသွားကာ သူ့အတိတ်ဘဝတုန်းက ဤဗီဒီယိုမှတ်တမ်းကို ပြသပေးခဲ့သည့် ကြင်နာသောစိတ်သဘောထားရှိသူကို သွားရှာခဲ့ခြင်းဖြစ်သည်။

ဤဗီဒီယိုက သာ့ဟွမ်၏မတော်တဆမှုဖြစ်စဥ်ကို အပြည့်အစုံ မှတ်တမ်းတင်ထား၏။

ပြိုင်ကားက လမ်းဘေးမှာပုန်းအောင်းနေသော သာ့ဟွမ်ကို တမင်သက်သက်ဝင်တိုက်ခဲ့သည့် ဟိုးအစကနေ တမင်အရှိန်တင်ကာ သူ့ဆီမောင်းနှင်လာခဲ့သော နောက်ပိုင်းအထိပင်။

လုရန်က ဗီဒီယိုထဲမှ သူ့အပိုင်းကိုဖျက်ကာ ပြိုင်ကားက ခွေးလေးကို တမင်ဝင်တိုက်သည့်အပိုင်းလေးကိုသာ ချန်ထားခဲ့ပြီး အွန်လိုင်းပေါ်တင်လိုက်သည်။

အရင်ဘဝတုန်းက ဤဗီဒီယိုပါအကြောင်းအရာမှာ ယခုထက်ပိုပြီး ကြေကွဲစရာကောင်းခဲ့သည်။

သို့သော် လုရန် ဗီဒီယိုကိုလက်ခံရရှိပြီးနောက် ရှန်မိသားစုအတွက် ပြဿနာဖြစ်စေမည်စိုး၍ ဘာမှမဖြစ်ခဲ့သလို သူ့ကိုယ်သူအတင်းအကျပ်ဟန်ဆောင်နေခဲ့ရ၏။

ယခု... သူ ရှန်မိသားစုကို ဂရုမစိုက်တော့ပေ။

ဗီဒီယိုတင်လိုက်ပြီးနောက် ၎င်း၏စိတ်ဝင်စားမှုက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အစပိုင်းတွင် ဒုတိယမျိုးဆက်သူဌေးသားက ပြိုင်ကားနှင့် ခွေးလေးကိုဝင်တိုက်သည်အား ရှုတ်ချခဲ့ကြသည်။

နောက်ပိုင်း စိတ်ဝင်စားမှုများ ကြီးထွားလာသောအခါ ထိုပြိုင်ကားက ကျောင်းဝင်းထဲမှာ လူကိုဝင်တိုက်ကာ ထွက်ပြေးသွားဖူးကြောင်းကိုတောင် တချို့က ဖော်ထုတ်လာကြလေ၏။

ထို့နောက်မှာတော့ ပို၍ရှင်းလင်းပြတ်သားသော ဗီဒီယိုအနည်းငယ် စတင်ထွက်ပေါ်လာခဲ့သည်။

ဗီဒီယိုတစ်ပုဒ်ထဲမှာ ဒေသတွင်းတက္ကသိုလ်တစ်ခု၏ လူရှင်းသောလမ်းမပေါ်၌ ဇိမ်ခံကားအနည်းငယ်က မြေကြီးပေါ်လဲကျနေသော ကျောင်းသားတစ်ယောက်ကို ဝိုင်းထားကြသည်။

ကားများက လီဗာများနင်းပြီး သူ့ကိုဝင်တိုက်တော့မလို ဟန်ဆောင်ကာ ထိုကျောင်းသားလေးနားအရောက်မှာ သီသီလေးကပ်ရပ်လိုက်ကြ၏။ ကြောင်က ကြွက်နှင့် ဆော့နေသကဲ့သို့ အေးစက်သောအပြုအမူက ကြည့်ရှုနေသူများကို ကြက်သီးထသွားစေခဲ့သည်။

၎င်းတို့ထဲမှာ ဟွမ်မောက်၏ပြိုင်ကားအနီက အထင်ရှားဆုံးပင်။

ထိုအဖြစ်အပျက်က ချက်ချင်းဆိုသလို ဝက်ဝက်ကွဲသွားလေ၏။

နောက်တစ်ယောက်က ထိုဗီဒီယိုထဲမှကျောင်းသားသည် ဒဏ်ရာများရခဲ့သော်လည်း သူဌေးသားများက ကျောင်းကိုဖိအားပေး၍ ထိုကိစ္စကို အတင်းအဓမ္မဖုံးကွယ်ခိုင်းခဲ့သည်ဟု ဖော်ထုတ်လာခဲ့သည်။

ထိုကဲ့သို့ကိစ္စမျိုးက လုံးဝမယုံကြည်နိုင်စရာပင်။

အင်တာနက်သုံးစွဲသူများက ဟွမ်မောက်နှင့် ဗီဒီယိုထဲမှာပါဝင်သော အခြားကားများကို အပြင်းအထန်ဆဲဆိုခဲ့ကြသည်။

၎င်းတို့က ပါဝင်ပတ်သက်နေသောကျောင်း၏ တရားဝင် Weibo အကောင့်ကိုပါ တိုက်ရိုက်တိုက်ခိုက်ခဲ့ကြသည်။

လုရန်က ခဏလောက်ကြည့်နေပြီးနောက် ဖုန်းကိုပြန်သိမ်းလိုက်ပြီး လှောင်အိမ်ထဲမှ IV drip သွင်းနေသော သာ့ဟွမ်ကို ကြည့်လိုက်၏။

သူက လှောင်အိမ်ကိုဖွင့်ကာ သာ့ဟွမ်၏ဦးခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"ကောင်းကောင်း အနားယူလိုက်နော်။ ပါပါး နောက်ရက်ကျ လာကြည့်လိုက်မယ်။"

သာ့ဟွမ်ကိုနှုတ်ဆက်ပြီးနောက် လုရန်က တိရစ္ဆာန်ဆေးရုံကနေ ထွက်လာခဲ့လိုက်သည်။

သူက လမ်းမှာ ခဏရပ်လိုက်ပြီး မဆိုင်းမတွဘဲ ကားတစ်စီးငှား၍ ရှန်မိသားစုဆီသို့ တန်းတန်းမတ်မတ်ပြန်သွားခဲ့၏။

သူထွက်သွားပြီး သိပ်မကြာခင် ရှည်လျားသော စီးပွားရေးသုံးဗင်ကားက တိရစ္ဆာန်ဆေးရုံ၏ဂိတ်တံခါးကနေ နောက်တစ်ကြိမ်ဖြတ်သွားပြီး ချောမွေ့စွာရပ်တန့်လိုက်လေသည်။

ကားက လမ်းဘေး၌ ရပ်မြဲတိုင်းရပ်နေခဲ့ပြီး ကားပေါ်ကနေ မည်သူမှဆင်းမလာခဲ့ပေ။

ခဏအကြာတွင် အနောက်ခန်းမှ ကန့်လန့်ကာဖြင့်ခြားထားသောနေရာကနေ သြရှပြီး နက်ရှိုင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ထားလိုက်တော့။"

စကားသံဆုံးသွားသည်နှင့် ကားကို တစ်ဖန်စက်နှိုးကာ စတင်မောင်းနှင်သွားတော့သည်။

လုရန်တစ်ယောက် ရှန်မိသားစုဗီလာသို့ အမြန်ပြန်ရောက်လာခဲ့သည်။

ယုတ္တိကျကျပြောရလျှင်သူ သူ သာ့ဟွမ်နှင့်အတူ ရှန်မိသားစုဗီလာကနေ တိုက်ရိုက်ထွက်သွားသင့်ပေ၏။

သို့သော် အတိတ်ဘဝ၏ကိစ္စရပ်များက သူထွက်သွားသည့်လမ်းကိုတောင် ကံကြမ္မာက ပိတ်ဆို့ခဲ့ကြောင်း ပြသနေခဲ့သည်။

ပြီးတော့ သူက ဘာဖြစ်လို့ ထွက်သွားရမှာလဲ။

လုရန်က ဧည့်ခန်းထဲသို့ တရွေ့ရွေ့ဝင်သွားပြီးနောက် ဗီလာ၌ မည်သူမှမရှိကြောင်း တွေ့လိုက်ရသည်။

လက်ရှိ ရှန်မိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်သည့် သူ့အဖေ ရှန်ဟုန်ယွမ်က အလုပ်ခရီးထွက်နေ၏။

နောက်မျိုးဆက်၏အမွေဆက်ခံသူ သူ့အစ်ကိုကြီးရှန်ရှင်းယွီက နိုင်ငံခြားစီမံကိန်းတစ်ခုနှင့် အလုပ်ရှုပ်နေသည်။ အစ်ကိုလတ် ရှန်ရှင်းကျိုးကမူ မိသားစုနှင့် ဆက်ဆံရေးသိပ်မကောင်းဘဲ အချိန်အများစု၌ အပြင်မှာပဲနေတတ်၏။

ဤအခိုက်အတန့်၌ လုရန်က မဒမ်ရှန်နှင့် ရှန်ရှင်းရန်တို့ မည်သည့်နေရာကိုရောက်နေကြောင်း စဥ်းစားစရာမလိုပေ။

ရှန်မိသားစုဝင်များ ရှန်ရှင်းရန်ကိုကာကွယ်ပေးသည့် အတိုင်းအတာအရ သူလမ်းလျှောက်ရင်း ခွေးခြေခုံလေးနှင့်ဝင်တိုက်မိလျှင်တောင် ဆေးရုံကို ကမန်းကတန်းသွားပြီး စစ်ဆေးလိမ့်မည်သာ။

ယခု သူက ဘယ်ပြန်ညာပြန် ပါးနှစ်ချက်အချခံလိုက်ရသဖြင့် ၎င်းတို့က စိတ်ပူနေပြီး သူ့ကို တစ်ကိုယ်လုံးစစ်ဆေးမှုပြုလုပ်ပေးနေလောက်သည်။

ဦးနှောက်ကိုစစ်ဆေးခြင်းကလည်း ဆိုးဝါးသည့်အကြံတော့မဟုတ်။ အကယ်၍ ရောဂါတစ်ခုခုရှိနေပါက စောစောစီးစီး ကုသလို့ရနိုင်၏။

လုရန်က တိတ်ဆိတ်ငြိမ်သက်မှုကို သဘောကျသည်။

သူက သူ့အခန်းထဲ တန်းဝင်သွားလိုက်ပြီး ပေါ့ပေါ့ပါးပါး ရေချိုးသန့်စင်ကာ အိပ်ရာလိုက်တော့သည်။

နောက်တစ်နေ့မနက်၌ လုရန် အိပ်ရာထလာပြီးနောက် ထမင်းစားခန်းဆီသို့ လျှောက်သွားလိုက်သည်။

အိမ်မှအဒေါ်ကြီးက မနက်စာပြင်ဆင်ပေးထားသည်။

လုရန်မှာ မနက်ခင်းအတန်းချိန်များရှိသဖြင့် ပုံမှန်ဆို အိမ်ကနေ စောစောထွက်လေ့ရှိ၏။ သူ ထသည့်အချိန်၌ အခြားရှန်မိသားစုဝင်များက အိပ်နေကြဆဲပင်။

သို့သော် အချိန်မရလျှင်တောင် သူက လူတိုင်းနိုးလာသည်အထိ စိတ်ရှည်စွာစောင့်ဆိုင်းပြီးမှ သူ၏တူကို ကိုင်ရဲခဲ့၏။

သို့သော်လည်း ရှန်မိသားစုဝင်များကတော့ သူ့ကို ဘယ်တော့မှမစောင့်ဘဲ အရင်စားတတ်ကြပေသည်။

ယနေ့တော့ လုရန်တစ်ယောက် ချရေးထားခြင်းမရှိသော စည်းမျဉ်းဟောင်းများကို ဂရုမစိုက်တော့ပေ။ အဒေါ်ကြီး၏ မနှစ်မြို့သောအကြည့်များအောက်မှာ သူက ပေါင်းအိုးကိုဖွင့်လိုက်ပြီး ပေါက်စီတစ်လုံးကိုယူကာ စားလိုက်လေသည်။

ထို့နောက် သူ့ဘာသာသူ ဆန်ပြုတ်တစ်ပန်းကန်ကိုလည်း ခပ်ယူလိုက်၏။

သိပ်မကြာခင် အပေါ်ထပ်ကနေ လှုပ်လှုပ်ရှားရှားအသံများ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။

မဒမ်ရှန် ဆင်းလာခြင်းဖြစ်၏။

လုရန်က တစ်ချက်မော့ကြည့်လိုက်သည်။

မဒမ်ရှန်က စိတ်တည်ငြိမ်နေပုံပင်။

သူ(မ)က အေးအေးလူလူလျှောက်လာပြီး စားပွဲမှာဝင်ထိုင်လိုက်၏။

စားပွဲပေါ်မှမနက်စာများကို တစ်စုံတစ်ယောက်ကထိထားကြောင်း တွေ့လိုက်ရသောအခါ မဒမ်ရှန်က လုရန်ကို မော့ကြည့်လာခဲ့သည်။

သူ(မ)၏မျက်လုံးများထဲမှာ မနှစ််မြို့မှုများဖြတ်ပြေးသွားသော်လည်း အမြန်ထိန်းချုပ်လိုက်လေ၏။

သူ(မ)က တူကိုကောက်ယူကာ စွပ်စွဲသောလေသံနှင့် ပြောလာခဲ့သည်။

"ရန်ရန်က ဒီနေ့ ခွင့်ယူထားတယ်။ သူက သူ့အခန်းထဲကနေတောင် ထွက်မလာချင်ရှာဘူး။"

လုရန်က နားမလည်ဟန်ဆောင်ကာ မှင်သေသေမျက်နှာထားဖြင့် မေးလိုက်သည်။

"သူက ဘာဖြစ်လို့ အပြင်ထွက်မလာရတာလဲ။ လူတွေနဲ့မျက်နှာချင်းဆိုင်ဖို့ ရှက်နေလို့လား။"

မဒမ်ရှန်မှာ ဆက်ပြီးမချုပ်ထိန်းနိုင်တော့ပေ။

"မင်းညီလေးကို အဲ့လိုမျိုးရိုက်နှက်ခဲ့တာတောင် ဘယ်လိုလုပ်ပြီး မနက်စာစားဖို့ ဆင်းလာရဲသေးတာလဲ! ဘာလို့ ဒီလောက်ထိတောင် အရှက်မရှိရတာလဲ။"

လုရန်က မဒမ်ရှန်၏စကားကို တိတ်တဆိတ်နားထောင်ရင်း ရုတ်တရက် ရယ်မောလိုက်လေသည်။

နှိမ့်ချတတ်သောမဒမ်ရှန်က ဆူဆဲသည့်စကားများပြောရာ၌ သိပ်မတော်ကြောင်း ရှင်းလင်းနေ၏။

သို့သော် သူ့အမေရင်းဆီကနေ အရှက်မရှိဘူးဟု အပြောခံရသည်ကလည်း တော်တော်လေးထူးဆန်းသည့်အတွေ့အကြုံတစ်မျိုးပင်။

အတိတ်ဘဝတုန်းက ပထမဆုံးကြားရချိန်မှာ လုရန်တစ်ယောက် အလွန်ထိတ်လန့်သွားပြီး သူ့ကိုယ်သူ သံသယဝင်ခဲ့မိသည်။ သူက ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ကာ စကားတောင် များများစားစားမပြောရဲခဲ့ပေ။

ဤဘဝမှာတော့…

လုရန်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်၏။

"အာ၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။"

သူက ပြောရင်းဆိုရင်း မဒမ်ရှန်လက်လှမ်းနေသည့် ကဏန်းအနှစ်ပေါက်စီတောင်းကို ယူလိုက်ပြီး သူ့ပန်းကန်ထဲ အကုန်သွန်ထည့်လိုက်လေသည်။

"ဆင်းဆင်းရဲရဲနဲ့ ကြီးလာတဲ့သူတွေက စားကောင်းသောက်ကောင်းတွေ ဘာမှမစားဖူးဘူးလေ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး၊ မဒမ်။"

လုရန်က လှောင်ပြုံးတစ်ခုနှင့် ပြောလိုက်သည််။

လေတွေကိုပဲ ညှပ်မိသွားတဲ့ မဒမ်ရှန်: "..."

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment