အပိုင်း (၅) - ထမင်းစားပွဲ
『ဘာမှမစားကြနဲ့။』
[Trigger warning: ရွံစရာအရာများပါတဲ့အတွက် စားသောက်နေရင်း မဖတ်ကြပါနဲ့။]
"ဂျွတ်၊ ဂျွတ်၊ ခွပ်၊ ခွပ်။"
သာ့ဟွမ် ကြက်ရိုးကိုက်သံက ထမင်းစားခန်းထဲ ပဲ့တင်ထပ်သွားခဲ့သည်။
ထမင်းစားပွဲရှိ တင်းမာနေသောအခြေအနေကို သာ့ဟွမ်က နားမလည်ဘဲ သူ၏အစာကိုသာ အာရုံစိုက်နေခဲ့သည်။ သူ့သခင်က သူ့ကို စားခွင့်ပေးထားရာ သူက ပျော်ရွှင်စွာလွေးနေတော့သည်။
ခွေးလေးက သူ၏အစာကို မြိန်ရေယှက်ရေစားနေပြီး သူ၏နှုတ်သီးဖြင့် ပန်းကန်ကိုထိလိုက်တိုင်း ချလွင်ချလွမ်ဖြင့် မြည်နေခဲ့သည်။
စားပွဲရှိ အခြားသူများကတော့ တိတ်ဆိတ်နေလေ၏။
လုရန်၏လှုပ်ရှားမှုများက အလွန်လျင်မြန်ပြီး အလွန်ရဲတင်းသဖြင့် လူတိုင်း မှင်တက်နေခဲ့ကြသည်။ သာ့ဟွမ် ကြက်ပေါင်ကို တစ်ဝက်လောက်ကုန်သည်အထိ မည်သူကမှ အခြေအနေကို နားမလည်ခဲ့ကြပေ။
ကြက်ပေါင်ကိုယူနေသည့် မဒမ်ရှန်၏တူက လေထုထဲ ရပ်တန့်နေခဲ့သည်။ အစားအသောက်များ လှမ်းယူနေသော ရှန်ရှင်းရန်ကလည်း ရပ်တန့်ကာ ကြောင်အမ်းနေသည်။
လုရန် သာ့ဟွမ်၏ပါးစပ်ထဲကနေ ကြက်ရိုးကိုဆွဲထုတ်ကာ စကားပြောလိုက်တော့မှ ထိုတိတ်ဆိတ်မှုက ပြိုကွဲသွားခဲ့လေ၏။
"ဟေး၊ ချက်ပြုတ်ထားတဲ့အရိုးတွေက ခွေးတွေအတွက် စားလို့မသင့်ဘူး။"
"အား!"
မဒမ်ရှန်က အသံစူးစူးနှင့် အော်လိုက်၏။
သူ(မ)က ဂရုတစိုက်ထိန်းသိမ်းထားခဲ့သော ကျင့်ဝတ်များကို လုံးဝမေ့သွားတော့သည်။ သူ(မ)၏တူက ဂရုတစိုက်စားနေသော လုရန်နှင့် သူ့ဘေးမှာ အစာစားနေသည့်သာ့ဟွမ်တို့ကြား ကူးလူးနေခဲ့သည်။
"နင်—နင် ခွေးကို စားပွဲမှာ ထိုင်ခိုင်းရဲတယ်? ပြီးတော့ ရန်ရန်ရဲ့ကြက်ပေါင်ကိုလည်း လုစားတယ်?!"
သူ(မ)ပြောနေစဥ် လုရန်က နောက်ထပ်ကြက်ပေါင်တစ်ချောင်းကိုယူကာ သာ့ဟွမ်၏ပန်းကန်ထဲ ထည့်ပေးခဲ့လေ၏။
ရှန်ရှင်းရန်လည်း လုရန်၏လုပ်ရပ်ကြောင့် မှင်တက်နေခဲ့မိသည်။
သို့သော် သူက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သာ့ဟွမ်ကို ကြောက်ဟန်ဆောင်ကာ သူ့တစ်ကိုယ်လုံးက ထိုင်ခုံနှင့်ကြမ်းပြင်၏ ကျယ်လောင်သောပွတ်တိုက်သံအတူ အနောက်သို့ ဆုတ်သွားခဲ့သည်။
လုရန်၏ရိုက်ချက်နှစ်ချက်ကြောင့် အံ့အားသင့်ရုံမှလွဲ၍ တကယ်တမ်း သူ့ရင်ထဲမှာ ပျော်ရွှင်နေခဲ့သည်။
လုရန်သာ ထိုသို့ဆက်လုပ်နေလျှင် ရှန်ဇနီးမောင်နှံက လုရန်ကို လက်ခံမည်မဟုတ်ပေ။ ယင်းမှာ ရှန်ရှင်းရန်အနေနှင့် ရှန်အိမ်တော်၌ နေရာပျောက်မည်ကို စိုးရိမ်စရာမလိုတော့ချေ။
သူပျော်ရွှင်မိသော်လည်း ရှန်ရှင်းရန်၌ ထိန်းချုပ်လို့မရသော မကျေနပ်မှုများ ရှိနေသေးသည်။ အဘယ့်ကြောင့်ဆိုသော်... ပါးချခံရသည်က အမှန်တကယ် နာကျင်သောကြောင့်ပင်။
သူ နောက်ဆုတ်လိုက်သောအခါ ထိုင်ခုံက ကြမ်းပြင်ပေါ်ပွတ်ဆွဲသွားသည့်အတွက် နားကွဲမတတ်အသံစူးစူးများ ထွက်ပေါ်လာ၏။
ပုံမှန်အားဖြင့် ထိုအသံမျိုးက မဒမ်ရှန်နှင့် ရှန်ဟုန်ယွမ်တို့၏အာရုံကို ချက်ချင်းဆွဲဆောင်မည်ဖြစ်သော်လည်း မည်သူကမှ သူ့ကိုမေးမလာခဲ့ပေ။
ရှုပ်ထွေးသွားသော ရှန်ရှင်းရန်က မော့ကြည့်လိုက်ရာ မဒမ်ရှန်က ဒေါသထွက်လွန်းလို့ မူးလဲတော့မတတ်ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
အခြားတစ်ဖက်တွင် ရှန်ဟုန်ယွမ်က သူ၏တူကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသဖြင့် လက်များတောင် တုန်ယင်လာပြီး လုရန်ကို စူးစူးရဲရဲကြည့်နေခဲ့သည်။
ရှန်ဟုန်ယွမ်နှင့် မဒမ်ရှန်တို့က ဒေါသထွက်နေကြသော်လည်း ၎င်းတို့၏အာရုံစိုက်မှုက လုရန်ပေါ်မှာသာရှိနေကြ၏။
ရှန်ရှင်းရန် စိတ်ပျက်သွားပြီး ရှန်ရှင်းကျိုးကို လှမ်းကြည့်လိုက်သည်။
ရှန်ရှင်းကျိုးက လုရန်ကိုကြည့်မနေသော်လည်း ပန်းကန်လျက်နေသော သာ့ဟွမ်ကိုစိုက်ကြည့်ရင်း အတွေးထဲနစ်မျောနေ၏။
ရှန်ရှင်းရန်မှာ ရွေးချယ်စရာမရှိဘဲ စကားပြောလိုက်ရသည်။
"ဖေဖေ၊ မေမေ၊ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့!"
သူက တစ်စုံတစ်ခုပြောချင်နေသကဲ့သို့ လုရန်ကိုကြည့်လိုက်သော်လည်း ကြောက်ရွံစွာဖြင့် ခေါင်းငုံ့ကာ သူ၏ပါးပြင်ကို အုပ်လိုက်သည်။
"ခွေးလေးက.. ချစ်စရာကောင်းပါတယ်..."
ခွေးကို ချစ်စရာကောင်းသည်ဟုခေါ်နေသော်လည်း ခွေးကိုက်ရာက သူ့လက်ပေါ်မှာ ထင်းနေဆဲပင်။
"လုရန်! မင်း ဘာလုပ်နေတာလဲ။ ခွေးကို ဒီနေရာကနေ ခေါ်ထုတ်သွားစမ်း!"
ရှန်ဟုန်ယွမ်က စားပွဲကိုရိုက်ချကာ အော်လိုက်သည်။
မဒမ်ရှန်က ရှန်ရှင်းရန်ကို နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။
"မြန်မြန်ခေါ်သွားစမ်း! ရန်ရန်ကြောက်နေတာ မမြင်ဘူးလား။ ရန်ရန်၊ မကြောက်နဲ့နော်၊ အဲ့ဒါ ခွေးတစ်ကောင်ပဲလေ..."
ရှန်ရှင်းရန်က ပြောလိုက်၏။
"ကိုကိုက... ကိုကိုက ဒီခွေးကို အရမ်းသဘောကျလို့ဖြစ်မယ်။"
"ဂျွတ် ဂျွတ်။"
လုရန်နှင့် သာ့ဟွမ်က စားပွဲရှိ ဆူဆူပူပူဖြစ်နေသည်တို့ကို လုံးဝနားမထောင်ဘဲ ၎င်းတို့၏အစားအသောက်များကို စားသုံးနေကြ၏။
ရှန်အိမ်တော်က ဈေးကြီးပေးငှားထားသော စားဖိုမှူး၏လက်ရာက အလွန်ကောင်းပြီး ကျောင်းကန်တင်းမှာ စားရသောအရသာမျိုးမဟုတ်ပေ။ ထို့ပြင် ရှန်ရှင်းရန်၏မျက်နှာက 'အပြင်းအထန်ဒဏ်ရာ' ရထားသောကြောင့် မဒမ်ရှန်က ချက်ပြုတ်သောအခါ ဆီလျှော့၊ ဆားလျှော့ဖို့ မီးဖိုချောင်ကို အထူးမှာထားကြားထားလေ၏။
ဟင်းလျာအများစုက သာ့ဟွမ်စားဖို့ အဆင်ပြေပေသည်။
"မင်းက စားရဲသေးတယ်?!"
"လုရန်၊ မင်း စိတ်လွတ်သွားပြီလား! ပထမဆုံး မင်းမွေးထားတဲ့ခွေးက မင်းရဲ့ညီကို ကိုက်တယ်၊ ပြီးတော့ မင်းရဲ့ညီကို နှစ်ချက်ရိုက်တယ်၊ အခုကျ မင်းရဲ့ခွေးကို စားပွဲပေါ် ခေါ်လာရဲတယ်။ မင်း ငါ့ကို ဒီရှန်အိမ်တော်ရဲ့ အကြီးအကဲအဖြစ် ဘေးစားမှုရှိသေးရဲ့လား!"
ရှန်ဟုန်ယွမ်က လုရန်၏သဘောထားကြောင့် အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။
သက်လတ်ပိုင်းအရွယ် ရှန်ဟုန်ယွမ်က ထမင်းစားပွဲမှာ ဒေါသထွက်ခြင်းနှင့် အသားကျနေပြီဖြစ်၏။ သားသုံးယောက်၏တုံ့ပြန်မှုက မတူညီသော်လည်း အနည်းနှင့်အများ တုံ့ပြန်ကြသေးသည်။ သို့သော် လုရန်ကတော့ သူ့ကို လုံးဝလျစ်လျူရှုထားသည့်အတွက် ပိုလို့တောင် ဒေါသထွက်ခဲ့ရသည်။
လုရန်က ဆယ်လ်မွန်ငါးအတုံးလိုက်ကို ညှပ်ယူလိုက်၏။ သူ့မျက်စိထဲမှာ ရှန်အိမ်တော်၏အကြီးအကဲက ဘာမှမဟုတ်ကြောင်း သူ၏လုပ်ရပ်နှင့် သက်သေပြလိုက်သည်။
"မင်း ရှန်အိမ်တော်ကိုပြန်လာတာနဲ့ လိုချင်တာမှန်သမျှ ရလိမ့်မယ်လို့ ထင်နေတာလား။"
"မင်းညီကို ကြည့်လိုက်၊ ပြီးတော့ မင်းကိုယ်မင်း ပြန်ကြည့်စမ်း! မင်းက ဘာလဲ၊ မိသားစုကိုဒုက္ခပေးတာကလွဲလို့ တခြား ဘာလုပ်နိုင်သေးလဲ။"
"ပြီးတော့ မင်းသင်ယူနေတာက ဘာတဲ့၊ တိရစ္ဆာန်ဆေးပညာ၊ ဟုတ်လား။ ငါ၊ ရှန်ဟုန်ယွမ်ရဲ့သားက တိရစ္ဆာန်ဆရာဝန်လို့ တခြားလူတွေကို ပြောရမှာလား။"
သို့သော် လုရန်က ရှန်ဟုန်ယွမ်၏ဆဲဆိုမှုများကို လျစ်လျူရှူကာ ခေါင်းငုံ့ပြီး ဆက်စားနေဆဲပင်။
သာ့ဟွမ်က သူ့သခင်ကို တစ်ဖက်လူကဆဲနေမှန်း သိလိုက်ဟန်တူ၏။ ပန်းကန်ထဲကအသားကိုတောင် မစားတော့ဘဲ သူ၏အနက်ရောင်ပဲစေ့မျက်လုံးများနှင့် လုရန်ကို စိုးရိမ်တကြီး မော့ကြည့်နေခဲ့သည်။
ရှန်ဟုန်ယွမ်ပြောသမျှက သူ့ရင်ထဲမှလာသည့်စကားလုံးများဖြစ်သည်။ အငယ်ဆုံးသားလေး ပျောက်ဆုံးသွားသည့်ဝေဒနာက ကြာခဲ့ပြီဖြစ်ရာ လွင့်ပျောက်သွားခဲ့လေပြီ။ လုရန်ကို ရှာတွေ့ပြီဖြစ်ကြောင်း သတင်းကြားရချိန်မှာ သူ၏ပထမဆုံးတုံ့ပြန်မှုက ဒုက္ခဟုတွေးမြင်ခြင်းပင်။
လုရန်က အောင်မြင်နေသူဖြစ်လျှင် တော်သေး၏။ မအောင်မြင်လျှင် ရှန်အိမ်တော်၏ဂုဏ်သတင်းကို ထိခိုက်စေပေလိမ့်မည်။ ယခု စုပုံနေခဲ့သော သူ၏စိတ်ပျက်မှုများအားလုံး ထွက်ကျလာခဲ့လေသည်။
"မင်းက ယွမ်သန်းတစ်ထောင် တောင်းရဲသေးတယ်? အဲ့ဒီအချိန်တုန်းက မင်းပျောက်သွားတာ ဘယ်သူ့အပြစ်လို့ထင်နေတာလဲ၊ မင်းဘာသာမင်း လျှောက်သွားလို့ပဲ မဟုတ်ဘူးလား။ မင်းက ဘာကောင်မှမဟုတ်ဘဲ မွေးကတည်းက မိသားစုကိုဒုက္ခပေးတတ်တာပဲ!"
"မိဘမဲ့ဂေဟာက လုမျိုးရိုးကျောင်းအုပ်က ဒီလိုပဲ သင်ပေးခဲ့တာလား။ မနှစ်က ရောဂါနဲ့သေသွားတာ အံ့သြစရာမရှိတော့ဘူး၊ ဒါ ဝဋ်လည်တာပဲ!"
ထိုစကားကိုကြားလိုက်ရသောအခါ လုရန်၏လှုပ်ရှားမှုများက ရပ်တန့်သွားခဲ့သည်။
သူက သာ့ဟွမ်၏ခေါင်းကို အသာအယာဖိချလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
"မြန်မြန်စား။"
အစပိုင်းမှာ စားပွဲရှိလူများက ရှန်ဟုန်ယွမ် လုရန်ကိုဆဲဆိုကြိမ်းမောင်းနေသည်အား နားထောင်နေခဲ့ကြသည်။
လုရန် တစ်ယောက်တည်းကသာ စားသောက်နေခဲ့၏။
သို့သော် လုရန်က အားပါးတရကိုစားသောက်နေခဲ့ခြင်းဖြစ်ပြီး လူတစ်ယောက်နှင့် ခွေးတစ်ကောင်က အစားအသောက်ရှိုးတစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။
၎င်းတို့ကိုကြည့်နေရင်း မည်သူ့ဗိုက်ကမှန်းမသိသော်လည်း 'ဂွီခနဲ' အသံထွက်ပေါ်လာခဲ့သည်။
မဒမ်ရှန်တစ်ယောက် ကြည့်မနေနိုင်တော့ဘဲ ရှန်ဟုန်ယွမ်ကိုဆွဲကာ ရပ်ရန်အချက်ပြလိုက်သည်။
စားသောက်ခြင်းက ပို၍အရေးကြီးပေ၏။
ရှန်ဟုန်ယွမ်က ဆူပူနေသော်လည်း ဗိုက်ဆာနေခဲ့သည်။ သူက သူ့တူကိုကောက်ယူရန်ပြင်လိုက်ချိန် လုရန်က ရုတ်တရက် လေချဥ်တက်လိုက်ပြီး တစ်ရှူးတစ်ခုဆွဲထုတ်၍ သူ့ပါးစပ်ကိုသုတ်လိုက်သည်။
သူက အစားအသောက်များကို မထိရသေးသည့် စားပွဲရှိလူများကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြုံးလိုက်သည်။
"ခင်ဗျားတို့ မစားချင်ရင်လည်း မစားကြနဲ့လေ။"
စားသောက်ရန်ပြင်နေသော ရှန်မိသားစုဝင်များက ကြောင်အမ်းသွားကြလေ၏။
ထို့နောက် လုရန်က သာ့ဟွမ်ဘက်လှည့်ကာ ပြောလိုက်သည်။
"သာ့ဟွမ်၊ ထိန်းမထားနဲ့၊ လုပ် အီးပါချင်ပါလိုက်တော့။"
နောက်ဆုံးဝါကျ ထွက်ကျလာချိန်၌ စားပွဲရှိလူတိုင်းမှာ နားကြားမှားသည်ဟု ထင်လိုက်ကြသည်။ သာ့ဟွမ်တောင် တစ်စက္ကန့်လောက် ကြောင်အမ်းသွား၏။
သူက အနည်းငယ်အားနာနေဟန်တူပြီး လုရန်ကို အတည်ပြုချက်တောင်းနေသကဲ့သို့ လှည့်ကြည့်ကာ တစ်ချက်ဟောင်လိုက်၏။
လုရန်က ရိုးရိုးရှင်းရှင်း ဖြေပေးလိုက်သည်။
"ပါလိုက်တော့။"
သာ့ဟွမ်က ခုံပေါ်မှာ စိတ်လှုပ်ရှားစွာ လှည့်ပတ်နေပြီး နောက်ဆုံး၌ ထိုင်ခုံပေါ်ကနေခုန်ဆင်းကာ ကြမ်းပြင်ပေါ်မှာ ကျန်းမာသောခွေးချီးတစ်ပုံကို စွန့်ထုတ်လိုက်သည်။
နံဟောင်နေသောရနံ့က အခန်းထဲ ပျံ့လွင့်စပြုလာ၏။
တူများကိုင်ထားကြသော ရှန်မိသားစုဝင်များ၏ မျက်နှာများမှာ စိမ်းဖန့်သွားခဲ့သည်။
ရှန်ရှင်းရန်က သူ၏အမူအရာကို မထိန်းချုပ်နိုင်တော့ဘဲ ရွံရှာမှုကြောင့် မျက်နှာကြီးရှုံ့တွလာခဲ့သည်။
"မင်း—မင်း!"
တစ်ချိန်လုံး အော်ဟစ်နေခဲ့သော ရှန်ဟုန်ယွမ်က ယခု နှုတ်ခမ်းများတုန်ယင်လာ၏။
နောက်တစ်စက္ကန့်တွင် လုရန်က တည်ငြိမ်နေသောမျက်နှာဖြင့် ထရပ်လိုက်သည်။
သူက သူ၏အိတ်ကပ်ထဲလက်နှိုက်ကာ ခွေးချီးစွန့်ပစ်အိတ်ကို ဆွဲထုတ်လိုက်ပြီး မဆိုင်းမတွဘဲ ကြမ်းပြင်ပေါ်မှ သာ့ဟွမ်၏ချေးများကို ကျုံးလိုက်သည်။
သို့သော် သူက ထွက်မသွားခဲ့ပေ။
ရှန်တစ်မိသားစုလုံး၏ ထိတ်လန့်ဖွယ် အကြည့်စူးစူးများအောက်မှာ လုရန်က ခွေးချေးအိတ်ကိုကိုင်လျက် ထိုင်ခုံပေါ်နင်း၍ စားပွဲပေါ်တက်လိုက်သည်။
ထို့နောက် လျင်မြန်သောကန်ချက်နှင့်အတူ သူက ဟင်းပွဲများကိုမှောက်ပစ်လိုက်ပြီး ခွေးချေးအိတ်ကို လွှဲယမ်းလိုက်လေ၏။
ထမင်းစားခန်းထဲ ချက်ချင်းဆိုသလို ပရမ်းပတာဖြစ်လာပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
ရှန်ရှင်းရန်က အလိုအလျောက် အော်ဟစ်လိုက်ချင်သော်လည်း အမည်မသိပစ္စည်းတစ်ခုက သူ့မျက်နှာဘေးကနေ ဖြတ်သန်းသွားသောအခါ ချက်ချင်းပါးစပ်ပိတ်လိုက်ရသည်။
ကမောက်ကမများအလယ်မှာ လုရန်က မဒမ်ရှန့်ဆီ ဦးစွာချဥ်းကပ်ခဲ့သည်။
အိတ်ကိုလွှဲယမ်းနေရင်း သူက ရှန်ရှင်းရန်ကိုလက်ညှိုးထိုးကာ မေးမြန်းလိုက်၏။
"သူက စိတ်မကောင်းဖြစ်နေတယ်လို့ ထင်နေတာလား။"
မဒမ်ရှန်တစ်ယောက် လုံးဝအံ့သြထိတ်လန့်နေခဲ့သည်။ သူ(မ)၏မျက်လုံးများက လုရန်လက်ထဲမှအိတ်ပေါ် စွဲကပ်နေပြီး သူ(မ)တစ်ကိုယ်လုံးက ထိုင်ခုံအနောက်ထဲကျုံ့ဝင်ကာ လက်မောင်းနှစ်ဖက်ကို မြင့်မြင့်မြှောက်၍ သူ(မ)၏ဆံချည်မျှင်ကတောင် အဝေးထွက်ပြေးဖို့ အော်ဟစ်နေသလိုပင်။
လုရန်က သူ(မ)၏တုံ့ပြန်မှုကို မကျေနပ်ပေ။ သူက စားပွဲပေါ်ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ(မ)နား တိုးကပ်သွားခဲ့သည်။
"သူက စိတ်မကောင်းဖြစ်နေတယ်လို့ ထင်တယ်ပေါ့? သူစိတ်မကောင်းဖြစ်တာ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။ ခင်ဗျားရဲ့မွေးစားသားအတွက် ခြေသုတ်ဝတ်လိုနေပေးချင်ရင်လည်း ရတယ်၊ ဒါပေမဲ့ ကျွန်တော့်ကိုတော့ ဆွဲမထည့်နဲ့။"
"ဒါမှမဟုတ် ကျွန်တော်က စိတ်မကောင်းမဖြစ်တတ်ဘူးလို့ ထင်နေတာလား၊ ဟမ်?"
မဒမ်ရှန်ကလည်း စကားပြောဖို့ကြောက်ရွံ့နေပြီး လက်နှစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်လိုက်သည်။
"ဟင့်အင်း! မဟုတ်၊ မဟုတ်ဘူး! သားပြောတာမှန်ပါတယ်!"
သူ(မ)အပေါ် ဒေါသပုံချပြီးနောက် လုရန်က သူ့သက်တမ်းတစ်ဝက်လောက်ဆဲရေးနေခဲ့သော ရှန်ဟုန်ယွမ်ကို စူးစိုက်ကြည့်လိုက်သည်။
မျက်နှာထားတင်းတင်းထားရန် ကြိုးစားနေသည့် ရှန်ဟုန်ယွမ်က လုရန်ကိုလက်ညှိုးထိုးကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။ ထိုအခါ လုရန်က သူ့ဆီသို့ ခွေးချီးအိတ်ကို လွှဲယမ်းလိုက်လေ၏!
ရှန်ဟုန်ယွမ်တစ်ယောက် မျက်ဖြူစိုက်သွားပြီး မူးမေ့လုနီးပါးဖြစ်သွားသည်။
သို့သော် လုရန်က ခွင့်မပြုခဲ့ပေ။ ခွေးချီးအိတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားရင်း ရှန်ဟုန်ယွမ်၏မျက်နှာရှေ့ ဝှေ့ယမ်းလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ့ပခုံးကိုဆုပ်ကိုင်ကာ စစ်ဆေးရေးကိုစတင်လိုက်သည်။
"စောစောက ဝဋ်လည်တာလို့ ခင်ဗျား ဘယ်သူ့ကိုပြောနေတာလဲ။ ခင်ဗျားကို ဘယ်သူက ကျောင်းအုပ်ကြီးလုကို စော်ကားခွင့်ပေးလို့လဲ။ ခင်ဗျားပြောဖို့အတွက် ထိုက်တန်လို့လား။"
ရှန်ဟုန်ယွမ်တစ်ယောက် သူ့မျက်နှာရှေ့တည့်တည့်မှ ခွေးချီးများကိုကြည့်ရင်း ပထမတော့ ခေါင်းညိတ်လိုက်၏။ ထို့နောက်မှ သတိပြန်ဝင်လာပြီး ခေါင်းယမ်းပြလိုက်လေသည်။
"ပြောလေ! ခင်ဗျား စောစောက စကားအများကြီးပြောနေခဲ့တာမဟုတ်ဘူးလား။"
လုရန်၏လေသံက မကြမ်းတမ်းသော်လည်း တည်ငြိမ်မှုမရှိပေ။ နက်မှောင်သော သူ၏မျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအိတ်ထဲမှခွေးချီးများနှင့် မျက်နှာကိုကောက်မပေါက်ပါဘူးဟု မည်သူကမှ အာမမခံနိုင်ချေ။
ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရှန်မိသားစု၏အကြီးအကဲ၊ ရှန်ဟုန်ယွမ်တစ်ယောက် သေရေးရှင်ရေးတမျှခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူက အတင်းစေ့ပိတ်ထားသော နှုတ်ခမ်းများကိုဖွင့်ဟကာ အဖြေပေးလိုက်၏။
"မ—မထိုက်တန်ဘူး!"
လုရန်က ဆက်မေးလိုက်၏။
"ခင်ဗျားက ကျွန်တော့်အလုပ်ကိုလည်း အထင်သေးတယ်ပေါ့? တိရစ္ဆာန်ဆရာဝန်က မကောင်းဘူးလား။ နောက်တစ်ခေါက် ထပ်ပြောကြည့်ပါဦး?"
ခွေးချီးအိတ်က ရှန်ဟုန်ယွမ်၏နှာခေါင်းဝနား ရောက်လုနီးပါးဖြစ်နေသည်။
ရှန်ဟုန်ယွမ်တစ်ယောက် မူးဝေနေသည့်အခြေအနေမှာ အနောက်ကိုဆုတ်နေပြီး စီးပွားရေးလောကမှာသုံးသည့် မြှောက်ပင့်ပြောဆိုသည့် အရည်အချင်းကိုတောင် ထုတ်သုံးခဲ့သည်။
"ကောင်းတယ်! ကောင်းတယ်! အဲ့ဒီအလုပ်မှာ... အနာဂတ်ကောင်းတွေရှိတယ်!"
ထိုအခါမှ လုရန်က သူ့ကို လွှတ်ပေးလိုက်လေသည်။
ရှန်ရှင်းရန်က ထရပ်ပြီး ပြေးဖို့ပြင်နေသည့်အခြေအနေမှာ လုရန်က သူ့ဆံပင်ကိုဆွဲပြီး ပြန်ခေါ်လိုက်လေသည်။
"ပြေးမယ်? မင်းက သားလိမ္မာလေးမဟုတ်ဘူးလား။ မင်းမိဘတွေ ခွေးချီးနဲ့ခြိမ်းခြောက်ခံနေရတာကို မင်းလည်း အတူတူခံစားပေးရမှာပေါ့၊ ဘာလို့ပြေးတာလဲ။"
ရှန်ရှင်းရန် လုံးဝ မလှုပ်ရှားရဲတော့ပေ။
လုရန်က ခွေးချီးအိတ်ကိုကိုင်ပြီး ခွေးဝါကြီးကို ညွှန်ပြလိုက်၏။
"ငါ မင်းကို နောက်တစ်ခါထပ်မေးမယ်၊ မင်းလက်က ဒဏ်ရာကို ဘယ်သူကိုက်တာလဲ။"
ရှန်ရှင်းရန်က ဆက်ငြင်းချင်နေသေး၏။
လုရန်က သူ့လက်ထဲမှ ခွေးချီးအိတ်၏အပေါက်ကို ပြသလိုက်လေသည်။
ယခုတစ်ကြိမ်မှာတော့ ရှန်ရှင်းရန်က ဟန်ဆောင်နေခြင်း မဟုတ်တော့ဘဲ အမှန်တကယ်ကို ငိုတော့မလိုဖြစ်နေခဲ့သည်။ ထို့နောက် သူ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ရိုးသားစွာအော်ပြောလိုက်၏။
"ကျွန်တော်ပါ! ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကုတ်ထားတာပါ!"
လုရန် ရှန်ရှင်းရန်ကို မေးမြန်းနေစဥ် ရှန်ရှင်းကျိုးက စားပွဲကနေ အနောက်ဆုတ်ပြီးပြီဖြစ်၏။
ညီငယ်လေးကို အမြဲကာကွယ်ပေးနေခဲ့သည့် အစ်ကိုကြီးတစ်ယောက်အနေဖြင့် သူက ရှေ့တက်ကာ သူ့ကိုကာကွယ်ပေးချင်ခဲ့သည်။ သို့သော် လုရန်လက်ထဲမှ ခွေးချီးအိတ်ကိုမြင်လိုက်ရသောအခါ ပထမဆုံးအကြိမ်အဖြစ် စက္ကန့်အနည်းငယ်လောက် တွန့်ဆုတ်သွားခဲ့သည်။
ထိုစက္ကန့်အနည်းငယ်အတွင်း လုရန်က တစ်ဖက်လှည့်ကာ ခွေးချီးအိတ်ကို သူ့ဆီဝှေ့ယမ်းလာ၏။
ဗက်ခနဲအသံနှင့်အတူ ကွဲတော့မလိုဖြစ််နေသည့်ခွေးချီးအိတ်က ရှန်ရှင်းကျိုး၏ စျေးကြီးသောသားရေအင်္ကျီပေါ် ထိမှန်သွားခဲ့သည်။
သားရေအင်္ကျီမှာ ခွေးချီးနံ့များနံသွား၏။
အခန်းထဲမှာ တိတ်ဆိတ်သွားခဲ့သည်။
အခြားရှန််သားစုဝင်သုံးယောက်က အေးခဲစွာရပ်နေကြပြီး ပါးလွှာသည့်ခွေးချီးအိတ်က ဖိအားများကြောင့် တဖြည်းဖြည်းပုံပျက်သွားပုံကို အနှေးအကွက်ဖြင့် ငေးကြည့်နေခဲ့ကြ၏။
ထို့နောက်မှာတော့... ခွေးချီးအိတ်က မခံနိုင်တော့ပေ။
နောက်ဆုံး၌ 'ဗျစ်ခနဲ' အသံထွက်ပေါ်လာခဲ့ပြီး အိတ်ထဲမှခွေးချီးများက နေရာအနှံ့လွင့်စင်သွားတော့သည်။
အနီးဆုံးမှာရပ်နေသော ရှန်ရှင်းရန်တစ်ယောက် သူ့မျက်နှာပေါ် ပူပူနွေးနွေးအစက်များ စင်လာကြောင်း ခံစားလိုက်ရပြီး အလိုအလျောက် မျက်နှာလွှဲလိုက်၏။
သူ့မျက်နှာပေါ်မှာ မည်သည့်အရာများရှိနေကြောင်း နားမလည်သေးခင် ခွေးချီးများက မိုးရွာသွန်းသကဲ့သို့ 'တဗက်ဗက်' နှင့် ပြန့်ကျဲလာခဲ့သည်။
ရှန်မိသားစုမှာ မှင်တက်နေသောအမူအရာများဖြင့် ကိုးရိုးကားရားနိုင်သောတိတ်ဆိတ်မှုထဲ ထိုင်နေခဲ့ကြသည်။
အခိုက်အတန့်တစ်ခုလောက်ထိ ၎င်းတို့ အိပ်မက်မက်နေသည်ဟု ထင်နေခဲ့ကြ၏။ မည်သူကမှ မလှုပ်ရှားခဲ့သလို အော်လည်းမအော်ခဲ့ကြပေ။
နောက်ဆုံးတော့ 'ခွေးချီးမိုး' များ တိတ်သွားချိန်မှာ သာ့ဟွမ်ကိုပွေ့လျက် နံဘေးသို့ လျင်မြန်စွာရှောင်တိမ်းခဲ့သော လုရန်က ရှေ့တက်လာခဲ့သည်။
သူက ရှန်ရှင်းကျိုးထံလျှောက်သွားလိုက်သည်။ ရှန်မိသားစု၏ဒုတိယသားမှာ နေရာမှာတင် ကျောက်ရုပ်တစ်ရုပိလိုရပ်နေခဲ့၏။
လုရန်က သူ့ကို အပြင်းအထန်ကန်ကျောက်လိုက်၏။
"ခင်ဗျားက ထွက်ပြေးနိုင်မယ်ထင်နေတာလား။ ခင်ဗျားက ကျွန်တော့်ခွေးကို သတ်ချင်တယ်ပေါ့? အီးစားလိုက်!"
သူက ရှန်ရှင်းကျိုးကို အကြိမ်များစွာကန်လိုက်သည်။
ရှန်မိသားစုဝင်များ၏ ထိတ်လန့်တကြားအကြည့်များအောက်မှာ လုရန်က ရှန်ရှင်းကျိုး၏သားရေအင်္ကျီပေါ်မှ ခွေးချီးအိတ်ကို ခွာယူလိုက်ပြီး ထမင်းစားပွဲပေါ် အားဖြင့်ရိုက်ချလိုက်သည်။
ရှန်မိသားစုဝင်များအားလုံး ဆတ်ခနဲ တုန်ယင်သွားကြ၏။
လုရန်က သာ့ဟွမ်ကိုပွေ့ထားရင်း ခြေထောက်တစ်ဖက်ကို ထိုင်ခုံပေါ်တင်၍ အော်ပြောလိုက်သည်။
"ဒီနေ့ကစပြီး ဒီအိမ်မှာရှိတဲ့လူတိုင်း ငါနဲ့ ငါ့ခွေးကို ဘယ်သူမှ အသံကျယ်ကျယ်မပြောရဲစေရဘူး!"
***
Aurora Novel Translation Team