no

Font
Theme

ရှောင်ယိသည် ကုဝမ်ကျူ၏ ကုတ်အင်္ကျီကို လျှော်ဖွတ်ပြီး မြစ်ကမ်းဘေးရှိ ကျောက်တုံးအကြီးကြီးပေါ်၌ လှန်းထားပြီးနောက် အလုပ်စရာအလုပ် မရှိတောဘဲ ပျင်းရိနေ၏။

တိုက်ခတ်နေသော မြစ်လေအေးလေးတွေနှင့် ရေသံလေးတွေကို နားထောင်၊ မျက်လုံးမှိတ်ထားရင်း မြစ်ကမ်းခြေရှိ ကျောက်တုံးအကြီးကြီးပေါ်၌ ရှောင်ယိ အေးအေးလူလူ လှဲလျောင်းနေလိုက်သည်။

အရင်တုန်းကတော့ သူ့အကြောင်းသူ တွေးဖို့အချိန်မရှိခဲ့ပဲ ဒီလယ်ယာစိုက်တဲ့ကမ္ဘာနဲ့ လိုက်လျောညီထွေ ဖြစ်လာအောင် လုပ်နေခဲ့ရသည်။ တာ၀န်တွေကို ခက်ခက်ခဲခဲကြိုးစားရင်း မူရင်းကမ္ဘာက ကိစ္စတွေအကြောင်းကို မစဉ်းစားနိုင်ခဲ့ဘူး။ ခု ငါ စိတ်ငြိမ်သွားသည်နှင့် တစ်ပြိုင်နက် မသိစိတ်ထဲကို အတွေးတွေ အများကြီး ၀င်လာခဲ့သည်။

သူ သေသွားပြီ ဖြစ်သည့် သူ၏မိဘတွေ ၊ အဆောင်က ညီအစ်ကိုများနှင့် သူ မကြာခဏအစာကျွေးနေကျ လှေကားအောက်က လမ်းဘေးကြောင်လေးများကို တွေးလိုက်မိသည်။ တခြား မတူညီသောကမ္ဘာမှာ တစ်ယောက်ထဲ ဖြစ်နေရသည့်အတွက် သူ မထိန်းထားနိုင်ပဲ ၀မ်းနည်းမှုနှင့် အထီးကျန်မှုကို ခံစားလိုက်ရသည်။

သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာသည်။

အကြောင်းတစ်ခုကြောင့် ကုဝမ်ကျူ လှည့်ပြန်လာခဲ့သည်။ သူ့အင်္ကျီကို ၀တ်လိုက်ပြီး ရှယိဘေးတွင် ၀င်ထိုင်လိုက်ကာ မြစ်ကို တည့်တည့်စိုက် ကြည့်နေလိုက်သည်။

အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“မင်း မိသားစုအခြေအနေအကြောင်းနဲ့ မင်းအဒေါ်ကို ရှာဖို့အတွက် ဘာလို့အငတ်ခံပြီး ထွက်ပြေးလာလဲဆိုတာကို ကိုယ်တစ်ခါမှ မမေးခဲ့ဘူးပေမဲ့ မင်း အဲ့လိုထပ်ပြီး မနေရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် မင်း ဒီနေရာကို ရှာတွေ့သွားပြီ ဆိုကတည်းက ခုချိန်ကစပြီး ကိုယ်က မင်းသဘောအတိုင်းပဲ အကုန်ဖြစ်စေမှာ”

ရှောင်ယိ မတ်တပ်ထရပ်လိုက်ပြီး နီရဲနေသော မျက်လုံးတွေဖြင့် နှာရှိုက်ရင်း ပြောလိုက်သည်။

“ငါက ဒီတိုင်း မိဘတွေကို သတိရနေရုံပါပဲ”

ကုဝမ်ကျူက သူ့ကို မော့ကြည့်လာသည်ကို မြင်သည့်အခါ ရှောင်ယိ ၀မ်းနည်းစွာဖြင့် ထပ်ပြောလိုက်သည်။

“သူတို့ နှစ်ယောက်လုံးက ဆုံးပါးသွားကြပြီလေ”

“ငါ့မိဘတွေ ရှိနေတဲ့အချိန်တုန်းက ငါ ဘာကိုမှ ပူပန်စရာမလိုခဲ့ဘူး အဲ့ကြောင့် ငါ ဟင်းတောင် မချက်တတ်ခဲ့ဘူး။ ခုတော့ အသုံးမကျတဲ့ လူတစ်ယောက်လိုမျိုး ငါ အရမ်းနောင်တရမိတယ်”

“ငါ သူတို့ကို အရမ်းသတိရတာပဲ။ သူတို့ ငါစိုက်တဲ့ အာလူးတွေကိုတောင် မစားဖူးသွားသေးဘူးလေ။ အရာအားလုံးက မိဘတွေအပေါ်မှာပဲ သက်ဆိုင်တယ်လို့ တွေးခဲ့လောက်တဲ့အထိ ငါက အရမ်းမိုက်မဲခဲ့တာလေ။ သူတို့ မဆုံးခင်တုန်းကဆို ငါ ရှေ့လျှောက် ဘယ်လိုဆက်ပြီး ရှင်သန်ပါ့မလဲဆိုတာကို သူတို့ ပူပင်ပေးခဲ့ကြသေးတာ”

“ခုဆို ငါ လယ်အလုပ်ကို ကြိုးကြိုးစားစား လုပ်နေတယ်ဆိုတာကို သူတို့ကို သိစေချင်တယ်။ ငါ ဘယ်နေရာကိုပဲ ရောက်ရောက် ကောင်းကောင်း ရှင်သန်နိုင်တာမလို့ စိတ်မပူစေချင်ဘူး”

ရှောင်ယိ မျက်နှာပေါ်ရှိ မျက်ရည်တွေကို သုတ်ပြစ်လိုက်ပြီး ခေါင်းလှည့်ကာ အဝေးသို့ကြည့်ရင်း သူ့ကိုယ်သူ မြိုသိပ်မထားပဲ ပြောထွက်လာအောင် ကြိုးစားနေခဲ့သည်။

ကုဝမ်ကျူ ရှောင်ယိကို သနားသည့် မျက်လုံးတွေဖြင့် ကြည့်ရင်း နူးနူးညံ့ညံ့ပြောလိုက်သည်။

“မင်း အလုပ်ကြိုးစားတာကို သူတို့ သိကြမှာပါ”

လေနှင့်အတူ ဖုန်မှုန့်တစ်ချို့ ဖြတ်သန်းတိုက်ခတ်သွား၍ ရှောင်ယိနဖူးပေါ်ရှိ နူးညံ့သည့် ဆံပင်လေးများ လေထဲလွင့်သွားကာ ဆံပင်အနည်းငယ် ထိုးထောင်သွားသည်။ ကုဝမ်ကျူ ရုတ်တရက် လက်လှမ်းကာ ထိုဆံပင်တစ်ချို့ကို သပ်ပေးချင်သွားသည်။ သူ့လက်တွေကိုသာ ဖျစ်ညှစ်ရင်း ခေါင်းကို နောက်လှည့် ပြစ်လိုက်သည်။

ကုဝမ်ကျူ မြစ်အထက်ပိုင်းမှ ငါးကြင်းနှင့် အုပ်စုလိုက်ငါးများ အပါအ၀င် ငါးအကြီးနှင့် အသေးမျိုးစုံကို တစ်ဒါဇင်ထက်မက အများကြီး ဖမ်းမိခဲ့သည်။ သူ ငါးခြင်းတောင်းကို ရှောင်ယိကို ပြလိုက်ရာ ရှောင်ယိသည် ချက်ချင်းပဲ ၀မ်းနည်းနေမှုကို မေ့လျောသွားကာ နှာခေါင်းနီနီလေးဖြင့် ပြန်ရယ်‌မောလာခဲ့သည်။

နောက်ကျနေပြီ ဖြစ်၍ ရှောင်ယိက ငါးခြင်းထောင်းကို သယ်လိုက်ပြီး ကုဝမ်ကျူက ရက်ရက်ရောရော သူ့ကျောကို ပေးလာသဖြင့် ရှယိက ကျောပေါ် တက်လိုက်ကာ အပြန်ခရီး ကို စတင်လိုက်သည်။ မှောင်မဲနေပြီ ဖြစ်၍ မြစ်ကို ဖြတ်သည့်အချိန်၌ မည်သူမှရှိ‌မနေတော့ပေ။

ဒီတစ်ကြိမ်တွင်တော့ ကုဝမ်ကျူသည် ရှောင်ယိကို ကျောပိုးရင်း တည်ငြိမ်သည့် အမူအရာဖြင့် အိမ်သို့ လမ်းလျှောက် ပြန်ခဲ့သည်။

ကုဝမ်ကျူ လတ်ဆတ်ကာ အရသာရှိသည့် ငါးစွပ်ပြုတ်အိုးကို ချက်လိုက်သည်။ ငါးနှစ်ယောက်ဖြစ်သည့်အတွက် တစ်ကောင်ကို သူ့အထဲ ထည့်ပေးပြီး နောက်တစ်ကောင်ကို ကိုယ့်အထဲထည့်ကာ ထိုငါးစွပ်ပြုတ်ကို စားခဲ့ကြသည်။

ရှောင်ယိသည် ငါးစွပ်ပြုတ်ဖြင့် နယ်၍ ထမင်း သုံးပန်းကန်ပင် စားခဲ့သည်။

ကုဝမ်ကျူ ပန်းကန်ဆေးနေသည့် အချိန်တွင် ရှောင်ယိသည် ကုလားထိုင်အနောက်ကိုမှီရင်း ထိုင်နေသည်။ မီးဖိုချောင်ထဲတွင် သွားလာလှုပ်ရှားနေသည့် ကုဝမ်ကျူ၏ ရှည်လျားသော အသွင်အပြင် ၊ အိမ်အလုပ်မျိုးစုံကို အစီအစဉ်တစ်ကျ ပြုလုပ်တတ်သည့် အပြုအမူတို့ကို သူ ထိုင်ပြီး ကြည့်နေခဲ့သည်။

ရှောင်ယိ ဗိုက်ကို ကိုင်ရင်း မေးခွန်းတစ်ခုကို တွေးလိုက်မိပြီး စပ်စပ်စုစုဖြင့် မေးလိုက်သည်။

“အစ်ကိုကျူ မင်းကအရမ်းတော်နေတဲ့ဟာကို ဘာလို့ ခုထိ အိမ်ထောင်မပြုသေးတာလဲ?”

ကုဝမ်ကျူ ပန်းကန်ဆေးနေတာကို ရပ်လိုက်ကာ နောက်လှည့်ပြီး ရှောင်ယိကို ကြည့်လိုက်ရာ ရှောင်ယိသည် သူ့ကို မလည်မ၀ယ်ပုံစံလေးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ခဏလောက် စဉ်းစားပြီးသည့်နောက်တွင် ပြန်ဖြေလိုက်သည်။

“ကိုယ်သဘောကျတဲ့သူကို မတွေ့သေးလို့”

ရှောင်ယိက နားလည်သည့်ပုံဖြင့် ခေါင်းငြိမ့်ပြရင်း

“အစ်ကိုကျူလိုမျိုး ကောင်းတဲ့သူက သေချာပေါက် သဘောကျရတဲ့လူကို ရှာတွေ့မှာပါ”

ထိုအကြောင်းကို ထပ်တွေးပြီးနောက်မှာ သူထပ်ပြောလိုက်သည်။

“ဒါ‌ပေမဲ့ အစ်ကိုကျူ သဘောကျရတဲ့သူကို တွေ့တဲ့အခါကျရင်တော့ ငါ့လိုမျိုး ဖြစ်နေမှရမှာနော် လူတိုင်းကို ကိုယ့်ရဲ့စိတ်သဘောထားအကြောင်းကို နားလည်နိုင်သမျှ နားလည်အောင်လုပ်ရမယ် တခြားသူတွေကို မပူပန်အောင်အရင်ဆုံးတွေးရမယ်နော်”

ရှောင်ယိ ကျောင်းသားအသစ်လေးဖြစ်သည့် အချိန်တုန်းက မစ်တီး၀ယ်နေရင်း ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့သည်။ သူ မြင်မြင်ချင်းကြွေသွားခဲ့ပြီး သူမကို အသည်းအသန်လိုက်ခဲ့သည်။ သူ့အနောက်က ကောင်မလေးသည်လည်း တွေ့ကြည့်ကျဖို့ သဘောတူခဲ့သည်။ ဒါပေမဲ့ တစ်လလောက် စကားပြောကြည့်ပြီးသွားသည့်နောက်တွင်တော့ စိတ်နေသဘောထားချင်း ကွာဟမှုကြောင့် လမ်းခွဲလိုက်ကြပေမဲ့ လူတွေကို လိုက်တဲ့နည်းက အကျိုးသက်ရောက်မှု ရှိကြောင်းကို သက်သေပြလိုက်ခြင်းဖြစ်သည်။

ကုဝမ်ကျူက ပြန်မဖြေပေမဲ့ နှစ်ခါရယ်ကာ အထောက်အကူမဖြစ်သည့်ပုံဖြင့် ခေါင်းခါသည်ကို ရှောင်ယိ မြင်လိုက်ရသည်။

အချိန်တစ်ခုကြာပြီးသည့်နောက်တွင် ရှောင်ယိခြေထောက်များသည် ပြန်ကောင်းလုနီးပါး ဖြစ်လာပြီး အာလူးများသည်လည်း ရင့်မှည့်လာပြီ။ ဒီရက်တွေ အတွင်း၌ သူ လယ်ကွင်းဆီသို့ မကြာခဏ ပြေးသွားနေရပြီး တစ်ရက်အတွင်း၌ပင် အကြိမ်ပေါင်းများစွာ သွားရောက် ကြည့်ရှုနေရသည်။

ဒီမနက်ခင်း၌ သူ တောင်ရိုးတစ်လျှောက် လမ်းလျှောက်နေချိန်တွင် သူ့ခေါင်းထဲတွင် မီးရှူးမီးပန်းများနှင့် ဗျောက်အိုးဖောက်သံများ ပေါ်ထွက်လာပြီး တစ်ချိန်ထဲမှာပဲ ၁၇၉ ၏အသံထွက်ပေါ်လာခဲ့သည်။

“System ကပေးတဲ့ ပထမဆုံးတာ၀န်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် Host”

တာ၀န်အကြောင်းအရာ : ချီရှန်းဂိုဏ်းအား ယုံကြည်သက်၀င်ပြီး ချီရှန်ဂိုဏ်းခေါင်းဆောင်၏ တပည့်တစ်ဦးဖြ စ်လာရန်

ပြီးမြောက်မှု : 1/1

ဆုလာဘ် : တာ၀န်မှ လက်ဆောင်အိတ်အသစ်တစ်ခုအား ချီးမြှင့်ပါသည်။

Host ဆုကို ခုဖွင့်ကြည့်ချင်လား ဒါမှမဟုတ် နောက်မှကြည့်မလား?

ရှောင်ယိ ကြောင်တောင်တောင်ဖြင့် နားထောင်နေရင်း မနေနိုင်ပဲ မေးလိုက်မိသည်။

“ဆုတွေက ဘာတွေလဲ?”

System ကချက်ခြင်းပြန်မပြေပဲ သာမာန်စက်အသံတွေထွက်လာကာ ခဏကြာပြီးသည့်နောက်မှ :

“ခုသိချင်တာ သေချာပါလား?”

ထိုအသံကိုကြားသည့်အချိန်ကတည်းက ဒါသည်မကောင်းတော့မှန်း ရှောင်ယိသိပေမဲ့လည်း သူ သိချင်နေဆဲဖြစ်သည်။

“နားထောင်ကြည့်တာပေါ့ မင်းတို့ System ကမ္ဘာကြီးက ဘယ်လောက်ထိမိုက်လဲ သိချင်မိသား”

“တာ၀န်ဆုလာဘ်ကတော့ အခြေခံအုတ်မြစ် တည်ဆောက်သည့်အရည် ဆယ်ပုလင်းနှင့် လက်ဆောင်အိတ်အသစ်ကတော့ ခြင်ဆီသန့်စင်သည့်ဆေးပြားနဲ့ အဆင့် ၁၀ ထက်နိမ့်တဲ့ ဝိညာဉ်ကျောက်တုံးတွေပဲဖြစ်ပါတယ်”

၁၇၉ ဖတ်ပြလိုက်သည်။

ရှောင်ယိ : ........

“Host ဆုလာဘ်ကို ခုမရယူသေးဘူးဆိုရင် ကျွန်ုပ် System သိုလှောင်ခန်းထဲမှာ သိမ်းဆည်းထားပေးပြီးမှ နောက်အနာဂတ်မှာ အချိန်မရွေးနေရာမရွေး ပြန်လည်ရယူနိုင်ပါတယ်”

၁၇၉ အကြံပေးလိုက်သည်။

ရှောင်ယိ မေးလိုက်သည်။

“System သိုလှောင်ခန်းဆိုတာက ဘာလဲ?”

“System သိုလှောင်ခန်းဆိုတာကတော့ System ရဲ့အဓိကနေရာတစ်ခုဖြစ်ပြီးတော့ Host နဲ့သက်ဆိုင်ပြီး ပစ္စည်းတွေသိမ်းဆည်းထားဖို့အတွက် အသုံးပြုနိုင်တဲ့ System အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်”

၁၇၉ ရှင်းပြလိုက်သည်။

“ဒါဆိုလည်း ငါ့အတွက် သိမ်းထားလိုက်”

ရှောင်ယိ ပြောလိုက်သည်။

ဆုလက်ခံရရှိပြီးသည့်နောက်တွင် ရှောင်ယိ သူ၏အဖိုးတန်အာလူးတွေဆီသို့ သွားခဲ့သည်။ သူ့လက်နှစ်ဖက်ကို ပွတ်လိုက်ပြီး ပေါက်တူးကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ကာ အာလူးအပင်ပေါက်၏ ဘေးနေရာသို့ မှန်းကာ ပင်ပင်ပန်းပန်းတူးဆွလိုက်သည်။ အပင်ပေါက်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ရွှံ့တွေ အများကြီး ပေါ်ထွက်လာပြီး အာလူးပတ်လည်တွေ ရွှံ့တွေက ဖုံးအုပ်နေသည်။ အကြမ်းဖျင်း ခန့်မှန်းကြည့်ရလျှင် ပျုးပင်ပေါက် တစ်ခုစီသည် တစ်ဆယ်ကီလိုဂရမ်လောက်အထိ ကြီးထွားလာသည်။

ရှောင်ယိ ပျော်ရွှင်သွားပြီး ချက်ချင်းပဲ အပင်ပေါက်ကို ပစ်ချခဲ့ကာ အိမ်သို့အမြန်ပြေးသွား၍ ကုဝမ်ကျူကို ပြန်သွားခေါ်ခဲ့သည်။

ကုဝမ်ကျူ မြေကြီးအဆုံးအထိ လှည်းကိုတွန်းသွားလိုက်ပြီး နှစ်ယောက်လုံးလက်တွေကိုခါကာ စတင်တူးဆွခဲ့ကြသည်။ အာလူးတွေသည် အလွန်ကြီးမားကာ ပေါများလွန်းလှသည့်အတွက် မကြာခင်မှာပဲ ရှောင်ယိ နာကျင်လာကာ အပင်ပေါက်ကိုပင် ဆက်ပြီး ဆွဲမနှုတ် နိုင်တော့သောကြောင့် ကုဝမ်ကျူကပဲ ဆက်လုပ်ပြီး သူ့နောက်ကျောပေါ်၌ ဝါးခြင်းများဖြင့် သယ်ဆောင်လိုက်သည်။

ထိုလယ်ကွင်းအသေးထဲရှိ အာလူးများအား တူးဆွပြီးသည့်အချိန်၌ နေ၀င်သွားပြီဖြစ်သည်။ တွန်းလှည်းဖြင့် အာလူးတွေ အကုန်လုံးကို ခွဲခွဲပြီး အိမ်သို့သယ်ခဲ့ရသည်။ ခြံ၀င်းအတွင်း၌ အာလူးတွေ တောင်ပုံယာပုံ တစ်ပုံတစ်ခေါင်းကြီး ပြည့်နေခဲ့သည်။

ညအလင်းရောင်အောက်တွင် နှစ်ယောက်လုံးကို အာလူးတွေကို အလေးချိန်ပြန်ချိန်ကြည့်ရာ 1000 cattie အလေးချိန်ရှိနေသည်။

ရှောင်ယိ အာလူး အလုံးတွေကို ကြည့်ရင်း အရူးလို ပြုံးနေမိသည်။

ကုဝမ်ကျူ အာလူးကို ရိုးရိုးရှင်းရှင်းပဲ ပြုတ်လိုက်သည်။ နူးညံ့သွားသည်အထိ ပြုတ်ပြီးသည့်နောက်တွင် အပြင်ခွံများ အညိုရောင်သန်းသည်အထိ ဆီထဲ၌ ကြော်လိုက်သည်။ ထို့နောက် ဆားအနည်းငယ် ဖြူးလိုက်ပြီး ခေါက်ဆွဲအပေါ်ကို ငရုတ်ကောင်းဖြူးလိုက်သည်။ အာလူးများသည် ဝါ၀င်းကာ လိမ္မော်ရောင်သန်းနေပြီး တစ်ကိုက်ကိုက် ကြည့်ပြီးသည့်နောက်တွင် ချိုမြကာ နူးညံ့နေ၍ သူတို့နှစ်ယောက်လုံး မရပ်မနားစားနေမိကြသည်။

စားသောက်နေရင်း အာလူးခြင်းတွေကို ကြည့်ကာ ကုဝမ်ကျူပြောလိုက်သည်။

“100 cattie လောက်ကို မြေအောက်ခန်းထဲထည့်ထားလိုက်ပြီး ကျန်တာကို မနက်ဖြန်မြို့တက်ပြီးသွားရောင်းကြမယ် မင်းကို မြို့ပေါ်ခေါ်သွားပြီး လျှောက်ပတ်ပြဖို့ အချိန်ကောင်းပဲ”

ရှောင်ယိအမြန်ပဲ ပျော်ပျော်‌ရွှင်ရွှင် သဘောတူလိုက်သည်။

ည၌ အိပ်ရာပေါ်တွင်လှဲနေရင်း ရှောင်ယိ System ကိုရုတ်တရက်ခေါ်လိုက်သည်။

“၁၇၉ ငါက ရွှေလက်ချောင်းပိုင်ရှင်ပါလို့ ငါမပြောခဲ့ဖူးလား? မြေတစ်ကွက်ကနေ သုံးကွက်စာကထွက်တဲ့ ပမာဏကိုတောင် ထုတ်လုပ်နိုင်တယ်”

၁၇၉ သည် ဘာမှပြန်မပြောပေ။

ရှောင်ယိ System၏‘သွားတော့မယ်’လို့ ပြောသလိုမျိုး သေချင်ယောင် ဆောင်တော့မည့်အရိပ်အယောင်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူ ဒေါသထွက်နေသော အမူအရာဖြင့် ရုတ်တရက်ထထိုင်လိုက်သည်။

“မင်းက ငါ့ကို လှည့်စားချင်တာလား?”

၁၇၉ ပြောလိုက်သည်။

“Host မှာ လယ်သုံးဧကလောက် အာလူးတွေကို သိမ်းဖို့အခန်းမရှိဘူးလေ။ ရုတ်တရက် သင့်ဆီမှာ အာလူးတွေ အများကြီးထပ်ရှိလာရင် ဘယ်လိုလုပ်မလဲ ကုဝမ်ကျူကို ဘယ်လို ရှင်းပြမလဲ?”

ရှောင်ယိ ခဏလောက်စဉ်းစားပြီးနောက် တိတ်တခိုးပြုံးလိုက်သည်။

“ငါ့မှာ System သိုလှောင်ခန်းရှိနေတယ် မဟုတ်လား? မင်း ငါ့အတွက် အဲ့သိုလှောင်ခန်းထဲမှာ အရင်သိမ်းထားပေး”

၁၇၉ စိတ်မပါလက်မပါဖြင့် သဘောတူလိုက်ရသည်။

ခဏကြာပြီးသည့်နောက်တွင် ရှောင်ယိ ခေါင်းထဲ၌ System ၏အသံထွက်ပေါ်လာခဲ့သည်။

“Host ရဲ့အာလူးငါးတန်လုံးကို System သိုလှောင်ခန်းထဲမှာ သိမ်းဆည်းထားပြီးပါပြီ”

ရှောင်ယိ လေထဲသို့ လက်ဝါးနှစ်ဖက်ဖြင့် လက်ခုပ်ပုံလုပ်လိုက်ပြီး

“ကျေးဇူးပဲ”

System ၏အသံထပ်ထွက်လာသည်။

“သခင် System ကပေးတဲ့ပထမဆုံးတာ၀န်ကို သင်ပြီးမြောက်သွားပြီဖြစ်ပြီး တာ၀န်‌ဆုလာဘ်ကို ရယူကာ ဆုကိုလည်းလက်ခံပြီးသွားပြီဖြစ်၍ ခု ရှို့ရှန့် System အမှတ်စဉ် ၁၇၉ မှ သင့်အား ဒုတိယမြောက်တာ၀န်ကို ပေးအပ်ပါမည်။”

“တာ၀န်မိတ်ဆက် : အခြေခံအုတ်မြစ်အဆင့်သို့ ရောက်ရှိပြီး ဝိညာဉ်သားရဲကို ရယူပါ။

ပြီးမြောက်မှု : 0/2

ဆုလာဘ် : တာ၀န်မှ အဆောက်အအုံ အုတ်မြစ်ချမှုလက်ဆောင်အိတ်အား ချီးမြှင့်ပါမည်။”

ရှောင်ယိ : .......

“ဒီ တစ်ခေါက်ရဲ့ သက်ဆိုင်တဲ့လယ်ယာစိုက်ပျိုးရေးတာ၀န်က ဘာလဲ?”

ရှောင်ယိ မေးလိုက်သည်။

“ကြက်သွန်နဲ့စမုန်စပါးဆယ်ဧက စိုက်ပျိုးပါ”

၁၇၉ ပြောလိုက်သည်။

“ငါတော့ ရွှေ‌လက်ချောင်းလိုနေပြီ”

ရှောင်ယိ ပြောလိုက်သည်။

System သည် ထိုစကားအား လျစ်လျူရှုရန် လုပ်နေသည့်အချိန်၌ ရှောင်ယိထပ် ပြောလိုက်သည်။

“လျော်ကြေး ၊ တိုင်ကြားချက် နဲ့ အမှတ်သတ်မှတ်ချက်”

System : “တစ်မှတ်”

ရှောင်ယိ : “သဘောတူတယ်”

အာရုဏ်တက်အချိန်၌ ကုဝမ်ကျူသည် မီးဖိုချောင်ထဲ၌ ချက်ပြုတ်နေခဲ့သည်။ ရှောင်ယိ ကိုယ်လက်ဆေးကြောပြီစချိန်တွင် စားပွဲပေါ်၌ ဆန်ပြုတ်ပန်းကန်ကြီးတစ်လုံးနှင့် ပန်ကိတ်ခြင်းအသေးလေးတစ်ခု ခင်းကျင်းထားသည်။

ရှောင်ယိ ပန်ကိတ်တွေအများကြီးကို တောက်လျှောက်စားလိုက်ပြီး ကုဝမ်ကျူစီစဉ်ထားသည့် လှည်းပေါ်သို့ တက်လိုက်သည်။ ကုဝမ်ကျူသည် လှည်းကို ရွာထဲရှိအဘိုးအိုထံမှ ငှားရမ်းထားခြင်းဖြစ်ပြီး ရှောင်ယိ၏ အာလူးများဖြင့် ပြည့်နှက်နေသည်။ ကုဝမ်ကျူ ကြာပွတ်ဖြင့် တစ်ချက်ပြီး တစ်ချက်အသာရိုက်ရင်း လှည်းသည် မြို့ထဲသို့ ဦးတည်သွားနေသည်။

ရွာသည် မြို့နှင့်မိုင်တစ်ဒါဇင်လောက်သာ ကွာဝေးပြီး နေမြင့်သည့်အချိန်၌ လှည်းသည် မြို့ထဲသို့ ၀င်ရောက်လာခဲ့သည်။

ရှောင်ယိ ဒီကမ္ဘာသို့ ရောက်သည့်အချိန်မှစ၍ သူ့မျက်လုံးထဲ၌ တောင်များနှင့် လယ်ကွင်းများသာရှိခဲ့သည်။ ဒါသည် သူ လူတွေအများကြီးကို မြင်တွေ့ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၍ မျက်လုံးထဲ၌ အံ့ဩစရာများပြည့်နှက်နေကာ ဘယ်ကြည့် ညာကြည့် ကြည့်နေမိသည်။ ရှောင်ယိမြင်ကွင်းတွင် မြို့တော်သည် မူရင်းကမ္ဘာကမြို့ထက် အနည်းငယ်သာပိုကြီးပေမဲ့ လမ်းပေါ်တွင် ပျံကျလမ်းဘေးဈေးသည်များအကျယ်ကြီး အော်ဟစ်ဈေးရောင်းကာ သွားလာလှုပ်ရှားနေကြ၍ အလွန်အသက်၀င်နေသည်။

လှည်းသည် လက်ဖက်ရည်ဆိုင်အသေးလေးသို့ မောင်းသွားပြီး ကုဝမ်ကျူ ရှောင်ယိကို ကူတွဲ၍ အောက်ချပေးကာ ပြောလိုက်သည်။

“ကိုယ့်ကို ဒီမှာခဏစောင့်နေနော် လှည်းကိုက စစ်တပ်စခန်းနားထိ မောင်းသွားရမှာ အဲ့နေရာမှာက ကိုယ်နဲ့ ရင်းနှီးတဲ့၀ယ်သူတွေ ရှိတယ်လေ။ ကိုယ်က အသီးအရွက်တွေကို သူ့ဆီပဲ အမြဲတမ်း တိုက်ရိုက် ရောင်းနေကျလေ”

ကုဝမ်ကျူက အမှာစကားတွေ ထပ်ပြီးပြောချင်နေသေးသည်ကို မြင်လိုက်ရ၍ ရှောင်ယိ အမြန် ခေါင်းငြိမ့်ပြရင်း ပြောလိုက်သည်။

“သွားပြီး ကိုယ့်ဘာသာပဲ ရောင်းချည်ပါ။ ဒီမှာပဲ စောင့်နေမယ်လေနော်။ တခြားဘယ်နေရာကိုမှ မသွားပါဘူး”

ကုဝမ်ကျူ လက်ဖက်ရည် ဆိုင်ပိုင်ရှင်ကို စကားတစ်ချို့ ရှင်းပြခဲ့ပြီးသည့်နောက်တွင် ငွေဒင်္ဂါးပြားတစ်ချို့ ချန်ထားခဲ့ကာ လှည်းကို မောင်းထွက်သွားခဲ့သည်။

ရှောင်ယိ အရှေ့တွင် လက်ဖက်ရည် ပန်းကန်လုံးလေး ချထားကာ လက်ဖက်ရည်ဆိုင်၌ ထိုင်ရင်း လှည့်ပတ် ကြည့်လိုက်သည်။

“၁၇၉ ဟိုးနေရာက ကျင်းဖုန့်လို့ ဆိုတဲ့တစ်ခုကို အမြန်ကြည့်ကြည့်လိုက်စမ်း အဲ့ဒါနာမည်ကြီး ပြည့်တန်ဆာအိမ်မလား?”

“Host အဲ့ဒါစားသောက်ဆိုင်ပါ”

“အော်.....ဟိုးနားမှာ ကျီယိ ကျွေးရိ ဆိုတဲ့စားသောက်ဆိုင်လည်းရှိနေတာပဲ အဲ့ဒါလည်း စားသောက်ဆိုင်ပဲဖြစ်ရမယ်”

“Host အဲ့ဒါက စာကြည့်တိုက်ပါ”

“.....သိပြီ ၁၇၉ အနောက်ဘက်က စုန့်ကျူးခန်းမဆိုတဲ့တစ်ခုကို ကြည့်စမ်း ၀င်ပေါက်က ခမ်းနားပြီးတင့်တယ်တယ် အဲ့ဒါက ကျောင်းသားတွေ စာလေ့လာတဲ့ကျောင်းဆောင်ပဲဖြစ်ရမယ်”

“Host အဲ့ဒါက ပြည့်တန်ဆာအိမ်ပါ”

ရှောင်ယိ : ........

ဒီရှေးခတ်လူသားတွေက ဘာဖြစ်ချင်နေကြတာလဲ?

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment