နောက်တစ်နေ့တွင်လည်း ရှယိသည် အပင်စိုက်လေသည်။
သူသည် မြေကြီးကို နှစ်ပိုင်းခွဲကာ တစ်ပိုင်းတွင် စမုန်နက်များကို စိုက်ပြီး နောက်တစ်ပိုင်းတွင် ကြက်သွန်များ စိုက်သည်။ ပြီးနောက် နာရီဝက်အတွင်းတွင် သူသည် သူ့အပိုင်းကို စိုက်ပြီးလေပြီ။ သူ့လက်မှ မြေကြီးများကို ခါထုတ်လိုက်ပြီး နေ့လယ်စာလုပ်ရန် အိမ်ပြန်တော့မည်။ ပြီးလျှင် နေ့လယ်စာအဆင့်သင်ဖြစ်ချိန်၌ ကုဝမ်ကျူထံ သွားပို့ရန် လယ်ကွင်းထဲသို့ သွားလေ၏။
သူ နောက်လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ထံပြေးလာသော ဦးလေးဝမ်ကို အဝေးမှ မြင်လိုက်ရ၏။ သူ့နောက်တွင် ကလေးများတစ်စုလည်း လိုက်ပါလာသေးသည်။ ဦးလေးဝမ်သည် အနီးတွင် ရပ်လိုက်ကာ မောဟိုက်နေပြီး ရှယိကို ပြောလေ၏။
“မင်းမိသားစုဝင် ကု ကုဝမ်ကျူကို အစိုးရက ခေါ်သွားလို့”
ရှယိသည် သူ့ခြေဖဝါးများမှ တက်လာသော ကြက်သီးများကို ခံစားလိုက်ရပြီး အသံကျယ်ဖြင့် မေးမိလေသည်။
“ကုဝမ်ကျူကို အစိုးရက ခေါ်သွားတယ်တဲ့လား။ ဘာလို့လဲ။ ကုဝမ်ကျူဆိုတာ သေချာရဲ့လား ဦးလေးဝမ်။”
ဦးလေးဝမ်သည် မောဟိုက်နေဆဲပင်။ သူ့နောက်မှ ကလေးများတစ်စုက အမြန်ဖြေလိုက်လေသည်။
“ဟုတ်တယ်။ အစ်ကိုကျူဆိုတာ သေချာတယ်။ အစိုးရက လူတွေကနေ သံကြိုးနဲ့ခတ်ပြီး ဆွဲခေါ်သွားကြတာ။”
သူတို့လက်များအတူစုကာ လက်ထိပ်ခတ်ခံရဟန် ပြလိုက်သေးသည်။
“ဘယ်ကိုခေါ်သွားတာလဲ” ရှယိသည် အလွန်စိုးရိမ်နေသဖြင့် သူ့အသံပင် ပြောင်းသွားလေသည်။
“အရာရှိတွေက အစိုးရကောင်တီကို ပို့လိုက်ကြတယ်”
“ဘာဖြစ်လို့လဲရော သိလား”
“မသိဘူး။ ဒါပေမယ့် သူက စည်ပိုင်းနဲ့ လူကို ရိုက်လိုက်တယ်လို့ အရာရှိတစ်ယောက်က ပြောတယ်။”
ကံကောင်းစွာဖြင့် လူသတ်မှုနှင့် ဓားပြမှုကဲ့သို့ အမှုအကြီးကြီး မဟုတ်ချေ။ ရှယိသည် သူ့စိတ်ကို စုစည်းလိုက်ပြီး အိမ်ကို ခပ်သွက်သွက်ပြန်လေသည်။
သူအိမ်ထဲသို့ ဝင်လိုက်သည်နှင့် ချီလင် သည် သူ့ကို လာတိုးဝှေ့လေသည်။ ရှယိသည် ဘာလုပ်ရမလဲ မသိဘဲ အနောက်ခန်းသို့ ဝင်သွားကာ သိုးမွှေးတစ်ထည်ကိုယူပြီး ထိုထဲသို့ ပစ္စည်းများ စတင်ထည့်လေ၏။
“ငါ ပိုက်ဆံအိတ်လည်း ထုတ်ဖို့ လိုတယ်။ ငါ့မှာ ပိုက်ဆံ လုံလုံ လောက်လောက် မရှိလောက်ဘူး။ အစ်ကိုကျူက သူ့ပိုက်ဆံတွေကို ဟိုသေတ္တာထဲ ထည့်တတ်တယ်။ အကုန်ယူပြီး လိုအပ်လာရင် တစ်ယောက်ယောက်ကို ပေးသင့်ပေးရမယ်။”
ရှယိသည် မထိတ်လန့်ရန် သူ့ကိုယ်သူ သတိပေးနေလျက် ရေရွတ်လိုက်လေသည်။
ကုဝမ်ကျူ ပိုက်ဆံထည့်သော သေတ္တာလေးနှင့် သော့ကို ရှယိ အမြဲမြင်နေရသဖြင့် ရှယိသည် ပိုက်ဆံကို ဘယ်နားတွင် ယူရမည်ကို သိ၏။ သေတ္တာထဲတွင် ငွေရောင်၊ ကြေးနီရောင် ပန်းကန် အကျိုးအပဲ့အနည်းငယ်နှင့် ငွေချောင်း အမြောက်အမြားရှိပြီး ရှယိသည် အားလုံးကို အိတ်ထဲသို့ သွန်ထည့်လိုက်လေသည်။ အင်္ကျီနောက်တစ်စုံ လဲဝတ်လိုက်ပြီး နောက်မှ လိုက်လာသော ဦးလေးဝမ်ကို ယုံကြည်ကာ ရှယိသည် အထုတ်အပိုးများကို ထုတ်ပြီး သွားတော့မည် ဖြစ်၏။
“အစားအစာနဲ့ ရေယူလာဦး”
စနစ်က သတိပေးလိုက်လေသည်။
ရှယိသည် ပေါက်စီနှင့် ရေကို ထပ်ယူလာပြီး အငတ်အမွတ်ဘေးမှ ထွက်ပြေးလာစဉ်က သူနှင့်ယူခဲ့သော သစ်သားချောင်းကို ယူလာကာ အိမ်ဝင်းတံခါးကိုပိတ်ပြီး ခရိုင်ရုံးတော်သို့ လမ်းလျှောက်သွားလေသည်။
“ကုဝမ်ကျူက မိန်းမနှစ်ယောက်ကို ဓားပြတိုက်ပြီး မြေအောက်ခန်းထဲမှာ ဝှက်ထားတာ။ မိသားစုကြီးတစ်ခုကနေ ရွှေသေတ္တာတွေလည်း ဓားပြတိုက်ပြီး အစေခံနှစ်ယောက်ကိုလည်း သတ်ခဲ့သေးတယ်။ သူ့ကို အစိုးရက အလို ရှိနေတယ်။”
သူရွာမှ ထွက်ထွက်ချင်း ၁၇၉၏ အသံကျယ်ကြီး ထွက်လာလေသည်။ စိတ်လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ်ပါနေလေသည်။
ထိုစကားလုံးများကို ကြားလိုက်သောအခါ ရှယိသည် ကြောင်အသွား၏။
“အဲဒါကို ဘယ်ကနေကြားလာတာလဲ။”
“အဝတ်လျှော်နေတဲ့ ကောင်မလေးတွေဆီကနေ”
၁၇၉ ပြန်ဖြေလိုက်၏။
ရှယိသည် သူ့နှလုံးသားစ အောက်ခြေကပင် ဒေါသများထွက်လာလေသည်။
“ဒီအချိန်မှာတော့ ပြဿနာမရှာဘဲ နေလို့မရဘူးလား။”
အလျင်စလိုဖြင့် ခဏအကြာသွားပြီးနောက်တွင် ရှယိသည် ရှေ့ကိုကြည့်ပြီး ချင့်ချိန်တွေးဆလိုက်၏။
‘မြို့ထဲရောက်ဖို့ဆို ၁၀မိုင်ထက် ပိုတယ်။ ဘာပို့ဆောင်ဆက်သွယ်ရေးပစ္စည်းမှ မပါဘဲ ဒီခြေထောက်နှစ်ဖက်ကိုပဲ အားကိုးမယ်ဆိုရင် ဘယ်လောက်ကြာမလဲ မသိနိုင်ဘူး။ အဲဒါကို အာရုံစိုက်ဖို့ နောက်ကျလွန်းနေပြီ။ ကုဝမ်ကျူက အဖမ်းခံထားရပြီး ရိုက်နှက်ခံနေရရင် ဘယ်လိုလုပ်မလဲ။’
ရှယိသည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်၏။ ယခင်တစ်ခေါက် ငါးဖမ်းမိစဉ်က ကုဝမ်ကျူ တက်ခဲ့သော တောင်ကို သတိရသွားပြီး သူသည် ဖြတ်လမ်းက သွားရန် ဆုံးဖြတ်လိုက်၏။
တောင်ပေါ်ရောက်သောအခါ သစိတောသည် တိတ်ဆိတ်နေပြီး ငှက်များ၏ ကျည်ကျည်ကြာကြာ မြည်သံနှင့် လေကြောင့် လှုပ်ရွနေသော သစ်ရွက်သံများကိုသာ ကြားရသည်။ ရှယိသည် တုတ်ချောင်းတစ်ချောင်းကို အမှီပြုလိုက်ပြီး အထုပ်ကိုသယ်ထားသဖြင့် တောင်ပေါ်လမ်းတွင်
ချွေးများထွက်နေလေသည်။
တောင်ပေါ်လမ်းဟု ဆိုသော်လည်း သစ်ခုတ်သူများ သွားလာနေသော လမ်းကျဉ်းလေးသာ ဖြစ်သည်။ ယင်းသည် ကျဉ်မြောင်းမတ်စောက်ပြီး လမ်းလျှောက်ရန် ခက်ခဲလှသည်။ ရှယိသည် ယခင်က ဤကဲ့သို့ လမ်းမျိုးတွင် မလျှောက်ဖူးသဖြင့် ခဏအကြာတွင် သူ ဆက်မတက်နိုင်တော့ချေ။ သစ်ပင်တစ်ပင်ကိုမှီပြီး မောဟိုက်နေလေ၏။
“၁၇၉ ဒီခန္ဓာကိုယ်က တော်တော် ဆိုးတာပဲ။ မလုပ်နိုင်တော့ဘူး။ အရင်က မီတာ၈၀၀ ပြေးနေကြပဲ။ ပြီးတော့ အပတ် အနည်းငယ်လောက်နဲ့ အမောစို့မနေတတ်ဘူး။”
ခဏကြာအနားယူပြီး အားအင်များပြန်ရလာပြီးနောက် ရှယိသည် တောင်ထိပ်ကိုကြည့်ပြီး အသက်ဝဝရှူလိုက်ပြီး တစ်ခေါက်တည်းဖြင့် တောင်ထိပ်ရောက်အောင် တက်ရန် ပြင်ဆင်လိုက်၏။
သစ်သားချောင်းကိုကို င်ပြီး မတ်မတ်ရပ်လိုက်ကာ သူမှီထားသော သစ်ပင်မှ ဖယ်ခွာမည်အပြုတွင် သူ့ခြေထောက်အောက်မှ ကျောက်တုံးသည် လျှောကျသွားကာ သူသည် ရုတ်တရက် ခြေချော်သွားလေသည်။ ရှယိသည် ယိုင်သွားပြီး သေချာမရပ်နိုင်ဘဲ တောင်ကုန်းဘေးသိူ့ ပြုတ်ကျသွားကာ သစ်သားချောင်းသည် လွတ်ထွက်သွား၏။ ထိတ်လန့်ကာ ဖမ်းရန်ကြိုးစားလိုက်သော်လည်း ဘာမျှမတွေ့ဘဲ တောင်စောင်းနှင့် ကျောက်တုံးများမှ လှိမ့်ကျသွား၏။
“အားးးးးးးးးးးး ၁၇၉”
“အားးးးးးးးးးးး host”
ရှယိသည် အော်ဟစ်လိုက်ပြီး ကျောက်တုံးများနှင့်အတူ ၁၀မီတာခန့် လိမ့်ကျပြီးနောက်ဆုံးတွင် အရှိန်လျော့သွားပြီး ရပ်သွား၏။ သူသည်မြေကြီးပေါ်တွင် ခြေထောက်နှင့်ကျပြီး အမြန်မတ်မတ်ရပ်လိုက်ကာ ထိတ်လန့်ပြီး ဘေးပတ်လည်ကို ကြည့်လိုက်လေသည်။
ဤနေရာသာ် ဘေးပတ်လည်တွင် တောင်နံရံ ၃ခုဖြင့် ၁၀ပေထက် ပိုမြင့်သော မြောင်းတစ်ခုဖြစ်၏။ မြောင်း၏ ရှေ့စွန်းသည် ချောက်ကမ်းပါးဖြစ်သည်။ တောင်နံရံသည် လျှောစောက်ဖြစ်သော်လညိး အလွန်ချောမွေ့ပြီး ရေညှိများဖြင့် ဖုံးနေကာ ကုတ်တွယ်ရန်မရှိချေ။
ရှယိသည် အကြိမ်အနည်းငယ် ကြိုးစားတက်ကြည့်သော်လည်း လက်လျှော့လိုက်လေသည်။ နံရံအလွတ်သည် လုံးဝ ကုတ်တွယ်၍မရကာ ခြေတစ်လှမ်းပင်မတက်နိုင်ချေ။
သူသည် အကူအညီ တောင်းကြည့်လေ၏။ “အပေါ်မှာ တစ်ယောက်ယောက်ရှိလား။ ကူညီပါဦး။”
တောင်ကြားအလွတ်ထဲရှိ ပဲ့တင်သံမှာ သူ့အသံပင်။
ရှယိသည် ခဏအကြာလောက် အော်လိုက်ပြီး သူ့အသံသည် ပိုပိုတိုးလာလေ၏။ ထို့နောက် စိတ်ရှုပ်စွာ ထိုင်ချလိုက်လေသည်။
“၁၇၉ ငါဘယ်လို လုပ်ရမလဲ။ ထွက်လို့မရဘူး။ ဒီမှာ ပိတ်မိနေပြီ။ အစ်ကိုကျူရော ဘယ်လို လုပ်မလဲ။ သူအရိုက်ခံနေရပြီလား။”
“၁၇၉ ငါ့ကို ဒီထဲက ထုတ်ပေးဖို့ နည်းလမ်းမရှိဘူးလား။ အပြန်အလှန်အနေနဲ့ အလုပ်ပိုလုပ်ပေးမယ်လေ။”
“Host ကို ဒီထဲကထုတ်ပေးဖို့ နည်းလမ်းမရှိပါဘူး။”
၁၇၉၏ အသံသည်လည်း အလွန် စိတ်ပျက်နေသည့် အသံပင်။
ရှယိသည် သူ့လက်ကို ပိုက်လိုက်ပြီး ဒူးနှစ်ဖက်ပေါ် တင်ကာ ကောင်းကင်ကို ငေးကြည့်နေလေ၏။
'ငါတို့ ဘယ်လိုလုပ်ကြမလဲ။’
……
အမှုမဲ့ အမှတ်မဲ့ဖြင့် ကောင်းကင်သည် မှောင်မှိက်သွားကာ ကျီးကန်များသည်လည်း သူတို့၏ အသိုက်ကို ပြန်လာကြပြီ။ ရှယိသည် သူ့ခေါင်းကို ငုံ့ထားကာ မလှုပ်မရွနေနေလေသည်။ သူသည် ဤပုံစံဖြင့် နေနေသည်မှာ အချိန်အတော်ကြာလေပြီ။
“host တစ်ခုခုစားပါဦး။” ၁၇၉ သတိပေးလိုက်၏။
ရှယိသည် သူ့ခေါင်းကို ဖြေညှင်းစွာ ခါလိုက်ပြီး
“ ငါမစားချင်ဘူး။”
သူသည် အကြိမ်ပေါင်းများစွာ ကြိုးစားပြီးပြီ ဖြစ်၏။ သူခန္ဓာကိုယ်နှင့်လက်များမှာလည်း ရေညှိများဖြင့် ဖုံးနေသည်။ တစ်ယောက်ယောက် ဆင်းလာပြီး လာမကယ်လျှင် သူသည် ဤနေရာတွင် ပိတ်မိနေမည်။
'ဒီလယ်စိုက် ကမ္ဘာထဲမှာ ဖုန်းနဲ့ ၁၁၀ကိုတောင် ခေါ်လို့မရဘူး။’
……
ရှယိသည် လျှပ်စီးနှင့် မိုးကြိုးကြောင့် နိုးသွားလေသည်။ သူသည် သတိလက်လွတ် အိပ်ပျော်သွားပြီး သူဘယ်လောက်ကြာကြာ အိပ်ပျော်နေသလဲမသိချေ။ သူ့မျက်လုံးများ ဖွင့်လိုက်သောအခါ တောင်တစ်ခုလုံး မှောင်မဲနေလေပြီ။
ချက်ချင်းပင် မိုးစက်မိုးပေါက်များ ကျလာပြီး ထိုမိုးစက်များက သစ်ရွက်များနှင့် မြက်များအပေါ် ကျသောအခါ နူးညံ့သောအသံများ ထွက်သော်လည်း နောက်တွင် မိုးသည် ပိုသည်းလာပြီး တောင်ကြားတစ်ခုလုံးသည် မိုးသံများဖြင့် ပြည့်နှက်သွားတော့သည်။ တောင်ကြားရှိ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားပြီး ရှယိသည် စိုရွှဲသွားလေ၏။ သူ့ခန္ဓာကိုယ်တွင် အဝတ်များ ကပ်နေပြီး လေပြင်းတိုက်သောအခါ သူ့သွားများ ခိုက်ခိုက်တုန်နေလေသည်။
'သူ့ဒီနေ့ မနက်စာစားပြီးပြီ။ အခု ဆာလွန်းလို့ ဗိုက်က တဂွီဂွီမြည်နေပြီး ရင်ဘတ်နဲ့ ကျောက ကပ်နေပြီ။’
ရှယိသည် တုန်နေပြီး သူ့အိတ်ကို ဖွင့်လိုက်ပြီးပေါင်မုန့်များကို ထုတ်လိုက်၏။ ပေါင်မုန့်များသည် ရေများ စိုရွဲနေပြီး အနှစ်များကဲ့သို့ ဖြစ်နေလေပြီ။ သူသည် ပေါင်မုန့်များကို ကိုင်လိုက်ပြီး မိုးရေနှင့်အတူ စားလိုက်လေသည်။
“၁၇၉ ဘယ်သူမှ မလာခဲ့ရင် ငါဒီမှာ ပိတ်မိပြီး အဆာလွန်ပြီး သေသွားမှာလား။”
ရှယိသည် တောင်နံရံကို မှီကာ ရေရွတ်လိုက်၏။
“Host တောင့်ခံထားမှ ဖြစ်မယ်။ မနက်ဖြန်ကြ တစ်ယောက်ယောက်က လာကယ်မှာပါ။”
၁၇၉၏ စက်သံသည် အနည်းငယ် စိုးရိမ်နေပုံပင်။
“တကယ်လား။ ငါဒီထဲ ပြုတ်ကျနေတာ ဘယ်သူမှမသိဘူးလေ။ အကုန်လုံးက ငါမြို့ထဲသွားပြီး အစ်ကိုကျူကို သွားရှာတယ်လို့ထင်နေကြမှာ။”
ရှယိသည် သူ့မျက်လုံးများကိုမှိတ်ကာ တောင်နံရံကို မှီလိုက်၏။
“အစ်ကိုကျူ ဘာဖြစ်သွားမလဲလည်း ငါမသိဘူး။ အနာဂတ်မှာ သူထွက်လာပြီးတော့ ငါလည်း ပျောက်နေတယ်၊ ပိုက်ဆံတွေလည်း မရှိတော့ဘူးဆိုတာကို သိရင် သူငါ့ကိုဘယ်လိုထင်မလဲ။”
“သူ အဖမ်းခံရတာကို မြင်ပြီး ငါက ပိုက်ဆံတွေယူပြီး ထွက်ပြေးသွားတယ်လို့ ထင်ချင်ထင်မှာပေါ့။”
ရှယိသည် တောင်နံရံမှာ လျှောဆင်းကာ မြေကြီးပေါ် ထိုင်ပြီး ဒူးနှစ်ဖက်ကို တင်းကြပ်စွာ ဖက်ထားလေသည်။
“၁၇၉ ငါသေသွားရင် မူလကမ္ဘာကို ပြန်ရောက်သွားမှာလား။”
ရှယိသည် အဝေးအမှောင်ထဲကို စိုက်ကြည့်နေလေသည်။
“ငါသေသွားရင် အစ်ကိုကျူက ငါ့ကို စောစော ရှာတွေ့ရင် ကောင်းမယ်။ အဲဒါမှ ငါ ထွက်ပြေးသွားတာ မဟုတ်ဘူးဆိုတာ သူသိမှာ”
ထို့နောက် သူသည် သူ့ခေါင်းကို ဖြည်းညှင်းစွာခါလိုက်၏။
“ထားလိုက်ပါတော့ ငါသေသွားတာကို သိရင် သူ ဝမ်းနည်းနေရဦးမယ်။ ငါ ထွက်ပြေးသွားတာလို့ပဲ ထင်နေပါစေတော့။”
“Host မနက်ဖြန်ကြရင် အမဲလိုက်သမားတွေနဲ့ သစ်ခုတ်သမားတွေ ဖြတ်သွားကြမှာ။ အားမလျှော့ပါနဲ့ဦး။”
၁၇၉သည် ရှယိကို နှစ်သိမ့်လိုက်၏။
“ဒါပေမယ့် မနက်ဖြန်ကြရင် အစ်ကိုကျူက အပြစ်ပေးခံ နေရမှာ။ သူအရိုက်ခံနေရမယ် ထင်တယ်။ ငါမသိတော့ဘူး။”
ရှယိသည် မိုးရေထဲတွင် သူ့မျက်လုံးများကို မှိတ်လိုက်၏။
. . . . . .
“Host host တစ်ယောက်ယောက်လာနေတယ်။”
၁၇၉သည် အော်ပြောလိုက်၏။
“မြန်မြန် မြန်မြန် အနားမှာ တစ်ယောက်ယောက် ရှိနေတယ်။”
ယင်းပြီးနောက်
‘ငါ့ခေါင်းပေါ်က ခေါ်သံတွေ ကြားနေရတယ်။’
“ရှယိ ရှယိ”
ရှယိသည် သူ့ခေါင်းကို ရုတ်တရက် မော့လိုက်၏။
'အစ်ကိုကျူပဲ။ အဲဒါ အစ်ကိုကျူရဲ့ အသံပဲ။ အစ်ကိုကျူ အဖမ်းမခံရဘူး။ ငါ့ကိုလာရှာတယ်။”
“ဒီမှာ အစ်ကိုကျူ ကျွန်တော်ဒီမှာ”
ရှယိ၏ အသံသည် အက်ကွဲကာ ခြောက်သွေ့နေလေသည်။ သဲလက်တစ်ဆုပ်ကဲ့သို့ပင်။ သူသည် အကြိမ်အနည်းငယ်လောက် ချောင်းဆိုလိုက်ပြီးနောက် ကျယ်လောင်စွာ ပြန်ဖြေလိုက်လေသည်။
ခဏအကြာတွင် သူ့ဘေးရှိ တောင်နံရံမှ ကြိုးတစ်ချောင်း ကျလာပြီး ကုဝမ်ကျူသည် သူ့ကျောတွင် မီးအိမ်ကို ထမ်းကာ ကြိုးမှ လျောဆင်းလာ၏။
မြောင်း၏ အောက်ခြေထိ သွားပြီးနောက် ကုဝမ်ကျူသည် သူ့မျက်နှာမှ မိုးရေများကိုသုတ်လိုက်ပြီး ရှက်ရွံ့နေသော ရှယိကို စိုက်ကြည့်လိုက်၏။ သူ့ ရင်ဘတ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။ ပြီးနောက် သူသည် ရှယိကို သူ့လက်မောင်းများဖြင့် တင်းကြပ်စွာ ဖက်ရန် ရှေ့သို့ နှစ်လှမ်းတိုးလိုက်၏။
ရှယိသည်လည်း ကုဝမ်ကျူ၏ ကျောကို လက်နှစ်ချောင်းဖြင့် ဖက်လိုက်ပြီး အသက်ရှုကြပ်ကာ ပြောလိုက်၏။
“အစ်ကို အဖမ်းခံရတယ်လို့ ကြားလို့ ကျွန်တော်သွားရှာမလို့”
“ငါသိတယ်။ ငါသိတယ်။ မင်းကို ငါ့ကို သွားရှာတယ်လို့ ဦးလေးဝမ်ပြောတယ်”
ကုဝမ်ကျူသည် ရှယိကို တင်းကြပ်စွာ ဖက်လိုက်ပြီး ကြောက်လန့်စွာ ရေရွတ်လိုက်၏။
“ငါ အဆင်ပြေပါတယ်။”
ရှယိကို ကုဝမ်ကျူသည် သူ့လက်မောင်းများထဲတွင် ဖက်ထားပြီး သူ၏နွေးသော ခန္ဓာကိုယ်အပူချိန်နှင့် တောင့်တင်းသော လက်မောင်းများကို ခံစားမိနေပြီး သူ့စိတ်ထဲတွင် အလွန်အမင်း လုံခြုံမှုကို ခံစားလိုက်ရ၏။
“ကျွန်တော် ဗိုက်ဆာနေပြီး အစ်ကို့အတွက် စိတ်ပူနေတာ။ ဘယ်အချိန်လူတွေ ဖြတ်သွားတတ်သလဲလည်း ကျွန်တော်မသိဘူး။ ကျွန်တော် သေတော့မယ်ထင်တာ။”
“မင်း မသေပါဘူး။ ငါ မင်းဆီကို သေချာပေါက်လာမှာပေါ့။”
ကုဝမ်ကျူသည် လေသံဖြင့် ပြောလိုက်၏။
'ရှယိက သူ့ကို လိုက်ရှာဖို့ သွားပြီး မြို့ထဲက ပြန်လာတဲ့သူတွေကို ရှယိကို လမ်းမှာ မတွေ့ပါဘူးလို့ ပြောတုန်းက သူ ဘယ်လောက်စိုးရိမ်ခဲ့လဲ ရှယိကို သူမပြောဘူး။ လမ်းမှာ ရှယိရဲ့ သစ်သားချောင်းကို တွေ့လိုက်တော့ ချက်ချင်းပဲ မြောင်းရဲ့အောက်ခြေအထိ နှလုံးသားက ပြုတ်ကျသွားသလိုပဲ။ ပြီးတော့မှ မြောင်းနက်ထဲက ရှယိရဲ့ ပဲ့တင်သံကို မကြားရခင်အထိ အေးစက်လစ်ဟာနေခဲ့တာ။’
မိုးတိတ်ချိန်တွင် နှစ်ယောက်သားသည် ကြိုးမှတဆင့် မြောင်းထဲမှ တက်ကာ အိမ်သို့ လမ်းလျှောက်ပြန်ကြ၏။ ရှယိ၏ ခြေထောက်များ တုန်နေသည်ကို မြင်သောအခါ ကုဝမ်ကျူသည် သူ့ကို ချီလိုက်လေသည်။
“ကျွန်တော် ဗိုက်တော်တော်ဆာနေတာ”
ကုဝမ်ကျူ၏ နွေးထွေးတောင့်တင်းသော ကျောတွင်ကပ်လျက် ရှယိသည် အပြစ်တင်ပြောဆိုတော့၏။
“အိမ်ရောက်တာနဲ့ စားဖို့ တစ်ခုခုလုပ်ပေးမယ်။”
ကုဝမ်ကျူသည် နူးညံ့သောအသံဖြင့် သူ့ကိုနှစ်သိမ့်လိုက်လေသည်။
“ဒူးတွေကလည်း တောင်နံရံနဲ့ ပွတ်တိုက်ထားမိလို့ အရမ်းနာတာပဲ။”
ဂရုစိုက်ခံရသည်မှာ အလွန်ကောင်းလှ၏။
“ပြီးမှ အရေပြားလန်သွားလား ကြည့်ပြီး ဆေးထည့်ပေးမယ်လေ။”
ကုဝမ်ကျူသည် သူ၏အိမ်ပြန်နှုန်းကို အရှိန်တင်လိုက်၏။
“ခြေထောက်တွေကလည်း ညောင်းနေတုန်းပဲ။”
ရှယိသည် အနည်းငယ် ကလူကမြူလုပ်ပြီး လေးတိလေးတွဲ ပြောလိုက်၏။
“အိမ်ပြန်ရောက်မှ နှိပ်ပေးမယ်။”