နောက်ရက်အနည်းငယ်အတွင်း ရှယိသည် ကုဝမ်ကျူနောက်ကနေ လယ်ကွင်းသို့ နေ့စဉ် လိုက်၏။ ကုဝမ်ကျူ လယ်ထွန်သည့်အခါ သူသည် ကန်သင်းပေါ်တွင်ထိုင်ကာ လယ်ထွန်ပုံထွန်နည်းကို လေ့လာသည်။ ကုဝမ်ကျူက မျိုးစေ့များ စိုက်ပျိုးသည့်အခါ သူသည် မည်သို့စိုက်ပျိုးသည်၊ တစ်တွင်း၌ မျိုးစေ့မည်မျှ စိုက်ပျိုးသည်ကို စောင့်ကြည့်သည်။ သူသည် မေးခွန်းများလည်း တက်တက်ကြွကြွ မေးမြန်းပြီး ဂရုတစိုက်လည်း ခွဲခြမ်းစိတ်ဖြာတတ်၏။ ထိုသို့ပြုခြင်းဖြင့် သူ၏ စိုက်ပျိုးရေးဆိုင်ရာ သီအိုရီအသိပညာများ များစွာ ကြွယ်ဝလာသည်။ သို့သော် ဘောပင်နှင့် စာရွက် မရှိသောကြောင့် စာအုပ်ငယ်ထဲ၌ ရေးမှတ်လို့တော့ မရပေ။
သူသည် အသိပညာကို အလွန်တောင့်တသည်ဟု ဆိုနိုင်သည်။
ကုဝမ်ကျူအတွက်မူ လွန်ခဲ့သော ရက်အနည်းငယ်သည် နှစ်ပေါင်းများစွာကြာသွားသကဲ့သို့ အလွန်ခက်ခဲခဲ့သည်။ နေ့စဉ် နွားများကို ဆွဲ၍ ထွန်သွားကို သယ်ဆောင်ကာ လယ်ကွင်းသို့ သွားသည့်အခါ ဆူပွက်နေသော ဆီအိုးထဲသို့ လျှောက်သွားနေရသကဲ့သို့ ခံစားရပြီး ထိုထဲသို့ ခုန်ချကာ အကြိမ်ကြိမ် ကြော်ခံရတော့မည်ဟုလည်း ထင်ေနရသည်။
ရှယိ၏ နေ့စဉ် ပိုပြီး ကွက်ကွက်ကွင်းကွင်း ပြူးတူးပြဲတဲကြည့်လာသော အကြည့်အောက်၌ ကုဝမ်ကျူမှာ ကျော၌ ဆူးစူးနေသကဲ့သို့ ခံစားရပြီး ဘယ်ခြေဖြင့် တိုက်မိကာ ခလုတ်တိုက်လုနီးနီး ဖြစ်ခဲ့သလို ညာခြေဖြင့်လည်း အကြိမ်ကြိမ် ချော်လဲလုနီးပါး ဖြစ်ခဲ့သည်။
ဒီကောင်လေးကတော့ တကယ်ကို လွန်နေလေပြီ။ လွန်ခဲ့သော နှစ်ရက်ကတည်းက မကျေနပ်မှုများ ပြသကာ သူ့ကိုသာ စိုက်ကြည့်နေသည်။
သူသည် နောက်ကွယ်မှ လယ်စိုက်သည်ကို ကြည့်နေဟန်ဆောင်သည်။ သူသာ ဖျတ်ဖျတ်လတ်လတ်မရှောင်လိုက်မိပါက ဖုတ်ခနဲ ပြုတ်ကျကာ တမင်တကာ သူ့ကျောပေါ်သို့ လာကပ်မိမည်မှာ သေချာသည်။
အခုတော့ တစ်ခုခုပြောဖို့ ပြင်နေဆဲပင်။
မြေပဲသည် မူလက မြေအောက်၌ ပေါက်သည်၊ သို့သော် ရှယိက မြေပဲ သစ်ပင်ပေါ်၌ ပေါက်သည်ဟု ထင်ခဲ့သည်။ ဤတွင်း၌ မျိုးစေ့ ၆ စေ့ စိုက်ပျိုးထားသော်လည်း အရင်တွင်း၌ အနည်းဆုံး မျိုးစေ့ ၁၂ စေ့ စိုက်ပျိုးထားသည်။ ထိုသို့ပြောင်းစိုက်ခြင်းက ထိခိုက်မှုရှိမည်လား။
ပြောနေစဉ် သူသည် တောက်ပသော မျက်လုံးများဖြင့် ကုဝမ်ကျူကို ကြည့်သည်။ သူသည် တမင်တကာ အလွန်ကပ်ပြီး နေလိုက်တော့ သူ့ကိုယ်မှ ဖျော့တော့တော့ ကိုယ်သင်းရနံ့သည် သူ့နှာခေါင်းထဲသို့ စိမ့်ဝင်သွားသည်။ မည်သူမျှ သူဘာတွေးနေသည်ကို မသိမှာ ကြောက်နေသကဲ့သို့ ဖြစ်သည်။
ကုဝမ်ကျူတစ်ယောက် အနည်းငယ် စိုးရိမ်လာသည်။ ဤသူသည် တကယ် ကြောက်ဖို့ကောင်း၏။ သူ့ကို ပရိယာယ်သုံးကာ ပထုတ်မှရမည်။ သူသည် အမြဲတမ်း ဥပဒေများကို လိုက်နာပြီး ဖြူစင်မှုကို ထိန်းသိမ်းခဲ့သည်။ လူများ ကျလိကျလိဖြစ်သွားစေရန် မည်သည့်မိန်းကလေး ဒါမှမဟုတ် ယောက်ျားလေးနှင့်မျှ ကောလာဟလများ မဖြန့်ခဲ့ဖူးပေ။ နောင်တွင်လည်း ဒီကောအာကြောင့် သူ့နာမည်မပျက်အောင်သတိထားရပေလိမ့်မည်။
ကုဝမ်ကျူသည် အလွန် သတိကြီးကြီးဖြင့် တွေးနေသည်။
ရှယိကို လှည့်ကြည့်သည့်အခါ သူသည် ပြုံးပြီး နွားခေါင်းကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရသည်။ နေရောင်ခြည်မှာ သူ့မျက်နှာပေါ်သို့ ကျရောက်နေပြီး သူ့အသားအရေကို မီးထိုးထားသကဲ့သို့ ဖြစ်နေ၏။ ပါးပြင်၌လည်း ပါးချိုင့်ရာသေးသေးလေးပါသေးသည်။
ထို့အပြင် အရာအားလုံးသည် အလွန်မြန်ဆန်ပြီး တိုက်ခိုက်မှုသည် အလွန်ပြင်းထန်သောကြောင့် သူ့ကိုယ်သူ စဉ်းစားရန် အချိန်မပေးခဲ့ပေ။
သူတို့သည် အချိန်အနည်းငယ်ကြာအောင် အတူတူ နေသင့်သည်။
ကုဝမ်ကျူမှာ ဆက်လက် တွေးနေ၏။
ယနေ့၌ ရှယိသည် အစောကြီး အိပ်ရာထသည်။ ကုဝမ်ကျူသည် မျက်နှာသစ်ပြီး မီးဖိုချောင်ထဲသို့ လျှောက်သွားသည့်အခါ သူသည် ထမင်းစားပွဲ၌ အားတက်သရော ထိုင်ပြီး နံနက်စာကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာပြီးနောက် ရှယိသည် စိုက်ပျိုးရေး၏ အခြေခံများကို စတင် ကျွမ်းကျင်ပြီဟု ထင်သောကြောင့် လက်တွေ့ စိုက်ပျိုးတော့မည်။ ထို့ကြောင့် လွန်ခဲ့သော နှစ်ရက်က ကုဝမ်ကျူသည် ရှယိအတွက် အငှားချထားသော လယ်မြေကို ပြန်ယူပြီး သူစိုက်ပျိုးရန်အတွက် အကောင်းဆုံး မြေကွက်ကို ကိုယ်တိုင် ရွေးပေးခဲ့သည်။”
ရှယိသည် နံနက်စာကို အမြန်စားပြီး နွားများကို ဆွဲကာ ထွန်သွားကို အလွန်စိတ်ဝင်တစားဖြင့် သယ်ဆောင်ရန် ပြင်ဆင်နေ၏။ ကုဝမ်ကျူသည် သူ့ကို တားရန် လက်မြှောက်လိုက်ပြီး ထွန်သွားကို ယူကာ ရှယိ၏ လယ်ကွင်းသို့ သွား၍ နာရီဝက်အတွင်း လယ်ကွင်း၏ ထိုအပိုင်းကို ထယ်ထိုးလိုက်သည်။
ရှယိ ဘာပြောရမှန်း မသိတော့ချေ။
“၁၇၉၊ ငါတို့ နွားတွေ လယ်ထွန်တာကို ကြည့်ပြီး ရက်တွေ အများကြီး ဖြုန်းတီးခဲ့မိတာကို ငါသိပြီ။”
“မဖြုန်းတီးပါဘူး Host၊ ဒါတွေက အဖိုးတန်တဲ့ သီအိုရီ အသိပညာတွေပါ။ နောင်မှာ Hostက လယ် သုံးဧက၊ လယ်ဆယ်ဧက၊ ဒါမှမဟုတ် လယ်ဧကတစ်ရာ စိုက်ပျိုးတဲ့အခါ...”
“တော်ပါတော့၊ တော်ပါတော့၊ မပြောနဲ့တော့။”
ရှယိသည် ၁၇၉ ပြောနေသည်ကို တိခနဲ ဖြတ်ပြောလိုက်သည်။
သူထပ်မကြားချင်တော့ပေ။
ရှယိသည် လယ်ကွင်းထဲတွင် ရပ်ကာ စိုက်ပျိုးထားသော အာလူးအပိုင်းအစများကို မြှုပ်နှံရန် စတင်ခဲ့သည်။ ထို့နောက် ကလေးငယ်ကို စိုက်ပျိုးနေသကဲ့သို့ ညင်သာစွာ မြေကြီးဖြင့် ဖုံးလိုက်သည်။
မြေကြီးဖုံးပြီးနောက် မြေသြဇာထည့်လိုက်၏။ မြေသြဇာကတော့ ပြာနှင့် ရောထားသော ရေဖြစ်သည်။ ဇွန်းဖြင့် တစ်ဇွန်းချင်းစီ ညီညီညာညာ လောင်းထည့်ရန်လည်း ကြိုးစားလိုက်သေးသည်။
ထိုသို့ အလုပ်များလှသော တစ်နေ့တာပြီးနောက် ကုဝမ်ကျူသည် သူ့အတွက် စားစရာကို လယ်ကွင်းထဲသို့ ပို့ပေးခဲ့သည်။
နေဝင်ချိန်၌ ရှယိသည် ပုံးအလွတ်တစ်ပုံးကို ကိုင်ကာ အာလူးစိုက်ထားသော မြေကွက်ကို ကြည့်နေ၏။ သူ့မျက်လုံးများထဲတွင် ကျေနပ်အားရသည့်အကြည့်များပြည့်နေပြီး သက်ပြင်းရှည်တစ်ချက်လောက် မှုတ်မထုတ်ဘဲ မနေနိုင်ပေ။
“၁၇၉၊ ဒီမြေကွက်မှာ အာလူးတွေ စိုက်ပျိုးရင် ငါ့ရဲ့ ပထမဆုံး မစ်ရှင် ပြီးသွားမှာလား။ အမတဖြစ်အောင် ကျင့်ကြံရေးနဲ့ လက်ထောက်သင်တန်းရဲ့ မစ်ရှင်လေ။”
“ဟုတ်ပါတယ် Host၊ ပြီးမြောက်တယ်လို့ သတ်မှတ်ပါတယ်။ ပြီးတော့ လုပ်ငန်းကရတဲ့ဆုအပြင် လူသစ်တွေအတွက် လက်ဆောင်အိတ်လည်း ရှိပါတယ်။”
“လက်ဆောင်အိတ်ထဲမှာ ဘာတွေပါလဲ။”
“ကျွနု်ပ်လဲ မသိပါဘူး။”
၁၇၉ သည် ထိုရှတတ စက် အသံနှင့် ထပ်ပြောပြန်သည်။
၁၇၉ သည် ထိုအသံနှင့်ပြောတိုင်း အဖြေ သိပ်မကောင်းလှသည်ကို ရှယိသည် နားလည်ပြီးဖြစ်သည်။
‘ထားလိုက်ပါလေ၊ လုပ်ငန်းကို ပြီးအောင်လုပ်ရုံပါပဲ၊’ ရှယိသည် ဤသို့သာ သူ့ကိုယ်သူ နှစ်သိမ့်နိုင်သည်။
ယနေ့ ညနေပိုင်းတွင် မှောင်လာသော်လည်း ကုဝမ်ကျူက ညစာချက်ပြီး သူ့ကို လာခေါ်သည့်တိုင် အိမ်ပြန်ရန် တွန့်ဆုတ်နေပြီး လယ်ကွင်းကို ငေးကြည့်နေခဲ့သည်။
ကုဝမ်ကျူသည် အခြားသူများကဲ့သို့ လယ်ကွင်းဘေးရှိ လမ်းမပေါ်တွင် ရပ်၍ သူ့နာမည်ကို တိုက်ရိုက် မအော်ဘဲ ရှယိ၏ လယ်ကွင်းသို့ ရောက်သည်အထိ ကွေ့ကောက်သော ကန်သင်းရိုးတစ်လျှောက် လျှောက်လာခဲ့သည်။ သူသည် နှစ်ကြိမ် ထပ်ချောင်းဟန့်လိုက်သောကြောင့် ရှယိက သူ့ရောက်နေသည်ကို သတိပြုမိကာ နွေးထွေးစွာ နှုတ်ဆက်သည့်အခါ အခြားနေရာများကို ကြည့်ကာ သိပ်ဂရုမစိုက်သလိုလိုနှင့် “စားတော့” ဟု ပြောလိုက်သည်။
ရှယိပြန်မဖြေခင်မှာပင် သူသည် အမြန် ထွက်သွားပြီးဖြစ်သည်။
သူ ပင်ပန်းစွာ အိမ်ပြန်ရောက်သော်လည်း အလွန် စိတ်လှုပ်ရှားနေဆဲဖြစ်သည်။ ညစာစားပြီးနောက် ရှယိသည် ပန်းကန်များကို အလျင်အမြန် ဆေးကြောပြီး သီချင်းတစ်ပုဒ်ကို တီးတိုးညည်းကာ စိတ်အေးလက်အေး ရေချိုးရန် စတင်ခဲ့သည်။
“၁၇၉ေရ၊ အာလူးတွေ အညှောက်ပေါက်ပြီလားဆိုတာကို ကြည့်ချင်တယ်။”
ရှယိတစ်ယောက် ရေစိမ်လိုက်သောအခါ တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသဖြငိ့ မျက်နှာသုတ်ပုဝါဖြင့် သူ့ကျောကို ပွတ်သပ်လိုက်သည်။
စနစ်: “Host၊ Host စိုက်ထားတာ တစ်နာရီပဲ ရှိသေးတယ်လေ”
“ဟုတ်တယ်၊ ငါ တကယ် အလျင်လိုနေတာ။ ပျိုးပင်တွေက အဲဒီလောက် မြန်မြန် ပေါက်နိုင်တယ်ေလ။ ငါကလည်း စိုက်ပျိုးရေး အသိဉာဏ်ဆိုတာ နည်းနည်းလေးမှ မရှိဘူး။”
ရှယိက မိမိကိုယ်ကို ပြန်လှောင်ပြုံးပြုံးကာ မျက်နှာသုတ်ပဝါကို ညှစ်၍ ခေါင်းပေါ်တင်လိုက်ပြီး ရေပုံးနောက်ကျောကို သက်တောင့်သက်သာ မှီလိုက်ကာ သူ့လက်နှစ်ဖက်ကို ရေပုံးဘောင်ပေါ်မှာ ဖြန့်တင်လိုက်သည်။
“မနက်ဖြန် မနက်မှ ပြန်လာခဲ့။”
စနစ်လည်း ဘာပြန်ပြောရမှန်း မသိတော့ချေ။
ရေချိုးပြီးချိန်မှာတော် လမင်းက ကောင်းကင်ထိပ်တည့်တည့်ကို ရောက်နေေလပြီ။ ရှယိက အဝတ်အစားလဲဖို့ ထလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အတွင်းခံ အဝတ်အစားများ မယူလာခဲ့တာကို သိလိုက်မိသည်။ ထို့ကြောင့် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သောအခါ ထိုအတွင်းဝတ်များမှာ ခြံထဲရှိ အဝတ်လှန်းကြိုးပေါ်မှာ ချိတ်ထားဆဲပင်။
ဘယ်လိုလုပ်ရမလဲ။ သွားယူရမှာပေါ့။
သူက အတွင်းခံ ဘောင်းဘီကို ဝတ်ကာ အဝတ်ဖိနပ်ကို စီးလိုက်ပြီး အပေါ်ပိုင်းဗလာကျင်းနှင့် တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။
လျှောက်လာရင်းနှင့်လည်း သူ့ဆံပင်ထိပ်ဖျားက ရေစက်များကို မျက်နှာသုတ်ပဝါနဲ့ သုတ်လိုက်သေး၏။
ဇွန်လလယ်ပိုင်းလောက်ဖြစ်သည့်အတွက် တောင်ပေါ်တွင် ညဘက်က နည်းနည်း အေးနေသေးသည်။ ညနေခင်း လေနုအေးက ရေစက်ရေပေါက်များ တင်ကျန်နေဆဲဖြစ်သည့် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကို တဟူးဟူး တိုက်ခတ်လာသောအခါ ရှယိတစ်ယောက် တုန်ချမ်းချမ်းဖြစ်လာတော့သည်။
လရောင်ခပ်တောက်တောက်က သူ့ အသားဖြူဖြူလေးပေါ်ကို ခပ်သာသာလေး ထိုးကျနေသဖြင့် သူ့အသားအရေက တောက်ပနေသလိုပင်။
“ဗွမ်း”
ရေဆေးဇလုံ မြေကြီးပေါ် ပြုတ်ကျတဲ့ အသံကြီးပင်။
ကုဝမ်ကျူက အိမ်မကြီး တံခါးဝမှာ ပါးစပ်ဟလျက် ရပ်နေပြီး သူ့ကို အံ့အားသင့်သည့် အမူအရာနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မသိလျှင် မိုးပြိုကျတော့မည်မို့ ကြည့်နေသလိုလိုပင်။
ရှယိလည်း ထိုနေရာမှာပင် ရပ်တန့်သွားပြီး လက်များက ဆံပင်ေရသုတ်နေသည့် ပုံစံအတိုင်းပင်။ ထို့နောက် ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။
“၁၇၉၊ ဒါက ဖောက်လွဲ ဖောက်ပြန်တတ်တဲ့ ကမ္ဘာကြီးဆိုတာ ငါမေ့သွားတယ်။”
ရှယိက သူ့စိတ်ထဲမှ ကြိတ်ပြီး အော်ဟစ်လိုက်သည်။
“ငါက လည်ပင်းအောက်ကို ပြတာတင် မဟုတ်ဘူး၊ ရင်ဘတ်က ချယ်ရီသီး နှစ်လုံးကိုပါ ပြလိုက်မိတာ။”
“၁၇၉၊ ဒါက ငါ့ရပ်ကွက်ထဲမှာ ထိုင်နေရင်း ရုတ်တရက် အင်္ကျီမပါတဲ့ မိန်းကလေးတစ်ယောက် စင်္ကြံကနေ ထွက်လာတာကို မြင်လိုက်ရတာနဲ့ အတူတူပဲဟ”
“၁၇၉၊ ငါတော့ သွားပြီ၊ ငါတော့ သွားပြီ၊ ငါတော့ သွားပြီ။”
ခဏအကြာတွင် ရှယိက တည်ငြိမ်ေနသည့်ပုံနဲ့ အဝတ်လှန်းကြိုးဆီ လျှောက်သွားကာ အတွင်းဝတ်များကို ရုတ်လိုက်ပြီး အေးအေးဆေးဆေး ဝတ်လိုက်သည်။ ခါးပတ်ကို ပတ်ပြီးသည့်နောက် သူက လှည့်ပြီး ကုဝမ်ကျူကို ခေါင်းညိတ်ပြကာ ပြုံးလိုက်ပြီး သူ့အခန်းကို ပြန်သွားသည်။
နောက်နေ့ မနက်စောစောတွင် ရှယိသည် စားပွဲမှာ ထိုင်ပြီး မနက်စာကို စောင့်နေသည်။ အာလူးတွေ ဘယ်လောက် ကြီးလာပြီလဲဆိုတာကို တွေးရင်းနှင့်ပင်။
ပန်ဒါမျက်လုံးနှစ်လုံးနှင့် ကုဝမ်ကျူတစ်ယောက်မှာတော့ ငိုက်တိုက်တိုက်ပုံစံနှင့် မနက်စာ ချက်နေသည်။ ခဏကြာတော့ ဟင်းချက်ဇွန်းကို မြေကြီးပေါ် ချလိုက်ကာ ခဏကြာပြန်တော့ ရေကို ခမ်းသွားအောင် ပြုတ်လိုက်ပြီး ပန်းကန်တွေ ယူသည့်အခါကလည်း ပန်းကန်ပုံတစ်ပုံလုံး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
“၁၇၉၊ အစ်ကိုကျူက ဒီလိုဆိုတော့ ငါ့ရဲ့ အရင်ကျောင်း အဆောင်ကိုသာ သွားနေရရင် သူသုံးရက်တောင် နေနိုင်ပါ့မလား။”
နွေရာသီတွင် တစ်ဆောင်လုံး အပေါ်ပိုင်းအင်္ကျီဗလာနှင့် နေကြသည်ကိုး။
“ဒုန်း!”
ရှယိရှေ့ စားပွဲပေါ်သို့ ခေါက်ဆွဲပန်းကန်ကြီးတစ်လုံး ဒုန်းခနဲ ရောက်လာသည်။ ရှယိမှာ အစားကြီးသောကြောင့် ကုဝမ်ကျူသည် သူ ခေါက်ဆွဲစားသည့်အခါတိုင်း အိမ်တွင်ရှိသည့် တစ်လုံးတည်းသော ဟင်းချိုပန်းကန်ကြီးကို အသုံးပြု၍ ခေါက်ဆွဲထည့်ပေးလေ့ရှိသည်။
ကုဝမ်ကျူသည် ထမင်းစားပွဲတွင်လည်း ထိုင်မနေဘဲ ရှယိကို မမြင်သည့်အလား မျက်တောင်ပင် မခတ်ဘဲနေေနသည်။ ထို့နောက် သူ့ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ မျက်နှာခပ်တည်တည်ဖြင့် ခြံထဲသို့ တန်းသွားပြီး သစ်ပင်ကြီးအောက်တွင် ထိုင်စားသည်။
သူ့ပုံစံကို မြင်သောအခါ ရှယိလည်း မျက်နှာမကောင်းဘဲ ခဏစဉ်းစားပြီး ပန်းကန်ကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ကုဝမ်ကျူရှိရာဆီသို့ တုန်တုန်ရီရီ လျှောက်သွားပြီး ထိုင်ချလိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို ကြည့်ကာ ပန်းကန်တင်ရန်အတွက် ခြေထောက်ဖြင့် ခုံတစ်လုံးကို ဆွဲယူလိုက်သည်။
ထိုခုံက အလွန်လေးလွန်းလှသည်။
ကုဝမ်ကျူသည် မျက်နှာအောက်သိုးသိုးဖြင့် ခေါက်ဆွဲကို တလုတ်ပြိးတစ်လုတ်တွယ်ကာ ဘာမှမပြောဘဲ မျက်နှာကို ဘေးသို့ အနည်းငယ် လှည့်လိုက်သည်။
ရှယိသည် သူ့ဆီသို့ ရွှေ့လာပြီး ခေါက်ဆွဲတင်ထားသော ခုံကို သူ့ဆီသို့ ဆွဲယူလိုက်သည်။
ကုဝမ်ကျူသည် မျက်လုံးထောင့်မှ ဆက်ကြည့်နေပြီး ထရပ်၍ ထွက်သွားရန် ဟန်ပြင်နေသည်ကို မြင်သောအခါ ရှယိက အလျင်အမြန် အော်လိုက်သည်။
“အစ်ကိုကျူ၊ ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦး။”
ကုဝမ်ကျူက ထိုစကားကြားပြီးမှ နောက်ပြန်မလှည့်ဘဲ ထွက်သွားမည်ကို သူကြောက်နေသည်။ တီဗီဇာတ်လမ်းတွဲများထဲကလိုပင် ကုဝမ်ကျူက ထွက်မသွားဘဲ ရပ်နေသည်။
မျက်နှာမသာမယာဖြစ်နေသေးသော်လည်း အခုလိုထွက်မသွားဘဲနေခြင်းသည် ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ တစ်ခုတည်းသော အခွင့်အရေးကို ပေးနေခြင်းပင်။
ရှယိသည် တူကို ခဏကိုက်ပြီး ကုဝမ်ကျူကို လှည့်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။
“အစ်ကိုကျူ ကျွန်တော့်ရဲ့ မွေးရပ်မြေမှာ အဆောက်အဦးတစ်ခုလုံး၊ အာ... မဟုတ်ဘူး၊ ရွာတစ်ရွာလုံးမှာရှိတဲ့ လူတွေက နွေရာသီမှာ အ၀တ်မပါဘဲ နေကြတယ်လို့ ပြောရင် ယုံမှာလား။ ရွာထဲမှာ အ၀တ်မပါဘဲ ပြေးလွှားနေတာကို ယုံမှာလား။”
ကုဝမ်ကျူသည် ကြားကြားချင်း အရင်ဆုံး အံ့အားသင့်သွားပြီး မျက်နှာက ပိုပိုညိုမည်းလာသည်။
အခြေအနေ ပိုဆိုးလာသည်ကို မြင်တော့ ရှယိက အလျင်အမြန် ပြောလိုက်သည်။
“ပြောပြမယ်လေ၊ ကျွန်တော့်တို့ ရွာက လူတွေက ဒီကိစ္စတွေကို ဂရုမစိုက်ကြဘူး။ ကျွန်တော်တို့ အားလုံး ယောက်ျားတွေပဲလေ၊ ဘာတွေပြလဲဆိုတာ အရေးမကြီးပါဘူး...”
ကုဝမ်ကျူသည် နဖူးပေါ်ရှိ သွေးကြောများ ထောင်ထလာသည်အထိ ဝှီးခနဲထခုန်လိုက်ပြီး မျက်လုံးကို မှိတ်ကာ အသက်ကို နှစ်ကြိမ် ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ဆက်နားမထောင်နိုင်တော့ဘဲ အော်လိုက်၏။
“တော်စမ်း! မင်းက အဓိပ္ပါယ်မရှိတာတွေချည်း ပြောနေတာပဲ”
ထိုသို့ပြောပြီးနောက် လှည့်၍ ဒေါသတကြီး မီးဖိုချောင်သို့ လျှောက်သွားသည်။ ထို့နောက် သူသည် လမ်းတစ်ဝက်တွင် တုံ့ခနဲ ရပ်လိုက်ပြီး ခေါင်းကို နောက်ပြန်လှည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှယိ မင်းဘာတွေးနေလဲဆိုတာ ငါသိတယ်၊ ဒါပေမယ့် ဒီနည်းကို မသုံးသင့်ဘူး၊ ဒါက ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရုံပဲ ရှိတယ်။”
ထိုသို့ပြောပြီးနောက် နောက်ပြန်မကြည့်ဘဲ အိမ်ထဲသို့ ၀င်သွားလေသည်။
ရှယိသည် ထိုနေရာတွင် ငေးကြောင်ကာ မလှုပ်မယှက် ထိုင်နေမိသည်။
ခဏကြာတော့မှ သူ တိုးတိုးလေး မေးလိုက်သည်။
“၁၇၉၊ သူက ငါ ဘာပြောချင်လဲဆိုတာ သိတယ်တဲ့လား။ ငါ်စိတ်ထဲမှာ ဘာရှိနေလို့လဲ။”
စနစ်: “သူ့ကို ဂရုမစိုက်နဲ့၊ သူက မင်းရဲ့ အတွေးတွေကို သိတယ်လို့လည်း ပြောသေးတယ်။ ပြောပြမယ်လေ၊ ဒီလူတွေရဲ့ အတွေးတွေကို ခန့်မှန်းရတာ အခက်ဆုံးပဲ၊ သူတို့က ကျွန်ုပ်တို့ ဟိုကမ္ဘာက လူတွေနဲ့ မတူဘူး။”
ရှယိလည်း ခဏတာအံ့အားသင့်သွားပြီး ကြောင်တောင်တောင်နှင့်ပင် ပြောလိုက်သည်။
“ငါက ဘာမှမှမလုပ်ချင်တာ သူ နားမလည်နိုင်ပါဘူး။”
ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
“၁၇၉၊ မင်းရဲ့ လေသံက မကြာသေးခင်က နည်းနည်း ထူးဆန်းနေတယ်လို့ ထင်တယ်၊ ဒါပေမယ့် ဘယ်လိုလဲဆိုတာကိုတော့ ပြောမပြတတ်ဘူး။”
“၁၇၉၊ မင်းက မကြာသေးခင်က မြစ်ဘေးမှာ အဝတ်လျှော်တာတွေကို မကြာခဏ လိုက်ကြည့်နေတဲ့ အဖွဲ့ထဲက တစ်ယောက်လား။”
စနစ်: “မင်းပြောတာကို ကြည့်ပါဦး၊ အဲဒီ စီစီတီဗီအဒေါ်ကြီးတွေလိုမျိုး လူတွေကို လိုက်ကြည့်ဖို့ အချိန်ပို ရှိနေတယ်လို့ မင်းထင်နေတာလား။”
“ရှူးးးးး......”