no

Font
Theme

ညသန်းခေါင်အချိန်တွင် အကုန်လုံးသည် တိတ်ဆိတ်နေပြီး ရှောင်ယိသည် အိပ်နေရင်းမှ မျက်မှောင်ကြုံ့နေခဲ့သည်။

အိမ်မက်ထဲတွင် သူ ပိုးသတ်ဆေးအနံ့တွေ ပြည့်နှက်နေသည့်ဆေးရုံကို ထပ်မံရောက်ရှိနေခဲ့ပြီး ခွဲစိတ်ခန်းရှေ့ရှိ ခုံတန်းလျားရှည်ပေါ်တွင် ခေါင်းငုံ့ကာ ထိုင်နေမိသည်။

ငါ့မိဘတွေက ကိုယ်တိုင် ကားမောင်းကာ ခရီးထွက်သွားကြရင်း ကားအက်စီးဒန့် ဖြစ်သွားခဲ့သည်။ ခုချိန်တွင် သူတို့နှစ်ယောက်လုံး ခွဲစိတ်ခန်းထဲ၌ ရှိနေကြသည်။ ရှောင်ယိ လျှောက်လမ်းအဆုံးမှ ကလေးငိုသံကိုကြားနေရပြီး သူနာပြု၏ ဖိနပ်စီးထားသော ခြေထောက်က သူ့မျက်စိရှေ့ရှိ ကြမ်းပြင်ပေါ်တွင် သွားလိုက်လာလိုက်ရှိနေခဲ့သည်။

ရှောင်ယိ၏အပေါ်အင်္ကျီတွင် သူ့အမေ၏သွေးတွေ အများကြီးပေကျံနေခဲ့သည်။ သူ ဖုန်းရပြီးပြီးချင်း ဆေးရုံသို့ အမြန်ပြေးလာခဲ့ရာ အဖေသည် ခွဲစိတ်ခန်း၀င်သွားနှင့်ပြီဖြစ်ပြီး အမေကတော့ ကုတင်ပေါ်တွင် လှဲလျောင်းနေကာ မကြာခင်ခွဲစိတ်ခန်း၀င်ရတော့မည်။

သူမသည် တည်ငြိမ်နေဆဲဖြစ်ကာ ဖြူဖျော့နေပုံသာ ပေါ်သည်။ သူမသည် တုန်ရီနေသည့် နှုတ်ခမ်းတွေနှင့် သူမ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ရှောင်ယိကို ရေရွတ်နေခဲ့သည်။

“မေမေက ရှေ့လျှောက် သားတစ်ယောက်တည်း အထီးကျန်နေရမှာကို စိတ်ပူမိရုံပါ....”

ခွဲစိတ်ခန်းအတွင်းသို့ ဖြည်းဖြည်းချင်း တွန်း၀င်ထားသည့်ဆေးရုံကုတင်ကို ကြည့်ရင်း ရှောင်ယိ နေရာတွင် တောင့်ခဲနေမိကာ သူ့စိတ်ထဲ၌ စကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါ ရွတ်နေမိသည်။

“မေမေ ကျွန်တော့်ကို မထားခဲ့ပါနဲ့ မေမေ....”

“ရှောင်ယိ ရှောင်ယိ ထအုံး ရှောင်ယိ”

အရေးတကြီး ခေါ်သံတစ်ခုက ရှောင်ယိကို အိပ်မက်ကနေ နိုးလာစေသည်။ ထိုအသံသည် ကုဝမ်ကျူအသံ ဖြစ်သည်။

“အစ်ကိုကျူ”

ရှောင်ယိ မျက်ရည်‌တွေ ပြည့်‌နေသည့် မျက်လုံးတွေကို ဖွင့်လိုက်ရင်း ရှိုက်သံဖြင့် ခေါ်လိုက်သည်။

“ကိုယ် ဒီမှာရှိတယ် ဒီမှာရှိတယ်”

ကုဝမ်ကျူ သူ့ကို ရင်ခွင်ထဲထည့်ဖက်ထားရင်း နောက်ကျောကိုပုတ်ပေးကာ အသံတိုးတိုးဖြင့်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ? အိမ်မက်ဆိုး မက်တာလား? ကိုယ် ဟိုဘက် တံခါးကနေ မင်းငိုသံကြားလိုက်လို့”

ထိုသို့ပြောလိုက်ပြီး လက်မြှောက်ကာ ရှောင်ယိ မျက်နှာပေါ်မှ မျက်ရည်များအား ညင်ညင်သာသာသုတ်ပေးလိုက်သည်။

“ဘာ အိမ်မက်ဆိုး မက်လို့လဲ? အရမ်း ၀မ်းနည်းတကြီးကို ငိုနေတာပဲ”

ရှောင်ယိ ရှိုက်နေဆဲဖြစ်၍ ပြတ်တောင်းပြတ်တောင်း ပြန်ဖြေလိုက်သည်။

“မိဘတွေအကြောင်း အိမ်မက်မက်တာ သူ သူတို့က ပြောတယ်။ အနာဂတ်မှာ ငါ တစ်ယောက်တည်း ဖြစ်နေမှာကို စိတ်ပူတယ်တဲ့...”

ကုဝမ်ကျူ မတ်တပ်ထရပ်လိုက်ကာ ဘေးတံခါးရှိ သန့်စင်ခန်းထဲမှ မျက်နှာသစ်ပုဝါတစ်ခု ထုတ်ယူလာလိုက်ပြီး ရှောင်ယိမျက်နှာကို သုတ်‌ပေးရင်း ပြောလိုက်သည်။

“ရှေ့လျှောက် ဒီလို အိမ်မက်မျိုးထပ်မက်လာခဲ့ရင် အိမ်မက်ထဲမှာ မင်း တစ်ယောက်ထဲ မဟုတ်တော့ဘူး။ မင်းရဲ့ကျန်တဲ့ဘ၀တစ်လျှောက်လုံးကို စောင့်ရှောက်ပေးမဲ့လူ ရှိနေပြီဆိုပြီး လူကြီးတွေကို ပြန်ပြောလိုက်နော်။ သူ့တို့ကို စိတ်မပူနဲ့လို့ လည်းပြောလိုက်။ သူတို့က မင်းကို ပထမဆယ်နှစ်မှာ အလိုလိုက်ချစ်ပေးခဲ့ပြီးပြီ။ ကျန်တဲ့ နောက်နှစ် ၈၀ မှာတော့ အစ်ကိုကျူက မင်းကို အလိုလိုက် အကြိုက်ဆောင် ပေးလိမ့်မယ်လို့လေးလည်း ပြန်ပြောခဲ့”

“ခုနေလို့ ကောင်းသွားပြီလား? ရေသောက်ချင်လား?”

ကုဝမ်ကျူ ဂွမ်းကပ်စောင် အပေါ်ကနေ ရှောင်ယိကို ဖက်ထားပေးကာ ညင်ညင်သာသာလေး ကျောပုတ်ပေးရင်း ဖြည်းဖြည်းချင်း စိတ်ငြိမ်လာပြီး ရှိုက်တာ ရပ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

“နေလို့ မကောင်းသေးဘူး ရေသောက်ချင်တယ်”

ရှောင်ယိ ကုဝမ်ကျူ ရင်ခွင်ထဲသို့ ၀င်ခွေနေရင်း စောင်အောက်မှ လက်ချောင်းလေး နှစ်ချောင်းလောက် ထုတ်ကာ ကုဝမ်ကျူ အင်္ကျီအနားသတ်ကို ချိတ်ဆွဲလိုက်သည်။

“အစ်ကိုကျူသာ ကျွန်တော်နဲ့အတူရှိပေးရင် နေလို့ ကောင်းလာမယ် ထင်တယ်”

“ဟုတ်ပြီ ဒါဆို မင်းအရင်လှဲနေနှင့် ကိုယ် မင်းနဲ့အတူရှိနေပေးပြီး မင်းအိပ်ပျော်သွား ပြီးတော့မှပဲ ထွက်သွားလိုက်မယ်”

ကုဝမ်ကျူ နူးညံသည့်‌အသံဖြင့် ချော့ပြောလိုက်သည်။

“ဘေးမှာ လာလှဲပါ”

အိပ်ရာနေရာ တစ်၀က်ကို အလွတ်ပေးရန်အတွက် ရှောင်ယိ အထဲကို တိုးပေးလိုက်သည်။ ကုဝမ်ကျူ ခဏ တွန့်ဆုတ်သွားပေမဲ့လည်း နောက်ဆုံးတွင်တော့ အိပ်ရာထောင့်စွန်း၌ ၀င်ထိုင်လိုက်ကာ အိပ်ရာနောက်ကျောကို မှီလိုက်သည်။ ရှောင်ယိ ကုဝမ်ကျူနှင့် မျက်နှာချင်းဆိုင်ဖြစ်မည့်ဘက်ကို စောင်းအိပ်လိုက်ပြီးနောက် ဂွမ်းကပ်စောင်ပေါ်ကျနေသည့် သူ့လက်တစ်ဖက်ကို ယူကာ ခါးပေါ်တင်ပေးလိုက်ရင်း မျက်လုံးမှိတ်ထားလိုက်သည်။

ကုဝမ်ကျူ စိတ်ပင် မဆိုးရဲပဲ ရှောင်ယိ ခါးပေါ် လက်တင်လျက်ဖြင့်သာ ထိုင်နေလိုက်သည်။

“နားကို ထိပေး”

ရှောင်ယိ ရုတ်တရက် နှာရှုံ့လိုက်သည်။

???

ဘာကြီး? နားကို ထိရမယ်?

“ကျွန်တော် ကလေးဘ၀တုန်းက ညတိုင်း အိပ်ရာ၀င်ချိန်ဆို မေမေက နားလေးကို ထိပေးမှ အိပ်ပျော်တာ အစ်ကိုကျူက သူတို့ကိုယ်စား ဆက်ပြီးအလိုလိုက်ပေးမယ်လို့ ပြောထားတယ် မဟုတ်လား?”

ရှောင်ယိ မျက်လုံးအနည်းငယ် ဖွင့်ကာ အသံနည်းနည်းအက်နေသည်။ သူသည် စောနတုန်းကမှ ငိုထားသဖြင့် မျက်လုံးထောင့်များသည် နီရဲနေပြီး မျက်လုံးများက ကပ်ညိနေသည့် မျက်တောင် အစုလိုက်နှင့်တကွ ရေဆေးထားသကဲ့သို့ ကြည်လင်နေသည်။

ကုဝမ်ကျူ လက်နောက်တစ်ဖက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်ကာ သူ့နားကို ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။

“အစ်ကိုကျူသီချင်းဆိုပြတာ နားထောင်ချင်တယ်”

ခဏလှဲနေပြီးသည့်နောက်တွင် ရှောင်ယိ ရုတ်တရက် ထပြောလိုက်သည်။

“ကျွန်တော် ကလေးဘ၀တုန်းက မေမေက အိပ်အောင်ချော့မြူရင်း အိပ်ရာဘေးမှာ သီချင်းဆိုပြခဲ့တာ”

သူ ကုဝမ်ကျူဆီက ဘာစကားမှ ပြန်မကြားရသလို နားကို ပွတ်သပ်ပေးနေသည့် လက်သည်ပင် ရပ်တန့်သွားခဲ့သည်။ ရှောင်ယိ မျက်လုံးဖွင့်ကာ ခေါင်းထောင်လိုက်ရင်း အထွန့်တက်လိုက်သည်။

“ကျွန်တော်စောနကပဲ ပြောပြီးပြီလေ မေမေ့လိုမျိုး အလိုလိုက်ပေးချင်တယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ‘ဟုတ်ပြီ’ ဆိုပြီးပြောရမှာလေ”

“ဒါပေမဲ့ ကိုယ် ဘယ်လိုသီချင်းဆိုရမလဲဆိုတာကို လုံး၀မသိဘူးလေ”

ကုဝမ်ကျူသည် ကြောင်‌တောင်တောင် ဖြစ်နေသည့်ပုံပေါ်သည်။

“အစ်ကိုကျူ သေချာပြန်စဉ်းစားကြည့်ရင်တော့ သီချင်းတစ်၀က်လောက် သေချာပေါက် ဆိုနိုင်နေလိမ့်မယ် ကျွန်တော်စိတ်ထဲမထားပါဘူး ဒီတိုင်းစာသားအနည်းငယ် ဆိုရင်လည်း ရပါတယ်”

ရှောင်ယိ ပြန်လှဲချလိုက်ပြီး မျက်လုံးမှိတ်ထားလိုက်သည်။

“မြန်မြန် စဉ်းစားကြည့်ပြီးတော့ စဉ်းစားမိတာကို ဆိုပြ ကျွန်တော် ကောင်းကောင်း အိပ်ပျော်အောင်လို့ သီချင်းနားထောင်ဖို့ စောင့်နေတယ်”

စကားပြောပြီးသည့်နောက် သူ အရှည်ကြီး သန်းလိုက်သည်။

ခဏကြာပြီးသည့်နောက် ကုဝမ်ကျူက သီချင်းမဆိုတတ်ဘူးပဲဟု ရှောင်ယိ တွေးနေချိန်တွင် မပြည့်စုံသော ဂီတသံ အဖိအဖော့နှင့် တုန်ရီနေသည့် သီချင်းဆိုသံ ထွက်ပေါ်လာခဲ့သည်။

သစ်ခွပန်းသေးသေးလေး ဖြူ‌ဖွေးပြီး လှပတယ် နှင်းပွင့်လေးလို ကြည်လင်တယ် လမင်းလိုမျိုး တောက်ပတယ်......

ရှောင်ယိ : ?????!!!!!!!

အင်းး အရမ်း‌ဂျီးများမနေနဲ့ အစ်ကိုကျူ သီချင်းဆိုတတ်တာကိုက အခြေအနေ တော်တော်ကောင်းနေပြီ

ရှောင်ယိ စောင်အောက်တွင်ခွေရင်း ကုဝမ်ကျူ ညည်းတွားနေသည့်သီချင်းတီးလုံးသံကို တိတ်တိတ်လေး နားထောင်နေခဲ့သည်။ သီချင်းတီးလုံးသံသည် ရှည်ကြာနေပြီဖြစ်ပေမဲ့လည်း သူကတော့ ထိုအသံကို သေချာကြားနေရပြီး အရင်တုန်းက တစ်နေ‌ရာရာတွင် ကြားဖူးသကဲ့သို့ အနည်းငယ်ရင်းနှီးနေသည်။

ဘယ်မှာ ကြားဖူးတာပါလိမ့်? တီဗီဇာတ်လမ်းတွဲမှာလား? ကလေးတွေအတွက် ချော့တေးလား? အဲ့ဒါတွေလည်း မဟုတ်သေးပါဘူး။

ဒါပေမဲ့ ဘာလို့အရမ်းရင်းနှီးနေတာပါလိမ့်? ငါကိုယ်တိုင်လည်း ဒီသီချင်းကို လိုက်ညည်း နိုင်နေသလိုကို ခံစားရတယ်။

ရုတ်တရက် မျက်တောင်တစ်ချက်အခပ်တွင် ရှောင်ယိစိတ်ထဲ၌ မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် လူငယ်လေးတစ်ဦးသည် လက်ထဲတွင် သစ်ခွပန်းစည်းကြီးကို ကိုင်ရင်း တောထဲတွင် ပြေးနေသည့်ပုံရိပ် ဖြစ်သည်။

သူသည်လည်း စိတ်မြူးကြွစရာသီချင်းတစ်ချို့ကို သီဆိုနေခဲ့သည်။

သစ်ခွပန်းသေးသေးလေး ခါးသေးသေးလိုမျိုး သွယ်လျတဲ့ အကိုင်းအခက်တွေ ကျောက်စိမ်းပန်းပုရုပ်လေးတွေလိုမျိုးပဲလေ.....

“အစ်ကိုကျူ ဒီသီချင်းကို ဘယ်ကနေ သင်ထားတာလား?”

ရှောင်ယိ ဘေးစောင်းလိုက်ရင်း မေးလိုက်သည်။

ကုဝမ်ကျူ ပါးစပ်ပိတ်လိုက်ကာ ပြန်စဉ်းစား ကြည့်လိုက်မိသည်။ ခဏကြာအောင် စဉ်းစားကြည့်ပြီးသည့်နောက်တွင် သူ့မျက်နှာပေါ်၌ မရေမရာသည့်အရိပ်အယောင်များ ပေါ်လာခဲ့သည်။

“မမှတ်မိတော့ဘူး ကိုယ် ငယ်ငယ်တုန်းက အမေဆိုပြခဲ့တာများ ဖြစ်လောက်မလား?”

“မမှတ်မိရင်လည်း ထားလိုက်ပါတော့ အိပ်ကြရအောင်လေ”

ရှောင်ယိ ထပ်သန်းလိုက်ကာ ခေါင်းအုံးကို ဖိအိပ်လိုက်တော့သည်။

ရှောင်ယိ မနက်ခင်းနိုးလာချိန်တွင် နေရောင်သည် ပြတင်းပေါက်မှ ဖြတ်၀င်လာပြီး ခြံ၀င်းသည် တိတ်ဆိတ်နေခဲ့သည်။ ကုဝမ်ကျူ ခြံထဲသို့ သွားနှင့်ပြီ ဖြစ်သည်။

အိပ်ရာထဲ ခဏလောက်ဆက်ထိုင်နေပြီးသည့်နောက်မှ ဆေးကြောသန့်စင်ရန်အတွက် ပျင်းပျင်းရိရိ မတ်တပ်ထရပ်လိုက်သည်။ ဆေးကြောပြီးသည့်နောက်တွင် မီးဖိုချောင်ထဲ၀င်သွားပြီး အိုးအဖုံးဖွင့်ကြည့်လိုက်ရာ ပူနေဆဲဖြစ်သည့် ပေါင်းထားသောအစာသွပ်ပေါက်ဆီများကို တွေ့လိုက်ရသည်။ ကုဝမ်ကျူက သူ့အတွက် အစားအစာချန်ထားပေးခဲ့သည့်အချိန်တိုင်း ပြာမှုန့်တွေကို ထင်းပေါ်တွင် တင်ထားပေးခဲ့တတ်သည်။ မီးတောက် မရှိတော့ပေမဲ့လည်း လက်ကျန်အပူချိန်က မနက်စာအား နွေးနေအောင် ထိန်းထားပေးသည်။

ရှောင်ယိ လက်တစ်ဖက်ဖြင့် စွပ်ပြုတ်သောက်ရင်း ကျန်တစ်ဖက်က ပေါက်စီကို ကိုင်ကာ စားသောက်နေချိန်တွင် ခြံ၀င်းအပြင်ဘက်မှ ဖရိုဖရဲ ခြေသံအစုလိုက်နှင့်အတူ လီကျူး၏ ကျယ်လောင်သောအသံကိုပါ တွဲကြားလိုက်ရသည်။

“ရှောင်ယိ ရှောင်ယိရှိလား? ရှောင်ယိ”

“ငါ ဒီမှာ”

ရှောင်ယိ စွပ်ပြုတ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ရင်း အမြန်အော်ဖြေလိုက်ကာ ဘယ်ဖြစ်လို့လဲဟူ၍ စိတ်၀င်စားသွားသည်။

သူ ခြံတံခါးကို ရုတ်တရက် တွန်းဖွင့်လိုက်ရာ လီကျူးက “ဖြည်းဖြည်း ဖြည်းဖြည်း” လို့အော်ရင်း နောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်ကို မြင်လိုက်ရသည်။

ရှောင်ယိ နောက်သို့ အနည်းပြန်ဆုတ်ပြီး ကြည့်လိုက်ရာ လူတစ်ယောက်လက်ထဲတွင် သစ်သားပျဉ်ချပ်တစ်ခုကို ကိုင်ထားပြီး ထိုအပေါ်၌ ခြေထောက်တစ်စုံပေါ်နေသည့် လူတစ်ယောက်လှဲနေသည်ကို သေချာမြင်နိုင်သည်။

ရှောင်ယိ သေချာပင် မကြည့်ရသေးပေမဲ့လည်း သူ့ခေါင်းထဲ၌ “ဒုန်း” ဟု မြည်သွားကာ ချက်ချင်းပဲ ခြေထောက်တွေပျော့ခွေလာပြီး လက်ထဲရှိပေါက်စီပင် မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ သူ ယိုင်နဲ့နဲ့ဖြင့် ရှေ့သို့ခြေနှစ်လှမ်း လှမ်းလိုက်ရင်း တုန်ရီနေသည့် နှုတ်ခမ်းတွေဖြင့် တိုးတိုးလေး မေးမိုက်သည်။

“အစ်ကိုကျူ? ဒါ အစ်ကိုကျူလား?”

“၀င်ခဲ့ကြ ၀င်ခဲ့ ဖြည်းဖြည်းလုပ်”

တစ်ခြားတစ်ဖက်၌ လီကျူးသည် ထမ်းစင်ထမ်းထားသူများအား အော်ပြောကာ ညွှန်းကြားပေးနေဆဲ ဖြစ်သည်။ သူ ရှောင်ယိတစ်ခုခုကို အထင်လွဲနေပြီမှန်း ဖျတ်ခနဲရိပ်မိသွား၍ အမြန်ရှင်းပြလိုက်သည်။

“ဒါ ဝမ်ကျူ မဟုတ်ပါဘူး ရှောင်ယိ ၀မ်ကျူမဟုတ်ဘူး မင်းဆွေမျိုးလေ”

ရှောင်ယိ ထိုလူသည် ကုဝမ်ကျူ မဟုတ်ဘူးဟု သိလိုက်ရတာနှင့် စိတ်သက်သာရာ ရသွားသည့် သက်ပြင်းအရှည်ကြီး ချလိုက်ကာ သူ့နှလုံးသားသည် ဖြည်းဖြည်းချင်း အခြေပြန်ကျသွားပြီး ခြေထောက်တွေလည်း ဆက်ပြီး ပျော့ခွေမနေတော့ပေ။ ထို့နောက် သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ငါ့မှာ ဘယ်လိုမျိုးဆွေမျိုးတွေ ရှိရမှာလဲ? ဆွေမျိုး ဘယ်မှာရှိမှာလဲ?”

“ငါလည်းမသိဘူးလေ မင်းဘာသာလာကြည့်”

စကားပြောနေသည့်အချိန်အတွင်းတွင် လီကျူးနှင့် ရွာသားများသည် ထမ်းစင်အား ခြံထဲထိ သယ်ထားကာ မြေကြီးပေါ်၌ ချထားနှင့်ပြီးပြီ ဖြစ်သည်။

ရှောင်ယိ အနီးကပ် ကြည့်ကြည့်လိုက်ရာ ထမ်းစင်ပေါ်ရှိ လူ၏မျက်နှာကို မမြင်ရသေးပေမဲ့လည်း အနက်ရောင်ပုံစံများ အလှဆင်ထားသည့် အပြာရောင်၀တ်စုံရှည်နှင့် အင်္ကျီလက်ရှည်များပါသည့် ၀တ်ရုံကို ကြည့်ရုံဖြင့် စိတ်ထဲ၌ သိနေတော့သည်။

လျှိုစစ်ချန်း ထပ်ပြီး ကမ္ဘာကူးလာပြန်တာလား?

သူ ထိုလူ၏မျက်နှာအား မြင်လိုက်ရသည့်အချိန်တွင်တော့ မထိန်းနိုင်ပဲ ကြောင်အသွားမိသည်။ ထိုလူသည် လျှိုစစ်ချန်း မဟုတ်နေပါ။ သူသည် လျှိုစစ်ချန်းထက် အနည်းငယ်ပို၀ကာ အနည်းငယ်ပိုငယ်နေပြီး အသက် ၄၀ လောက်ဖြစ်နိုင်ပေသည်။

ရှောင်ယိ မြင်လိုက်ရသည်က ထိုလူသည် မျက်လုံးကို တင်းတင်းပိတ်ထားပေမဲ့လည်း လက်ထဲတွင် ခွက်တစ်ခုကို ကိုင်ထားရင်း ကိုယ့်ရင်ဘတ်ကို ပြန်ဖက်ထားကာ နောက်တစ်ဖက်သည် တုတ်တစ်ချောင်းကို ကိုင်ထားရင်း သတိမေ့နေသည့်အချိန်တွင်တောင် မလွတ်ပေးသည်ကို ဖြစ်သည်။

“သူ့ကို အာနျိုက တွေ့တာ သူက တောင်ရဲ့တစ်ဖက်ခြမ်းက ချိုင့်ဝှမ်းထဲမှာ ပြေးလွှားနေတာတဲ့ အာနျိုကိုလည်း တွေ့ရော ရှောင်ယိကို သိလားဆိုပြီးမေးတယ်တဲ့ အာနျိုက သိတယ်လို့လည်း ဖြေပြီးရော သူက မျက်လုံးတွေ မှိတ်ပြီး သတိလစ်သွားတော့တာပဲတဲ့”

လီကျူး အင်္ကျီလက်အနားနှင့် ကိုယ့်ကိုယ်ကိုယ် ယက်ခပ်ရင်း ဖြစ်ကြောင်း ကုန်စင် ပြန်ပြော ပြပေးနေခဲ့သည်။

“ကြည့်ရတာ အဆာလွန်ပြီး သတိလစ်သွားတဲ့ပုံပဲ”

“သူက အငတ်ဘေးကနေထွက်ပြေးလာတာလား? ပြီးတော့ ဘယ်လိုအ၀တ်အစားကြီးကို ရွေး၀တ်ထားတာလဲ? သူက အစားအစာအလုံအလောက်မစားရလို့ မေ့လဲသွားတာ‌ဆိုတော့ သနားဖို့တော့ကောင်းပါတယ် ဒါပေမဲ့ သူက မူးမေ့လဲတယ်ဆိုရင်တောင်မှ တုတ်နဲ့ခွက်ကို သေရာပါတဲ့အထိ ဘယ်လိုဆုပ်ကိုင်ထားရမလဲဆိုတာတော့ သိတယ်နော် ငါတို့ ခက်ခက်ခဲခဲ ဆွဲယူကြည့်ပေမဲ့ ဆွဲထုတ်လို့တောင်မရဘူး”

အာနျို ချွေးထွက်နေရင်း ခေါင်းခါပြကာ သက်ပြင်းချလိုက်မိသည်။

ရှောင်ယိစိတ်ထဲတွင်လည်း အမြန်လည်ပတ်နေသည်။ သူက ငါ့နာမည်ကိုသိနေတယ် လျှိုစစ်ချန်းက ပြန်ရောက်သွားတဲ့အချိန်မှာ ဒီလူကို ပြောပြထားတာဖြစ်ရမယ် သူတို့အချိန်ခရီးသွားတာကို ထိန်းချုပ်နိုင်သွားပြီးတော့ အချိန်ခရီးမသွားခင်မှာ ဒီလူကို ဒီနေရာကို လာပြီး ငါ့ကိုရှာဖို့ ပြောလိုက်တာ များလား?

“ဘယ်လိုလဲ? မင်း သူ့ကိုမှတ်မိလား?”

လီကျူး ရှောင်ယိကို မေးလိုက်သည်။

ရှောင်ယိ အမြန်ခေါင်းငြိမ့် ပြရင်း

“ငါ သူ့ကိုမှတ်မိတယ် ငါ့ရဲ့လေးယောက်မြောက်ဦးလေးလေ သူ အသက် မရှင်နိုင်လောက်တော့ဘူး ထင်ပြီး အငတ်ဘေးကနေ ထွက်ပြေးရင်း ငါ့ကိုလာရှာတာ ဖြစ်လောက်တယ်”

လူအများစုက ဆရာ၀န်ကို ခေါ်ကာ စစ်ဆေးကြည့်ဖို့ ပြောနေကြသည်။ သူတို့ ညည်းသံအရှည်ကြီးကို ကြားလိုက်ရပြီး သည့်နောက်တွင် ထမ်းစင်ပေါ်မှ လူသည် အနည်းငယ် လှုပ်ရှားကာ နိုးလာခဲ့သည်။

ထိုလူသည် နိုးလာလာချင်း ဘေးရှိလူများအား မျက်လုံးလှိမ့်ကာ လှည့်ပတ်ကြည့်ရင်း တစ်ခုခုကို ပြောချင်နေသလိုမျိုး နှုတ်ခမ်းတွေ လှုပ်ရှားလာခဲ့သည်။

ရှောင်ယိ ထိုလူ လူတိုင်း၏အရှေ့၌ မဆီလျော်သည့် တစ်ခုခု ပြောလိုက်မည်ကို စိုးရိမ်သောကြောင့် ထိုလူပြောလာမည်အထိ စောင့်မနေပဲ စိတ်ခံစားချက်အပြည့်ဖြင့် အော်ခေါ်လိုက်သည်။

“ဦးလေး! ကျွန်တော့်ကို လာရှာတယ် ကျွန်တော် ရှောင်ယိလေ”

ထိုလူသည် ထမ်းစင်ပေါ်လှဲနေရင်း ရှောင်ယိကိုကြည့်လာကာ ပ‌ထမတော့ မျက်လုံးတွေသည် ကြောင်တောင်တောင်ဖြစ်နေပေမဲ့ ခဏကြာပြီးသည့်အချိန်တွင် သူ တစ်ခုခုကိုမှတ်မိသွားသကဲ့သို့ မျက်လုံးထဲတွင် တွေးတောခြင်း ၊ မယုံနိုင်မှု ၊ အံ့အားသင့်မှု ၊ အတည်ပြုမှု ၊ ပျော်ရွှင်မှု ၊ ၀မ်းနည်းမှုနှင့် တခြားခံစားချက်တွေ တစ်လှည့်စီပေါ်လာခဲ့သည်။

ထို့နောက် သူသည် တုန်ရီနေသည့် နှုတ်ခမ်းများဖြင့် ရှိုက်ရင်း ပြောလာသည်။

“ရှောင်ယိ မင်းတောင် အရပ်ကြီးရှည်ပြီး ကြီးလာပြီပဲ မင်းအမေနဲ့တောင် ပိုတူတာတယ်”

ငါ ပြောရဲတယ် ဒါက မီးစင်ကြည့်ပြီး ကတတ်တဲ့သူပဲ

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment