no

Font
Theme

“နောက်တစ်နေ့ မနက်တွင်လည်း ရှယိတစ်ယောက် ဗိုက်ဆာလွန်းသဖြင့် နိုးလာခဲ့သည်။ ဤကိုယ်ခန္ဓာသည် အလွန်အမင်း ဗိုက်ဆာကာ ဗိုက်ထဲတွင် ဘာမှမရှိသောအခါ ရင်တုန်ပန်းတုံဖြစ်ကာ မည်မျှပင် အိပ်ရေးဝဝ အိပ်ချင်သည်ဖြစ်စေ ချက်ချင်းနိုးလာတတ်ကြောင်း သူသိလိုက်သည်။

ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ ရှယိသည် အိပ်ရာပေါ်တွင် လှဲလျောင်းရင်း ကုဝမ်ကျူက ဒီနေ့ အပြင်သွားမည်ဟု ပြောခဲ့သည်ကို သတိရကာ ရုတ်တရက် ထထိုင်လိုက်သည်။ ဗိုက်ကို ပွတ်ရင်း မီးဖိုချောင်ထဲသို့ ဘာစားရမလဲဆိုတာ ကြည့်ရန် သွားလိုက်သည်။

အိုးအဖုံးကို ဖွင့်ကြည့်လိုက်တော့ ဘာမှမရှိပေ။ ကြောင်အိမ်ကို ဖွင့်ကြည့်လိုက်တော့လည်း မနေ့ညက ကျန်ခဲ့သော ခေါက်ဆွဲဟင်းရည် တစ်ဝက်သာ ရှိသည်။ ကုဝမ်ကျူက သူ့ကို မနေ့က ကိုယ့်ဘာသာ ချက်စားရန် ပြောခဲ့သေး၏။ ထို့ကြောင့် ထောင့်တွင်ရှိသော ဆန်ခေါက်ဆွဲအိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဆန်ခေါက်ဆွဲတစ်ဝက် ကျန်နေသေးကြောင်း တွေ့ရသည်။

သူသည် မီးဖိုထဲသို့ ထပ်ကြည့်ကာ ဘေးတွင် ထိုင်ချလိုက်ပြီး စိုးရိမ်ပူပန်လာတော့သည်။

“၁၇၉၊ ငါတို့ အတူတူ ချက်စားလို့ ရတယ်မလား”

ရှယိသည် ငယ်စဉ်ကတည်းက မိဘများက ဖူးဖူးမှုတ်ထားခြင်းခံခဲ့ရသူတစ်ဦးဖြစ်သည်။ မိဘများ ကွယ်လွန်သွားသောအခါ သူသည် အလုပ်လုပ်နေကာ ပန်းချီဆရာဖြစ်နေပြီ ဖြစ်သည်။ သူသည် နေ့တိုင်း ပန်းချီခန်းထဲတွင်သာ နေထိုင်ကာ ဗိုက်ဆာသောအခါ အိမ်အရောက်ပို့သော အစားအစာများကို မှာယူစားလေ့ရှိသည်။

ခဏအကြာတွင် မီးဖိုချောင်ထဲမှ မီးခိုးလုံးများ ထွက်လာပြီး ရှယိ၏ မျက်လုံးများ ရဲလာကာ တဟွတ်ဟွတ်နှင့် ချောင်းဆိုးရင်း မီးဖိုချောင်ထဲမှ အလျင်အမြန် ပြေးထွက်လာခဲ့သည်။

“၁၇၉၊ မင်းက ချက်တောင် မချက်တတ်ဘူး”

“၁၇၉၊ မင်းရဲ့စနစ်က တကယ်ကို အသုံးမကျဘူးဆိုတာ ငါသိလိုက်ရပြီ။ မင်းတို့ စနစ်အသိုင်းအဝိုင်းက မင်းရဲ့ ကျွမ်းကျင်မှုအဆင့်ကို စစ်ဆေးဖို့ မလိုဘူးလား”

စနစ်: Host မင်းက မီးကောင်းကောင်းမွှေးနိုင်မှ ချက်ပြုတ်နည်းကို ကျွန်ုပ်က ပြောပြနိုင်မှာပါ။

နေဝင်ချိန်ရောက်သောအခါ အဝေးမှ အိမ်များမှ မီးခိုးများ ထွက်လာပြီး တောင်တန်းများ ဝန်းရံထားသော ရွာလေးကို ပျော်ရွှင်စရာ အငွေ့အသက်များစွာဖြင့် လွှမ်းခြုံပေးနေသည်။

ကုဝမ်ကျူသည် လောင်ကျန်းထောက်၏ လှည်းပေါ်မှ ကျောပိုးအိတ်ကြီးတစ်လုံးနှင့် လက်ထဲတွင် အိတ်ကြီးတစ်လုံးကို ကိုင်လျက် ခုန်ဆင်းလာခဲ့သည်။ ဤနေရာမှ တောင်လမ်းအတိုင်း တစ်ကွေ့ကြီး ကွေ့လိုက်လျှင် ရွာကို မြင်တွေ့နိုင်သည်။

ကွေ့လိုက်သည်နှင့် ရွာအဝင်ရှိ သစ်ပင်အိုကြီးအောက်တွင် ပိန်လှီသော ပုံရိပ်တစ်ခုသည် ဤဘက်သို့ မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့ အဝေးမှလာတာကို မြင်သည်နှင့် ထိုသူသည် အလျင်အမြန် ပြေးလာခဲ့၏။ ထိုလူ၏ အဝတ်အစားများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

ရှယိသည် ကုဝမ်ကျူဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာရင်း အော်ပြောလိုက်သည်။

“အစ်ကိုကျူ ပြန်လာပြီလား၊ အစ်ကိုက ကျွန်တော့်ကို အရမ်းလွမ်းနေတာကိုး”

ကုဝမ်ကျူသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်းမသိဘဲ လက်များ ခြေထောက်များ တောင့်သွားသည်။ သူသည် ခေါင်းကို လှည့်ပြီး ထွက်သွားချင်သော်လည်း မသင့်တော်ကြောင်း သိလိုက်သောကြောင့် လက်ထဲရှိ ပစ္စည်းများကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရတော့သည်။

ရှယိသည် ကုဝမ်ကျူထံသို့ တစ်ဟုန်ထိုး လာပြီး တစ်ခွန်းပြီးတစ်ခွန်း မေးနေသည်။

“ပင်ပန်းနေလား၊ စားပြီးပြီလား၊ ဗိုက်ဆာနေလား၊ အိမ်ပြန်ပြီး ချက်စားကြရအောင်”

ကုဝမ်ကျူသည် တစ်ခုပြီးတစ်ခု စကားပြောရန် ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ပြန်ပိတ်ကာ မျက်နှာထားခပ်တည်တည်ဖြင့် အိမ်သို့ လျှောက်သွားသည်။ ရှယိသည် နောက်မှ ကပ်လိုက်သွား၏။

အိမ်ပြန်ရောက်သောအခါ ကုဝမ်ကျူသည် တောင်းနှင့် အိတ်ကို ချပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ မီးဖိုထဲတွင် နေရာလွတ် မကျန်အောင် ထည့်ထားသော ထင်းခြောက်များကို ကြည့်ပြီး တဖြည်းဖြည်း မျက်မှောင်ကြုတ်လာသည်။

ထင်းခြောက်များမှာ မည်းသွားသော်လည်း မီးတောက်သည့် အရိပ်အယောင်မတွေ့ပေ။

“ဒီနေ့ မင်း ဘာစားထားလဲ။”

ကုဝမ်ကျူက သံသယဖြင့် မေးသည်။

“ခေါက်ဆွဲဟင်းချိုပါ။”

“ကြောင်အိမ်ထဲမှာ ကျန်နေတဲ့ ပန်းကန်တစ်ဝက်ကော။”

“အဲ....”

ရှယိတစ်ယောက် ရှက်ရွံ့စွာ ခေါင်းကိုငုံ့လိုက်သည်။

ကုဝမ်ကျူက ဘာမှမပြောဘဲ အခန်းထဲသို့ ပြန်သွားပြီး သားရေအိတ်ကိုဖွင့်ကာ ဆီစိမ်ထားသော စက္ကူအိတ်တစ်လုံးကို ထုတ်ပြီး ရှယိ ကို ပေးလိုက်သည်။

“ဖျာကို အရင်ခင်း ပြီးမှ စား”

ရှယိ သည် ဆီစိမ်ထားသော စက္ကူအိတ်ကို ဖွင့်လိုက်သောအခါ အတွင်းတွင် မွှေးကြိုင်သော အသားလုံးနှစ်လုံး ရှိမှန်းတွေ့လိုက်ရသည်။ ထို့ကြောင့် သူ ချက်ချင်း ဝမ်းသာသွားပြီး တစ်လုံးကို ကောက်ယူကာ ကုဝမ်ကျူ ကို ပေးလိုက်သည်။

“အစ်ကို ကျူ အစ်ကိုလည်း စားလေ”

ကုဝမ်ကျူ က ခေါင်းခါပြီး မီးဖိုချောင်ထဲသို့ တန်းသွားသည်။

“ငါ စားလာခဲ့ပြီ”

ရှယိ သည် ဒီနေ့ ပန်းကန်တစ်ဝက်စာ ခေါက်ဆွဲကို စားပြီးဖြစ်သောကြောင့် နံကြားပင် မကပ်သည့်အတွက် အခု အသားလုံးကို မြင်လိုက်ရသောအခါ ငိုချင်လာသည်။

အသားလုံးနှစ်လုံးကို စားပြီးသော်လည်း ရှယိ သည် ညစာအတွက် နောက်ထပ် နှစ်ပန်းကန်စာ စားနိုင်သေးသည်ဟု ခံစားမိသည်။

“မနက်ဖြန် ငါ အရင် အိမ်ကြီးကို သန့်ရှင်းရေးလုပ်ပေးမယ်၊ မင်း အဲဒီမှာ နေလို့ရပြီ၊ နောက်ပိုင်းမှာ ငါ့ဆီကို ညစာစားဖို့ လာခဲ့။”

ကုဝမ်ကျူက ပန်းကန်နှင့် တူများကို ချပြီးနောက် ရှယိ က ကျန်နေသော ဟင်းရည်များကို ထမင်းနှင့် ရောနယ်ပြီး စားနေသည်ကို ကြည့်နေသည်။ ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

ရှယိ သည် ပါးစပ်ထဲတွင် အစားအစာများ ပြည့်နေသောကြောင့် စကားမပြောနိုင်ဘဲ ခေါင်းကိုသာ တွင်တွင် ညိတ်ပြလိုက်သည်။

“၁၇၉၊ အစ်ကို ကျူ က တကယ်ကို ကြင်နာတတ်တာပဲ၊ နောင်မှ သူ့ကို ကောင်းကောင်းကျေးဇူးဆပ်ရမယ်။”

ညစာစားပြီးနောက် ကုဝမ်ကျူ က အိတ်ထဲနှိုက် ရှာကာ အဝတ်အစားအသစ် နှစ်စုံကို ထုတ်ပြီး ရှယိအား ပေးလိုက်သည်။

“ငါ့ညီ ဘာကြိုက်လဲမသိလို့ ဆိုင်ရှင်ကို ရွေးခိုင်းလိုက်တာ၊ မကြိုက်ရင် လဲလို့ရတယ်။”

အဝတ်အစားဆိုင်တွင် အဝတ်အစားရွေးတုန်းက ဆိုင်ရှင်က “မင်းရဲ့ကောလေးကတော့ တကယ်ကို ပျော်နေမှာပဲနော်” ဟု ပြောလိုက်သည်ကို သတိရလိုက်သောကြောင့် ကုဝမ်ကျူ၏ မျက်နှာသည် အနည်းငယ် မူမမှန်ဖြစ်သွားသည်။

ရှယိ က သူ့လက်ကို သုတ်ပြီး အဝတ်အစားကို ယူလိုက်သည်။

“သခင်ကြီး ကြိုက်တာဝတ်လို့ရပါတယ်ခင်ဗျား။ ကျွန်တော် မရွေးတော့ပါဘူး၊ ဒီအဝတ်အစားကိုပဲ ဝတ်လို့ရပါတယ်။”

ထိုသို့ပြောပြီးနောက် ရှယိ သည် အဝတ်အစားကိုယူပြီး နောက်ခန်းထဲသို့ ဝင်သွားသည်။

အဝတ်အစားများသည် ဒူးအထိအရှည်ရှိသော အထည်များဖြစ်ပြီး လက်ရာကောင်းမွန်ကာ ချုပ်ရိုးချုပ်သားလည်း သေသပ်သည်။ အဝတ်အစားလဲပြီးနောက် ရှယိ သည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်လိုက်သည်။

“၁၇၉၊ ကြည့်လို့ကောင်းရဲ့လား။”

“ကြည့်လို့ကောင်းတယ်၊ အထူးသဖြင့် ခါးပေါ့၊ ချုပ်ထားတာ အရမ်းကို သပ်ရပ်တယ်။”

၁၇၉ က စကားကောင်း တစ်ခွန်းပြောရမည့် အခွင့်အရေးကို လက်လွတ်မခံပေ။

ရှယိ က သူ့မေးစေ့ကိုသူ လက်ဖြင့် တို့လိုက်ပြီး သံသယအနည်းငယ်ဖြင့် ပြောသည်။

“ကြည့်လို့ကောင်းတယ်၊ ဒါပေမယ့် အရောင်က နည်းနည်း... ဒါ ဂေးတွေဝတ်တဲ့ ခရမ်းရောင်လား။”

မကြာသေးမီကမှ သူထိုအရာများနှင့် ပတ်သက်၍ အနည်းငယ် ခံစားလွယ်နေသည်။

“ဒီကမ္ဘာမှာ ဘယ်နေရာမို့လို့လဲ၊ အရမ်း အတွေးမခေါင်ပါနဲ့”

“ဟုတ်ပါတယ်လေ”

ရှယိ သည် အဝတ်အစားအသစ်များ ဝတ်ဆင်ကာ ပျော်ရွှင်စွာ အိမ်မှထွက်လာပြီး လမ်းလျှောက်ရင်း “အစ်ကို ကျူ” ဟုခေါ်လိုက်သည်။ ထို့နောက် ပြုံးပြီး တံခါးဝတွင် ရပ်နေ၏။

ကုဝမ်ကျူ သည် ခြံဝင်းထဲတွင် ထွန်သွားကို ချိန်ညှိနေပြီး ရှယိ ခေါ်သံကို ကြားသောအခါ ခေါင်းကိုမော့လိုက်ပြီး မျက်လုံးချင်း ဆုံသောအခါ အံ့သြသွားသည်။

ရှယိသည် ကိုယ်လုံးကိုယ်ပေါက် ပေါ်နေသည့် အဝတ်အစားအသစ်များဖြင့် ခန္ဓာကိုယ်သေးသွယ်သွယ်၊ ခါးသိမ်သိမ်လေးနှင့် နူးညံ့သိမ်မွေ့ကာ ယောကျာ်းပီသသော ရုပ်ရည်ရှိသည့် လူတစ်ယောက်အဖြစ် တွေ့လိုက်ရသည်။ ဆည်းဆာချိန်က လိမ္မော်ရောင် ခပ်ပြေပြေနေရောင်လေးသည် သူ့ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာ ကျရောက်နေကာ သူ့တစ်ကိုယ်လုံးကို လိမ္မော်ရောင် အလင်းရောင်ဖြင့် လွှမ်းထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ရှယိ သည် ညစ်ပတ်သော သူတောင်းစားနှင့်တူနေခဲ့ပြီး ကုဝမ်ကျူ၏ ခပ်ပွပွ အဝတ်အစားကိုသာ ဝတ်ဆင်ခဲ့သည်။ ယခုကဲ့သို့ သပ်ရပ်စွာ ပြင်ဆင်ပြီးမှသာ သူသည် အမှန်တကယ်ပင် ချောမောသော ကောတစ်ယောက် ဖြစ်မှန်းသိလိုက်ရ၏။

ရှယိ သည် ကုဝမ်ကျူ ဆီသို့ လျှောက်သွားပြီး ပြုံးကာမေးလိုက်သည်။

“ဘယ်လိုနေလဲ။”

ကုဝမ်ကျူက ပြန် မဖြေဘဲ ခဏတဖြုတ် အကြည့် လွှဲလိုက်သည်။

ထို့နောက် သူက “ငါ လယ်ကွင်းကို သွားကြည့်လိုက်ဦးမယ်။” ဟုပြောကာ နောက်သို့မကြည့်ဘဲ အလျင်အမြန် ခြံဝင်းမှ ထွက်သွားသည်။

ညနေပိုင်းတွင် မိုးကြိုးပစ်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် တစ်ရွာလုံး မိုးထဲဘေထဲရောက်နေသည်။ ပြတင်းပေါက်အပြင်ဘက်မှ ရေစီးသံ၊ အိမ်ခေါင်ပေါ်ရှိ အုပ်ကြွပ်များ မိုးရေထိသဖြင့် တဖြောင်းဖြောင်း မြည်သံနှင့် တစ်ခါတစ်ရံ အဝေးမှ ကျောက်တောင်များ ပြိုကျသံများ ထွက်ပေါ်နေသည်။

ရှယိ သည် အိပ်မပျော်နိုင်အောင် ဆူညံနေသဖြင့် အိပ်ရာပေါ်တွင် လူးလှိမ့်နေပြီး ကုဝမ်ကျူ၏ ထ၍ ခြံဝင်းမှ ထွက်သွားပြီး နာရီဝက်ကျော်အကြာတွင် ပြန်လာသည့်အသံကို ကြားလိုက်ရသည်။

နောက်တစ်နေ့မနက်တွင် ရှယိ သည် ငှက်သံများကြောင့် နိုးလာသောအခါ မိုးတိတ်သွားပြီး တံစက်မြိတ်များအောက်တွင် မိုးရေများ ကျနေသေးကြောင်း သိလိုက်ရ၏။

အခန်းထဲတွင် ကုဝမ်ကျူ သည် ဝါးပုံတစ်ပုံကြားတွင် ထိုင်နေပြီး ဝါးချောင်းများကို ကတ်ကြေးဖြင့် ညှပ်နေသည်။

ခြေသံကြားသောအခါ ကုဝမ်ကျူက ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်။

“အိမ်ကြီးမှာ ရေတွေနစ်နေပြီး နံရံတစ်ခုက ကျောက်တွေလည်း ပြုတ်ကျနေတယ်။ လူနေလိုမရတော့ဘူး။ မင်း ဒီမှာပဲနေပါ။ ငါ ဝါးခုတင်တစ်ခု ထပ်လုပ်ပေးမယ်၊ နောက်မှ သုံးလေ ဝါးခုတင်ပေါ်မှာ အိပ်ရတာ သက်သာတယ်။”

ခဏရပ်ပြီးနောက် ဆက်ပြောသည်။

“အိုးထဲမှာ မနက်စာ ကျန်နေသေးတယ်၊ သွားစားလိုက်။”

ရှယိက ရေးးး ဟု အော်ကာ မီးဖိုချောင်သို့သွား၍ ပန်းကန်လုံးတစ်လုံးတွင် ဆန်ပြုတ်ကို ထည့်လိုက်ပြီး တူဖြင့် ပန်ကိတ် သုံးခုကို ထိုးယူကာ ဂရုတစိုက် လျှောက်လာပြီး တံခါးဝတွင် ကုဝမ်ကျူ ဝါးခုတင်လုပ်နေသည်ကို ကြည့်ရန် ထိုင်လိုက်သည်။

ကုဝမ်ကျူ ၏ လက်များသည် အဆစ်အပေါက်တုတ်ကာ လက်ချောင်းများ ရှည်လျားပြီး လက်ဖဝါးတွင်လည်း ကြွက်သားများ ရှိသည်။ သူသည် အင်္ကျီ လက်များကို လိပ်တင်ထားသဖြင့် ကြွက်သား အမြှောင်းမြှောင်းများနှင့် အပြိုင်းပြိုင်းထနေသည့် အညိုရောင် လက်မောင်းများကို မြင်နေရသည်။ ဝါးအပိုင်းများကို သူ့လက်ထဲတွင် ဆက်တိုက် လှန်နေပြီး သစ်သားဖြင့် ပြုလုပ်ထားသော ဝါးခုတင်ဘောင်ထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းနေသည်။

လက်မှုပညာနှင့် မျိုးစုံတတ်သူများကို မည်သည့်ယောက်ျားလေးကများ မနှစ်သက်ဘဲ ရှိမည်နည်း။

ရှယိ သည်လည်း စွဲလန်းသွားသဖြင့် ရှေ့သို့တိုးကာ ကုဝမ်ကျူ နှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး ပေါင်မုန့်ကို စားရင်း စိုက်ကြည့်နေသည်။

ကုဝမ်ကျူ ၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးသွားပြီး ဘေးသို့လှည့်ကာ ရှယိ ဘက်သို့ ကျော ပေးလိုက်သည်။

ရှယိသည်လည်း ငြိမ်ငြိမ်မနေဘဲ အခုတစ်ခါ ကုဝမ်ကျူ၏ ဘေးနားသို့သွားကာ ဘေးချင်းယှဉ်ထိုင်လိုက်သည်။

ကုဝမ်ကျူတစ်ယောက်မှာတော့ ရှယိက သူ့အား ခပ်စူးစူး ကြည့်နေသောကြောင့် နောက်ဆုံးတွင် လုပ်နေသည်ကို ရပ်တန့်လိုက်ပြီး သူ့ကို ပြန် စိုက်ကြည့်လိုက်၏။

ရှယိ သည် ဆန်ပြုတ်ကို ပါးစပ်ထဲ ပလုတ်ပလောင်းစားကာ ဆက်လုပ်လေ ဆိုသည့်သဘောဖြင့် ဝါးချောင်းရှိရာကို မေးငေါ့ပြလိုက်သည်။

ကုဝမ်ကျူလည်း တစ်စုံတစ်ခုကို မျိုသိပ် သည်းခံနေရသကဲ့သို့ဟင်းခနဲ သက်ပြင်းရှည်ကို ချလိုက်ပြီး နံရံထောင့်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူ့လက်ထဲရှိ ဝါးချောင်းများကို ချလိုက်ပြီး တံခါးထောင့်တွင် စုပုံလိုက်သည်။ ထ၍ မီးဖိုချောင်သို့သွားကာ ပန်ကိတ်သုံးလေးချပ်နှင့် ရေတစ်အိုးကို ယူပြီး အဝတ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ထွန်သွားကို မယူကာ “ငါ လယ်ကွင်းကို သွားဦးမယ်” ဟုပြောသည်။

အသံမှာ မပျော်မရွှင်နှင့် မူမမှန်သကဲ့သို့ မပီ့တပီဖြစ်နေ၏။

“Host၊ လယ်စိုက်တာနဲ့ အကျွမ်းတဝင်မဖြစ်သေးဘူးမလား။ မြန်မြန်လိုက်သွားလေ”

၁၇၉ ၏ အသံထွက်ပေါ်လာသည်။

“အစ်ကို ကျူ၊ ခဏနေပါဦး”

ကုဝမ်ကျူတစ်ယောက် နွားကို ရွာထဲမှ မောင်းလာသည်နှင့် ရှယိလည်း အမောတကော လိုက်သွားသည်။

“အစ်ကို ကျူ၊ ကျွန်တော် ခင်ဗျား လယ်ထွန်တာကို လေ့လာချင်လို့။”

ရှယိ သည် ပြေးလွှားနေရသောကြောင့် မျက်နှာနီစပ်စပ်ဖြစ်နေပြီး ပန်ကိတ်နှင့် ရေပါသော အဝတ်အိတ်ကိုလည်း လက်ထဲတွင် ကိုင်ထားသည်။ ကုဝမ်ကျူက ထိုစကားကိုကြားသောအခါ ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီး တစ်ခုခုပြောချင်သော်လည်း ပါးစပ်ကို ပိတ်လိုက်သည်။ ထို့နောက် တုံဏှိဘာဝေပုံစံနှင့် ဆက်လျှောက်သွားသည်။ ရှယိကလည်း နောက်မှ အလျင်အမြန် လိုက်သွားလေသည်။

ရွာပြင်ရှိ မြစ်သေးသေးလေးတစ်စင်းကို ဖြတ်သွားစဉ် လူအချို့သည် မြစ်ကမ်းတွင် အဝတ်လျှော်နေကြသည်။ ရှယိနှင့် ကုဝမ်ကျူတို့ နှစ်ယောက်သား ထိုအဝတ်လျှော်နေသည့် ရွာသားများ၏မျက်လုံးများမှာ ချိန်ကိုက်မထားရပါဘဲ နှစ်ယောက်သားကို ပြိုင်တူ စိုက်ကြည့်နေကြ၏။

ကုဝမ်ကျူ သည် ခြေလှမ်း အရှိန်ကို မြှင့်လိုက်သဖြင့် ရှယိ နှင့် ဆယ်လှမ်းခန့်အထိ ဝေးသွားသည်။

“ကုဝမ်ကျူ ဒါ လီရွှီအာ ရဲ့ တူလား။”

အမျိုးသမီးတစ်ဦးက ထ၍ လှမ်းမေး လိုက်သည်။

လီရွှီအာသည် ကုဝမ်ကျူ၏ ကွယ်လွန်သွားသော မိထွေးဖြစ်ပြီး ရှယိ ၏ အဒေါ်ဖြစ်သည်။

ကုဝမ်ကျူ က အေးတိအေးစက်ပင် ခေါင်းညိတ်ပြလိုက်ပြီး အရှိန်ကို ဆက်မြှင့်လိုက်သည်။ နောက်မှ တစ်စုံတစ်ခု လိုက်လာနေသကဲ့သို့ နွားကိုလည်း အပြေးသုတ်ခိုင်းလိုက်သည်။

“အိုး မင်းက အရမ်းချောတာပဲကွယ်။”

အမျိုးသမီးတစ်သိုက် စပြီး ရယ်မောကြတော့သည်။

ရှယိ ကလည်း သူတို့ကို ဖော်ရွေစွာ ပြုံးပြလိုက်ပြီး နဖူးတွင် အနီစက်ရှိသော လူဖလံလေးနှစ်ယောက်ကို သတိထားမိလိုက်သည်။ ထိုသူတို့သည် မျက်နှာတွင် ပေါင်ဒါများ လိမ်းထားပြီး ဝမ်းဗိုက်များ ဖောင်းကားနေသည်။

“၁၇၉၊ ဒါက ကောတွေရဲ့ ပုံစံမျိုးလို့ မင်း မပြောနဲ့နော်။”

“မင်းလို ကော အမျိုးအစားပဲ၊ Host။”

ရှယိသည်လည်း သည် ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကောလိင်ပုံစံ လူနှစ်ယောက်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ သူတို့ ရယ်မောနေသည်ကို မြင်သောအခါ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကြသည်။

“စနစ်၊ အမတကို ကျင့်ကြံတဲ့ ကမ္ဘာကို သွားဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား။”

“ကျွန်တော်လည်း မတတ်နိုင်တော့ဘူး၊ Host ရေ”

သူလှည့်ကြည့်လိုက်သည့်အခါ ကုဝမ်ကျူတစ်ယောက် ခြေရာလက်ရာမကျန်အောင်ကို ပျောက်သွားသည်ကို တွေ့လိုက်ရ၏။ သူက ခြေလှမ်းကိုအရှိန်မြှင့်ပြီး လိုက်ပြေးလိုက်ရသည်။။ ထောင့်တစ်ခုကို ကွေ့ပြီးသည့်နောက်မှာတော့ ကုဝမ်ကျူက နွားတစ်ကောင်နဲ့အတူ သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။

ရှယိ၏ ပုံရိပ်ကို တွေ့သည့်အခါ ကုဝမ်ကျူမှာ ဆယ်ပေအကွာပုံစံ အတိုင်းပင် ထိန်းထားပြီး လယ်ကွင်းထဲကို လျှောက်သွား၏။

“၁၇၉၊ ရိုးရိုးသားသားပြောရရင် ကုဝမ်ကျူရဲ့ တုံ့ပြန်မှုက ငါ့ကို မိန်းမတစ်ယောက်လို ခံစားရစေတယ်”

“Host၊ ခင်ဗျားက တကယ်ကို ဆန်းဆန်းတင့်ဖြစ်တာပဲ။ ကျွန်ုပ်ထင်တာတော့ ကုဝမ်ကျူက ပုံမှန်ပါပဲ”

၁၇၉ က Host ၏ သံသယများကို ဖယ်ရှားပြီး စိတ်အေးလက်အေးနှင့် လယ်မြေကို ထွန်ယက်စေချင်သောကြောင့် ထိုသို့ အလျင်အမြန် ပြန်ပြောလိုက်သည်။

“ ဒီကမ္ဘာကြီးက ဖောက်လွဲဖောက်ပြန်တတ်တဲ့ ကမ္ဘာကြီးဆိုတာကို သိပြီးကတည်းက၊ ငါက ကောတစ်ယောက်ဖြစ်နေတုန်းကတည်းက ငါ့ရဲ့ စိတ်ဓာတ်တွေ ပြိုလဲသွားပုံရတယ်”

ရှယိက သက်ပြင်းရှည်ကြီးချပြီး နည်းနည်းတော့ ငိုမဲ့မဲ့ဖြစ်သွားသည်။

“Host၊ ခင်ဗျားက ခင်ဗျားရဲ့ စိတ်ဓာတ်ကို ချိန်ညှိဖို့ လိုတယ်။ ခင်ဗျား မြင်သမျှအရာအားလုံးကို သံသယမ၀င်ပါနဲ့”

၁၇၉ က သူ့ကို နှစ်သိမ့်ပေး၏။

လယ်ကွင်းထဲတွင်တော့ ကုဝမ်ကျူက နွားများကို တစ်ကောင်ချင်းစီ နာမည်အော်ပြီး လယ်ထွန်ဖို့ စတင်ခဲ့သည်။ သူ့၏ ထိန်းချုပ်မှုအောက်တွင် ထွန်သွားများမှာ အမည်းရောင်မြေကြီးကို ထိုးခွဲသွား၏။

ရှယိက လယ်ကွင်းအစွန်းမှာ ထိုင်ကာ ကုဝမ်ကျူ၏ ခြေလှမ်းတိုင်းကို ဂရုတစိုက် လေ့လာပြီး လှုပ်ရှားမှုတိုင်းကို မှတ်သားနေသည်။

“၁၇၉၊ ထွန်သွားကို ၄၅° ထောင့်ချိုးထားရမယ်”

“၁၇၉၊ ထွန်သွားကို တွန်းချဖို့ ကန်အားကို အသုံးပြုရမယ်”

“Host၊ ခင်ဗျားက နွားတွေကို မောင်းနှင်ဖို့ တစ်ဖက်ကနေ ကျာပွတ်ကို ဝှေ့ရမယ်။ ထွန်သွားကို အဲဒီလောက် အလွယ်တကူ ဖိလို့ရမယ်လို့ ကျွန်တော် မထင်ဘူး”

“၁၇၉၊ မင်းကြည့်ဦး၊ သူက မြေကြီးပေါ်ကို ခြေဗလာနဲ့ နင်းထားတယ်။ အဲဒါဆို သူ မြေကြီးထဲက ပိုးကောင်တွေနဲ့ တခြားအကောင်တွေကို တွေ့မှာပေါ့၊ ငါတော့ မလုပ်နိုင်ဘူးလို့ ခံစားရတယ်”

“အဲဒီအချိန်မှာ ငါက ပိုးကောင်အားလုံးကို ပန်းချီဆွဲထားနိုင်တယ်လေ”

“ဒါပေမဲ့ ထိတော့ထိရမှာပဲ”

“ကျွန်ုပ် သင့် ခန္ဓာကိုယ်ရဲ့အာရုံခံစားတတ်တဲ့နေရာတွေကို ပိတ်ထားပေးပါ့မယ်”

လူတစ်ယောက်၊ စနစ်တစ်ခု၊ ကုဝမ်ကျူ လယ်ထွန်နေသည်ကို ကြည့်နေရင်းနှင့် သူ့စိတ်ထဲတွင် ပြင်းထန်သည့် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတစ်ခုကို အကျေအလည် စတင်ဆွေးနွေးနေသည်။

ကုဝမ်ကျူတစ်ယောက်မှာတော့ ဒီနေ့ ဒီမြေကွက်လေးကို ထွန်ယက်ရခြင်းသည် သူ့ သမိုင်းမှာ အခက်ခဲဆုံးအချိန်ဟုပင် ခံစားလိုက်ရသည်။ ဘယ်ဘက်ကုန်းပေါ်က ရှယိ၏ မျက်လုံးနှစ်စုံသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ကပ်မတတ် ကြည့်နေသဖြင့် ရိုးတိုးရွတနှင့် အလွန်ပူလောင်ပြီး နွားတွေကို မောင်းနှင်ဖို့လည်း အကြိမ်ပေါင်းများစွာ မေ့သွားကာ လက်တွေ ခြေထောက်တွေကိုလည်း မထိန်းချုပ်နိုင်တော့ပေ။

‘ဒီကောင်လေးက ရှက်တတ်ဖို့ မသိဘူးလား။ လူကို စိုက်ကြည့်နေတာ၊ အကြည့်တွေက ကောင်းကို မကောင်းဘူး။’

သူ ခေါင်းကိုလှည့်ပြီး ရှယိအား စိုက်ကြည့်လိုက်သော်လည်း ထိုအကောင်ပေါက်ကတော့ ခပ်ချိုချိုလေး ပြန်ပြုံးပြနေဆဲပင်။

‘သူ ငါ့ကို စိတ်ဝင်စားတယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် ငါတို့ အတူတူနေတာ သုံးလေးရက်ပဲ ရှိသေးတယ်လေ။ နေ့တိုင်း ငါက မြူဆွယ်ဖို့ အစွမ်းကုန် ကြိုးစားနေရတယ်ဟ။ ဘယ်နေရာမှာများ သူက ကောတစ်ယောက်နဲ့ တူလို့လဲ။’

‘အရှက်မရှိလိုက်တာ။’

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment