no

Font
Theme

ဖယောင်းတိုင်မီးသည် မှိတ်တုပ်မှိတ်တုပ်လင်းနေကာ ကုဝမ်ကျူသည် မျက်မှောင်ကြုံ့ရင်း နှုတ်ခမ်းကို တင်းတင်းစိထားလျက် လက်ထဲတွင် ကိုင်ထားသည့် အင်္ကျီလက်အပေါ်၌ အာရုံစိုက်ထားလိုက်ပြီးနောက် သူ့အားအင်မှန်သမျှ အကုန်စုဝေး၍ သေးသွယ်သည့်အပ်ကလေးကို ကိုင်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ထိုးစိုက်လိုက်သည်။

“အမ်....”

ရှောင်ယိ ကုဝမ်ကျူဘေးတွင် မေးစေ့လေး တင်ထားရင် သူ့ကို တိတ်တိတ်လေး ကြည့်နေခဲ့သည်။

ကုဝမ်ကျူ၏ ဘေးတိုက်မျက်နှာသွင်ပြင်သည် ထင်ရှားပေါ်လွင်နေပြီး ဖယောင်းတိုင် မီးရောင်အောက်၌ သူ့နှာတံရှည်ရှည်လေးက မျက်နှာပေါ်ကို အရိပ်ပြန်ကျနေ၍ တမူထူးခြားစွာ ချောမောခန့်ညားနေသည်။

အလုပ်ကြိုးစားနေသော ယောင်္ကျားလေးသည် ခန့်ညားချောမောသည်ဟူသော လူတွေပြောစကားသည် လိမ်ညာနေခြင်း မဟုတ်ပေ။ ရှောင်ယိသည် သူ့အပိုင်လူကြီး၏ အလှတရားတွင် ယစ်မူးသွားပြီး သူ့ကိုယ်သူပင် ကယ်ထုတ်လို့ မရနိုင်ခဲ့ပါ။

“ကတ်ကြေး”

ကုဝမ်ကျူ ခေါင်းမထောင်ပဲ လက်ကို ညာဘက်ခြမ်းသို့ မြှောက်လိုက်သည်။

ရှောင်ယိ ခြင်းထဲမှ ကတ်ကြေးအား အမြန်လှမ်းပေးလိုက်သည်။

“အပ်ချည်”

ကုဝမ်ကျူ လိုတိုရှင်းတောင်းလိုက်ပြီး သူ့လက်ကတော့ ဆက်ချုပ်နေသည်။

ရှောင်ယိ နောက်အပ်တစ်ချောင်းထဲကို အပ်ချည်ထိုးလိုက်ကာ ကုဝမ်ကျူကို အမြန် လှမ်းပေးလိုက်ပြီး သူ့ရှေ့နဖူးမှ စိမ့်ထွက်နေသည့် ချွေးအနည်းငယ်အား လက်ကိုင်ပုဝါဖြင့် သုတ်ပေးလိုက်သည်။

ကုဝမ်ကျူ ခေါင်းအနည်းငယ် ခေါင်းလိုက်ပေမဲ့ မျက်လုံးကတော့ လက်ထဲရှိ အပ်နှင့်အပ်ချည်ကိုသာ ကြည့်နေဆဲဖြစ်သည်။

“နောက်ဆုံး နှစ်ချက်ချုပ်ပြီးရင် ပြီးပြီ”

ကုဝမ်ကျူ၏အသံသည် တည်ငြိမ်ပြီး လေးနက်နေသည်။

“ချုပ်ကြောင်းက လုံး၀ကို အောင်မြင်တယ်”

ရှောင်ယိ : ....ဒါက ဘာလို့ ခွဲစိတ်မှုလုပ်သလိုမျိုး ခံစားချက်ရနေတာလဲ

နောက်ဆုံးတစ်ချက် ချုပ်ပြီးသွားသည့်နောက်တွင် ကုဝမ် ပိုနေသည့်အပ်ချည်ကို ကတ်ကြေးဖြင့် ညှပ်လိုက်ပြီး စိတ်သက်သာရာရသွားသည့် သက်ပြင်းအရှည်ကြီးချလိုက်သည်။

“ပြီးသွားပြီ စမ်းကြည့်ရအောင်”

ထိုသို့ ပြောပြီးသည့်နောက်တွင် သူ အင်္ကျီကို ခါလိုက်ကာ ရှောင်ယိဆီသို့ ကမ်းပေးလိုက်သည်။

ရှောင်ယိ အင်္ကျီကိုယူလိုက်ပြီး တစ်ချက်ကြည့်ကြည့်လိုက်သည်။ ချုပ်ကြောင်းရာသည် အလွန်သေသပ်ပြီး မြဲမြံနေကာ အပ်ပေါက်ရာတွေကြား ကွာခြားမှုသည်လည်း ညီညာနေသည်။ ကုဝမ်ကျူက သူအရင်တုန်းက တစ်ခါမှ အပ်မချုပ်ဖူးဘူးဟု ပြောခဲ့ပေမဲ့လည်း သူ၏ပထမဆုံးအကြိမ် ချုပ်ထည်သည် အလွန်လှပနေသည်။

“အစ်ကိုကျူက အရမ်းမိုက်တာပဲ မိုက်တယ် ကျွန်တော် အစ်ကို့ကို အရမ်းလေးစားသွားပြီ”

ရှောင်ယိ သူ့မျက်နှာအနည်းငယ်ပူလောင်မလာခင်အထိ ကုဝမ်ကျူကို ချီးမွမ်းဖို့ရာ တွန့်‌ဆုတ်မနေခဲ့ပေ။

ထိုအင်္ကျီသည် ချောင်သည့်ရှပ်အင်္ကျီအထူဖြစ်သည့်အတွက် ရှောင်ယိ တန်း၀တ်ကြည့်လိုက်သည်။ အင်္ကျီ၀တ်ကာ သေချာကြယ်သီးတပ်ပြီးသွားသည့်နောက်တွင် ရှောင်ယိ ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ကုဝမ်ကျူအရှေ့၌ အကြိမ်အနည်းငယ် ကိုယ်ခန္ဓာကိုပတ်ချာလည်လှည့်နေခဲ့သည်။

“ကြည့်ကောင်းလား?”

ကုဝမ်ကျူ မျက်လုံးတွေ ပင့်ကြည့်လာသည်ကို ရှောင်ယိမြင်လိုက်ပေမဲ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ကြည့်ကောင်းတယ်”

ကုဝမ်ကျူ ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ယိ အကြိမ်အနည်းလောက် လှည့်ရင်း လက်တွေကိုခါကာ ခါးထောက်ကြည့်လိုက်ရာ တစ်ခုခု အနည်းငယ် လွဲနေသလို ခံစားမိလိုက်သည်။ ချိုင်းကြားတစ်ဖက်‌အောက်တွင် တစ်ခုခုညပ်နေပြီး ပခုံးတွင် အနည်းငယ်တင်းကြပ်နေသည်။

သူ အင်္ကျီကို ပြန်ချွတ်လိုက်ပြီး သေချာအနီးကပ် ကြည့်ကြည့်လိုက်ရာ အကြောင်းအရာကို ရှာတွေ့သွားခဲ့သည်။

“အစ်ကိုကျူက အင်္ကျီလက်ကို အပေါ်အောက် ချုပ်လိုက်တော့ ပခုံးနေရာက အောက်နဲ့ ပေါင်းချုပ်ခံလိုက်ရပြီး ပခုံးနေရာမှာ မာတောင့်နေတဲ့အထူလိုက်ကြီး ချုပ်ထားသလို ဖြစ်နေတယ်”

ကုဝမ်ကျူ အမြန်ထလိုက်ပြီး အနည်းငယ် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဒါကို ပြန်ဖြုတ်ပြစ်ပြီး ထပ်ပြန်ချုပ်မှရမယ်”

..............

“ကတ်ကြေး”

ကုဝမ်ကျူ လက်ကို လေးလေးနက်နက်ဖြင့် ဆန့်ထုတ်လိုက်ရာ ရှောင်ယိ အမြန်ကမ်းပေးလိုက်သည်။

“အပ်ချည်”

ရှောင်ယိ အပ်ပေါက်ထဲ အပ်ချည် အမြန်ထိုးပေးလိုက်သည်။

“နောက်ဆုံးနှစ်ချက် ချုပ်ဖို့ပဲကျန်တော့တယ်”

ဒီတစ်ကြိမ်တွင်တော့ အင်္ကျီလက်သည် အပေါ်အောက်နေရာမှန်သွားပြီး ချိုင်းကြားအောက်နှင့် ပခုံးအပေါ်၌ သေချာနေရာတကျ ဖြစ်သွားသည်။ ရှောင်ယိ လက်မောင်းကို အပေါ်အောက် လွှဲခါရင်း အလွန်စိတ်ကျေနပ်နေခဲ့သည်။ ကုဝမ်ကျူလည်း ရှေ့တိုးလာကာ ဟိုနေရာ ၊ ဒီနေရာ စစ်ဆေးပြီး နေရာမှားချုပ်သည့် ချုပ်ကြောင်းမရှိတာ သေချာအောင် လုပ်နေသည်။

ရှောင်ယိ တစ်ခုခုလွဲနေသလို ခံစားလာရပြီး ဒါက ၀တ်ရတာဘာလို့ထူးဆန်းနေတာပါလိမ့်?

ကုဝမ်ကျူ လက်ပိုက်ထားလျက် မေးစေ့ကိုပွတ်ကာ မျက်မှောင်ကြုံ့နေရင်း ရုတ်တရက် သတိထားမိသွားသည်။

“လက်နှစ်ဖက်က အရှည်ညီမနေဘူး”

“စောနက ပြန်ဖြုတ်တဲ့အချိန်တုန်းက အင်္ကျီလက်မှာ အပ်ပေါက်ရာတစ်ခုတွေ့တာနဲ့ အပိုအနေနဲ့ ထည့် ချုပ်ပြစ်လိုက်တာ”

ကုဝမ်ကျူ နောင်တအပြည့်ရနေသည်။

“ဒါဆို ကျွန်တော် ဘယ်လိုလုပ်ရမလဲ?”

ရှောင်ယိ လက်တစ်ဖက်တိုနေတဲ့အင်္ကျီကို ၀တ်ထားရင်း ကုဝမ်ကျူကို အားကိုးတကြီး ကြည့်လိုက်သည်။

“ပြန်ပြီး ဖြုတ်ရအုံးမှာလား? ထပ်ပြီးပြန်မဖြုတ်ချင်တော့ဘူး ပြန်ဖြုတ်လေ ပြဿနာက ပိုများလာလေ ဖြစ်နေတာ ဒီအောက်မှာ ဆက်လို့ရလောက်မဲ့ အထည်အပိုင်းအစတစ်ခုခုပဲ ရှာကြရအောင်နော်”

“အင်း ဒါဆို အ၀တ်အစပဲ ရှာကြတာပေါ့”

ထိုသို့ပြောပြီးသွားသည့်နောက်တွင် ကုဝမ်ကျူ ခြင်းတောင်းထဲ၌ လှန်လှောရှာဖွေလိုက်ရာ အမျိုးအစား တူညီ‌သည့် အထည်အစတစ်ခုကို ရှာတွေ့၍ ကတ်ကြေးဖြင့် ညှပ်လိုက်ပြီး ရှောင်ယိ၏အင်္ကျီလက်၌ ဆက်ရန် စလုပ်လိုက်သည်။

“ကတ်ကြေး”

“အပ်ချည်”

“နောက်ဆုံးနှစ်ချက် ချုပ်ဖို့ပဲကျန်တော့တယ်”

ပြီးသွားခဲ့ပြီဖြစ်သည်။ ဒီတစ်ကြိမ် အ၀တ်၀တ်ကြည့်ပြီးသည့်အချိန်တွင်တော့ ဘာပြဿနာမှမရှိတော့ပဲ ကွက်တိအံ၀င်ခွင်ကျ ဖြစ်နေသည်။ အ၀တ်တွေက အနည်းငယ်ရှည်နေပြီး အင်္ကျီ ကိုယ်ထည်နှင့် လက်က ပိတ်စအရောင် မတူတော့သည်သာ ရှိတော့သည်။ သူတို့နှစ်ယောက်လုံး ထိုအရာအား အနည်းငယ် နောင်တရမိပေမဲ့လည်း ကြီးမားသည့်ကိစ္စတော့ ဟုတ်မနေပေ။

ရှောင်ယိ ထိုရှပ်အင်္ကျီအား ပြီးသွားပြီ ဖြစ်၍ ကုဝမ်ကျူ၏အင်္ကျီချုပ်သည်ကိုလည်း မြင်ချင်သေးသည်။

ရှောင်ယိ မချုပ်ရသေးသည့် အထည်အပိုင်းအစတွေကို ကိုင်ရင်း စားပွဲပေါ်တွင် ဖြန့်ကျက်ထားသည့် အ၀တ်နှင့် ယှဉ်ကြည့်လိုက်ရာ ရုတ်တရက် “အယ်” ဟု ရေရွတ်မိသွားသည်။

“အစ်ကိုကျူ စောနတုန်းက ကျွန်တော့်အတွက် အ၀တ်အစကို ဒီကနေ ဖြတ်လိုက်တာလား?”

ရှောင်ယိက လွတ်နေသည့် အင်္ကျီလက်ကို ကိုင်ထားသည်ကို မြင်သည့်အခါ ကုဝမ်ကျူရင်ဘတ်ထဲ၌ တစ်ချက်စူးအောင့်သွားခဲ့သည်။

“အစ်ကို့ရဲ့အင်္ကျီလက်အတွက် ကျွန်တော့်၀တ်စုံက ခေါက်ထားရတဲ့အထည်အပိုင်းကို ဖြတ်ယူလိုက်ပါ။ ဘာပဲဖြစ်ဖြစ် စောနတုန်းက ကျွန်တော် စမ်း၀တ်ကြည့်တဲ့ အချိန်တုန်းက အဲ့ဒါက နည်းနည်း ကြီးနေတာပဲလေ”

ထိုသို့လုပ်ရန် တစ်နည်းသာရှိသည့်အတွက် သူ ရှောင်ယိအင်္ကျီမှ ခေါက်နေသည့်နေရာအား ဖြုတ်လိုက်ပြီး သူ့အင်္ကျီလက်နေရာသို့ ဆက်လိုက်သည်။

အ၀တ်နှစ်ထည်လုံး ပြီးစီးသွားချိန်တွင် ကုဝမ်ကျူ လယ်သုံးဧကို ဆက်တိုက် ထွန်ရက်လိုက် ရသလိုမျိုး ပင်ပန်းသွားခဲ့သည်။

နှစ်ယောက်လုံး အ၀တ်အစားအသစ်တွေ ၀တ်လိုက်ပြီး အချင်းချင်းပြုံးကာ ကြည့်လိုက်သည်။

ကုဝမ်ကျူသည် ခရမ်းပုတ်ရောင်လက်အနားသတ်များနှင့် အင်္ကျီအပြာရောင်ကို ၀တ်ဆင်ထားကာ ရှည်လျားသည့် အရပ်ဖြင့် ချောမောခန့်ညားနေပြီး ရှောင်ယိသည် အပြာရောင် လက်အနားသတ်များနှင့် ခရမ်းပုတ်ရောင်အင်္ကျီကို ၀တ်ဆင်ထားသည်။

F**k ဒါက စုံတွဲ၀တ်စုံကြီးပဲ

အပြာရောင်ထဲတွင် ခရမ်းရောင် ရှိနေပြီး ခရမ်းရောင်ထဲတွင် အပြာရောင်ရှိနေကာ ငါ့မူလအရောင်ထဲမှာ သူ့အရောင်ရှိနေသလို သူ့မူလအရောင်ထဲမှာလည်း ငါ့အရောင် ရှိနေသည်။

နောက်နေ့မနက်စောစော၌ နှစ်ယောက်လုံး အ၀တ်အစားသစ်များ ၀တ်ဆင်ထားကာ မနက်စာစားပြီးသည့်နောက်တွင်တော့ နံရံတစ်၀က်ပြိုကျသွားသည့် အိမ်အိုကြီးဆီသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ နံရံများပြန်လည်ပြုပြင်ပြီးသွားသည့်အချိန်ဆိုလျှင် ပစ္စည်းများ စုပြုံနေသည့်အိမ်မှ အသုံးမပြုသည့်လယ်ယာပစ္စည်းအစရှိသည်တို့အား ထားမည့်အိမ်အဖြစ်သို့ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။

နှစ်ယောက်လုံး အိမ်ကို လှည့်ပတ်စစ်ဆေးကြည့်ပြီးသည့်နောက် ခဏကြာသည့်အခါ ရွာသားတွေအများကြီး ရောက်လာပြီး အကုန်လုံးသည် စားသောက်ကြရင်း ပန်းကန်လုံးများဖြင့် ကြည့်နေကြသည်။

“ရှောင်ယိ အင်္ကျီ အသစ်၀တ်ထားတာလား? တော်တော်ကြည့်ကောင်းတာပဲ”

“ရှောင်ယိ မင်းအ၀တ်အစား အသစ်က ဘာဖြစ်တာလဲကွ အင်္ကျီလက်တွေက အရောင်မတူပါ့လား?”

လီကျူး လက်ထဲတွင် ပန်းကန်လုံးတစ်ခုကိုကိုင်ထားကာ ဆန်ကျဲနေရင်းမှ ရှောင်ယိဘေး၌ ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။

သူတို့နှစ်ယောက်လုံး အကြောင်းအရင်းကို ပြောရန် ရှက်သည့်အတွက်ကြောင့် သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

“ငါလည်း ဘာနဲ့ထိုးမိပြီး အပေါက်ဖြစ်သွားလည်းမသိပါဘူး အဲ့ကြောင့် ဒီတိုင်းလက်နေရာကို ဖာလိုက်ရတာ”

ဘေးနားရှိ လူတွေအကုန်လုံးက နားလည်သည့်ပုံစံဖြင့် ခေါင်းညိတ်ကြပေမဲ့ ဦးလေးဝမ်တစ်ယောက်တည်းကသာလျှင် အဝေးကို နက်ရှိုင်းသည့်မျက်လုံးများဖြင့် ကြည့်နေရင်း သေချာတွေးတောစဉ်းစားနေပြီးမှ အေးစက်စက်ပြုံးလိုက်သည်။

“သူက တစ်နေရာရာမှာ ညှိမိသွားတယ်ဆိုတာကို မင်းတို့ တကယ်ယုံကြတယ်လား?”

ရှောင်ယိနှင့် ကုဝမ်ကျူတို့ တစ်ချက်ထိတ်လန့်သွားသည်။

“အဲ့သူခိုးသုံးယောက်က ကလဲ့စားချေဖို့ ပြန်လာပြီး ဖြဲပြစ်တာပဲ ဖြစ်ရမယ်”

ဦးလေးဝမ်က အံကြိတ်ထားသည်။

“သူတို့ ငါနဲ့ ထပ်မတွေ့‌အောင်နေကြပေါ့ကွာ”

................

ရှောင်ယိ သူ၏အရင်ဘ၀တုန်းက မည်သူနှင့်မျှ အတည်မတွဲဖူး၍ ချစ်ခြင်းကိုဖော်ပြကြသည့် ထိုအတွဲများအား သူအလွန်နှာခေါင်းရှုံ့ခဲ့ဖူးသည်။ လမ်းပေါ်၌ ဖယောင်းတိုင်များနှင့် ပန်းစည်းအား တွေ့လျှင် ‘ငအ! ချစ်ခွင့်ပန်တာ လက်စွပ်နဲ့ လုပ်ရမှာပေါ့ ဘလာ ဘလာ’ ဟူ၍ ပြောခဲ့ဖူးသည်။

“၁၇၉ ငါ နောက်ဆုံးတော့ တာ၀န်တွေလည်း ပြီးသွားပြီဆိုတော့ အစ်ကိုကျူကို လက်စွပ်ပေးချင်တယ် ဖယောင်းတိုင်တွေနဲ့ အသည်းပုံ လုပ်ပြချင်တယ်!”

ရှောင်ယိ တွေးရင်းပျော်နေခဲ့သည်။

“အတွဲတွေ လုပ်တဲ့အရာတွေ တစ်ခုပြီးတစ်ခု ချမှတ်ပြီးစာရင်းလုပ်ထားချင်တာလည်း ပြီးသွားပြီ”

ထိုသို့ပြောပြီးသည့်နောက် သူ အိမ်ထဲမှ မှတ်စုစာအုပ်အသေးလေးကို ထုတ်ယူလိုက်ပြီး ‘စုံတွဲ၀တ်စုံ တူတူ၀ယ်ကြမယ်’ဟူသည့် နေရာ၌ အမှတ်ခြစ်လိုက်သည်။

‘သူနဲ့အတူ ဖယောင်းတိုင် ညစာလေး တူတူစားမယ်!’ ငါတို့က နေ့တိုင်း ဖယောင်းတိုင်နဲ့အတူ ညစာတူတူ စားနေတာဆိုတော့ အမှန်ခြစ်

‘သူနဲ့အတူ တောင်တွေ ၊ မြစ်တွေဆီကို အလည်သွားမယ်!’ အင်းး နောက်ဆုံး တစ်ခေါက်တုန်းက သူက ငါ့ကို ငါးဖမ်းခေါ်သွားပြီး တော်တက်သွားတယ် ရေကစားတယ်ဆိုတော့ အမှန်ခြစ်

‘သူနဲ့အတူ နေ၀င် နေထွက်အလှတရားကို ကြည့်မယ်!’ကွင်းပြင်တွေနဲ့ လယ်ကွင်းတွေထဲကို နေ့တိုင်းအတူသွားပြီး အတူပြန်တာဆိုတော့ အမှန်ခြစ်

‘သူနဲ့အတူ ပိုက်ဆံစုမယ်!’ ငါတို့ပိုက်ဆံတွေ အကုန်လုံးက သစ်သားသေတ္တာလေးထဲမှာဆိုတော့ အမှန်ခြစ်

‘သူနဲ့အတူအရသာရှိတဲ့အစားအစာတွေ ချက်ပြုတ်မယ်!’ သူချက်ပြုတ်နေတဲ့အချိန် ငါက ဘေးမှာရှိနေတာဆိုတော့ အမှန်ခြစ်

‘သူနဲ့အတူ အိမ်မွေးတိရစ္ဆာန်မွေးမယ်!’ ချီလင်က ဖိနပ်ကိုက်ရင်း သူ့ဘေးမှာထိုင်တော့ အမှန်ခြစ်

ရုပ်ရှင်အတူတူကြည့်ဖို့ကတော့ မဖြစ်နိုင်ဘူး ကျန်တာက ဖယောင်းတိုင်တွေသုံးပြီး ဖွင့်ပြောဖို့ပဲ။ ရှောင်ယိ မှတ်စုစာအုပ်အသေးလေးအား ပိတ်လိုက်ကာ လေးလေးနက်နက်တွေးလိုက်သည်။

ဘယ်နေရာကောင်းမလဲ? ရွာအပြင်ဘက်မှာ လုပ်လို့ကတော့ မဖြစ်ဘူး။ ညဘက်ဆို လေပြင်းတာ မီးငြိမ်းကုန်လိမ့်မယ်။ ရွာထဲမှာလုပ်လို့ကလည်း မဖြစ်နိုင်ဘူး။ အတွင်းသုံးလွှာ ၊ အပြင်သုံးလွှာလုံးမှာ ရွာသားတွေ ပတ်လည်ဝိုင်းတာကို ခံရလိမ့်မယ်။ ခြံထဲရော? ဟင့်အင်း မဖြစ်ဘူး။ အကိုကျူက ညဆိုအိမ်မှာရှိနေတာ သူက ဖယောင်းတိုင်တွေ ထွန်းနေတာမြင်ရင် လာကူပြီးထွန်းပေး၊ မပေးမသေချာပေမဲ့ စပရိုက်တော့ဖြစ်မှာမဟုတ်တော့ဘူး။

“ဟိုအိမ်အိုကြီးထဲမှာ နေရာယူလို့ရတာပဲ”

၁၇၉ အကြံပေးလိုက်သည်။

ဟုတ်သားပဲ။ လေထဲမတိုက် လူတွေလည်း ဝိုင်းအုံမနေမဲ့ အိမ်အိုကြီးထဲမှာ လုပ်လို့ရနိုင်တာပဲ။ အချိန်ရောက်ရင် လိမ်ပြောပြီး ခဏအပြင်ထွက်မယ် အဲ့ဆိုအစ်ကိုကျူလည်းမသိတော့ဘူး။

“၁၇၉ နောက်ဆုံးတော့ မင်းမှာလည်း အကြံကောင်းတွေ ရှိလာပြီပဲ အမှိုက်လို့ ယူဆလို့ မရနိုင်တော့ဘူး”

ရှောင်ယိ မနေနိုင်ပဲ System ကိုချီးမွမ်းလိုက်သည်။

သူပြောသည့်အတိုင်းလုပ်ရန်အတွက် ချက်ချင်းပဲ ရွာထဲမှ လူအိုကြီး လောင်ကျန်းထို၏ အိမ်သို့သွားကာ ဖယောင်းတိုင်၀ယ်လိုက်သည်။ လောင်ကျန်းထိုတွင် လှည်းရှိသည့်အတွက် သုံးရက်တစ်ခါ မြို့သို့တက်ပြီး အိမ်၌ ဆိုင်အသေးလေးဖွင့်ထားကာ အပ်တွေ ၊ အပ်ချည်တွေနှင့် အသုံးအဆောင်ပစ္စည်းတစ်ချို့ကို ရောင်းချသည်။

ရှောင်ယိက ဖယောင်းတိုင်တွေ အကုန်လုံးကို ၀ယ်နေသည်အား မြင်သည့်အခါ ကျန်းထို အနည်းငယ် အံ့ဩသွားသည်။

“အစ်ကိုကျူက အင်္ကျီဘယ်လိုချုပ်ရမလဲဆိုတာကို လေ့လာနေတာလေ ဖယောင်းတိုင်မီးက အရမ်းမှိန်တော့ မျက်လုံးထိခိုက်မှာစိုးလို့ နည်းနည်းပို၀ယ်တာ”

ရှောင်ယိသည် အလွန်ဉာဏ်ကောင်းသည်။

ညစာစားပြီးချိန်တွင် မှောင်နေပြီ ဖြစ်၍ ရှောင်ယိ ပန်းကန်ကို ဘေးတွန်းလိုက်ကာ သက်ပြင်းချလိုက်ပြီး ကုဝမ်ကျူကို မရေမရာ ပြောလိုက်သည်။

“ကျွန်တော် လျှိုချင်းအိမ်ကို သွားလိုက်အုံးမယ် ခဏနေကျ ပြန်လာခဲ့မယ် ဘယ်မှမသွားနဲ့နော်”

သူ အိမ်ပြင်ထွက်ရန် ခြံတံခါးဖွင့်ပြီးသည့်အချိန်တွင် ခေါင်းနောက်ပြန်လှည့်ကာ ထပ်သတိပေးလိုက်သည်။

“လျှောက်မသွားနဲ့နော် ကျွန်တော့်ကို စောင့်နေ ခဏနေ တန်းပြန်လာခဲ့မယ်”

ရှောင်ယိ အိမ်အိုကြီးထဲတွင် ဖယောင်းတိုင်တစ်ခုချင်းစီကို နှလုံးပုံစံ ဆင်တူအောင် တစ်တိုင်စီ ဂရုတစိုက် နေရာချနေခဲ့သည်။

“၁၇၉ အစ်ကိုကျူက ဒါကိုမြင်ရင် စိတ်လှုပ်ရှားသွားမယ်လို့ ထင်လား? ငါ့အထင် ဒီအတွေးက အရမ်းရိုးရှင်းပြီး ရိုမန့်ဆန်သလားလို့.....”

“ဒါပေမဲ့ အရင်တုန်းက ကျွန်တော် စုံတွဲတွေ လုပ်သင့်တဲ့ကိစ္စဆယ်ခုဆိုပြီး အကြံပေးတုန်းကတော့ ရွံ့စရာကောင်းတယ်လို့ ပြောခဲ့သလားလို့”

“တခြားလူတွေဒါကို လုပ်ရင်တော့ ရွံ့စရာပေမဲ့ ငါ ဒါကိုလုပ်ရင်တော့ ရိုမန့်ဆန်တာပဲ ထားလိုက်တော့ ငါမင်းကို ပြောမနေတော့ဘူး ဓလေ့ဆန်တဲ့ ခံစားချက်ကို မင်းသိမှာမဟုတ်ပါဘူး”

ဖယောင်းတိုင်များသည် မြေကြီးပေါ်တွင် အသဲပုံစံ ပုံပေါ်နေပြီး ရှောင်ယိ တစ်ခုစီကို သေချာလိုက်ပြီးမီးညှိလိုက်သည်။ အိမ်အိုကြီးသည် ဖယောင်းတိုင်အလင်းကြောင့် လင်းထိန်တောက်ပနေပြီး အခန်းတစ်ခုလုံးသည်ပင် ပိုပြီးနွေးထွေးလာသလိုခံစားရသည်။

“ဟုတ်ပြီ ငါ အစ်ကိုကျူကို သွားရှာလိုက်အုံးမယ်”

ပြင်ဆင်ပြီးသွားချိန်တွင် ရှောင်ယိသည် လက်ဖျောက်တီးကာ ကုဝမ်ကျူကို ခေါ်ရန် ပြန်သွားလိုက်သည်။

ကုဝမ်ကျူသည် ချီလင် အစာခွက်ထဲသို့ အစာကျွေးနေပြီး ချီလင်သည် ပါးစပ်အပြည့် အလုပ်အကြီးကြီးစားနေရင်း ပျော်ရွှင်စွာဖြင့် ညည်းနေသည်။ ရှောင်ယိ ခြံတံခါးကို ဖွင့်ကာ အထဲ၀င်သွားလိုက်သည်။

“ပြန်လာပြီလား? စားပွဲပေါ်မှာ တည်သီးတွေ ရှိတယ် စောနက လီကျူး ယူလာပေးသွားတာ သွားစားချည်”

ကုဝမ်ကျူ ပန်းကန်ကိုအမြန်ချထားခဲ့ကာ ရှောင်ယိထံသို့ လျှောက်သွားလိုက်သည်။

ရှောင်ယိသည် စကားမပြောပေမဲ့ ပြုံးရင်း တောက်ပသည့်မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေခဲ့သည်။

“ဘာဖြစ်လို့လဲ?”

ရှောင်ယိ၏မျက်နှာအမူအရာကိုကြည့်ကာ ကုဝမ်ကျူ မသိလိုက်မိပဲ အသံကိုပျော့ပျောင်းလိုက်ပြီး ပြန်ပြုံးပြလိုက်မိသည်။

“ကျွန်တော် အစ်ကို့ကို ပြစရာရှိတယ် အစ်ကို့အတွက် စပရိုက်”

ကုဝမ်ကျူက သူ့ကို နူးနူးညံ့ညံ့ စိုက်ကြည့်နေ၍ သူအနည်းငယ်ရှက်သွားမိသည်။

ကုဝမ်ကျူ၏အသံသည် ပိုပျော့ပျောင်းလာ၍ ဖဲသားနှင့်ပိုးထည်က သူ့နားကို နူးနူးညံ့ညံ့ ပွတ်သပ်နေသလိုမျိုး ဖြစ်နေသည်။

“လာပါ ကျွန်တော်နဲ့လိုက်ခဲ့ ရောက်တဲ့အခါ သိသွားလိမ့်မယ်”

ရှောင်ယိ ပျော်ရွှင်မှုအရိပ်အမြွက်များဖြင့် ပြောလိုက်ပြီးနောက် အပြင်ပြန်ထွက်လိုက်ရာ ကုဝမ်ကျူက သူ့နောက်သို့ အမြန်လိုက်လာသည်။

“ဒူ ဒူ ဒူ”

ရှောင်ယိ ခြံအပြင်ရောက်သည်နှင့် ရွာထဲမှ မောင်းထုသံနှင့်အတူ ဦးလေးဝမ်၏ ရင်ကွဲနာကျနေသည့်အော်သံ အကျယ်ကြီးအား ကြားလိုက်ရသည်။

“ရေကုန်သွားပြီ ရေကုန်သွားပြီ အိမ်မီး လောင်နေပြီ.....”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment