no

Font
Theme

ရှယိတစ်ယောက် သူကိုယ်တိုင် စာအုပ်ထဲသို့ ရောက်သွားကြောင်း အတည်ပြုမိသွားရန် နေ့တစ်ဝက်လောက် ကြာသွားသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ဝတ္ထုနှစ်ပုဒ်ကို တစ်ပြိုင်နက်တည်း ဖတ်ရှုခဲ့သည်။ တစ်ပုဒ်မှာ “အမတဖြစ်အောင် ကျင့်ကြံရေး” ဖြစ်ပြီး အခြားတစ်ပုဒ်မှာ အခန်း ၂၀၀ ကျော်ရှိ လယ်စိုက်ခြင်း ဝတ္ထုဖြစ်သည်။ ဖြစ်နိုင်ခြေအရ သူသည် အမတဖြစ်အောင် ကျင့်ကြံနိုင်သည့်အခွင့်အရေး တစ်ဝက်လောက်ရှိသည့်အပြင် တာအိုဖြစ်ကြောင်း သက်သေပြနိုင်ကာ၊ ကမ္ဘာ့ကပ်ဘေးအန္တရာယ်ကိုလည်း ကာကွယ်နိုင်ပြီး နောက်ဆုံးတွင် ထမြောက်နိုင်သည့် အခွင့်အရေးလည်း ရှိပုံရသည်။

သို့သော် သူသည် လယ်စိုက်ခြင်း ဝတ္ထုထဲသို့ ရောက်သွားခဲ့သည်။

လယ်စိုက်ခြင်းနှင့်ပတ်သက်သည့် စိုက်ပျိုးရေး စာပေတွင်လည်း အမျိုးအစားများစွာရှိသည်။ နိုင်ငံကျော်သူဋ္ဌေးကြီး တစ်ဦး ဖြစ်ရန် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတွင် ပါဝင်ခြင်း၊ သို့မဟုတ် ကိတ်မုန့်နှင့် ဆပ်ပြာအချို့ပြုလုပ်ကာ တရုတ်ပြည်အနှံ့ ဆိုင်ခွဲများဖွင့်လှစ်ခြင်း စသည်တို့ဖြစ်သည်။ သို့သော် ရှယိသည် မသေသေးပေ။ သူလေ့လာနေသော လယ်စိုက်ခြင်းအကြောင်းသည်လည်း တကယ့်ကောက်စိုက်ခြင်းဖြစ်သည်။

ဤ ဝတ္ထုကို အိပ်ရာမဝင်မီ အိပ်မွေ့ချ ရန်လည်း အသုံးပြုသည်။ ဝတ္ထုထဲမှဇာတ်လိုက်၏ မြေသြဇာထည့်ခြင်း၊ ပိုးမွှားများဖမ်းခြင်းနှင့် မျိုးစေ့ကြဲခြင်းတို့ကို ကြည့်ခြင်း၊ သုံးဧကမှသည် ဆယ်ဧကအထိ၊ ဆယ်ဧကမှသည် ဧကတစ်ရာအထိ ဖြစ်ထွန်းလာသည်ကို ကြည့်ခြင်းတို့သည် လယ်ယာစိုက်ပျိုးရေး ရုပ်သံလိုင်းမှ မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုနေရသကဲ့သို့ပင်။

“စနစ်၊ စနစ်၊ ထွက်လာနော်၊ မင်းဒီမှာ ရှိနေတယ်ဆိုတာ ငါသိတယ်။”

ရှယိသည် စိတ်ထဲမှ အော်ခေါ်လိုက်သည်။

“နံပါတ် ၁၇၉ စနစ်သည် သင့်အတွက် ဝန်ဆောင်မှုပေးနေပါတယ်၊ Host ကျေးဇူးပြုပြီး အခု ဇာတ်လမ်းကို လက်ခံပါ။”

စက်ရုပ်သံကဲ့သို့ အသံသည် ဦးနှောက်ထဲတွင် ထွက်ပေါ်လာသည်။

တစ်ခဏအတွင်း အချက်အလက်များစွာ သူ့စိတ်ထဲသို့ အုံလိုက်ကျင်းလိုက် ဝင်လာသည်။ ရှယိတစ်ယောက် စိတ်တည်ငြိမ်သွားပြီး အချက်အလက်များကို ဖြည်းဖြည်းချင်း စစ်ထုတ်လိုက်သည်။

“စနစ်၊ ဓားရှည်တွေနဲ့ ဘူးသီးတွေကိုင်ပြီး ပျံသန်းနေတဲ့ ဒီလူတွေက ဘယ်သူတွေလဲ။ ချီရှန်ကျောင်းဆိုတာရော ဘာလဲ။ ငါက မြို့တော်ဝန်ရဲ့သားဖြစ်ပြီး ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန် နေခဲ့တာလား။ ငါ ချီရှန်ကျောင်းကို ဝင်ပြီး အမတကို ကျင့်ကြံတဲ့အခါ ဘာဖြစ်သွားတာလဲ။”

တစ်ခုပြီးတစ်ခု မသိတာတွေစုသွားသဖြင့် ဒေါသထွက်လာကာ တရှူးရှူးတရှားရှားနှင့် ဆက်ပြောလေသည်။

“အခု ငါက လယ်စိုက်ရုံသာမက အမတကိုပါ ကျင့်ကြံချင်နေတာပေါ့”

“ဘယ်လိုလယ်စိုက်တာမျိုးလဲ။ မင်းက အမတကို ကျင့်ကြံတဲ့ အလုပ်ကိုပဲ လုပ်နိုင်တာကို ဘာလို့ လယ်စိုက်ချင်နေတာလဲ။”

စနစ်ရဲ့အသံမှာ နည်းနည်း စိတ်ရှုပ်လာသည့်အသံပေါက်သွား၏။

ရှယိတစ်ယောက် စိတ်ထဲတွင် သိပ်အခြေအနေမကောင်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

“အမတဖြစ်ဖို့ ကျင့်ကြံတာလား။ ပတ်ဝန်းကျင်ကို ကြည့်လိုက်၊ ပြီးတော့ ငါ့ကို ကြည့်လိုက်။ ငါက ချမ်းချမ်းသာသာနဲ့ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ထားတဲ့ မြို့တော်ဝန်ရဲ့သားနဲ့ တူလို့လား။ ငါက အမတအကျင့်ကို ကျင့်ကြံနေတဲ့ ပုံစံပေါက်လို့လား။”

ရှယိသည် ထိုအချိန်တွင် လယ်ကွင်း၏ ကုန်းပေါ်တွင် ရပ်နေပြီး သူ့ပတ်ဝန်းကျင်တွင်လည်း ပြောင်းဖူးခင်းကျဲကျဲများရှိကာ မျက်စိတစ်ဆုံးရှု့မဆုံးသော လယ်ကွင်းများသာရှိသည်။

သူကိုယ်တိုင်က စုတ်ပြတ်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဘောင်းဘီအောက်နားတွင်လည်း အဖာအထေးများနှင့် ခြေအိတ်မပါသော ဖိနပ်ကြောင့် ခြေချောင်းများပင် ပေါ်နေသည်။ မျက်နှာမှာ ဝါကျင့်ကျင့်ဖြစ်နေပြီး ပိန်လှီနေသည့်အကြောင်းကိုထားလိုက်ပါဦး၊ လက်ထဲတွင်လည်း တောင်ဝှေး တစ်ချောင်းကို မှီခိုနေရပြီး အခြားတစ်ဖက်တွင် ခွက်တစ်လုံးကိုင်ထားရသည်လေ။

ရှယိသည် တောင်ဝှေးကို မှီထားပြီး တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

“ဘာဖြစ်တာလဲဆိုတာကိုပဲ ချက်ချင်းရှာဖွေတာ ကောင်းမယ်”

သူသည် အလွန်ဆာလောင်နေသောကြောင့် သူ့အသံကို မထိန်းချုပ်နိုင်တော့ပေ။

“ခဏလေးစောင့်ပါ၊ Host ဘာမှားနေလဲဆိုတာ ချက်ချင်းစစ်ဆေးပေးပါ့မယ်”

စနစ်ကလည်း နည်းနည်းစိုးရိမ်နေပုံရသည်။

ရှယိသည် ဖြစ်သမျှအကြောင်းအကောင်းချည်း ဆိုသည့်ပုံစံနှင့် ဝေးလံခေါင်သီလှသည့် ရွာသို့ လမ်းလျှောက်သွားသော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက် ချွေးစေးများ ထွက်လာကာ မိုက်ခနဲဖြစ်သွားသည်။

လယ်စိုက်သည့်ဝတ္ထုတွင် ဇာတ်လိုက်သည် ငတ်မွတ်ခေါင်းပါးသည့်ဘေးမှ ရှောင်ရှားရန် ဒီနေရာသို့ ထွက်ပြေးလာကာ နောက်ဆုံးတွင် ဒီမှာတင် ခေါင်းချရင်း လယ်ယာမြေကို ကြိုးစားရှာဖွေကာ စိုက်ပျိုး လုပ်ကိုင်လိုက်ကြောင်းကို ရေးထားသည်။

“Host ရှိသေးလား။” စနစ်၏အသံထွက်ပေါ်လာသည်။

“ကျွန်ုပ် စစ်ဆေးပြီးပါပြီ၊ မူလစနစ်မှာ စက်ချို့ယွင်းမှုတစ်ခုကြောင့် အချိန်အပြောင်းအလဲတွေ ရှုပ်သွားပြီး ကမ္ဘာနှစ်ခုရဲ့ အချက်အလက် စီးကူးမှုတွေ လွဲမှားသွားပါတယ်။ Host ဖြစ်တဲ့ အသင်က အခု လယ်စိုက်ရေးကမ္ဘာထဲကို ဝင်လာပေမယ့် သင်ရောက်လာတဲ့နေရာက အမတကို ကျင့်ကြံတဲ့ကမ္ဘာရဲ့ စနစ်ပါ။”

ရှယိသည် ခဏလောက်စဉ်းစားပြီးပြောလိုက်၏။

“ဒါဆို ဒီအမှားကို ပြင်လိုက်လေ မပြင်နိုင်ရင် ငါ့ကို ပြန်လွှတ်လိုက်။”

စနစ်သည် ခဏအသံတိတ်သွားပြီးပြော၏။

“ဒေတာပမာဏများလွန်းတဲ့အတွက် စက်ချို့ယွင်းတာကိုပြင်ပြီး ရလဒ်ကို ပြောင်းလဲတာမျိုးလုပ်လို့မရပါဘူး အဲဒါကြောင့် သင်က ဒီကမ္ဘာက Host အဖြစ်ပဲ နေနိုင်ပါတယ်။ မစ်ရှင်စလာရင် အမှတ် ၁၇၉ အမတကျင့်ကြံရေးစနစ်က သင့်ကို ကူညီပေးမှာပါ”

ရှယိတစ်ယောက် အံ့အားသင့်သွားသော်လည်း တခြား ရွေးချယ်စရာမရှိသဖြင့် နောက်ကိုသာ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

“ဒါဆို ငါက အမတကို ကျင့်တဲ့ကမ္ဘာကို မသွားနိုင်တော့ဘူးလား”

စနစ်: “Host၊ ဘာမှပြောင်းလဲလို့မရတော့ပါဘူး။ သင်က မစ်ရှင်တွေ အားလုံးကို ပြီးမြောက်ရင် ဘယ်ကမ္ဘာကို သွားရမလဲဆိုတာ ရွေးချယ်နိုင်ပါတယ်။”

ရှယိလည်း ချွေးများကိုသုတ်ပြီး ပြောလိုက်၏။

“ဒါဆို မြန်မြန်အလုပ်ကို ချပေးပါ။ ဘာ စိုက်ချင်ရမှာလဲ။ အလုပ်ပေးပြီးရင် ငါ စားစရာ တစ်ခုခုရှာလိုက်ဦးမယ်။””

“Host အခု သင့်ရဲ့ ပထမဆုံးအလုပ်ကို လက်ခံပေးပါ။ ဒါမှ သင် တောင်ထိပ်တံခါးကို ပထမဆုံးအကြိမ် ဝင်ရောက်တဲ့အခါ သင်ဟာ တပည့်ကျော်အဖြစ်နဲ့ အောင်မြင်မှာပါ။”

“အလုပ်မိတ်ဆက်: ချီရှန်ကျောင်းရဲ့ တပည့်တစ်ယောက်ဖြစ်လာရပါမယ်။ ချီရှန်ကျောင်းရဲ့ တပည့်တစ်ယောက်ဖြစ်လာရပါမယ်”

“ပြီးမြောက်မှု ၀/၁”

“ဆုကတော့ လူသစ်တွေအတွက် လက်ဆောင်အိတ်ပါ”

“ငါက ကျုံးထျန်းဝမ် မှာ အမတပညာကို ဘယ်ကနေသွားလေ့လာရမှာလဲ။ ဆရာကျီရဲ့ ချီရှန်ဂိုဏ်းကို ဘယ်မှာရှာရမှာလဲ။ ငါမင်းကို မေးချင်တယ်လေ။”

ရှယိသည် စနစ်တွင် ဗိုင်းရပ်စ်တစ်မျိုးမျိုး အဝင်ခံထားရသလားဟု တွေးမိသည်။

“Host ကျွန်ုပ်က မူရင်းစနစ်နဲ့ ဆွေးနွေးပြီးနောက်မှာ သင်ဟာ ဒီကမ္ဘာမှာ လယ်စိုက်နိုင်ပြီး သက်ဆိုင်ရာ လယ်စိုက်တဲ့တာဝန်တွေကို အသုံးချလို့ အမတ ကျင့်ကြံတဲ့ အလုပ်ကို ပြီးမြောက်နိုင်ပါတယ်။ ဥပမာအားဖြင့် သင်က အာလူးသုံးဧကကို စိုက်ပျိုးပြီး လယ်စိုက်တဲ့ကမ္ဘာမှာ ပဏာမတာဝန်ကို ပြီးမြောက်ရင် မူရင်းကမ္ဘာက သက်ဆိုင်ရာ အလုပ်ကိုလဲ ပြီးမြောက်မှာပါ။ အဲဒီ မူရင်းကမ္ဘာက အလုပ်ကတော့ အမတကို ကျင့်ကြံခြင်းရဲ့ မြေစမ်းခရမ်းပျိုးကျင့်ကြံရတဲ့ ပဏာမတာဝန်ပါ”

စနစ်က စက်ရုပ်သံလို လေသံခပ်မာမာနှင့် ပြန်ဖြေသည်။

“ငါ အရင်က လယ်မစိုက်ဖူးဘူး၊ လယ်စိုက်နည်းလည်း မသိဘူး၊ အလုပ်ကိုလည်း ပြီးအောင် လုပ်နိုင်မှာမဟုတ်ဘူး”

ရှယိသည် စိတ်တိုလာပြီး မိုက်ခနဲပြန်ဖြစ်သွားကာ လဲကျလုနီးနီးဖြစ်သွားသည်။

“ငါ့ကို စားစရာတစ်ခုခု အရင်ပေးပါ။”

စနစ်က ကတိုက်ကရိုက်ပြောသည်။

“Host သင့်ရဲ့ညာဘက် ၅၀ မီတာအကွာမှာ ပြောင်းခင်းတစ်ခင်း ရှိပါတယ်။ ထူးချွန်တဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျွန်ုပ်က Host ရဲ့ ပတ်ဝန်းကျင် ၅၀၀ မီတာအတွင်းကို စကင်ဖတ်နိုင်ပါတယ်။ အခု ဘယ်သူမှမရှိတဲ့အတွက် ပြောင်းဖူးတွေ ချိုးပြီးစားလို့ရပါတယ်။ သိပ်မခက်ပါဘူး “

ထို့နောက်တွင်တော့ ရှယိအား စိတ်ထဲမှ အချက်ပေးသည့်စနစ် မရှိတော့သဖြင့် ပြောင်းခင်းဆီသို့ ကတုန်ကရင်နှင့် လျှောက်သွားလိုက်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရပြီးနောက် မျက်လုံးများ ပြာဝေသွားကာ ဝုန်းခနဲ သတိလစ်ပြီးလဲသွားသည်။

သတိလစ်မသွားခင် သူသည် စနစ် ၁၇၉ ၏ ကြောက်လန့်တကြား ပြောသံကို ကြားလိုက်ရသည်: “Host၊ ရူးမသွားရဘူးနော်။”

ခဏအကြာ ရှယိတစ်ယောက် ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သောအခါ ခုတင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့လည်း သူ့အိပ်နေသည့် ခုတင်နဲ့ ထောင့်မှာရှိသည့် သစ်သားဗီရိုမှလွဲလျှင် အိမ်အတွင်းရှိ ပရိဘောဂများမှာ အရမ်းရိုးရှင်းလှကြောင်းတွေ့လိုက်ရသည်။

“၁၇၉၊ ဒါ ဘယ်နေရာလဲ”

ရှယိက သံသယဖြင့် စိတ်ထဲမှ မေးလိုက်သည်။

“သင့်ကို ကယ်ပြီး အခု အိမ်ထဲကို ခေါ်သွားခံရတာပါ။”

၁၇၉ က ပြန်ဖြေသည်။

သစ်သားတံခါးသည် ကျွီခနဲ အသံမြည်ကာ ပွင့်သွား၏။

နေမင်း၏ လိမ္မော်ရောင်အလင်းအဝိုင်းထဲမှ အရပ်ရှည်ရှည် အမျိုးသားတစ်ဦး တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူသည် ခြေလှမ်းနှစ်လှမ်း လှမ်းဝင်လာပြီး ရှယိ မျက်လုံးဖွင့်ထားသည်ကို တွေ့လိုက်ရသဖြင့် ခဏမျှ ကြောင်သွားပြီး ပြောလိုက်သည်။

“နိုးလာပြီလား။ တစ်ခုခုစားကြရအောင်။”

အသံမှာ ခပ်သြသြနှင့် အလွန်အင်မတန်ကို ညှို့ဓာတ်ရှိလှသည်။

ထိုလူသည် သူ့လက်ထဲတွင် ကြွေပန်းကန်အကြီးကြီး တစ်လုံးကိုင်ပြီး ခုတင်ဆီသို့ လျှောက်လာ၏။

ရှယိတစ်ယောက် သူ့ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသည့်အချိန်မှစ၍ သူ့စိတ်ထဲတွင် အခြားဘာမျှရှိမနေတော့ဘဲ ပန်းကန်လုံးကိုသာ မိန်းမောစွာကြည့်နေမိသည်။

ထိုလူ ခုတင်ဆီသို့ ကပ်လာသည်ကိုမြင်သောအခါ ရှယိသည် ဘယ်ကမှန်းမသိ အားအင်တွေ ပြည့်လာကာ ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး ထိုပန်းကန်လုံးအား ဆွဲယူရန် လက်ကိုဆန့်လိုက်သည်။

“ဖြည်းဖြည်းလုပ်ပါ၊ မဆွဲနဲ့လေ”

ရှိယိ ဆန့်တန်းထားသော လက်အား သွေးကြောစိမ်းများထင်းထွက်နေသော ဆွဲဆောင်မှုရှိလှသည့် လက်ကြီးတစ်စုံက လေထဲတွင် လှမ်းဖမ်းလိုက်သည်။

ထို့နောက် ပန်းကန်လုံးကို သူ့ထံသို့ ယူလာခဲ့၏။

ထမင်း၏မွှေးရနံ့သည် နှာသီးဖျားသို့ တိုးဝင်လာလေသည်။ ရှယိ၏ ဗိုက်ထဲမှ တဂွီဂွီတဂွမ်ဂွမ် မြည်လာပြီး တံတွေးများပါ မြိုချနေလေပြီ။

ပန်းကန်လုံးထဲတွင်တော့ ဆားရည်စိမ်အသီးအရွက်လေး အနည်းအကျဉ်းနှင့် ဆန်ပြုတ်ပျစ်ပျစ်လေး ရှိနေသည်။ ရှယိသည် ပန်းကန်လုံးထဲမှ တူကိုယူ၍ ပြွတ်ခနဲ စုပ်လိုက်ပြီး အောက်ချလိုက်သည်။ ထို့နောက် ပန်းကန်လုံးလိုက် အားရပါးရမော့ချလိုက်၏။

ထို့နောက် သူ ပန်းကန်လုံးထဲတွင် ကပ်နေသော ထမင်းလုံးတစ်လုံးကို ပါးစပ်ထဲသို့ ထည့်ရန် ပြင်သောအခါ ထိုလူသည် လက်ကိုဆန့်ပြီး ပြောင်သလင်းခါနေသော ပန်းကန်လုံးကို ယူသွားသည်။

ထို့ကြောင့် ရှယိသည် ဆူပုတ်ပုတ်နှင့်ပင် နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ သူ့ကယ်တင်ရှင်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။

ဤထောင်ထောင်မောင်းမောင်းလူတွင် မည်းနက်နေသော မျက်ခုံးများရှိပြီး တောင့်တောင့်ဖြောင့်ဖြောင့်နှင့်ပင် နက်ပြာရောင် အဝတ်အစားဝတ်ထားသည်။ အင်္ကျီစတိုင်လ်သာ ပြောင်းလိုက်ပါက မဂ္ဂဇင်းပေါ်မှ မော်ဒယ်တစ်ယောက်နှင့်ပင် တူလှ၏။

ရှယိတစ်ယောက် စိတ်ထဲတွင် ကြိတ်၍ ကျေးဇူးတင်နေပြီး ခဏလောက်စဉ်းစားကာ ထိုလူကို အလေးတနက် ပြောလိုက်သည်။

“အစ်ကို၊ ကျွန်တော်က အစ်ကို့ကို ကျေးဇူးတင်စကား မပြောပေမယ့် ဒီနေ့ ကျွန်တော့်ကို အသက်ကယ်တင်ပေးတဲ့ ကျေးဇူးကို တစ်နေ့ပြန်ဆပ်မှာပါ”

ဤစကားများသည် အလွန်ယဉ်ကျေးပြီး ခေတ်နောက်ကျလွန်းခြင်းမရှိ၊ အနှောင့်အယှက်မဖြစ်လောက်ဟု ရှယိ ထင်သည်။ မမျှော်လင့်ဘဲ ထိုလူသည် သူ့ကိုမဖြေဘဲ ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ ပန်းကန်လုံးအလွတ်ကိုယူပြီး အခန်းထဲမှထွက်သွားသည်။

“၁၇၉၊ ငါတစ်ခုခုမှားပြောမိလို့လား။”

ရှယိ နည်းနည်းစိတ်ပူသွားသည်။

“ရပါတယ်။ ဒီအချိန်မှာ သင်က အသေးစိတ်ကို လေ့လာဖို့ မလိုဘူးလို့ထင်ပါတယ်။”

၁၇၉ ၏ စက်ရုပ်လိုအသံထွက်လာသည်။

ထို့ကြောင့် ရှယိသည် ဗိုက်တင်းသဖြင့် လန်းဆန်းသွားသည်ကို ခံစားရပြီး ခုတင်ပေါ်တွင် ထပ်ပြနီး လှဲနေခြင်းက မကောင်းဟု ထင်ကာ ထ၍ တံခါးကိုဖွင့်ပြီး အပြင်သို့ထွက်သွားသည်။

ဒီခြံလေးမှာ ခြံဝင်းခပ်သေးသေးလေး တစ်ခုသာဖြစ်ပြီး သိပ်မကြီးသော်လည်း သပ်သပ်ရပ်ရပ်နှင့် ရှင်းသန့်နေသည်။ အုတ်နီနီများနှင့် အစိမ်းရောင်ကြွေပြားများကပ်ထားသည့် အိမ်အနည်းငယ်ရှိပြီး ခြံဝင်းထောင့်တွင် လယ်ယာသုံးကိရိယာအချို့ရှိသည်။ ကြည့်ရတာ ချောင်ချောင်လည်လည် ရှိပုံရသည်။

မိုးကုတ်စက်ဝိုင်းကိုကြည့်လိုက်တော့လည်း တောင်တန်းများပတ်လည်ဝိုင်းနေပြီး တောင်ခြေရင်းတွင်လည်း လယ်ကွင်းများ အကွက်လိုက် ရှိနေသည်။

ရှယိသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး “၁၇၉၊ ငါ သဘာဝရဲ့ အနံ့လေးကိုရတယ်။ လတ်ဆတ်ပြီး လန်းဆန်းသွားတာပဲ” ဟုပြောလိုက်သည်။

“လယ်စိုက်တဲ့ အနံ့နဲ့တောင် တူနေသေးတယ်။”

၁၇၉ က သူ့ကိုသတိပေးသည်။

ထိုအချိန်တွင် ထိုလူသည် မီးဖိုချောင်မှ ထွက်လာသည်။ သူသည် ရှယိအား ခပ်တည်တည်မျက်နှာပေးနှင့်ကြည့်ကာ “ဒီကိုလာ” ဟုပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် အိမ်မကြီးထဲသို့ လျှောက်သွားသဖြင့် ရှယိလည်း သူ့နောက်သို့ အလျင်အမြန် လိုက်ရတော့သည်။

အိမ်မကြီးထဲရှိ စားပွဲတွင်ထိုင်သောအခါ ထိုလူသည် အိတ်စုတ်လေးတစ်လုံးကို ထုတ်ပြီး စားပွဲပေါ်တွင် တင်ကာ ရှယိအားပြောလိုက်သည်။

“မင်းလမ်းဘေးမှာ သတိလစ်သွားတာကို တွေ့လို့ လေးယောက်မြောက် အဒေါ်က ဒီဆီ ပို့လိုက်တာ။ သူက ဒီအိတ်ကို လမ်းမှာတွေ့ခဲ့တာလေ။ ဒီထဲမှာ မင်းရဲ့ အိမ်ထောင်စု စာရင်းပါလာတယ်။ မင်း အဒေါ်ကို လာရှာတာလား။”

ရှယိတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားသော်လည်း စဉ်းစဉ်းစားစားနှင့် ဟုတ်တယ် မဟုတ်ဘူးဟုလည်း မဖြေဘဲ သံသယရှိကြောင်းလည်း မပြခဲ့ပေ။ ထိုသို့ နားထောင်ရင်းသာ စဉ်းစားနေဟန်ဖြင့် ဘုမသိဘမသိပုံစံဖမ်းကာ နားထောင်ဖို့သာပြင်လိုက်သည်။

သူသည် ထိုသို့ပုံစံဖမ်းရာတွင် အလွန်ကျွမ်းကျင်လှသည်။ သူ အရင်က ကျောင်းတက်ရင်း ဆရာမေးသည့်မေးခွန်းကို မဖြေနိုင်သည့်အခါတိုင်း ထိုပုံစံဖမ်းလေ့ရှိသည်။

ထိုလူသည် မျက်မှောင်ကြုတ်ကာ ခဏတဖြုတ် စဉ်းစားပြီး ဆက်ပြောလိုက်သည်။

“မင်းအဒေါ်က ငါ့ရဲ့ မိထွေးလေ၊ သူက ပြီးခဲ့တဲ့နှစ်က ဆုံးသွားပြီ။”

ထိုသို့ပြောပြီးနောက် သူ ရှယိအား မော့ကြည့်လိုက်ပြီး သူ့အမူအရာကို အကဲခတ်နေသည်။

ရှယိသည် ဘုမသိဘမသိပုံစံလေး ဆက်ဖမ်းနေသည်။ ထိုလူသည် သူ့ကို စိုက်၍သာ ကြည့်နေပြီး စကားတစ်လုံးတစ်ပါဒမှ မပြောဘဲနေသည်ကို သဘောပေါက်မှသာ သူ ချက်ချင်း တုံ့ပြန်ရန်ပြင်သည်။

ထို့ကြောင့်ပင် သူသည် ဝမ်းပန်းတနည်း အမူအရာဖြင့် ခေါင်းကို အမြန်ငုံ့လိုက်သည်။

ထိုလူသည် ခေါင်းညိတ်ပြီး ဆက်ပြော၏။ : “မင်းလို ညီအစ်ကိုကို ရှာရတာ မလွယ်ဘူးဆိုတာ ငါသိပါတယ်။ နောက်ပြီး မင်းက ငါ့မိထွေးရဲ့ တူလည်းဖြစ်တယ်။ ဒါကြောင့် မင်း ရွာအနောက်ပိုင်းက ငါ့အဖေထားခဲ့တဲ့ အိမ်ဟောင်းကြီးမှာပဲ နေနိုင်ပါတယ်။”

“တောင်ဘက်မှာလည်း သုံးဧကလောက် မြေငှားထားတာရှိတယ်။ ဒီရာသီမှာ ရိတ်သိမ်းချိန်ရောက်ရင် ဧကတစ်ဝက်စာလောက် ပြန်ယူပြီး မင်းအပင် စိုက်လို့ရတယ်။”

ကဲ အခုတော့ သူ့မှာ မြေသုံးဧကရှိလာခဲ့လေပြီ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment