no

Font
Theme

“အိမ်ကို အခုထိ မသန့်ရှင်းရသေးဘူး အဲဒါကြောင့် သုံးလေးရက်လောက်တော့ မင်း ငါ့ဆီမှာနေလို့ရတယ်။ ဘာမှလျှောက်တွေးမနေနဲ့နော်၊ ငါက မင်းရဲ့ အစ်ကို။ နာမည်က ကုဝမ်ကျူ”

ကုဝမ်ကျူ သည် အိမ်ထောင်စုစာရင်းပါ အမည်ကို ထပ်ကြည့်ပြီး “မင်းနာမည်က ရှယိ လား။” ဟုမေးလိုက်သည်။

“အစ်ကို ကျူ”

ရှယိ က ချက်ချင်းပင် တရင်းတနှီး ခေါ်လိုက်သည်။

“ကျွန်တော့်နာမည်က ရှယိ ပါ။ ကျွန်တော့်ကို ရှောင်ယိ လို့ခေါ်လို့ရပါတယ်။”

ကုဝမ်ကျူ က ခေါင်းညိတ်ပြီး ပြောသည်။

“ရေချိုးခန်းကိုသွားပြီး ရေအရင်ချိုးလိုက် ဝတ်ဖို့လည်း အဝတ်အစားတစ်စုံ ရှာပေးထားမယ်။ နောက်နေ့မြို့ထဲရောက်မှ အဝတ်အစားအသစ်တွေ ဝယ်ပေးမယ်။”

ရေချိုး” ဆိုသည့် စကားလုံးကိုပြောသောအခါ ကုဝမ်ကျူ ၏ အမူအရာသည် အနည်းငယ် မူမမှန်သလို အင်တင်တင်ဖြစ်သွားသည်။

ရေချိုးခန်းသည် အိပ်ခန်းမှ ခွဲထုတ်ထားသော အခန်းလေးတစ်ခန်းဖြစ်၏။ ရှယိ သည် ဆပ်ပြာဖြင့် မျက်နှာကိုအရင်ဆေးချလိုက်သည်။

“၁၇၉၊ ဒီမူလကိုယ်ပိုင်ရှင်က ရုပ်ရည်တော်တော် ကြည့်လို့ကောင်းပြီး နေမထိလေမထိရုပ်လေး၊ ဒါပေမယ့် သူက ခပ်နွဲ့နွဲ့လေး နောက်ပြီး နည်းနည်း မိန်းမသားဆန်ပြီး သိပ်ယောကျာ်းမပီသဘူး။ နဖူးမှာလည်း မှဲ့နီတစ်လုံးရှိတယ်။ ဒါက မွေးရာပါလား”

ရှယိတစ်ယောက် မှန်ရှေ့တွင် ဘယ်ညာကြည့်လိုက်ပြီး လက်ကိုဆန့်ကာ ဆွဲဆိတ် ကြည့်လိုက်တော့မှသာ အစစ်အမှန်ဖြစ်နေကြောင်း သိလိုက်ရသည်။ မွေးရာပါမှဲ့လေးပင်။

၁၇၉ က ဘာမှမပြောပေ။

အညစ်အကြေးများကို ချေးတွန်းပြီးနောက် ရှယိ သည် ခေါင်းပေါ်တွင် ပဝါတင်ကာ စည်ပိုင်းထဲ၌ စိတ်အေးလက်အေး ထိုင်နေသည်။

ဤခန္ဓာကိုယ်သည် အာဟာရချို့တဲ့နေပြီး ပိန်လွန်း၊ညှက်လွန်းကာ အသားအရေမှာလည်း ဖွေးလွှပြီး တောက်ပနေသည်။ ကိစ္စအားလုံး အဆင်ပြေသွားပြီးနောက် သူလေ့ကျင့်ခန်း ဘယ်လိုစလုပ်ရမည်လဲကို စဉ်းစားကာ နေရောင်ခံရင်း ပျားရည်ရောင်အသားအရေကို ပြောင်းလဲရန် စဉ်းစားနေသည်။

“၁၇၉၊ အခု တာဝန်အကြောင်းပြောကြရအောင်။”

စားသောက်ပြီး ဗိုက်တင်းသွားသဖြင့် အားအင်ပြည့်ဝလာသောအခါ ရှယိတစ်ယောက် စာရင်းရှင်းရန် စလေတော့သည်။

“မင်းတို့တွေ အလုပ်ထဲမှာ အမှားလုပ်ခဲ့တာလေ နောက်ပြီး ငါ့ကို ဒီဆင်းရဲတဲ့နေရာကို ခေါ်လာပြီး လယ်စိုက်ခိုင်းတယ်။ ငါက ဒီ လယ်မြေကို စိုက်ပျိုးရင်း အမတကို ကျင့်ကြံခြင်းရဲ့ အလုပ်ကို ပြီးမြောက်နိုင်ပါတယ်။ ဒါပေမယ့်...”

ရှယိ သည် ခေါင်းပေါ်မှ ပဝါကို ဆွဲချွတ်ပြီး ရေထဲသို့ ပစ်ချလိုက်သည်။

“မင်း ငါ့ကိုလျော်ကြေးပေးရမယ်။”

“Host ကျွန်ုပ်က မူရင်း စနစ်နဲ့ ဆွေးနွေးပြီး အလုပ်ခက်ခဲတာ လျှော့ချခြင်းကို လျော်ကြေးအနေနဲ့ပေးဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဥပမာအားဖြင့် တကယ့်မူရင်းတာဝန်က အာလူးတစ်ဧကကို စိုက်ပျိုးဖို့ဖြစ်ပေမယ့် သင်က အာလူးတစ်ကွက်ကိုသာ စိုက်ပျိုးရုံဖြင့် ပြီးမြောက်နိုင်တယ် ဆိုတာမျိုးပါ။”

“မြေတစ်ကွက်က ဘယ်လောက်ကြီးလဲ။”

“စတုရန်းမီတာ ၆၀ ကျော်ပါတယ်။”

“ငါ့အရင်အိမ်ထက် ပိုကြီးတယ်လေ၊ ဒါကို လျော်ကြေးလို့ ခေါ်သေးတာလား။”

ရှယိ က မျက်နှာကို ရေနှင့်သပ်ချလိုက်ရင်းဆက်ပြောသည်။

“နောက်ထပ် ရွှေလက်ညှိုးတစ်ချောင်းပေးပါ။ ရွှေလက်ညှိုးနဲ့ဆို အဆင်ပြေသွားလိမ့်မယ်။”

“သိပ်မများရင် ပေးလို့ရပါတယ်။ ဘယ်လို cheat မျိုးကို လိုချင်တာလဲ။”

၁၇၉ က ရောချလိုက်သည်။

ရှယိ သည် လယ်ယာလုပ်ငန်းအကြောင်း ဘာမှမသိသောကြောင့် ခဏလောက်စဉ်းစားပြီး “ နောက်မှ စဉ်းစားမိတဲ့အခါ ပြောမယ်။” ဟုပြောလိုက်သည်။

“၁၇၉၊ ငါ့တာဝန်ကို ပြီးမြောက်ရင် ဘာကောင်းကျိုးတွေရှိနိုင်မလဲ။”

ရှယိက မေးသည်။

“တာဝန်ရဲ့အဆုံးမှာ Host က များသောအားဖြင့်တော့ စနစ်ကို အမှတ်ပေးရမှာဖြစ်ပြီး အမှတ်ကလည်း စွမ်းဆောင်ရည်နဲ့ ဆက်စပ်နေပါတယ်။”

“မင်းတို့ ကြက်ပေါင်ခြောက်လှန်းတဲ့စနစ်တွေကများ စွမ်းဆောင်ရည်အကြောင်း ပြောရဲတယ်လို့။”

ရှယိ အံ့အားသင့်သွားသည်။

သူ ရေချိုးပြီးနောက် ကုဝမ်ကျူ၏ အဝတ်အစားအဟောင်းများကို လဲဝတ်လိုက်သည်။ အဝတ်အစားများသည် ကြီးလွန်းသဖြင့် ရှယိတစ်ယောက်အင်္ကျီလက်နှင့် ခြေထောက်နားများကို သုံးလေးခေါက်လောက် လိပ်တင်ရသည်။

အခန်းမှထွက်လာတော့ ကုဝမ်ကျူ သည် ခြံဝင်းထဲတွင် ထင်းခုတ်နေ၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အပြာရောင်အဝတ်အစားမှာ ချွေးများဖြင့် စိုရွှဲနေပြီး ခန္ဓာကိုယ်နှင့် ကပ်နေသည်။ လှုပ်ရှားမှုကြောင့်ပင် နောက်ကျောသည် လိပ်ပြာရိုးပုံစံ အလွန်ဖြောင့်စင်းနေပြီး ကြွက်သားများရှိကြောင်းလည်း ဖော်ပြနေသည်။

ရှယိ သည် သူ့ကို နှုတ်ဆက်သင့်သည်ဟု ခံစားရသောကြောင့် ခြေလှမ်းနှစ်လှမ်းတက်ပြီး ရိုရိုသေသေ အော်လိုက်သည်။

“အစ်ကို ကျူ”

ကုဝမ်ကျူက ခေါင်းညိတ်ပြလိုက်သည်ကို နောက်ကျောဘက်မှသာ မြင်လိုက်ရပြီး ဆက်ထင်းခုတ်နေမှန်းတွေ့လိုက်ရသည်။

ကုဝမ်ကျူ က သူ့ကို အာရုံမစိုက်ကြောင်း ရှယိ သိလိုက်ရသောကြောင့် သူ့ဆီသို့ ရင်းရင်းနှီးနှီးပုံစံဖြင့် လျှောက်သွားပြီး မျက်နှာချိုသွေးသည့်လေသံဖြင့် ပြောလိုက်သည်။

“အစ်ကို ကျူ၊ အစ်ကို့ မင်းရဲ့ ခန္ဓာကိုယ်က တကယ်မိုက်တာပဲ ကြံ့ခိုင်ပြီး ယောက်ျားပီသမယ့်ပုံလေးနော်”

ပြောပြီးနောက် ကုဝမ်ကျူ ၏ ဖောင်းကြွနေသော ရင်ဘတ်ကြွက်သားများကို စိုက်ကြည့်ပြီး ချီးကျူးသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ကုဝမ်ကျူ သည် ထိုစကားကိုကြားသောအခါ ချက်ချင်း လုပ်နေသည်ကို ရပ်တန့်ပြီး ဖြည်းဖြည်းချင်း ခေါင်းကိုမော့လိုက်သည်။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်မှုအပြည့်ဖြစ်နေ၏။

သူ့မျက်နှာသည် တဖြည်းဖြည်း နီရဲလာကာ ပါးစပ်ကိုဟသော်လည်း စကားတစ်ခွန်းမှ မထွက်လာသေးပေ။ ခဏတဖြုတ် အသက်ရှူရုံဖြင့် သူ့မျက်နှာပေါ်ရှိ အမူအရာသည် တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းလဲနေသည်။

နောက်ဆုံးတွင် သူသည် မတ်တပ်ရပ်ပြီး အိမ်ထဲသို့ အလျင်အမြန် လျှောက်သွားကာ တံခါးကို ဂျိုင်းခနဲ အသံမြည်အောင် ပိတ်ချလိုက်သည်။

ရှယိလည်း ဘာပြောရမှန်းမသိ ကြောင်တောင်တောင်ဖြစ်နေသည်။

“၁၇၉ သူ့ ဘာဖြစ်သွားတာလဲ။ ငါ သူ့ကို စော်ကားမိလို့လား။”

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ၁၇၉ ကပြောသည်။

“ရှေးခေတ်လူတွေက တခြားလူတွေနဲ့ ရောရောနှောနှောနေလေ့မရှိဘူး။ နောက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ချီးကျူးခံရတာကိုလည်း မကြိုက်ဘူး။”

“ဒါဆို တခြား ဘယ်လို တားမြစ်ချက်တွေရှိသေးလဲ ပြောပြပါဦး၊ နောက်မှ ငါ အမှတ်မထင် စော်ကားမိမှာစိုးလို့။ အဲဒီလို အသေးအမွှားပုံစံ မျိုးက အသေးစိတ် မရေးထားဘူး၊ စာရေးသူက သူ့စိတ်ကူးပေါက်ရာရာကို ရေးထားတာ။ ဘာပဲဖြစ်ဖြစ် သူက လယ်စိုက်နေတာပဲ။ ဒီကမ္ဘာအကြောင်း အသေးစိတ်ပြောပြပါလားကွာ။”

ရှယိ က မကျေနပ်စွာ ညည်းညူပြောဆိုသည်။

၁၇၉ က မပီ့တပီလေသံဖြင့် ထစ်ငေါ့စွာပြောသည်။

“ကျွန်ုပ်လည်း မသိဘူး... သိတယ်မလား၊ ကျွန်ုပ်က အမတစနစ်ရဲ့ ကျင့်ကြံသူပါပဲ... အဲဒါကြောင့် နောင်မှာ ဒါတွေကို ကိုယ့်ဘာသာ ရှာဖွေရပါလိမ့်မယ်။”

“ကြက်ပေါင်ခြောက်လှန်းစနစ် မင်းနေရာမှားသွားတာကို ထားလိုက်ပါဦး ကမ္ဘာအကြောင်းကိုတောင် မိတ်မဆက်ပေးဘူး။ ငါ့ကို လယ်ယာလုပ်ခိုင်းတာအပြင် တခြား ဘာလုပ်ခိုင်းဦးမှာလဲ ဟမ်”

ခဏအကြာတွင် ကုဝမ်ကျူ သည် အိမ်ထဲမှထွက်လာကာ ရှယိကို တစ်ချက်ကလေးမျှပင် မကြည့်ဘဲ ဘေးဘက်မှ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။ သို့သော် ရှယိက သူ့ကို ရွှန်းရွှန်းစားစား ဆက်ကြည့်နေပြီး အဝတ်အစားလဲသွားပုံရကြောင်း သိလိုက်ရသည်။

နေဝင်ချိန်တွင် အိမ်ခေါင်းတိုင်ပေါ်မှ မီးခိုးများမှာ တလူလူလွင့်နေသည်။ ရှယိတစ်ယောက် သည် တံခါးဝတွင် ခေါင်းကို ပြူကြည့်နေ၏။

ကုဝမ်ကျူ သည် မုန့်ညှင်းကို နယ်နေပြီး လက်ပြင်ကိုင်းထားသဖြင့် သူ့လက်မောင်းတွင် သွေးကြောပြာလွင်လွင်တို့ အနည်းငယ် ဖောင်းကြွလာသည်။ မီးဖိုတွင် မီးဖိုကာ အိုးကြီးတစ်လုံး တည်ထားသည်။

ရှယိ သည် အနည်းငယ် ရှက်ရွံ့သွား၏။ သူ သူများအိမ်မှ စားသောက်ပြီး ဘာမှမလုပ်ဘဲ မနေချင်ပေ။ ထို့ကြောင့် လက်ကိုအချင်းချင်းပွတ်သပ်ပြီး တံခါးဝတွင် ရပ်နေရင်း အားနာစွာ မေးလိုက်သည်။

“အစ်ကို ကျူ၊ ကျွန်တော့်ကို ဘာလုပ်ခိုင်းစရာရှိလဲဟင်။ ကြက်သွန်ဖြူ ခွာပေးရမလား၊ ကြက်သွန်နီ လှီးပေးရမလား။”

ကုဝမ်ကျူ က ဘာမှမပြောဘဲ မုန့်ညှင်းကို ဆက်နယ်နေသောကြောင့် ရှယိလည်း အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်သွားပြီး ထင်းကိုကိုင်လိုက် ဗီရိုကို ထိကြည့်လိုက် ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ် လုပ်နေသည်။

ကုဝမ်ကျူ သည် နဖူးပေါ်ရှိ နားထင်ကြောများကို စုလိုက်ကျုံ့လိုက်လုပ်ရင်း နောက်ဆုံးတွင် သူ့လက်ထဲရှိ မုန့်ညှင်းကို ဇလုံထဲသို့ ပစ်ထည့်လိုက်ပြီး “သွားစောင့်နေ၊ ခဏနေရင် ထမင်းစားဖို့ ခေါ်လိုက်မယ်။” ဟုပြောသည်။

ရှယိ သည် အခုမှ စိတ်အေးသွားသည့်အတွက် ခြံထဲသို့ ထွက်လာကာ ပျင်းပျင်းရိရိနှင့် ခြံထဲတွင် လျှောက်သွားပြီးနောက် ခြံထဲရှိ သစ်ပင်ကြီးအောက်တွင် ပုရွက်ဆိတ်များကို ကြည့်နေသည်။

“၁၇၉၊ ဒီတစ်နေ့လုံး ကစားလို့ရတယ်။”

“၁၇၉၊ ထောင့်မှာရှိတဲ့အဖွဲ့ ထပ်စနေပြီလားဆိုတာ ငါ့ကို သတိပေးပါဦး။”

ရှယိ သည် မြေကြီးပေါ်တွင် ထိုင်ကာ ပုရွက်ဆိတ်အုံကို ဆက်ထိုးနေစဉ် ခြေအိတ်ဝတ်ထားသည့် ခြေတစ်စုံသည် သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

ခေါင်းကို မော့ကြည့်လိုက်တော့ ကုဝမ်ကျူ ၏ တုံဏှိဘာဝေ မျက်နှာကို တွေ့လိုက်ရသည်။

“ထမင်းစားရအောင်။”

ညစာသည် ခေါက်ဆွဲပြုတ်ချို၊ ခေါက်ဆွဲကို မွှေလိုက်သောအခါ ဂျုံမှုန့်နံ့လေးသည် နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ရှယိ သည် လေးပန်းကန် ဆက်တိုက် စားလိုက်၏။

“Host မင်းရဲ့စားပုံမျိုးနဲ့ဆိုရင် မြေသုံးဧက စိုက်ပျိုးဖို့ အကြံပြုပါတယ်။”

၁၇၉ က အားရပါးရ ပြောသည်။

ရှယိ သည် တူကိုကိုက်ပြီး ခေါင်းကိုစောင်းကာ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။

“ငါဆုံးဖြတ်ပြီးပြီ။ ငါ့ရဲ့ ရွှေလက်ညှိုးက မြေတစ်ကွက်မှာ သုံးဧကစာလောက် ထွက်နှုန်းရနိုင်တယ်။”

ညစာစားပြီးနောက် ကုဝမ်ကျူသည် ပန်းကန်များကိုဆေးကြောပြီး ပြော၏။

“ရှယိ ငါ မနက်ဖြန် ငါတောင်အောက်ဆင်းပြီး တောင်ပေါ်ကထွက်ကုန်တွေ သွားရောင်းမယ်၊ နေ့လယ်ပိုင်းမှ ပြန်လာနိုင်မယ်။ ဆန်နဲ့ ခေါက်ဆွဲတွေက စပါးကျီထဲမှာ ရှိတယ်၊ မင်းဘာသာ ချက်စားလို့ ရတယ်။ အရင်အိမ်ကြီးကို သန့်ရှင်းရေးလုပ်ပြီးရင် အဲဒီကို ပြောင်းလို့ရတယ်။”

ထို့နောက် ခဏတဖြုတ် စဉ်းစားပြီးနောက် သူဆက်ပြော၏။

“အဲဒီအချိန်မှာ ငါ မင်းကို သုံးလေးလစာ စားစရာတွေ ပေးမယ်၊ မျိုးစေ့တချို့လည်း ပေးမယ်၊ မင်းဘာမှ ပူစရာမလိုဘူး”

ရှယိ သည် အလွန်ရင်ထဲထိသွားသဖြင့် ပြောလိုက်၏။

“အစ်ကို ကျူ ကျွန်တော် ဘာမှမပြောတော့ပါဘူး။ နောင်မှာလည်း ကျွန်တော့်အစ်ကို အရေးဆိုရင် ကျွန်တော် ဘာမှမပြောဘဲ ကူညီပါ့မယ်။”

ကုဝမ်ကျူ၏ နဖူးပေါ်ရှိ သွေးကြောများ တစ်ဖန် ထင်းလာပြန်သည်။

ပန်းကန်များ ဆေးပြီးနောက် ကုဝမ်ကျူ သည် စားပွဲတစ်လုံးကို အခန်းထဲသို့ သယ်သွားပြီး စားပွဲနှစ်လုံးကို ပူးလိုက်သည်။ ထို့နောက် အိပ်ခန်းဗီရိုထဲသို့သွားပြီး စောင်တစ်ထည်ကိုထုတ်ကာ ဖြန့်လိုက်သည်။

“ညကို ငါဒီမှာအိပ်မယ်၊ မင်း အတွင်းခန်းမှာ သွားအိပ်။”

ကုဝမ်ကျူ က စောင်ကို ဖြန့်နေရင်း တံခါးကို ကျောပေးပြီး ရပ်နေသော ရှယိအား ပြောလိုက်သည်။

ရှယိတစ်ယောက် အနည်းငယ် ပဟေဠိ ဖြစ်သွားပြီး သံသယဖြင့် မေးလိုက်သည်။

“ ခုတင်က တော်တော်ကြီးတယ်လို့ ထင်တာကို ကျွန်တော်က သိပ်မထွားပါဘူး၊ နေရာလည်း သိပ်မယူပါဘူး။ အိပ်ရေးလည်း မကြမ်းပါဘူး၊ စောင်ကိုလည်း မလုဘူးလေ၊ ဟောက်လည်း မဟောက်ပါဘူး။ ကျွန်တော်တို့ အတူတူ အိပ်လို့ရပါတယ်။ အာ....”

“Host” ၁၇၉ က ရုတ်တရက် ထအော်လိုက်သည်။ ရှယိ သည် စက်ရုပ်၏ စိတ်ညစ်လက်ညစ် ဖြစ်နေသည့် အသံကို ကြားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် စောင်ကို ဖြန့်နေသော ကုဝမ်ကျူ ၏ နောက်ကျောသည် တုံ့သွားကာ ကျောက်တုံးရုပ်တုကဲ့သို့ လှုပ်ရှားခြင်း မရှိတော့ပေ။

ခဏအကြာတွင် သူသည် အံကြိတ်ကာ ပြော၏။

“ရှယိ မင်း ဒီလောက် အရှက်မရှိရင် ငါ့အိမ်က ထွက်သွား။ မဟုတ်ရင် မင်းအဒေါ်နဲ့ ငါ့အဖေကို တောင်းပန်ရအောင် လုပ်မိလိမ့်မယ်။”

ထိုသိူ့ပြောပြီးနောက် လှည့်၍ လျှောက်သွားပြီး ကျွဲမြီးတိုနေသော မျက်နှာဖြင့် ရှယိအား တံခါးအပြင်သို့ တွန်းထုတ်လိုက်ကာ တံခါးကို ဆောင့်ပိတ်လိုက်သည်။

ရှယိ သည် တံခါးဝတွင် အူကြောင်ကြောင် ရပ်နေသည်။ ဘာတွေဖြစ်နေမှန်း နားမလည်သော်လည်း ဒီကမ္ဘာမှာ တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။

“၁၇၉! ဘာဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်း ပြောပြပါဦး။ ရှင်းပြမပေးရင် မင်းကို တိုင်မှာနော်”

“၁၇၉ ငါ့အတွက် ထွက်လာစမ်း”

“၁၇၉၊ သေချင်ယောင်ဆောင်နေတာလား။ နေစမ်းကွာ၊ ငါ အလုပ်ပြီးရင် မင်းကို အမှတ်နေရာမှာ အနုတ်တွေ ချည်းပေးပစ်မယ်”

ခဏအကြာတွင် ၁၇၉ ၏ စက်ရုပ်အသံ ထွက်ပေါ်လာသည်။

“Host ဒါက ကောင်းကင်ဘုံကိုပဲ မေးရမှာပါ။”

“ဒါက လယ်စိုက်ပျိုးဝတ္ထုဆိုတာ ငါသိတယ်။”

“ဒါ့အပြင် လိင်သုံးမျိုးကမ္ဘာ လည်း ဖြစ်ပါတယ်။”

“ဘာရယ်”

“ ဒီကမ္ဘာမှာ ယောက်ျား၊ မိန်းမနဲ့ ကောအာ ဆို ပြီးရှိပါတယ်။ ကောအာ က တတိယလိင်ဖြစ်ပြီး ကလေးမွေးနိုင်တယ်။”

၁၇၉ က အထစ်ထစ်အငေါ့ငေါ့ ဖြင့် ရှင်းပြသည်။

ရှယိလည်း ခဏလောက် ကြောင်သွားပြီးနောက် ဘာမှန်းမသိသည့်မျက်နှာနှင့် ဆက်ပြော၏။

“ဒါဆို...”

၁၇၉ က လည်ချောင်းရှင်းလိုက်ကာ ဆက်ပြော၏။

“ဟုတ်တယ်၊ မင်းလည်း အဲဒီလိုပဲ။”

ထိုအချိန်တွင်အသက်ရှူကြပ်လောက်အောင် တိတ်ဆိတ်သွားသည်။

ရုတ်တရက် ရှယိ သည် ခပ်သွက်သွက် စကားပြောလိုက်၏။

“သွားကြစို့၊ အမတကို ကျင့်ကြံတဲ့ကမ္ဘာကို သွားကြစို့၊ အခုသွားကြစို့၊ မင်းလုပ်နိုင်တယ်ဆိုတာ ငါသိပါတယ်။ မင်းကို အမတကို ကျင့်ကြံဖို့ ခေါ်သွားမယ်၊ မင်းကို ပျံသန်းဖို့ ခေါ်သွားမယ်။ ငါ ဂိုဏ်းထဲရောက်သွားပြီးရင် ညီမလေးတစ်ယောက်ကိုရှာပြီး ငါ့သားလေး ရအောင်လုပ်ရမယ်။ ကလေးလေး၊ အချိန်ကျရင် ငါ မင်းကို အမှတ်အပြည့်ပေးမယ်လေနော်။ အခုသွားကြစို့၊ ငါ မေ့လဲသွားမှ ကမ္ဘာပြောင်းလို့ရမှာလား။ လာစမ်းပါ၊ ငါအဆင်သင့်ဖြစ်ပြီ၊ ငါ့ကို မေ့လဲသွားအောင် လုပ်လိုက်။”

“Host စိတ်လျှော့ပါ Host....Host စိတ်လျှော့ပါဦး...”

၁၇၉ က ဖျောင်းဖြရန် ကြိုးစားသည်။

“Host ၊ ကမ္ဘာကို ပြောင်းလို့မရဘူး၊ ဒါကြောင့် မင်း ဒီမှာပဲ လယ်ယာလုပ်နိုင်တယ်။ ဒါပေမယ့် ကလေးမမွေးလို့တော့ ရတယ်လေ တာဝန်ပြီးတဲ့အထိ ဘယ်သူမှ မင်းကို မွေးခိုင်းမှာ မဟုတ်ဘူးလေ”

၁၇၉ က ဆွယ်တရားဟောပြန်သည်။

ရှယိတစ်ယောက် တဖြည်းဖြည်း ငြိမ်သွားပြီး ခြံထဲတွင် ရပ်နေရင်း စဉ်းစားနေသည်။

“တစ်ခုခုတော့ရှိရမယ်။ ဘာလို့ ငါအလျင်လိုနေရတာလဲ။ ငါ့လယ်ကို စိုက်ပြီး ငါ့တာဝန်ကို ပြီးမြောက်အောင်လုပ်ပြီးရင် ရပြီလေ”

“ငါ့ လယ်ကိုစိုက်ပြီး အိမ်ပြန်ဖို့ စောင့်နေရုံပဲ၊ ကမ္ဘာက ဘယ်လောက်ပဲ ဖောက်ပြန်နေပါစေ၊ ငါ့ကိုတော့ ဖောက်ပြန်သွားအောင်လုပ်လို့မရပါဘူး”

“ဒါ့အပြင် အားလုံး ဒီမှာပဲ ရှိနေတာပဲ”

“ဒါ့အပြင် ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် ငါ့အစ်ကိုဖြစ်ဖြစ် ငါဖြစ်ဖြစ် ရှယိဆိုတာ စိုက်ပျိုးသူသီးသန့်ပဲ ဖြစ်နိုင်မှာ”

သူခဏလောက် ခြံထဲတွင် ရပ်ကာ စဉ်းစားပြီးနောက် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

ထို့နောက် သူသည် ဆက်ပြီးဦးနှောက်ခြောက်ခံမနေတော့ဘဲ ၁၇၉ ကို ဆက်လက် ဆဲဆိုနေသော်လည်း ၁၇၉ က စကားတစ်ခွန်းမှ မပြောဘဲ သေချင်ယောင်ဆောင်နေသည်။ ရှယိ သည် သူ့ခံစားချက်အားလုံးကို အားရပါးရပြောသွားပြီးမှ အိပ်ရန် အခန်းထဲသို့ ပြန်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment