ရှယိ လှည့်ထိုင်လိုက်ကာ ပြောလိုက်သည်။
“၁၇၉၊ အစ်ကိုကျူ ကို အမြန်ရှာပေးပါဦး၊ အမြန်လုပ်ပါ၊ မိုးသီးတွေက အရမ်းကြီးနေတော့ သူ့ကို စိတ်ပူလို့ပါ”
“Host စိတ်အေးအေးထားပါ၊ ကုဝမ်ကျူက လက်ရှိ ပုံမှန်အခြေအနေမှာပါပဲ”
“ကုဝမ်ကျူ လယ်ကွင်းထဲကို လိုက်သွားပြီ”
“ကုဝမ်ကျူက မေ့အာတွေ အတွက် ဝါးဖျာတွေ ဖြန့်ပေးနေတယ်”
“ကုဝမ်ကျူရဲ့ လက်ဖမိုးမှာ အမည်းရောင် အကွက်ကြီး ဖြစ်သွားတယ်”
“ကုဝမ်ကျူရဲ့ ၀ါးဦးထုပ် လန်သွားလို့ ကောက်ပြီး ပြန်ဆောင်းလိုက်တယ်”
“ကုဝမ်ကျူက မိုးသီးတွေကို နင်းမိပြီး လဲကျသွားတယ်”
ရှယိသည် ၁၇၉ ၏ တိုက်ရိုက်အစီရင်ခံချက်ကို နားထောင်ရင်း ရင်တွေ တဒုန်းဒုန်း ခုန်နေသဖြင့် တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
“သူ အလုပ်ပြီးလို့ အိမ်ပြန်လာနေပြီ”
“ချက်ချင်း ခြံထဲကို ၀င်လာပါပြီ”
၁၇၉ က ဆက်လက်ထုတ်လွှင့်နေသည်။
ရှယိ သက်ပြင်းရှည်ကို ချလိုက်ပြီး အခုမှ နှလုံးသားက ငြိမ်သက်သွားသည်။
ကုဝမ်ကျူသည် ခြံထဲသို့ လျှောက်ဝင်လာကာ စင်္ကြံပေါ်ကို ၀ါးဦးထုပ်နှင့် မိုးကာအင်္ကျီဖြင့် ချွတ်တင်လိုက်ပြီး ကိုယ်ပေါ်ရှိမိုးရေစက်များကို ခါချလိုက်သည်။ သူ တံခါးဝသို့ ရောက်သည်နှင့် ၀ါးကုတင်ဘေးတွင် ထိုင်နေသော ရှယိကို ကြည့်လိုက်ရာ ရှယိကလည်း သူ့ကို စူးစိုက်ကြည့်နေသည်။
ရှယိ၏ မျက်လုံးများမှာ နီရဲနေဆဲဖြစ်ပြီး ကုဝမ်ကျူကို နွေးထွေးစွာ ပြောလိုက်သည်။
“အစ်ကိုကျူ၊ ဒီကို လာပါဦး”
ကုဝမ်ကျူက သူဘာလုပ်ခိုင်းချင်မှန်းကို မသိသောကြောင့် သူပြောသည့်အတိုင်း လျှောက်လာခဲ့သည်။
ရှယိက ထပ်ပြောသည်။
“လက်ကို ဆန့်ထုတ်လိုက်ပါ”
ကုဝမ်ကျူက နားမလည်ပါးမလည်နှင့် လက်ကို ဆန့်ထုတ်လိုက်သည်။
သူ့လက်ဖဝါးများမှာ ခြောက်သွေ့ပြီး ခပ်ကြမ်းကြမ်းနှင့် ကြွက်သားသုံးလေးမျှင်ကိုတော့ မြင်နေရသည်။
ရှယိက ရှိုက်လိုက်ပြီး ညင်ညင်သာသာ ပြောသည်၊
“လက်ဖမိုးကို ပြ”
ကုဝမ်ကျူက ဘာကိုဆိုလိုမှန်း နားမလည်သော်လည်း လက်ကို လှန်လိုက်သည်။
ရှယိက ဖြူဖွေးနုညံ့လှသော လက်ချောင်းကို ဆန့်ထုတ်ကာ ကုဝမ်ကျူ၏ လက်ဖမိုးပေါ်ရှိ အညိုအကွက်ကို ညင်ညင်သာသာ ပွတ်သပ်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
“နာနေလား”
ကုဝမ်ကျူတစ်ယောက် ခဏတာ အံ့အားသင့်သွားကာ ရှယိ ထိလိုက်သော သူ့ခန္ဓာကိုယ်၏ တစ်ဝက်သည် ဓာတ်လိုက်သကဲ့သို့ ရုတ်တရက် ထုံကျင်သွားသည်။ သူသည် ခပ်သွက်သွက်ပင် လက်ကို ဆွဲထုတ်ကာ အိမ်ထဲမှ ထွက်သွားသည်။ တံခါးဝသို့ ရောက်သောအခါ သူသည် နောက်ပြန်မကြည့်ဘဲ ရပ်ကာ “မနာပါဘူး” ဟု ပြောလိုက်သည်။ ထို့နောက် ခြေထောက်ကို ဆန့်ကာ တံခါးဝကို ဖြတ်လျှောက်လိုက်သည်။
တံခါးဝမှ ထွက်သည့်အခါ ချော်လဲလုနီးပါးဖြစ်ကာ တံခါးဘောင်ကိုတောင် တိုက်မိလုနီးပါး ဖြစ်သွားသည်။
“၁၇၉၊ အစ်ကိုကျူ ဘယ်နေရာ ထိသွားမှန်း မသိဘူး၊ လမ်းက မြေမညီဘူး”
သူ့ကို ဒီလိုမြင်တော့လည်း ရှယိက စိတ်ပူမိသည်။
ခဏကြာတော့ ကုဝမ်ကျူသည် ပရုတ်ဆီပုလင်းကို ကိုင်ကာ အခန်းထဲသို့ ပြန်ဝင်လာသည်။ ထို့နောက် ကုတင်ဆီသို့ လျှောက်လာကာ ကုလားထိုင်သေးသေးလေးကို ယူ၍ ရှယိရှေ့တွင် ထိုင်ကာ ပြောလိုက်သည်။
“ဖိနပ်နဲ့ ခြေအိတ်ကို ချွတ်ပြီး ခြေထောက်ကို ကုတင်ဘေးမှာ တင်လိုက်”
ကြည့်ရတာ သူ ရှယိ၏ နာကျင်နေသော ခြေကျင်းဝတ်ကို နှိပ်နယ်ပေးတော့မည့်ပုံ ပေါ်သည်။
ရှယိသည် အရင်ကမ္ဘာမှာတုန်းက စာသင်နေစဉ် ခြေကျင်းဝတ် လွဲသွားဖူးပြီး အောက်ထပ်မှ တရုတ်ဆရာဝန်ကြီးက နှိပ်နယ်ပေးခဲ့ဖူး၍ ဘယ်လောက်နာမှန်း သိနေသည်။ အခု ကုဝမ်ကျူက သူ့ခြေထောက်ကို ထပ်ကိုင်တော့မည်ကို မြင်သောအခါ သူ ထိတ်လန့်သွားသည်။
“အစ်ကိုကျူ၊ အစ်ကိုကျူ... ကျွန်တော်တို့ ဒီတိုင်း ထားလိုက်ရင် အချိန်ကြာတဲ့အခါ ပြန်ကောင်းသွားမှာပါ”
ရှယိက တောင်းပန်သော်လည်း ကုဝမ်ကျူက လုံးဝ မလှုပ်မယှက်ပင် ဆက်နှိပ်ပေးဖို့ပြင်နေသည်။ သူက ရှယိကို မော့လည်းမကြည့် ပြန်လည်း မဖြေဘဲ ဆေးပုလင်းကို ဖွင့်ကာ မျက်လွှာချပြီး စောင့်နေသည်။
“သူက တကယ် စိတ်နှလုံး နူးညံ့တယ်လို့ ဆိုနိုင်တယ်”
ဆွဲထုတ်လို့ မရမှန်းသိတော့ ရှယိက စိတ်ပျက်လက်ပျက်နှင့်ပင် ဖိနပ်နှင့်ခြေအိတ်တို့ကို ချွတ်လိုက်ပြီး ခြေထောက်ကို ကုဝမ်ကျူ၏ ပေါင်ပေါ်ကို ဖြည်းဖြည်းချင်း တင်လိုက်သည်။
ကုဝမ်ကျူက ပရုတ်ဆီကို လက်ဖဝါးထဲ ထည့်နေတာကို ရပ်လိုက်ပြီးမှ ဘာမှ မဖြစ်သလိုလိုနှင့် ပရုတ်ဆီ ဆက်ထည့်နေသည်။
ရှယိ၏ ခြေထောက်များမှာ ဖြူဖွေးနူးညံ့ပြီး ခြေချောင်းပုလုံးလေးများနှင့် ပန်းရောင်သန်းနေသည့် ခြေသည်းလေးတွေ ရှိနေသည်။ ဘောင်းဘီရှည်ကို အသာလေး လှန်တင်လိုက်တော့လည်း ခြေကျင်းဝတ်ကို ပေါ်သွားသည်။ ခြေကျင်းဝတ်မှာ ရောင်ကိုင်းပြီး ပွန်းပဲ့ကာ ခရမ်းရောင်သန်းနေပြီး ဖြူဖွေးဖွေး ခြေသလုံးနဲ့ ယှဉ်လိုက်သောအခါ တော်တော်လေး ဆိုးရွားနေသည်။
ကုဝမ်ကျူက ပရုတ်ဆီထည့်ထားသည့် လက်ကို ပွန်းပဲ့နေသည့်နေရာဆီ ခပ်ဖွဖွ ထိလိုက်သည်။
ရှယိကိုယ်လေး တုန်သွား၏။ ထိုအချိန်တွင် ရှယိလေးသည် မျက်ခုံးများ တွန့်သွားသဖြင့် နဖူးအလယ်က မှဲ့နီလေး ထင်ရှားလာသည်။ မျက်တောင်များကလည်း ပန်ကာလို တဖျတ်ဖျတ် လှုပ်ပြီး ပန်းသွေးရောင်နှုတ်ခမ်းကိုလည်း သွားဖြူဖြူလေးများနှင့် ညင်ညင်သာသာ ကိုက်ထားသည်ကို တွေ့လိုက်ရသည်။
ကုဝမ်ကျူ၏ လက်က ခြေကျင်းဝတ်တစ်လျှောက်ကို အားနည်းနည်းထည့်ပြီး ညင်ညင်သာသာ နှိပ်နယ်ပေးနေ၏။
မျက်စိထောင့်ကနေ ကြောက်လန့်တကြားနဲ့ ဖြူဖျော့နေသည့် ရှယိ၏ မျက်နှာလေးကို ရိပ်ခနဲ သတိထားလိုက်မိတော့လည်း သူ့စိတ်ထဲတွင် သနားစိတ်လေး ဖြစ်သွားသည်။ ဟူး... သူက တစ်ယောက်တည်း အထီးကျန်တဲ့ ညီလေးတစ်ယောက်ပါပဲ၊ သာမန်ရက်တွေမှာ ဟိုပေါ်ဒီပေါ်နေတာကလည်း အားကိုးဖို့ လူတစ်ယောက်ကို ရှာချင်ရုံ သက်သက်ပါပဲလေ။
“အားးးးးး”
အမိုးကို ဖောက်ထွက်သွားမတတ် အော်သံကြီးနှင့် ရှယိ၏ မျက်နှာမှာ ချက်ချင်း ပုံပျက်ပန်းပျက်ဖြစ်ကာ ပါးစပ်လည်း ဟသွားသည်။
ကုဝမ်ကျူက လည်ချောင်းထိပ်တွင် အသံလှိုင်းတွေနှင့်အတူ တုန်ခါနေသည့် လျှာလေးကို မြင်နေရ၏။
“အားဟားးးးးးးးးးးးးးးး”
ရှယိက မျက်ရည်နဲ့ နှာရည်တွေ ကျလာသော်လည်း ဆက်အော်နေဆဲပင်။
“အား... သေတော့မယ်... မနှိပ်ပါနဲ့တော့...”
ကုဝမ်ကျူ ဘာပြောရမှန်း မသိတော့ချေ။
အမိုးကို ပြိုလုနီးပါး အော်ဟစ်ကြိမ်းမောင်းသံတွေကြားထဲတွင်ပင် သူတို့နှစ်ဦးသား၏ နှိပ်နယ်ခြင်းဇာတ်လမ်း နောက်ဆုံးတော့ ပြီးသွားလေသည်။ ကုဝမ်ကျူက မျက်နှာပုတ်သိုးသိုးနှင့် ဆေးပုလင်းကို သိမ်းပြီး အမြန်ထွက်သွား၏။ သူ ဒီအခန်းထဲမှာ နောက်ထပ် တစ်စက္ကန့်ပင် မနေချင်တော့ပေ။
ရှယိကတော့ ချွေးများ ရွှဲနစ်ပြီး မျက်လုံးထောင့်များမှာလည်း မျက်ရည်တွေနှင့် ကုတင်ပေါ်တွင် သေလုမြောပါး လှဲနေရသည်။
“၁၇၉၊ ဒီထက် ပိုနာတာတွေရော ရှိသေးလား။”
“ရှိပါတယ် Host၊ Host ကလေးယူချင်ရင်ပေါ့။”
မိုးလည်း တိတ် လေလည်း တိတ်သွားသောအခါ မိုးသီးကျတာလည်း ရပ်သွားသည်။ ထို့နောက် တိမ်တိုက်ကြားကနေ နေရောင်ခြည် ထိုးကျလာပြီး ရွာတစ်ရွာလုံး တိမ်စိုင်ကြားထဲရောက်နေ၏။ ပတ်ဝန်းကျင်က စိမ်းလန်းတဲ့ တောင်တန်းတွေကို မိုးရေက ဖြန်းပက်လိုက်သဖြင့် ပိုမို စိမ်းစိုလာသည်။
ကုဝမ်ကျူက သစ်သားလှေကားကို ယူပြီး အမိုးပေါ် တင်ကာ အုတ်ကြွပ်များကို ပြင်ဖို့ တက်လိုက်သည်။ မိုးသီးမုန်တိုင်း၏ အကျိုးကြောင့် ရွာတစ်ရွာလုံးက အုတ်ကြွပ်များကို အကွဲကွဲအပြဲပြဲဖြစ်သွားသဖြင့် အိမ်တိုင်၏ အမိုးများမှာ ကြယ်မြင်လမြင် အပေါက်များနှင့် ပြည့်နှက်နေသည်။ အခု မပြင်လျှင် ညဘက် လရောင်အောက်မှာပဲ လေဒလဟောနှင့် အိပ်ရလိမ့်မည်။
ကုဝမ်ကျူက သစ်သားလှေကားကို တက်လိုက်ဆင်းလိုက် လုပ်နေ၏။ အမိုးပေါ်ရှိ အုတ်ကြွပ်အပျက်များကို ခြံထဲကို ပစ်ချချင်သော်လည်း လှေကားကနေ မြေပြင်ကို ဆင်းပြီး ခြံထောင့်မှာ စုထားတဲ့ အုတ်ကြွပ်အသစ်ပုံတွေဆီ တကူးတက သွားထားရသည်။
နေ အရမ်းပူလှသဖြင့် မြေပြင်ပေါ်ရှိ မိုးသီးများမှာ ရေဖြစ်ပြီး ပူပြင်းစွာ အငွေ့ပျံသွားသည်။ ကုဝမ်ကျူလည်း ချွေးများ တောက်လျှောက် ကျနေ၏။ အိမ်တွင် သူ့ညီလေးတစ်ယောက် သာ ရှိနေသဖြင့် အင်္ကျီမပါဘဲ အလုပ်လုပ်နေခြင်းဖြစ်သည်။ သူ့အဝတ်အစားများမှာ စိုရွှဲပြီး သူ့ခန္ဓာကိုယ်မှာ ကပ်နေသဖြင့် ပြည့်စုံပြီး အဖုဖုအထစ်ထစ်နှင့် ကြွက်သားမြှောင်းကြီးများကို ပေါ်လွင်နေစေသည်။
ရှယိက ကုတင်အောက်တွင် ဝါးတုတ်တစ်ချောင်းကို တွေ့သဖြင့် တရွတ်တိုက် ဆွဲလျှောက်ကာ ခြံထဲကို သွားလိုက်သည်။ ထို ကုဝမ်ကျူ မြင်ကွင်းကို မြင်တော့ သူ ငြိမ်ငြိမ်ထိုင်နေလို့မဖြစ်တော့ပေ။
Hostက အလုပ်ကြိုးစားနေသည်ကို အလကား စားနေရသည့်သူ အနေနှင့် ကုတင်ပေါ်မှာ နားနေရဲလို့ မဖြစ်ရေးချမဖြစ်ချေ။
ထို့ကြောင့် ကုဝမ်ကျူ အမိုးပေါ်မှာ ရှိနေတုန်း ရှယိက သစ်သားလှေကားပေါ်မှာ ထိုင်ပြီး ဆေးဖက်ဝင်လက်ဖက်ရည်ကို ကိုင်ကာ မျက်နှာသုတ်ပုဝါနှင့် စောင့်နေသည်။
ကုဝမ်ကျူက မြေပြင်ပေါ် ဆင်းလာသည့်အခါ ရေငတ်ပြေဖို့ ဆေးဖက်ဝင်လက်ဖက်ရည်ကို အလျင်အမြန် ယူလာပေးပြီး “အမြန်သောက်လိုက် သိပ်မပူတော့ဘူး” ဟု ပြောလေသည်။
ကုဝမ်ကျူက လက်ဖက်ရည်သောက်နေတုန်း သူ့ဘေးမှာ ယပ်တောင် ခတ်ပေးနေသည်။
“ဒီလောက်ဆို သောက်ရတာ အဆင်ပြေတယ်မလား”
ကုဝမ်ကျူ လက်ဖက်ရည်သောက်ပြီးသည့်နောက် ပန်းကန်ကို အမြန်သိမ်းကာ ကုဝမ်ကျူ၏ နဖူးပေါ်ရှိ ချွေးများကို မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေးကာ စိုးရိမ်တကြီးပြောသေးသည်။
“အမိုးပေါ်မှာ သတိထားနော် ချော်မကျစေနဲ့ဦးဗျ”
ကုဝမ်ကျူက သူ့ကို ကြည့်ပြီး ပြုံးကာ “ရပါတယ်၊ ငါ သတိထားပါတယ်၊ ဒီမှာ မနေနဲ့ ပူတယ်လေ ကုတင်ပေါ်မှာ သွားနား၊ ခြေထောက်ကို သတိထားနေနော်” ဟု ပြောသည်။
“ရပါတယ်၊ လက်ဖက်ရည် အအေးခံပေးမလို့”
သူ လှည့်ပြီး မီးဖိုချောင်ဘက်ကို လျှောက်သွားသောအခါ ရှယိ က တခြားတစ်ခုကို ရုတ်တရက် ဖျတ်ခနဲ သတိရလိုက်သည်။
“၁၇၉၊ ဒီလို မြင်ကွင်းနဲ့ ဒီလို စကားပြောရတာတွေကြောင့် ငါတို့ကြား လေထုက နည်းနည်း ထူးဆန်းတယ်လို့ ခံစားရစေတယ်”
“Host၊ ကျွန်တော်ကတော့ ဘာထူးဆန်းတာမှ မရှိဘူးလို့ ထင်ပါတယ်။ သင်က ရှုပ်ထွေးတဲ့ ကိစ္စတွေကို တွေးမယ့်အစား လယ်စိုက်တာကိုပဲ အာရုံစိုက်နော်”
ခြေကျင်းဝတ် လွဲသွားပြီးနောက် ရှယိက သူ့၏ အာလူးပျိုးပင်များကို ကောင်းကောင်းသွား မကြည့်နိုင်တော့ပေ။ လယ်ကွင်းထဲ လမ်းလျှောက်ရသည်မှာ အရမ်းခက်ခဲပြီး ထပ်လဲလျှင်လည်း ပြန်ပြီး ထိခိုက်မှာကို ကြောက်နေသည်။ ကံကောင်းစွာနှင့် ၁၇၉ က မြေကြီးထဲမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ကင်မရာလိုပဲ နေ့တိုင်း scan ဖတ်ပေးနေသည်။
“ကုဝမ်ကျူက မြေသြဇာထည့်ဖို့ သွားတယ်”
“ကုဝမ်ကျူက ပိုးကောင်တွေ ဖမ်းဖို့ သွားတယ်”
“ပျိုးပင်က ပိုရှည်လေ၊ ပိုကောင်းလေပဲ”
အိမ်တွင် ရက်အနည်းငယ်နေလာပြီးနောက် ရှယိက အရမ်း ပျင်းရိလာသည်။ နေ့တိုင်းပင် နေဝင်ချိန်ကျလျှင် ခြံတံခါးဝမှာ ကုလားထိုင်လေးနှင့်ထိုင်ပြီး ကုဝမ်ကျူ လယ်ကွင်းက ပြန်လာကာ သူ့အတွက် ချက်ပြုတ်ပေးသည်ကို စောင့်နေရတာနှင့် အချိန်ကုန်နေ၏။
ကုဝမ်ကျူကလည်း ရှယိတစ်ယေါက် ဒီရက်ပိုင်းးမှာ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ဒီနေ့ လယ်ကွင်းကို မသွားဘဲ အပြင်ကို လေကောင်းလေသန့် ရှူဖို့ ခေါ်သွားဖို့ စီစဉ်လေသည်။
နေ့လယ်စာစားပြီးနောက် ကုဝမ်ကျူက ငါးခြင်းတောင်းနှင့် ထွက်လာပြီး ရှယိကို မေးလိုက်သည်။
“ငါးဖမ်းဖို့ သွားမလို့၊ အတူတူ လိုက်ဦးမလား”
ထိုသို့မေးပြီး ခြံအပြင်ကို လျှောက်သွား၏။
ကုဝမ်ကျူက သူ့ကို တွဲခေါ်ပြီး ခြံတံခါးကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် မျက်နှာပေါ်တွင် စိုးရိမ်တကြီးနှင့် ရုတ်တရက် ခေါင်းကို ပြန်ရုတ်ပြီး ခြံတံခါးကို ပိတ်လိုက်သည်။ ခြံထဲကို ဖြတ်သွားသည့် ခြေသံများ တဖြည်းဖြည်း ဝေးသွားပြီးမှသာ ခြံတံခါးကို ပြန်ဖွင့်ကာ ခေါင်းကို ဆန့်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပြန်သည်။
ရှယိကတော့ သူဘာလုပ်နေမှန်း မသိချေ။
ထို့နောက် ကုဝမ်ကျူက ခဏစောင့်ပြီး ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတာကို မြင်သည့်အခါမှ အမြန် ပြန်လာပြီး ရှယိရှေ့မှာ ထိုင်ချလိုက်ကာ ပြောသည်။
“ကျောပေါ်တက်”
ရှယိကလည်း တုံ့ဆိုင်းမနေဘဲ တောင်ဝှေးကို ကုဝမ်ကျူ၏ ကျောပေါ် လွှဲတင်လိုက်သည်။
ရှယိကို ကျောပေါ် တင်ပြီးနောက် ကုဝမ်ကျူက ငါထည့်ရမည့် ပလိုင်းကို လက်တစ်ဖက်နှင့်ကိုင်ကာ ရွာကနေ အမြန် လျှောက်ထွက်သွားလေသည်။
ရွာကနေ ထွက်အပြီး လမ်းတစ်လမ်းတွင်တော့ ဘယ်ဘက်တွင် တောင်စောင်းနှင့် ညာဘက်တွင် မြစ်ချောင်းလေး ရှိနေသည်။ သူ တောင်လမ်းအတိုင်း မဝေးမကွာ လျှောက်သွားသောအခါ ရယ်သံများကို ကြားလိုက်ရသည်။ ဒီနေရာမှာ ရွာထဲရှိ အမျိုးသမီးများနှင့် ကောအာတို့ အဝတ်လျှော်ရန် အကြိုက်ဆုံး နေရာပင်။
စကားပြောသံများနှင့် ရယ်သံများကို ကြားသည့်အခါ ကုဝမ်ကျူ ခြေလှမ်း နှေးသွားပြီး တုံ့ဆိုင်းဆိုင်း ရပ်နေသည်။
ရှယိက “အစ်ကိုကျူ၊ ပြန်လှည့်မလားဟင်” ဟု မေးလိုက်သည်။
ကုဝမ်ကျူက ခဏတာ တုံ့ဆိုင်းပြီးမှ ရှေ့ကို ဆက်လျှောက်ဖို့ဟန်ပြင်နေစဉ် ဒေါ်လေးလီ၏ အသံကျယ်ကြီး ထွက်လာသည်။
“ငါက အရင်ကတည်းက ပြောပြီးသားပါ၊ လက်သမားဝမ်နဲ့ သူ့ရဲ့ မုဆိုးမ မရီးက အတူတူ အိပ်နေကြတာ သေချာတယ်။ စဉ်းစားကြည့်လေ၊ ကောအာနဲ့ နှစ်ယောက်တည်း နေ့တိုင်း အိမ်ခေါင်မိုး တစ်ခုတည်းအောက်မှာ အတူတူ နေကြတာ....”
အမျိုးသမီးများ အားလုံး အသံကျယ်ကြီးနှင့် ရယ်ကြသည်။
“ညည်းက အခုထိ စပ်စပ်စုစုကြည့်တတ်တုန်းပဲနော်”
ကုဝမ်ကျူကတော့ တုံဏှိဘာဝေဖြစ်နေသည်။
ရှယိက ထပ်မေး၏။
“အစ်ကိုကျူ၊ ဆက်သွားချင်သေးလား”
သူက ကုဝမ်ကျူ မသွားဘဲ ပြန်လှည့်မှာကိုပဲ တကယ် ကြောက်နေလေသည်။ ထို့အပြင် သူ့ ခြံထဲကို ပြန်ခေါ်ပြီး သူ့ကို ခါတိုင်းလိုအိမ်မှာပဲ တစ်ယောက်ထဲ လှောင်ပိတ်ထားမှာကိုလည်း လန့်နေသည်။
ကုဝမ်ကျူက “သွားကြတာပေါ့” ဟု ပြောချလိုက်၏။
ပတ်ဝန်းကျင်ကို ထပ်ကြည့်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်က “တောင်တက်ကြတာပေါ့” ဟူ၍ပင်။
ရှယိဆွံ့ အသွားသည်။
တောင်တက်လမ်းက မညီမညာ ဖြစ်နေသော်လည်း ကုဝမ်ကျူက ရှယိကို ကျောပေါ်တင်ကာ မြင့်သည်ထက် မြင့်အောင် တက်ကာ ဝေးသည်ထက် ဝေးအောင်လည်း လျှောက်သွားသည်။ မြစ်ငယ်လေး၏ ရေစီးသံက တဖြည်းဖြည်းဝေးသွားလေပြီ။ သစ်တောထဲကနေ လေတိုက်၍ ထွက်လာသည့် ထင်းရှူးပင်အသံ တရှဲရှဲနှင့် ငှက်သံ ကျိကျိကျာကျာပဲ ကြားရတော့သည်။
ရှယိက မပြောဖို့အောင့်ထားသော်လည်း မနေနိုင်တော့ချေ။
“အစ်ကိုကျူ၊ ကျွန်တော်တို့က ငါးဖမ်းဖို့ သွားနေတာမလား”
ကုဝမ်ကျူက ချွေးများ ရွှဲနစ်နေသဖြင့် အမောတကြီး ပြောသည်။
“ငါ...ငါသိပါတယ်၊ ပတ်ပြီးသွားမယ်လေ...ရှေ့မှာ တောင်အောက်ဆင်းဖို့ လမ်း တစ်လမ်းရှိတယ်”
တောင်တန်းကြိးနှင့် သစ်တောအုပ်မှာ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသည်။ ရှယိကို ကျောပေါ်တင်ရင်း ကုဝမ်ကျူက ထူထဲတဲ့ သစ်ရွက်ခြောက်အကြွေများကို တစ်လှမ်းပြီးတစ်လှမ်း ခပ်ပြင်းပြင်း နင်းလျှောက်တော့လည်း တရှပ်ရှပ်အသံမြည်လာသည်။
“အစ်ကိုကျူ၊ ဘယ်လောက် ဝေးသေးလဲဟင်”
“ဟူး.....မကြာတော့ဘူး....ဟင်း...”
နောက်ဆုံး တောင်ပေါ်ကနေ စဆင်းတော့လည်း မြစ်ငယ်လေးကိုရောက်ဖို့ တစ်နာရီကျော် ကြာပြန်သည်။
ရှယိက ချွေးများ ရွှဲနစ်နေသည့် ကုဝမ်ကျူ၏ ခေါင်းနှင့် ကိုယ်ကို ကြည့်ပြီး ငြိမ်မနေနိုင်တော့ချေ။
“အစ်ကိုကျူ၊ အဲဒီ ကျောက်တုံးနောက်မှာ ရေချိုးပြီး ကိုယ်လက် သန့်စင်လိုက်ပါလား”
ကုဝမ်ကျူက တုံ့ဆိုင်းနေသည်ကို မြင်တော့လည်း ရှယိက နောက်တစ်ခွန်း ထပ်ပြောလေသည်။
“စိတ်မပူပါနဲ့၊ ကျွန်တော် ဒီနားကို မလာပါဘူး”
ကုဝမ်ကျူ ငြိမ်သွားပြန်သည်။
သူ ရေချိုးပြီးသည့်နောက် အပေါ်ပိုင်း ဗလာကျင်းနဲ့ ကျောက်တုံးနောက်ကနေ ထွက်လာကာ လက်ထဲတွင် အဝတ်အစားများကို ကိုင်ထားသည်။ သူ ရှယိဆီကို ရိုးတိုးရှန့်တန့် လျှောက်လာပြီး မြေပြင်ပေါ်က ငါးထည့်သည့်ပလိုင်းကို ကောက်ယူကာ ငါးဖမ်းဖို့ ချောင်းကို ဆန်တက်သွားသည်။
ရှယိကလည်း ကုဝမ်ကျူတစ်ယောက် ချောင်းအတိုင်း ဝေးသည်ထက် ဝေးအောင် လျှောက်သွားသည့် သူ့၏ ကျောပြင်ခပ်ကျယ်ကျယ်ကို မှုန်ပျပျလေးပဲ မြင်ရတော့သည်အထိ လှမ်း ကြည့်နေသည်...
“၁၇၉၊ အစ်ကိုကျူက ငါကို လန့်နေတုန်းပဲကွ”