ခြံ၀င်းထဲတွင် မျက်နှာဖုံးတပ်ထားသော အနက်ရောင်၀တ်စုံနှင့် လူသုံးယောက် ပေါ်လာကာ ကုဝမ်ကျူက ညစ်ပေနေသောအ၀တ်အစားများဖြင့် သူတို့ထဲမှ နှစ်ယောက်ကို တိုက်ခိုက်နေခဲ့သည်။ ချီလင်ကလည်း ကျန်တဲ့တစ်ယောက်၏ပေါင်ကို သေချာကိုက်ထားရင်း မာန်ဖီလျက် နံရံထောင့်ဆီကို တရွတ်တိုက်ဆွဲနေသည်။
ကုဝမ်ကျူက အနက်ရောင်လူနှစ်ယောက်ကို မရှုံးနိုင်ဘူးဆိုတာကို မြင်သောအခါမှာ ရှောင်ယိ စိတ်ကို အသင့်ပြင်လိုက်သည်။ တုတ်ကို ကိုင်လိုက်ကာ သူတို့နှစ်ယောက်၏ နောက်ကျောနားကို တိတ်တိတ်လေး ကပ်သွားပြီး နှစ်ယောက်ထဲက တစ်ယောက်၏ ဒူးခွင်နေရာကို အားဖြင့် ရိုက်လိုက်သည်။ “ဒုတ်” ဆိုသည့်အသံကိုသာ ကြားလိုက်ရပြီးနောက် ထိုလူ၏သနားစရာ အော်သံကြီးထွက်ပေါ်လာကာ မြေပြင်ပေါ်ကို ချက်ချင်း ဒူးထောက်ကျသွားခဲ့သည်။
ကုဝမ်ကျူ ထိုအခွင့်အရေးကို အရယူကာ ကျန်သောတစ်ယောက်၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးထည့်လိုက်ရာ ချက်ချင်းပဲ အနောက်ဘက်ကို လွင့်ပျံသွားပြီး ခြံစည်းရိုးနံရံနှင့် ရိုက်မိသွားသည်။ ထို့နောက် ဖြည်းဖြည်းချင်း အောက်ကို ပြန်လျှောကျလာပြီး သတိလစ်သွားခဲ့သည်။
ချီလင်း ကိုက်တာကို ခံထားရသည့် အနက်ရောင်လူကတော့ ဆက်ပြီးအော်ဟစ်နေဆဲဖြစ်ပြီး ချီလင်းက သူ့ပေါင်ကို သေချာကိုက်ထားကာ လုံး၀အလွတ်မခံပဲ ခဏခဏ သွားဖြင့် ကြိတ်နေသည်။ ချီလင်း သွားတစ်ခါ ကြိတ်လိုက်တဲ့အခါတိုင်း ထိုလူက သူ့ကို သေခွင့်ပေးပါတော့ ဆိုပြီး သနားစရာကောင်းအောင် အော်ဟစ်နေ၍ ရှောင်ယိသည်ပင် ကြည့်နေရင်း နာကျင်မှုကို ခံစားမိနေသည်။
ထိုအချိန်မှာပဲ ခြံတံခါးက ပွင့်သွားကာ ရွာသားတွေ အများကြီးက တုတ်တွေကိုင်ရင်း အလျင်စလို ပြေး၀င်လာကြသည်။
“သူခိုးလား? ဒါက သူခိုးလား?”
စိတ်အားထက်သန်နေသော ဦးလေး၀မ်က ကြေးနီဆီးအိုးကြီးကို ကိုင်ရင်း အရှေ့ကို အပြေးအလွှား ရောက်လာသည်။
ဦးလေးဝမ်က သူတို့သုံးယောက်ကို လှည့်ပတ်ကြည့်လိုက်ကာ သုံးယောက်ထဲက တစ်ယောက်ကို ချိန်ရွယ်၍ ဆီးအိုးကို ပစ်ပေါက်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“သူတို့ကို တုပ်နှောင်ထားလိုက် ပြီးရင် ရုံးတော် ကိုသတင်းပို့ရမယ်”
“ရုံး... ရုံးတော် ကိုတော့ သတင်းမပို့ မပို့ မပို့ပါနဲ့ ရဲမက်တွေကိုသတင်းမပို့လိုက်ပါနဲ့”
ရှောင်ယိ တုတ်နဲ့ရိုက်တာကို ခံလိုက်ရ၍ မြေကြီးပေါ် ဒူးထောင်ကျနေတဲ့ အနက်ရောင်၀တ်စုံနဲ့လူက တောင်းပန်လာသည်။
သူ့အသံကို ကြားလိုက်ရတဲ့အတွက်ကြောင့် ကုဝမ်ကျူ အရှေ့ကို တိုးသွားလိုက်ပြီး သူ့မျက်နှာဖုံးကို ဆွဲခွာလိုက်သည်။
“ဒီအရာရှိက ညနက်သန်းခေါင်ကြီး ငါ့အိမ်ကို ရောက်လာတာ သူခိုးပဲ ဖြစ်မှာပေါ့”
သူတို့က ရှေ့တစ်ခေါက်တုန်းက ကုဝမ်ကျူကို ဖမ်းဆီးဖို့ ယွီချန်ကျစ်၏ အမိန့်ပေးခံခဲ့ရပြီး မြို့၀င်ပေါက်မှာ ဖမ်းဆီးသူ၏ တားဆီးခြင်းကို ခံရကာ တိုင်းပြည်၏ရုံးတော်မှ အပြစ်ပေးလိုက်သော အရာရှိ သုံးယောက် ဖြစ်သည်။
သုံးယောက်မြောက် အရာရှိက ယွီချန်ကျစ်ဆီကနေ ပိုက်ဆံ အနည်းငယ် ရချင်ခဲ့ပေမဲ့လည်း ပိုက်ဆံ မရတဲ့အပြင် ရုံးတော်၏ အပြစ်ပေးခြင်းကိုတောင် ခံခဲ့ရသည်။ သူတို့သုံးယောက်၏ လစဉ်လစာတွေက ဒဏ်ငွေရိုက်ခံလိုက်ပြီး ရုံးတော်ကနေလည်း ကန်ထုတ်ခံခဲ့ရသည်။ အဲ့ကြောင့် စိတ်ထဲမှာ မကျေမနပ်၊ ခံစားချက်များဖြင့် ဆွေးနွေးမှုတစ်ချို့လုပ်ပြီးတဲ့နောက်မှာ ကုဝမ်ကျူ၏ အိမ်ကိုခိုး၀င်ကာ ရှောင်ယိကို ပြန်ပေးဆွဲပြီး ငွေညှစ်ရန် ဆုံးဖြတ်ခဲ့သည်။
ဒါပေမဲ့ ခွေးနက်အကြီးကြီးက အရမ်း ရက်စက်ကြမ်းကြုတ်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပါ။ သူတို့ ခြံစည်းရိုးနံရံကို တွယ်တက်နေသည့်အချိန်တုန်းက ခွေးက ဘာအသံမှ မထွက်ခဲ့ဘဲ၊ သူတို့မြေကြီးပေါ်ကို ဆင်းလိုက်သည့်အချိန်ကျမှ ချက်ချင်းအလျင်အမြန်ပြေးလာကာ ဟောင်ပြီး လိုက်ကိုက်တော့သည်။
ကံဆိုးတာပဲ
ထိုလူသုံးယောက်၏ အဖြစ်အပျက်အကြောင်း ၀န်ခံစကားကို နားထောင်ပြီးနောက်မှာ သူတို့ကတောင်းပန်ပေမဲ့လည်း ရွာသားတွေက သူတို့ကို အမြန်ချည်နှောင်ပြီး လှည်းပေါ်တင်ကာ အုပ်ချုပ်ရေးဌာနသို့ ပို့လိုက်ကြသည်။
မထင်မှတ်ထားပဲ အရင်တစ်ခေါက်တုန်းက ဖြစ်ခဲ့တဲ့ မတော်တဆမှု သေးသေးလေးက နောက်ပိုင်းမှာ ကသောင်းကနင်းတွေ ဆက်တိုက်ဖြစ်လာစေခဲ့၍ ရှောင်ယိ ဘာမှမတတ်နိုင်ပေမဲ့ ကုဝမ်ကျူကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ နောက်ဆုံး၌ ခေါင်းခါရင်း ပြောလိုက်သည်။
“ငါက အဲ့လိုမျိုး အလှလေးပဲ”
ကုဝမ်ကျူ : “....”
မိုးရွာပြီးနောက်မှာ နေသာလာကာ လေပြေလေး တိုက်ခတ်နေရင်း အကုန်လုံးလည်း ဖြစ်ထွန်းလာပြီ ဖြစ်သည်။ ကုဝမ်ကျူ ရှောင်ယိ မုန်လာဥဖြူနားမှာ နေ့တိုင်းနီးပါး လှည့်ပတ်နေတာကို ကြည့်ရင်း ပြောလိုက်သည်။
“ဒီနေ့ ကိုယ် မင်းကို မှိုကောက်ဖို့ တောင်ပေါ် ခေါ်သွားပေးမယ်”
“အင်း အင်း ကြက်သားပြုတ်ချက်လည်း သယ်လာခဲ့”
အစားအစာအတွက် ဆိုရင်တော့ ရှောင်ယိ လက်နှစ်ဖက်လုံးဖြင့် သဘောတူခဲ့သည်။
ကုဝမ်ကျူက ကျောပေါ်မှာ ခြင်းတောင်းတစ်ခုကို သယ်ရင်း ရှောင်ယိကတော့ ထောက်ဖို့အတွက် တုတ်တစ်ချောင်းကို ဆွဲယူလာကာ ချီလင်းက အနောက်ကလိုက်၍ နှစ်ယောက်အတူတူ တောင်ပေါ် တက်ခဲ့ကြသည်။ ချီလင်က တောင်ပတ်လည်မှာ ပျော်မြူးနေပြီး ယုန်လေးတွေ ၊ ငှက်လေးတွေ အနောက်ကိုပြေးလိုက်ရင်း သူတို့က အရှေ့ကို တော်တော်ရောက်သွားသော အချိန်တိုင်း ထိုနေရာ၌ ပြန်ရပ်စောင့်နေတတ်သည်။ အပင်အကြီးကြီး၏အောက်ရှိ ကျောက်တုံးဘေးတွင် မှိုတွေ အများကြီးပေါက်နေ၍ ရှောင်ယိ ကုဝမ်ကျူ၏ညွှန်ကြားချက်အရ မှိုတွေကို ကောက်နေခဲ့သည်။
ရှောင်ယိ ခါးကိုင်းကာ သီးသန့်အမိုးကြီးမားနေတဲ့ မှိုရိုင်းတစ်ခုကို ကောက်ယူလိုက်ကာ ကုဝမ်ကျူကို ရယ်ရယ်မောမောဖြင့် လှမ်းပြဖို့ လုပ်လိုက်ပေမဲ့ မြင်ကွင်းက စတင် တွန့်လိမ်လာသည်။
ဘာဖြစ်တာလဲ? ဘာကြီးလဲ? ချီးပဲ! ချီးပဲ!
မြင်ကွင်းတစ်ခုလုံးက ပိုပိုပြီး တွန့်လိမ်ပျက်ပြားလာကာ စတင်လည်ပတ်လာခဲ့သည်။ ရှောင်ယိ ကုဝမ်ကျူဆီကို လက်လှမ်းလိုက်ပေမဲ့လည်း သူ့အရှေ့က ဘယ်အရာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့ပဲ ဘာကိုမှ ဖမ်းဆုပ်ကိုင်လို့ မရတော့တာကို သိလိုက်ရသည်။
“၁၇၉! ၁၇၉! ဘာတွေဖြစ်နေတာလဲ! ၁၇၉ ထွက်လာခဲ့အုံး! System System မင်း ရှိနေသေးလား?”
၁၇၉ ၏ တုံ့ပြန်လာမှုမရှိ။
ကောင်းကင်နှင့် မြေကြီးက ရူးချင်းစရာကောင်းအောင် လည်နေပြီး လှည့်ပတ်နေကာ တစ်ကမ္ဘာလုံးက အရောင်စုံ အစင်းကြောင်းတွေအဖြစ် ပြောင်းလဲသွားပြီး အလင်းရောင် အစက်အပြောက်တွေ ဟိုရောက်ဒီရောက်ဖြစ်နေကာ နောက်ဆုံးမှာတော့ အရောင်အသွေးစုံသည့် အနက်ရောင်အဖြစ် အရည်ပျော်ကျသွားသည်။
ရှောင်ယိ ခဏလောက် မူးဝေသွား၍ မျက်လုံမှိတ်ထားကာ စိတ်ထဲတွင် ကြောက်လန့်နေမိသည်။
မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သည့်အချိန်မှာတော့ ဘေးပတ်လည်က ထိုတောင် မဟုတ်တော့ဘဲ နောက်ထပ်မြင်ကွင်းတစ်ခုဖြစ်နေတာကို မြင်လိုက်ရသည်။
ပန်းဥယျာဉ် ခြံ၀င်း ၊ ကျောက်တုံး တံတားသေးသေးလေး
လှည့်ပတ်ကြည့်လိုက်ရာ သူက ကြီးမားသည့် စံအိမ်အကြီးကြီး၏ အနက်ရောင် ဥယျာဉ်ထဲက သစ်သားပေါင်းကူးတံတားအသေးလေးပေါ်မှာ ရပ်နေသည်။ သူ့လက်ထဲတွင် ငါးစာတွေ လက်အပြည့် ရှိနေပြီး ခြေထောက်အောက်ရှိ ရေကန်ထဲတွင် အနီရောင်အလှငါးတွေက အစာစားဖို့ စောင့်ဆိုင်းနေကြသည်။
“ယိအာ သားအမေကို သွားနှုတ်ဆက်လိုက်အုံး အမေ့ကို စိတ်ကောက်မနေနဲ့တော့”
သူ့အနောက်ကနေ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာသည်။
ရှောင်ယိ ထိုအသံကို ကြားတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ ချက်ချင်းပဲ နောက်လှည့်ပြီး ငိုရင်း ခေါ်လိုက်သည်။
“ဖေဖေ”
“ဘာပဲဖြစ်ဖြစ် မြန်မြန်သာသွား သားက ချီရှန်းဂိုဏ်းကို တပည့်အဖြစ်သွားရတော့မှာ အဖေကတော့ သားဖြစ်သူ၏ ကြီးမားသောအိမ်မက်တွေကို ဖြည့်စည်းဖို့ တားဆီးမှာမဟုတ်ပေမဲ့ သားအမေကတော့ သားကိုလွှတ်ဖို့ တွန့်ဆုတ်နေတယ်လေ။ သားက အမေ့ကို ရင်ကွဲကိုအောင် လုပ်လို့ မဖြစ်ဘူးလေ”
လူငယ်လေးက လျှောက်လာသည်။
“သွား အမေ့ကို သွားနှုတ်ဆက်ချည်”
ရှောင်ယိ သူ့အရှေ့တွင် ရှိနေသော သက်လတ်ပိုင်းလူကြီးတစ်ဦးကို အသံတိတ် ငေးကြည့်နေရင်း ရင်ဘတ်ထဲတွင် လှိုင်းတွေထန်ကာ နှုတ်ခမ်းများ တုန်ရီလာပြီး မျက်ရည်များကြောင့် မြင်ကွင်းက ဝေဝါးလာသည်။
ဒါက သူ့အဖေ ကျန်းမာသန်စွမ်းနေစဉ် အချိန်ကာလတုန်းက ပုံစံဖြစ်သည်။
ရှောင်ယိ နှုတ်ခမ်းတွေ လှုပ်ရှားသွားကာ ရေရွတ်လိုက်သည်။
“ဖေဖေ”
ထို့နောက် ခြေလှမ်းအနည်းငယ် ဆက်လှမ်းလိုက်ပြီး ထိုလူကြီးကို ဖက်လိုက်ကာ ခေါင်းကို သူ့ပုခုံးပေါ်၌ မြုပ်နှံလိုက်မိသည်။ ချက်ချင်းပဲ မျက်ရည်တွေက အင်္ကျီကို စိုစွတ်သွားစေသည်။