no

Font
Theme

လုရှင်းမြန် ကားထဲသို့ ဝင်ထိုင်ပြီးနောက် ကားက မောင်းထွက်မသွားဘဲ ငြိမ်နေဆဲ ဖြစ်သည်။ ဒရိုင်ဘာက တစ်ခြားလူတွေကို စောင့်နေသလားဟု သူ တွေးတောနေမိသည်။ ခရီးစဉ်တစ်ခုအတွက် ခရီးသည် ဘယ်နှစ်ယောက်ကို တင်ချင်နေတာလဲ?

ဒါပေမဲ့ ကားထဲမှာ စိတ်မသက်မသာ ဖြစ်ဖွယ် အလွန် တိတ်ဆိတ်နေတာကို လုရှင်းမြန် ခံစားလိုက်ရသည်။

ဖုန်းခေါ်ဆိုမှု တစ်ခုက ကားထဲမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ လုရှင်းမြန် ဖုန်းကို ကိုင်လိုက်သည်။

"မင်္ဂလာပါ။ ကျွန်တော် ခင်ဗျား မှတ်သားထားတဲ့ နေရာကို ရောက်နေပါပြီ"

လုရှင်းမြန် ရှေ့ကို ကြည့်လိုက်ရာ ရှေ့မှ ဒရိုင်ဘာမှာ ဖုန်းပြောနေခြင်း မဟုတ်ပေ။ သူ့ထံ ဖုန်းခေါ်ဆိုသူမှာ အမှန်တကယ် ခေါ်ဆိုထားတဲ့ ဒရိုင်ဘာ ဖြစ်သည်။ မှတ်သားထားတဲ့ နေရာကို ရောက်ရှိပြီးနောက် လမ်းဘေးမှာ ဘယ်သူမျှ မတွေ့ရပေမဲ့ Appမှာတော့ အလွန်နီးကပ်နေကြောင်း ပြသနေသဖြင့် ခရီးသည်ထံ ဖုန်းခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ ဒရိုင်ဘာက အချက်ပြမီးများ မှိတ်တုတ်မှိတ်တုတ် လုပ်ကာ လမ်းဘေးတွင် ရပ်ထားကြောင်း ပြောခဲ့သည်။

ထို့နောက် ရှေ့မှာ ရပ်ထားတဲ့ အချက်ပြမီးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတဲ့ အနက်ရောင်ကားတစ်စီးကို လုရှင်းမြန် တွေ့လိုက်ရသည်။ ထိုကားရဲ့ နံပါတ်ပြားမှာ Appတွင် ပြသထားတဲ့ နံပါတ်နဲ့ အတူတူပင် ဖြစ်သည်။

ဒါဆို သူ ကားမှားစီးမိခဲ့တာပေါ့!

ကားထဲက လေထုမှာ ဘာကြောင့် မူမမှန်ဖြစ်နေရသလဲဆိုတာ အထူးအဆန်းတော့ မဟုတ်ပေ။

လုရှင်းမြန် က မြန်မြန်ပင် တောင်းပန်လိုက်သည်။

"တကယ်ကို တောင်းပန်ပါတယ်။ ကျွန်တော် ကားမှားစီးမိတာပါ။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်"

ဝင်ထိုင်တုန်းကလို မြန်ဆန်စွာနဲ့ လုရှင်းမြန် ကားထဲမှ ချက်ချင်း ပြန်ထွက်လိုက်သည်။ ထွက်လာပြီးမှသာ ထိုကားဟာ ရိုးရိုးကားမဟုတ်ဘဲ ဇိမ်ခံကားတစ်စီး ဖြစ်ကြောင်း သူ သတိပြုမိတော့သည်။ သူသေချာ မကြည့်ဘဲ အနက်ရောင် ကားတစ်စီးကို တွေ့တာနဲ့ တန်းဝင်ထိုင်မိခဲ့ခြင်း ဖြစ်သည်။ သူ ကားမှားစီးမိလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။

ရှက်စရာကောင်းလိုက်တာ!

လုရှင်းမြန် က မှန်ကန်တဲ့ သူ့ကားထဲသို့ မြန်မြန်ပင် ဝင်ထိုင်လိုက်သည်။ အကယ်၍ သူသာ အမြန် မပြေးခဲ့ပါက ထိုရှက်စရာကောင်းမှုက သူ့နောက်သို့ လိုက်လာတော့မည် ဖြစ်သည်။

ကောင်လေး စကားပြောတာကို ကြားလိုက်ရတဲ့အခါ လုရှီရန်က သူ့ကို လှမ်းကြည့်လိုက်သည်။ ကောင်လေး၏ရဲ့ အသံမှာ လုရှင်းမြန်ရဲ့ အသံနဲ့ လုံးဝတူပြီး လွန်စွာ ရင်းနှီးနေသည်။ ဖုန်းထဲမှတစ်ဆင့်သာ ကြားဖူးပေမဲ့ ထနုအသံမှာ လုံးဝ တစ်ထပ်တည်းဖြစ်ကြောင်း လုရှီရန် သိလိုက်သည်။ လုရှီရန်က ထွက်ခွာသွားတဲ့ ကောင်လေးရဲ့ ကျောပြင်ကို ကြည့်ရှုနေခဲ့သည်။

ဒါ လုရှင်းမြန် များ ဖြစ်နေမလား?

စောစောက ကောင်လေး ဝင်ထိုင်တုန်းက ယန်ချိန်းနဲ့ အနည်းငယ် ဝေးကွာပြီး ကားမောင်းလျှင် နှစ်နာရီခန့် ကြာမြင့်တဲ့ SS မြို့သို့ သွားမည်ဟု ပြောခဲ့သည်။

လုရှင်းမြန် မှန်ကန်တဲ့ ကားထဲကို ရောက်သွားပြီးနောက် ဒရိုင်ဘာက "ဖုန်းနံပါတ် ၂၅၈၀ နဲ့ ဆုံးတဲ့ လူကြီးလားခင်ဗျာ" ဟု မေးလိုက်သည်။

လုရှင်းမြန် က "ဟုတ်ပါတယ်" ဟု ပြန်ဖြေခဲ့သည်။

ဒါက သူ့ရဲ့ အမှန်တကယ် ခေါ်ဆိုထား၂ဲ့ ကားဖြစ်သည်။ ခရီးသည်ကို တင်ဆောင်ပြီးနောက် ဒရိုင်ဘာဟာ ကားကို စတင်မောင်းနှင်ကာ SS မြို့သို့ ဦးတည်ထွက်ခွာခဲ့ပြီး ၎င်းမှာ ခရီးစဉ်စရိတ် တော်တော်ရတဲ့ ခရီးတစ်ခု ဖြစ်သည်။

မီးနီ စောင့်နေစဉ် လုရှင်းမြန်က သူ့ဖုန်းကို စစ်ဆေးရန် အခွင့်အရေး ယူလိုက်သည်။ ဘာစာမှ မရှိတာကို တွေ့ရသဖြင့် ဖုန်းကို ပြန်သိမ်းကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။ စောစောက သူ အမြန်ပြေးခဲ့ရသည်မှာ ကံကောင်းတယ်ဟု လုရှင်းမြန် စိတ်ထဲတွင် တွေးလိုက်သည်။ တစ်ချက်မျှသာ မြင်တွေ့ခဲ့ရပေမဲ့ ကားထဲက အမျိုးသားမှာ တော်တော်လေး ချောမောလှပပုံ ရသည်။

ဒီနေရာကနေ သူရဲ့ အိမ်သို့ ပြန်ရောက်ရန် နှစ်နာရီ ကြာမည် ဖြစ်သည်။ စီးနင်းခေါ်ဆိုတဲ့ ဒရိုင်ဘာက အနည်းငယ် ကြမ်းတမ်းစွာ မောင်းနှင်သဖြင့် လုရှင်းမြန် ကားထဲမှ ထွက်လိုက်တဲ့အခါ ကားမူသလို ခံစားခဲ့ရပြီး ၁၀ နာရီကျော်ကြာမှ အနည်းငယ် သက်သာသွားခဲ့သည်။

အမျိုးသားနေ့ ပိတ်ရက် နေ့နှစ်ရက် ပျော်ရွှင်စွာ ကုန်လွန်ပြီးနောက် လုရှင်းမြန်၌ ပြီးအောင်လုပ်ရမဲ့ အိမ်စာတွေနဲ့ စာမေးပွဲ မေးခွန်းလွှာ အချို့ ကျန်ရှိနေသေးသည်။

မေးခွန်းလွှာတွေကို ပြီးစီးအောင် လုပ်ဆောင်လိုက်တဲ့အခါ ညနေပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ လုရှင်းမြန် ရေခဲသေတ္တာကို စစ်ဆေးလိုက်ရာ ဘာမှမရှိဘဲ လွတ်ဟာနေသည်။ သူ ကုန်စုံပစ္စည်းများ ဝယ်ရန် နောက်တစ်ကြိမ် မေ့သွားခဲ့ပြန်သဖြင့် ဘီရိုထဲတွင် အသင့်စား ခေါက်ဆွဲဘူး တစ်ဘူးကို ရှာတွေ့ခဲ့သည်။ ကံကောင်းစွာဖြင့် အသင့်စား ခေါက်ဆွဲဘူး အပြည့်ပါတဲ့ သေတ္တာတစ်လုံး အဆင်သင့် ရှိနေသဖြင့် သူ ခေါက်ဆွဲကို စားနိုင်ရုံမျှမက စွပ်ပြုတ်ရေကိုပါ သောက်နိုင်ခဲ့သည်။

သူ ခေါက်ဆွဲစားနေတုန်း အိမ်ကို ပြန်ရောက်သွားကြတဲ့ ဆုန်းယိဟန်နဲ့ လျိုယီချန်တို့ဟာ လုရှင်းမြန်ထံ စာများ ပို့လာခဲ့ကြသည်။ ဆုန်းယိဟန်က ခဏမျှ စဉ်းစားပြီးနောက် လုရှင်းမြန်ထံ နောက်ထပ် စာတစ်စောင် ပို့လိုက်သည်။

ဆုန်းယိဟန်: [လုရှင်းမြန် ဒါကို မှတ်ထားပါ။ ငါတို့က မင်းရဲ့ သူငယ်ချင်းတွေ မင်းရဲ့ ညီအစ်ကိုတွေ အမြဲတမ်း ဖြစ်နေမှာ။ ငါတို့ မင်းကို အမြဲတမ်း ထောက်ခံနေမှာပါ။]

လုရှင်းမြန်: [ကျေးဇူးပါ၊၊ ငါ ဒါကို စိတ်ထဲ စွဲမှတ်ထားပါ့မယ်။]

အသင့်စား ခေါက်ဆွဲကို စားသောက်ပြီး ခဏမျှ အနားယူပြီးနောက် လုရှင်းမြန်က သူ့ရဲ့ မေးခွန်းလွှာတွေကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ညတိုင်း လုကော ပုံပြင် မပြောပြခင် လုရှင်းမြန်က သူနဲ့ ခဏမျှ စကားစမြည် ပြောလေ့ရှိသည်။ သူတို့က လွတ်လပ်စွာ ပြောဆိုကြပြီး လုရှင်းမြန် စိတ်ထဲ ပေါ်လာတာတွေကို ပြောပြလေ့ရှိသည်။ တစ်ယောက်တည်းဆို စိတ်ပျက်စရာ တိတ်ဆိတ်လွန်းသဖြင့် သူ စကားပြောဖော် လိုချင်နေခဲ့သည်။ ထို့အပြင် လုကောရဲ့ အသံနေအသံထားမှာ သူ တကယ်ကို နှစ်သက်တဲ့ အသံမျိုး ဖြစ်သည်။

တစ်ခါတစ်ရံမှာ လုရှင်းမြန်က လုကော စကားပြောတာကို နားထောင်ရုံ သက်သက်ကိုသာ ပိုမို နှစ်သက်ခဲ့သည်။

လုရှင်းမြန်က ပြန်ရောက်ရောက်ချင်း အိမ်စာတွေကို သဲသဲမဲမဲ လိုက်လုပ်ခဲ့ရကြောင်း၊ မွန်းလွဲပိုင်း တစ်ခုလုံးကို မေးခွန်းလွှာများဖြင့် ကုန်လွန်ခဲ့ပြီး သာမန် ညစာကိုသာ စားခဲ့ရကြောင်း လုကောကို ပြောပြခဲ့သည်။

လုရှင်းမြန် ညစာအတွက် အသင့်စား ခေါက်ဆွဲ စားခဲ့တာကို ကြားလိုက်ရတဲ့အခါ လုရှီရန်က "မင်း ညစာအတွက် အသင့်စား ခေါက်ဆွဲပဲ စားတာလား" ဟု မေးလိုက်သည်။

လုရှင်းမြန် က "အဲဒါတင် မဟုတ်ပါဘူး၊၊ ဝက်အူချောင်း တစ်ချောင်းလည်း စားခဲ့ပါတယ်" ဟု ပြန်ဖြေသည်။

လုရှီရန်က "မင်းရဲ့ မိဘတွေ အိမ်မှာ မရှိဘူးလား? ဒါမှမဟုတ် မင်း တစ်ယောက်တည်း နေတာလား" ဟု မေးလိုက်သည်။

လုရှင်းမြန် က "ကျွန်တော် တစ်ယောက်တည်း နေတာပါ" ဟု အတည်ပြုခဲ့သည်။

တစ်ယောက်တည်း နေထိုင်ခြင်း။ လုရှီရန် နားလည်လိုက်သည်။ အကယ်၍ တစ်ယောက်ယောက် အိမ်မှာ ရှိနေပါက အထက်တန်း တတိယနှစ် ကျောင်းသားတစ်ယောက်ကို ညစာအတွက် အသင့်စား ခေါက်ဆွဲ သက်သက် စားခွင့်ပြုမည် မဟုတ်သလို သူ့ရဲ့ အိပ်မပျော်တဲ့ ရောဂါအတွက်လည်း အပြင်လူရဲ့ အကူအညီကို အားကိုးနေရမှာ မဟုတ်ပေ။ ဒါပေမဲ့ ဒါက လုရှင်းမြန်ရဲ့ မိသားစု ကိစ္စဖြစ်ပြီး ဒီနေ့ သူ အမေးလွန်သွားခဲ့ပြီဖြစ်၍ လုရှီရန်က ပိုပြီး ဝင်ရောက် စွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။

"ဒါဆို အခုကစပြီး အသင့်စား ခေါက်ဆွဲကို နည်းနည်းပဲ စားတတ်ဖို့ ကြိုးစား... ရိုးရိုးရှင်းရှင်း တစ်ခုခု ချက်စားရင်တောင် အဆင်ပြေပါတယ်"

လုရှင်းမြန်က သဘောတူတဲ့ အနေဖြင့် အသံပြုလိုက်သည်။

"ပေမဲ့ ကျွန်တော်က ချက်ပြုတ်ရတာ မတော်ဘူးလေ"။

သူက မီးဖိုချောင်နတ်ဘုရားနဲ့ အံဝင်ခွင်ကျ မဖြစ်တာလည်း ဖြစ်နိုင်သည်။

ထို့နောက် လုရှင်းမြန်က ယန်ချိန်း၌ ထိုနေ့က ကားမှားစီးမိခဲ့တဲ့အကြောင်းကို လုကောအား စတင် ပြောပြခဲ့သည်။

"လုကောသိလား? လေထုက ရမ်းကို ရှက်စရာကောင်းတာပဲ။ ကျွန်တော် တကယ်ကို ကျွန်တော့်ရဲ့ ကားလို့ ထင်ခဲ့တာ"

"လုကော ကျွန်တော် အဲဒီတုန်းက အမြန်ပြေးခဲ့လို့ တော်သေးတယ် မဟုတ်ရင် အရမ်း ရှက်စရာကောင်းနေမှာ"

လုရှီရန် :“……”

ထိုကောင်လေးက အမှန်တကယ်ပဲ လုရှင်းမြန် ဖြစ်နေခဲ့တာပေါ့။

အမျိုးသားနေ့ ပိတ်ရက် လွန်ပြီးနောက် ရာသီဥတုမှာ တဖြည်းဖြည်း အေးစိမ့်လာခဲ့သည်။ ဆောင်းဦးရာသီ မိုးတစ်စက် ရွာသွန်းတိုင်း အေးစိမ့်မှုတစ်ခုကို ဆောင်ကြဉ်းလာခဲ့သည်။ ဆောင်းဦးမိုး နှစ်ကြိမ်ခန့် ရွာသွန်းပြီးနောက် အပြင်ထွက်တဲ့အခါ အနည်းငယ် ပိုထူတဲ့ ကုတ်အင်္ကျီကို ဝတ်ဆင်ရန် လိုအပ်လာပြီ ဖြစ်သည်။

နောက်ထပ် ဆောင်းဦးမိုးတစ်ကြိမ် ရွာသွန်းခဲ့ပြန်သည်။ ကျောင်းဆင်းချိန်တွင် ကျောင်းဆင်းပြီးပါက ဟော့ပေါ့သွားစားရန် ချန်ချဲ့က အကြံပြုခဲ့သည်။ ရာသီဥတု အေးစိမ့်နေချိန်တွင် ဟော့ပေါ့မှာ အကောင်းဆုံး အစားအစာ ဖြစ်သည်။ ဇူးကျင်းရန်နဲ့ ကျိုးချိန်တို့ နှစ်ဦးစလုံး သဘောတူတဲ့ အနေနဲ့ လက်မြှောက်ခဲ့ကြပြီး လုရှင်းမြန်လည်း ပါဝင်ခဲ့သည်မှာ အဆန်းတော့ မဟုတ်ပေ။ လုရှင်းမြန်က သူ့ရဲ့ ပတ်ဝန်းကျင်နဲ့ မြန်မြန်ဆန်ဆန် အသားကျသွားပြီး အတန်းထဲသို့ ဝင်ဆံ့သွားခဲ့ကာ ချန်ချဲ့နဲ့ အခြားသူတွေနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပြီ ဖြစ်သည်။

သူတို့ကျောင်းအနီးရှိ ဟော့ပေါ့ဆိုင်မှာ သူတို့ ခဏခဏ သွားလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်သည်။ ဆိုင်ရှင်က အသက် ၄၀ ကျော်အရွယ် သဘောကောင်းသူ တစ်ဦးဖြစ်ပြီး ထိုနေရာတွင် ပုံမှန် လာရောက်စားသောက်တဲ့ ကျောင်းသား အများစုကို မှတ်မိသူ ဖြစ်သည်။ ဟော့ပေါ့ဆိုင်ရှင်က လုရှင်းမြန်ကို တွေ့လိုက်တဲ့အခါ

"ဒါ အတန်းသားသစ်လား? ငါ သူ့ကို အရင်က မတွေ့ဖူးပါဘူး" ဟု မေးလိုက်သည်။

ချန်ချဲ့နဲ့ အခြားသူတွေကလည်း ဆိုင်ရှင်နဲ့ အလွန် ရင်းနှီးကြသည်။

"သူဌေး သူက ကျွန်တော်တို့အတန်းထဲက အတန်းသားသစ်ပါ"

ဟု ပြောကြသည်။ ဆိုင်ရှင်က အတန်းသားသစ်ကို ကြိုဆိုတဲ့အနေနဲ့ အသားအပိုတစ်ပန်းကန် အထူးပေးခဲ့သည်။

အရင်က ချန်ချဲ့နဲ့ အခြားသူတွေက မိမိအား ပိုက်ဆံ လုံးဝ မရှင်းခိုင်းခဲ့ဖူးတာကြောင့် ယခုတစ်ကြိမ်တွင် လုရှင်းမြန်က ပိုက်ဆံ မျှရှင်းရန် အတင်း တောင်းဆိုခဲ့သည်။ ချန်ချဲ့က သဘောတူလိုက်ပြီး "ကောင်းပြီလေ၊ ဒီနေ့တော့ အားလုံး မျှရှင်းကြတာပေါ့" ဟု ပြောလိုက်သည်။

ဟော့ပေါ့အိုး ပွက်ပွက်ဆူနေပြီး အားလုံးက အသားတွေကို စတင် ထည့်ကြတော့သည်။ ဇူးကျင်းရန်က အစပ် အများကြီး မစားနိုင်သဖြင့် ကောင်လေးလေးယောက်ဟာ "တစ်ဝက်စပ်၊ တစ်ဝက်ရိုးရိုး စွပ်ပြုတ်" ကို အော်ဒါမှာခဲ့ကြသည်။ ဇူးကျင်းရန်က လုရှင်းမြန်ရဲ့ ဆော့အနှစ် ခွက်ကို ကြည့်ပြီး "လုရှင်းမြန်၊ မင်း နံနံပင် မစားဘူးလား" ဟု မေးလိုက်သည်။

လုရှင်းမြန် က "အင်း၊ မစားဘူး" ဟု ပြန်ဖြေခဲ့သည်။

ကျိုးချိန်က စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လုရှင်းမြန်ရဲ့ ပခုံးကို စိတ်လှုပ်ရှားစွာ သိုင်းဖက်လိုက်သည်။

"ငါ နောက်ဆုံးတော့ နံနံပင် မစားတဲ့ အခြားတစ်ယောက်ကို တွေ့ပြီကွ!"

သူ က ဆက်လက်ပြီး "လုရှင်းမြန် မင်း မသိပါဘူး၊၊ သူတို့တွေက ငါ နံနံပင် မစားတာကို အမြဲတမ်း လှောင်ကြတာ" ဟု ပြောခဲ့သည်။

မျက်နှာချင်းဆိုင်မှ နှစ်ယောက်မှာ နံနံပင်ကို နှစ်သက်ကြသဖြင့် သူတစ်ယောက်တည်းသာ မစားသူဖြစ်ခဲ့ရပြီး တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို မယှဉ်နိုင်ခဲ့ပေ။ နံနံပင် မစားတဲ့ အခြားတစ်ယောက်ကို နောက်ဆုံးတွင် တွေ့ဆုံရလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။ ကျိုးချိန်က သဘာဝအတိုင်း ပျော်ရွှင်သွားခဲ့ပြီး ယခုအခါ နှစ်ယောက်ချင်း တူသွားပြီ ဖြစ်သည်။

လုရှင်းမြန် ပြုံးလိုက်သည်။

ထို့နောက် ကျိုးချိန်က "မင်း နံနံပင် မစားလို့ စာတော်နေတာလား" ဟု မေးလိုက်သည်။

ဇူးကျင်းရန်က ကျိုးချိန်ကို မျက်လုံးလှိမ့်ကြည့်လိုက်ပြီး

"လုရှင်းမြန်ရဲ့ စာတော်တာက နံနံပင် စားခြင်း၊ မစားခြင်းနဲ့ ဘာမှ မဆိုင်ပါဘူး" ဟု ပြောလိုက်သည်။

ကျိုးချိန်က ပြန်ပြောလိုက်သည်။။

"ဇူးကျင်းရန် မင်းနံနံပင်ပဲ မင်း စားစမ်းပါ။ မင်း နံနံပင် စားပြီး ဘာလို့ ပထမနေရာ မရတာလဲ"

ဇူးကျင်းရန် က "အနည်းဆုံးတော့ ငါက မင်းထက် အမှတ် ၂၀ ပိုများပါတယ်" ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

ကျိုးချိန်က "ဇူးကျင်းရန် မင်း မပြီးနိုင်တော့ဘူးလား! စောင့်ကြည့်နေလိုက် နောက်စာမေးပွဲကျရင် ငါ မင်းထက် အမှတ်ပိုရအောင် ဖြေပြမယ်" ဟု ပြောလိုက်သည်။

ဇူးကျင်းရန် က တည်ငြိမ်စွာပင်

"ငါ စောင့်နေပါ့မယ်။ မင်း ငါ့ကို ကျော်လွန်နိုင်သွားရင်ပေါ့...ဒါပေမဲ့ ပထမဆုံးအနေနဲ့ မင်း ငါ့ကို တစ်လလုံး မနက်စာ ဝယ်ကျွေးရလိမ့်မယ်" ဟု ပြန်ဖြေခဲ့သည်။

ထိုနှစ်ယောက်ဟာ အထက်တန်း ပထမနှစ်ကတည်းက စနောက် ရန်ဖြစ်လေ့ရှိကြပြီး တကယ့် "ချစ်စနိုးမုန်းစနိုး ဆက်ဆံရေး" ဖြစ်ခဲ့ကြသည်။ ဤစာမေးပွဲ မတိုင်မီက သူတို့ ​အလောင်းအစား လုပ်ခဲ့ကြသဖြင့် ကျိုးချိန်က တစ်လစာ မနက်စာ ဖိုး အကြွေးတင်သွားခဲ့ရသည်။

ထိုနှစ်ယောက် ရန်ဖြစ်နေစဉ် ချန်ချဲ့နဲ့ လုရှင်းမြန်တို့ဟာ အသားစားခြင်းကိုသာ အာရုံစိုက်နေခဲ့ကြသည်။ အတန်း (၁) မှ ကောင်းယန်ဟာ လတ်တလောတွင် အလွန် ကြိုးစား အားထုတ် စာကျက်နေကြောင်း ချန်ချဲ့က လုရှင်းမြန်ကို ပြောပြခဲ့သည်။

လုရှင်းမြန် က "ဘာလို့လဲ" ဟု မေးလိုက်သည်။

ချန်ချဲ့က လုရှင်းမြန်ကို ကြည့်လိုက်ပြီး လုရှင်းမြန်ဟာ ကောင်းယန်ဆိုတာ မည်သူမှန်းပင် သိမည်မဟုတ်ကြောင်း ရုတ်တရက် သတိပြုမိသွားခဲ့သည်။ "မင်း ကောင်းယန်က ဘာသူလဲဆိုတာ မသိဘူးလား"

လုရှင်းမြန် က "သူက အတန်း (၁) ကလို့ မင်း အခုပဲ ပြောလိုက်တာလေ" ဟု ပြန်ဖြေခဲ့သည်။

ချန်ချဲ့:“……”

ကောင်းပြီလေ၊ ဒါဆို လုရှင်းမြန် တကယ် မသိတာပေါ့။

ချန်ချဲ့က "မင်း မလာခင်တုန်းက ကောင်းယန်က အမြဲတမ်း တစ်နှစ်လုံးမှာ ပထမရတာ။ ဒါပေမဲ့ မင်း ရောက်လာတာနဲ့ သူ ဒုတိယနေရာကို ကျသွားခဲ့တယ်။ အဲဒါကြောင့် အခု သူက နောက်စာမေးပွဲမှာ ပထမနေရာ ပြန်ရအောင် ယူမယ်ဆိုပြီး အပြင်းအထန် စာကျက်နေတာ" ဟု ရှင်းပြခဲ့သည်။

လုရှင်းမြန် က အနည်းငယ် စိတ်ဝင်စားသွားပြီး "မင်း ဘယ်လိုလုပ် သိတာလဲ" ဟု မေးလိုက်သည်။

ချန်ချဲ့က "လူအများကြီး သိကြတာပဲ!" ဟု ပြောခဲ့သည်။

အေးစိမ့်တဲ့ ရာသီဥတုမှာ ဟော့ပေါ့စားခြင်းက အမှန်ပင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။ သူတို့အနည်းငယ် ချွေးပြန်တဲ့အထိ စားသောက်ကြပြီး တစ်ကိုယ်လုံး နွေးထွေးသွားခဲ့သည်။ သူတို့ ပျော်ရွှင်စွာ စားသောက်နေကြစဉ် ဘေးဝိုင်းမှ ဆူပူသံကြောင့် လုရှင်းမြန် ရုတ်တရက် လန့်သွားခဲ့ရသည်။ ဘေးဝိုင်းက အမျိုးသားတစ်ဦးဟာ ဆိတ်သားမှာ အနံ့ဆိုးထွက်နေကြောင်း ဆဲဆိုကာ ဘီယာပုလင်းကို ကြမ်းပြင်ပေါ်သို့ ဒေါသတကြီး ရိုက်ခွဲလိုက်သည်။

ဆိုင်ရှင်က မြန်မြန် ထွက်လာပြီး သူတို့ရဲ့ ဆိတ်သားမှာ အလတ်ဆတ်ဆုံးဖြစ်ပြီး လုံးဝ မပုပ်သိုးကြောင်း ရှင်းပြရန် ကြိုးစားခဲ့သည်။ ထိုဟော့ပေါ့ဆိုင်က ဖွင့်လှစ်ထားတာ ၁၀ နှစ်ကျော်ပြီ ဖြစ်ပြီး အမြဲတမ်း ရိုးသားစွာ ရောင်းချခဲ့ကြောင်း၊ ကျောင်းသား အများအပြားလည်း ပုံမှန် လာရောက်စားသောက်နေသဖြင့် ဆိုင်မှာ ပုပ်သိုးနေတဲ့ အစားအစာများ ရှိနိုင်မည် မဟုတ်ကြောင်း ဆိုင်ရှင်က ပြောခဲ့သည်။

ဒါပေမဲ့ ဘေးဝိုင်းက အမျိုးသား သုံးဦးဟာ နားမထောင်ခဲ့ကြပေ။ သူတို့ဟာ ဟော့ပေါ့ထဲက ဆိတ်သားကို ထောက်ပြကာ အသားမှာ ပုပ်သိုးပြီး သက်တမ်းလွန်နေကြောင်း စွပ်စွဲခဲ့ကြသည်။ လုရှင်းမြန်နဲ့ သူ့သူငယ်ချင်းတွေက ဘေးဝိုင်းအောက်တွင် ဘီယာဂျက်ဖာ အလွတ် လေးခုရှိနေတာကို သတိပြုမိခဲ့ကြသည်။

ဒီကောင်တွေ မူးပြီး ပြဿနာရှာဖို့ ကြိုးစားနေတာများလား။

ထိုထဲက ရုပ်အဆိုးဆုံး အမျိုးသားတစ်ဦးကမူ သူဟာ ဒုစရိုက်လောကမှ လူများကို သိကြောင်း၊ မည်သူမဆို သူ့ကို တားဆီးပါက ဆိုင်ကို လာရောက် ရိုက်ခွဲခိုင်းမည်ဟုပင် ကြွေးကြော်ခဲ့သည်။ ထို့နောက် ထိုအမျိုးသား သုံးဦးသည် ထရပ်ကာ ထွက်သွားရန် ပြင်ကြတော့သည်။ ထိုညက သူတို့ ဝိုင်းတွင် ၅၀၀ ယွမ်နီးပါး သုံးစွဲခဲ့ကြသဖြင့် ဆိုင်ရှင်က သူတို့ကို ဒီအတိုင်း လွှတ်ပေးမည် မဟုတ်ပေ။ သူသည် အမျိုးသားတစ်ဦးကို ဆွဲထားပြီး ပိုက်ဆံ ရှင်းပေးရန် တောင်းဆိုခဲ့သည်။

ထိုအမျိုးသားက ဆိုင်ရှင်ကို တိုက်ရိုက် တွန်းထုတ်လိုက်ရာ ဆိုင်ရှင်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး ကျိုးချိန်နဲ့ တိုက်မိသွားခဲ့သည်။ ကျိုးချိန်က ဆိုင်ရှင်ကို တွန်းထိန်းလိုက်သည်။

ကျိုးချိန်က "လူကို တွန်းပစ်ဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ" ဟု အော်ဟစ်လိုက်သည်။

ထိုအမျိုးသားက ရှေ့သို့ တိုးလာပြီး ကျိုးချိန်ကို တွန်းလိုက်သည်။

"ကျောင်းသား မင်းကိစ္စ မဟုတ်ရင် ဝင်မရှုပ်နဲ့"

ချန်ချဲ့ကလည်း မတ်တပ်ထရပ်လိုက်သည်။

"မင်းတို့က ပိုက်ဆံ မရှင်းဘဲ ထွက်သွားမလို့လား"

"ငါက ဒီနေ့ ပိုက်ဆံ မရှင်းဘူးကွာ။ မင်းတို့ ဘာလုပ်ချင်လဲ? ငါ့ကို တားမလို့လား? တောက်! ကလေးစုတ်တွေ မင်းတို့က အမွေးတောင် မစုံသေးဘူး ဝင်ရှုပ်နေကြတယ်!"

ဟော့ပေါ့ဆိုင်မှာ ချက်ချင်းပင် စစ်မက်ပြိုင်ကွင်းသဖွယ် ပြောင်းလဲသွားခဲ့သည်။ ချန်ချဲ့နဲ့ သူ့ရဲ့ သူငယ်ချင်းတွေဟာ မူးယစ်နေတဲ့ အမျိုးသား သုံးဦးရဲ့ ပိုက်ဆံမရှင်းဘဲ ထွက်ပြေးရန် ကြိုးစားရုံမျှမက ဟော့ပေါ့ဆိုင်ရှင်အား ရန်ရှာခြင်း၊ ကျိုးချိန်ကို တွန်းထုတ်ခြင်းနဲ့ ယုတ်မာတဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေကို ပြုလုပ်နေကြတာကို တွေ့လိုက်ရသည်။

သူတို့က သဘာဝအတိုင်း ထိုကိစ္စကို သည်းခံနိုင်ခြင်း မရှိခဲ့ကြပေ။

ရန်ပွဲဖြစ်ပွားနေစဉ် ဆိုင်ရှင်က ရဲထံ ဖုန်းခေါ်ဆိုခဲ့သည်။ ရဲတွေ မရောက်လာခင် ဆိုင်ရှင်က ချန်ချဲ့နဲ့ အခြားသူတွေကို ဘေးသို့ ဆွဲထုတ်လိုက်သည်။

"မြန်မြန် သွားကြတော့! ရဲတွေ ခဏနေရင် ရောက်လာတော့မယ်"

ဆိုင်ရှင်က ကျောင်းသားတွေကို ပါဝင်ပတ်သက်စေချင်ခြင်း မရှိဘဲ ကျန်ရှိတာတွေကို သူကိုယ်တိုင်ပင် ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ရဲတွေ မရောက်မီ လုရှင်းမြန်နဲ့ သူ့ သူငယ်ချင်းတွေက သူတို့ရဲ့ ကျောပိုးအိတ်တွေကို ဆွဲယူကာ ထွက်ပြေးခဲ့ကြသည်။ သူတို့ဟာ ၁၀ မိနစ်ကျော်မျှ ပြေးပြီးမှ စုံရပ်လိုက်ကြသည်။

သူတို့အားလုံး မောဟိုက်နေကြသည်။

လုရှင်းမြန် က "ငါတို့ ဘာလို့ ပြေးကြတာလဲ" ဟု မေးလိုက်သည်။

ကျိုးချိန်က အနီးရှိ နံရံကို မှီကာ မောဟိုက်စွာဖြင့် "ငါတို့ ပြေးရမှာပေါ့ မဟုတ်ရင် ပြဿနာ အများကြီး တက်လိမ့်မယ်" ဟု ပြောခဲ့သည်။

ထို့နောက် လုရှင်းမြန်က "ဒါပေမဲ့ ဆိုင်ရှင်က ငါတို့ကို မှတ်မိနေတာပဲ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။

ကျိုးချိန်က သူ့ရဲ့ ပခုံးကို ပုတ်ကာ "မပူပါနဲ့ ဆိုင်ရှင်က ငါတို့ကို အပ်မှာ မဟုတ်ပါဘူး။ ငါတို့ကို ပြေးဖို့ ပြောခဲ့တာ သူကိုယ်တိုင်လေ!" ဟု ပြောခဲ့သည်။

ချန်ချဲ့က လုရှင်းမြန်ကို အနည်းငယ် သဘောကျတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး

"လုရှင်းမြန် မင်းတော်တော်လေး အသုံးဝင်တာပဲ! မင်း ချတတ်တာပဲ" ဟု ပြောလိုက်သည်။

လုရှင်းမြန်က ပိန်ပိန်ပါးပါးနဲ့ နုနယ်ပုံရသဖြင့် ရန်မဖြစ်တတ်သူဟု ထင်ရပေမဲ့ အမှန်တကယ်တွင် လက်သီးလက်မောင်း သိုင်းကွက်အချို့ ရှိနေတာကို တွေ့လိုက်ရသည်။

သူတို့ရဲ့ အသက်ရှူသံတွေ ပုံမှန် ပြန်ဖြစ်သွားပြီးနောက် သူတို့အားလုံး လမ်းခွဲကာ အိမ်သို့ ပြန်သွားခဲ့ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment