လုရှီရန်ဟာ ရှောင်ယို့ဇီကို သူမရဲ့ မိဘများထံ ပြန်လည်ပို့ဆောင်ပေးပြီးနောက် ပြန်စဉ်းစားကြည့်ရာ သူ အမှားမလုပ်ခဲ့ကြောင်း ခံစားခဲ့ရသည်။ သူက လုရှင်းမြန်ကို တစ်ကြိမ်သာ တွေ့ဖူးပေမဲပ ထိုပိန်ပိန်ပါးပါး ပုံရိပ်ကို မေ့မှာမဟုတ်ပေ။ခုနက သူ သဲသဲကွဲကွဲ မြင်လိုက်ရခြင်း ဖြစ်သည်။
ဧည့်ခံပွဲမှာ လူတွေက အမြဲပင် အတင်းပြောလေ့ ရှိကြသည်။ လုမိသားစုမှ လူလေးဦး ရောက်ရှိလာကြောင်း၊ လုဇနီးမောင်နှံက နောက်ဆုံးမှာ သူတို့၏ အရင်းအချာ သားအရင်းကို ဧည့်ခံပွဲသို့ ခေါ်ဆောင်လာခဲ့ကြောင်းနှင့် လုမိသားစု၏ သခင်လေးမှာ မည်မျှ ရုပ်ချောကြောင်း အချို့သူများ ဆွေးနွေးနေကြသည်ကို လုရှီရန် ကြားလိုက်ရသည်။
လုမိသားစုရဲ့ အိမ်တော်ကြီးမှာ အလွန်ကျယ်ဝန်းသဖြင့် ဧည့်ခံပွဲကျင်းပရာ နေရာမှာလည်း ကျယ်ဝန်းလှသည်။ ထို့နောက် လုရှီရန်က ထောင့်တစ်နေရာမှာ ထိုင်နေတဲ့ လုရှင်းမြန်ကို တွေ့လိုက်ရသည်။ သူက တိတ်ဆိတ်စွာ ထိုင်ကာ တိတ်ဆိတ်စွာ စားသောက်နေခဲ့သည်။ ထိုနေ့က သူ့ကားပေါ်ကို မှားယွင်း တက်ခဲ့တဲ့ ကောင်လေးပင် ဖြစ်သည်။
မတော်မရော် ဖြစ်နေတဲ့ ဝတ်စုံပြည့် အဝတ်အစားကြောင့် သူ့ကို ပို၍ပင် ပိန်လှီသွားစေသည်။ လုရှင်းမြန်က အတော်ပင် အလျင်အမြန် စားသောက်နေသဖြင့် တစ်နေကုန် ကျောင်းစာတွေ လုပ်နေရပြီး ဘာမှ မစားရသေးဘဲ လုမိသားစုက ဒီနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်မယ်လို့ ခန့်မှန်းလိုက်သည်။ လုရှင်းမြန်နဲ့ စကားအကြာကြီး ပြောဖူးသဖြင့် လုရှင်းမြန်ဟာ ကျောင်းပိတ်ရက်တွေမှာ ထမင်းမစားဘဲ နေလေ့ရှိကြောင်း လုရှီရန် သိထားသည်။
လုရှင်းမြန်က လူ့ကမ္ဘာထဲသို့ မှားယွင်းရောက်ရှိလာတဲ့ အယ်လ်ဖ် (elf) လေးကဲ့သို့ ထောင့်တစ်နေရာမှာ လိမ္မာပါးနပ်စွာ ထိုင်နေခဲ့သည်။ လှပကာ နွဲ့နှောင်းပေမဲ့ အလွန် ကြံ့ခိုင်သဖြင့် သူ့ကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်စေသည်။
ထို့နောက် လုရှီရန်ဟာ ကောင်လေးသုံးယောက် လုရှင်းမြန်ထံ ချဉ်းကပ်သွားပြီး မလေးမစား စကားပြောနေကြတာကို မြင်လိုက်ရသည်။ လုရှီရန်က အိမ်တော်ထိန်းဟုန်ထံ ချက်ချင်း သွားလိုက်သည်။ အိမ်တော်ထိန်းဟုနိ ပေါ်လာတာနဲ့ ထိုကောင်လေးသုံးယောက်မှာ လုရှင်းမြန်ကို နောက်ထပ် မနှောင့်ယှက်ရဲတော့ပေ။
လုရှီရန်က အိမ်တော်ထိန်းဟုန်အား
"ဦးလေးဟုန် အဲဒီကလေးက လုမိသားစုကလား?" ဟု မေးလိုက်သည်။
အိမ်တော်ထိန်းဟုန်ဟာ ယန်ချိန်းမြို့ရဲ့ အသိုင်းအဝိုင်းအကြောင်းကို အနည်းငယ် သိထားသဖြင့် "ဟုတ်ပါတယ်။ အဲဒီကလေးရဲ့ နာမည်က လုရှင်းမြန် ပါ" ဟု ပြန်ပြောလိုက်သည်။
အရင်က ရရှိခဲ့တဲ့ အချက်အလက်အချို့နဲ့ သူ့မရီးထံမှ ကြားသိခဲ့ရတာတွေကို ပေါင်းစပ်ကြည့်ရာ လုရှင်းမြန် ဘာလို့ အိပ်မပျော်တဲ့ရောဂါ ခံစားနေရလဲ? ဘာလို့ တစ်ယောက်တည်း နေနေရလဲဆိုတာရယ် ဘာလို့ ဖျားနာတဲ့အခါ သူစိမ်းတစ်ယောက်ထံ အကူအညီ တောင်းနေရလဲ ဆိုတာကို လုရှီရန် နားလည်သွားခဲ့သည်။ တွက်ချက်ကြည့်ပြီးနောက် လုရှင်းမြန်က ဒီလောက်အထိ အခက်အခဲတွေ ကြုံတွေ့ခဲ့ရလိမ့်မယ်လို့ လုရှီရန် ဘယ်တုန်းကမှ မထင်ခဲ့ပေ၊၊ သူ့အသံက အမြဲတမ်း တက်ကြွနေပြီး ငြီးတွားပြောဆိုသံကိုလည်း တစ်ကြိမ်မျှ မကြားခဲ့ဖူးပေ။
လုရှီရန်ဟာ လုရှင်းမြန်ရဲ့ WeChat ကို ဖျက်ပစ်ခဲ့ဖူးတာကို ပြန်လည်သတိရမိပြီး အပြစ်ရှိသလို ခံစားလိုက်ရသည်။ ထို့နောက် လုရှင်းမြန်က ရှေ့ရှိ ပန်းကန်လွတ်ကို ငေးကြောင်ကြည့်နေတာကို သတိပြုမိလိုက်ရာ လုရှီရန် သဘောပေါက်လိုက်သည်။
ထိုကလေး ဗိုက်မပြည့်သေးပေ။
လုရှင်းမြန်က ဒုတိယမြောက် ပန်းကန်ထဲက အစားအသောက်တွေကို စားသောက်ပြီးနောက် အနည်းငယ် ဆာလောင်နေတုန်းပင် ဖြစ်သည်။ သူ အစားအသောက် အမျိုးမျိုး အများကြီး ယူခဲ့ပေမဲ့ ပမာဏ အနည်းငယ်စီသာ ပါသဖြင့် ဘာမှ မဝသေးပေ၊၊ အထူးသဖြင့် သူက တစ်နေကုန် ဘာမှ မစားရသေးတာကြောင့် ဖြစ်သည်။ သူက အာလူး အမဲသားနှပ်နဲ့ ထမင်း နောက်တစ်ပန်းကန် စားချင်နေခဲ့သည်။
ဒါပေမဲ့ ဒီလို ဧည့်ခံပွဲမျိုးမှာ ထမင်း ရှိမှာမဟုတ်ဟု သူ စဉ်းစားလိုက်သည်။ လုရှင်းမြန် အိမ်ပြန်ရောက်ပါက အမဲသားပြုတ် ခေါက်ဆွဲခြောက် စားမယ်လို့ တွေးလိုက်သည်။
သူ ဒီလိုတွေးနေတုန်းမှာပင် ခုနက ဦးလေးကြီး ပြန်ရောက်လာပြီး ထမင်းတစ်ပန်းကန်နဲ့ အာလူး အမဲသားနှပ် တစ်ပန်းကန် သယ်ဆောင်လာခဲ့သည်။ အိမ်တော်ထိန်းဟုန်က လုရှင်းမြန်ရဲ့ ရှေ့မှာ အစားအသောက်တွေကို တင်ပေးလိုက်ပြီး "ဒါလေး စားကြည့်ပါ" ဟု ပြောလိုက်သည်။
လုရှင်းမြန်မှာ အံ့အားသင့်သွားခဲ့သည်။
"ဒီမှာ ထမင်း ရှိတာလား?"
အိမ်တော်ထိန်းဟုန်က ပြုံးလိုက်ပြီး "ဒါပေါ့ ရှိတာပေါ့။ မင်း စားချင်တာ မှန်သမျှ ငါတို့မှာ ရှိပါတယ်" ဟု ပြောလိုက်သည်။
လုရှင်းမြန်က "ကျေးဇူးတင်ပါတယ် ဦးလေး" ဟု ပြောလိုက်သည်။
အိမ်တော်ထိန်းဟုန်က "ရပါတယ်၊ ပူပူနွေးနွေးလေး စားလိုက်ပါ" ဟု ပြန်ပြောခဲ့သည်။
ခုနက ကောင်လေးသုံးယောက်ရဲ့ တုံ့ပြန်မှုအရ သူတို့က ဒီဦးလေးကြီးကို သိသိသာသာ ကြောက်ရွံ့ကြသည်။ ဒီဦးလေးကြီးက လုမိသားစုက ဖြစ်ရမယ်လို့ လုရှင်းမြန် တွေးလိုက်မိသည်၊၊ ဒါပေမဲ့ ထိုလူက သူ့အပေါ် အလွန် ကြင်နာပြီး ကူညီပေးတဲ့အပြင် ထမင်းပင် ယူဆောင်ပေးခဲ့သည်။
အိမ်တော်ထိန်းဟုန်က သူ့အား "ဘယ်လိုလဲ? ကောင်းရဲ့လား?" ဟု မေးလိုက်သည်။
"ကောင်းပါတယ်" လုရှင်းမြန်က ပါးစပ်ထဲက အစားအသောက်တွေကို မျိုချလိုက်သည်။
"ထမင်းလည်း ကောင်းတယ် အာလူးလည်း ကောင်းတယ် အမဲသားကတော့ အကောင်းဆုံးပဲ။"
အိမ်တော်ထိန်းဟုန်က "ဒါဆို ဖြည်းဖြည်း စားပါ၊၊ ငါ အလုပ်သွားလုပ်တော့မယ်" ဟု ပြောလိုက်သည်။
လုရှင်းမြန်: "ကျေးဇူးတင်ပါတယ် ဦးလေး။"
အဝေးကနေ၍ လုရှင်းမြန် ပျော်ရွှင်စွာ စားသောက်နေတာကို မြင်ရသဖြင့် လုရှီရန် စိတ်အေးသွားခဲ့သည်။ ယခုအချိန်က လုရှင်းမြန်နဲ့ တွေ့ဆုံရန် သင့်တော်တဲ့ အချိန် မဟုတ်သေးပေ။
ထမင်းတစ်ပန်းကန် ကုန်အောင် စားပြီးနောက် လုရှင်းမြန်ဟာ နောက်ဆုံးတွင် ဗိုက်ပြည့်သွားခဲ့သည်။
လုရှင်းမြန် အစားစားနေစဉ် အခြားတစ်ဖက်မှ လုစီဟန်က စိတ်မရှည်စွာ စောင့်ဆိုင်းနေပြီး နောက်ဆုံးမှာ သူ့သူငယ်ချင်းသုံးယောက်ကို တွေ့လိုက်ရသည်။
သူက လုရှင်းမြန်ကို သင်ခန်းစာပေးရန် သူ့အဖွဲ့အား ပြောထားခဲ့သည်။ သူတို့ ထွက်သွားတာ အတော်ကြာပြီဖြစ်သဖြင့် သူ့ကို အတော်အတန် ရိုက်နှက်လိုက်ကြပြီဟု ခန့်မှန်းလိုက်သည်။
လုရှင်းမြန်က ဒီနေရာမှာ ဘယ်သူ့ကိုမှ မသိတာကြောင့် ရိုက်နှက်ခံရရင်တောင် အကူအညီ ဘယ်မှာ ရှာရမှန်း သိမှာ မဟုတ်ဘဲ တိုင်ကြားလို့လည်း ရမည်မဟုတ်ပေ။ ထို့အပြင် ထိုလူတွေက သူ့ကို သိတယ်လို့ လုရှင်းမြန် ဧကန်မုချ သဘောပေါက်မှာ မဟုတ်သဖြင့် လုစီဟန်ကို သံသယဝင်မည် မဟုတ်ပေ။ သံသယဝင်လျှင်ပင် သူ့မိဘတွေက လုရှင်းမြန်ရဲ့ ကိစ္စတွေကို ဂရုစိုက်မှာ မဟုတ်ပေ။
စိုးရိမ်တကြီး စောင့်ဆိုင်းနေတဲ့ လုစီဟန်က နောက်ဆုံးမှာ သူ့သူငယ်ချင်းတွေကို မြင်လိုက်ရသဖြင့် သူတို့ထံ အလျင်အမြန် သွားရောက်ကာ
"ကဲ ဘယ်လိုလဲ? မင်းတို့ သူ့ကို သင်ခန်းစာ ပေးခဲ့ရဲ့လား?" ဟု မေးလိုက်သည်။
လုရှင်းမြန်ကို သင်ခန်းစာပေးရမယ် ဟုတ်လား? သူတို့ကသာ ဆုံးမခံခဲ့ရခြင်း ဖြစ်သည်။ ဖြစ်ပျက်ခဲ့တာတွေကို အကျဉ်းချုပ် ပြန်လည်ပြောပြခဲ့ပြီး အိမ်တော်ထိန်းဟုန်နဲ့ ကြုံတွေ့ခဲ့ရကြောင်း ပြောပြလိုက်ကြသည်။ အိမ်တော်ထိန်းဟုန် ပါဝင်ပတ်သက်နေကြောင်း ကြားလိုက်ရသဖြင့် လုစီဟန်မှာ အံ့အားသင့်သွားခဲ့သည်။ အိမ်တော်ထိန်းဟုန်က ဘာလို့ လုရှင်းမြန်ကို ကူညီရသနည်း? သူက လုရှင်းမြန်ကို သိစရာအကြောင်း မရှိသလို လုရှင်းမြန်က အိမ်တော်ထိန်းဟုန်ကို သိရန်မှာလည်း ပို၍ ပင် မဖြစ်နိုင်ပေ။
လုစီဟန်က "ဒါဆို မင်းတို့ ဖုန်းလည်း မရခဲ့ဘူးပေါ့?" ဟု မေးလိုက်သည်။
လုစီဟန်က လုရှင်းမြန်ရဲ့ ဖုန်းကို ယူပြီး လွှင့်ပစ်ကာ အသံဖိုင်ကို ဖျက်ဆီးရန် စီစဉ်ထားခဲ့သည်။ ဒါပေမဲ့ အိမ်တော်ထိန်းဟုန် ပါဝင်ပတ်သက်နေသဖြင့် လုစီဟန်မှာ လက်လျှော့လိုက်ရသည်။
လုရှင်းမြန်ရဲ့ အမူအရာကို ကြည့်ခြင်းအားဖြင့် သူ့ကို သွားမနှောင့်ယှက်သမျှ ကာလပတ်လုံး လုရှင်းမြန်ဟာ အသံဖိုင်ကို သူတို့ရဲ့ မိဘတွေအား ဖွင့်ပြမည်မဟုတ်ပေ။ ဒါ့အပြင် သူ့မိဘတွေ သိသွားရင်တောင် သူ့ကို သနားအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ သူ့တွင် ရှိသည်။
ထိုနေ့က ထိုကောင်လေးသုံးယောက် အိမ်ပြန်ရောက်တဲ့အခါ သူတို့ရဲ့ မိဘတွေက ပြင်းထန်စွာ ဆုံးမခဲ့ပြီး တစ်လစာ မုန့်ဖိုး ဖြတ်တောက်လိုက်ကြောင်း လုစီဟန် မသိခဲ့ပေ။ ထိုတစ်လလုံးလုံး ကျောင်းသွားတာကလွဲ၍ အပြင်ထွက်ခွင့် မရခဲ့ကြပေ။ ထိုသုံးယောက်အတွက် အပြင်ထွက် ဆော့ကစားခွင့် မရဘဲ မုန့်ဖိုးမရှိခြင်းမှာ အမှန်တကယ်ပင် နာကျင်ဖွယ်ရာ အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။
ထိုည ၁၀ နာရီတွင် ဒီတစ်ကြိမ်၌ လုရှင်းမြန်ကို မေ့မကျန်ခဲ့ပေ။ လုယန့်နဲ့ အခြားသူတွေ ပြန်ခါနီးတွင် သူ့ကို ခေါ်ခဲ့ကြသည်။ သူတို့ အတူတူ ရောက်လာကြခြင်း ဖြစ်သဖြင့် အတူတူ ပြန်ကြမည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဧည့်ခံပွဲမဟာခန်းမကြီးအတွင်း သက်သောင့်သက်သာရှိပြီး နွေးထွေးနေပေမဲ့ အပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ဓားသွားကဲ့သို့ ထက်ထက်မြက်မြက်ရှိလှတဲ့ အေးစက်သော လေပြင်းတွေ တိုးဝှေ့လာပြီး ရုတ်တရက် အေးစက်သွားမှုကြောင့် လူတွေကို အံ့အားသင့်သွားစေသည်။
သူတို့ အပြင်ကို ထွက်လိုက်တာနဲ့ လုစီဟန်က ဗိုက်နာတယ်ဟု ဆိုကာ ရုတ်တရက် ဗိုက်ကို ဆုပ်ကိုင်လိုက်သည်။ ရှယွဲ့ဖန်းမှာ အလွန် စိုးရိမ်သွားခဲ့သည်။ သူမက အိမ်သို့ ပြန်ရန် ကားပေါ်သို့ အလျင်အမြန် တက်လိုက်ပြီး လုရှင်းမြန်ကို တက္ကစီငှားကာ တစ်ယောက်တည်း ပြန်ခိုင်းလိုက်သည်။ စကားပြောပြီးတာနဲ့ ကားတံခါး ပိတ်သွားပြီး ကားမှာလည်း အရှိန်အဟုန်ဖြင့် မောင်းထွက်သွားခဲ့သည်။
လုရှင်းမြန်မှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ညဉ့်နက်နေပြီ ဖြစ်ပြီး ယန်ချိန်းမြို့ရဲ့ အအေးဆုံး အချိန်ဖြစ်သည်။ ကံကောင်းစွာနဲ့ လုရှင်းမြန် လာစဉ်က ထူထဲတဲ့ အနွေးထည်အင်္ကျီကို ဝတ်ဆင်ထားခဲ့သည်။ ဒါပေမဲ့ ဒီနေရာမှာ တက္ကစီငှားရတာက ခက်ခဲပုံရသည်။ ဘယ်ကားကမှ မရပ်ဘဲ ဆယ်မိနစ်နီးပါး စောင့်ဆိုင်းခဲ့ရသည်။ အဆင့်မြင့်ကားတွေ သူ့ရှေ့ကနေ တစ်စီးပြီးတစ်စီး ဖြတ်မောင်းသွားတာကို ကြည့်ရင်း နောက်ထပ် ဆယ်မိနစ်အတွင်း ဘယ်ဒရိုင်ဘာမှ လက်မခံပါက ကားတစ်စီးစီးကို တားပြီး ဒီဧရိယာ အပြင်ဘက်ကို ပို့ခိုင်းမယ်လို့ လုရှင်းမြန် စဉ်းစားလိုက်သည်။ လမ်းမကြီးပေါ် ရောက်သွားပါက အိမ်ပြန်ရန် တက္ကစီ ရနိုင်လောက်သည်။
ငါးမိနစ် ကုန်လွန်သွားပေမဲ့ ဘယ်ဒရိုင်ဘာမှ တောင်းဆိုမှုကို လက်မခံသေးပေ။ ညအချိန် အပူချိန်မှာ အမှန်တကယ်ပင် အေးစက်လွန်းလှသဖြင့် လုရှင်းမြန်ရဲ့ လက်နဲ့ ခြေထောက်တွေမှာ အေးလွန်း၍ ထုံကျင်လာခဲ့သည်။
ထိုစဥ် ကားတစ်စီး သူ့ထံ ချဉ်းကပ်လာတာကို သတိပြုမိလိုက်သည်။ လုရှင်းမြန် လက်ပြမတားမီမှာပင် ထို အဆင့်မြင့်ကားမှာ သူ့ဘေးတွင် ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့သည်။ ကားမှန် ပွင့်သွားပြီး ရင်းနှီးတဲ့ မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့ရာ ပွဲခန်းမထဲက ဦးလေးကြီး ဖြစ်နေခဲ့သည်။
အိမ်တော်ထိန်းဟုန်က သူ့အား "မင်း ဘယ်သွားမလို့လဲ? ငါ လိုက်ပို့ပေးမယ်" ဟု မေးလိုက်သည်။
လုရှင်းမြန်က ဒီနေ့ အရမ်း ကံကောင်းတာပဲလို့ ခံစားလိုက်ရသည်။
"ဦးလေး ကျွန်တော့်ကို အပြင်ဘက်အထိ လိုက်ပို့ပေးလို့ ရမလား? ဒီမှာ တက္ကစီ ငှားရတာ ခက်လို့ပါ။"
အိမ်တော်ထိန်းဟုန်က "အရင် တက်လိုက်ပါ၊ ပြီးမှ ပြော။ အပြင်မှာ အရမ်း အေးတယ်" ဟု ပြောလိုက်သည်။
လုရှင်းမြန်ဟာ နွေးထွေးပြီး သက်သောင့်သက်သာရှိတဲ့ ကားပေါ်ကို တက်လိုက်သည်။ အိမ်တော်ထိန်းဟုန်က သူ့အား "ဘယ်သွားမှာလဲ? ငါ လိုက်ပို့ပေးမယ်" ဟု မေးလိုက်သည်။
လုရှင်းမြန်က လက်ကို အမြန် ဝေ့ယမ်းလိုက်သည်။
"မလိုပါဘူး ဦးလေး အပြင်ဘက်အထိ လိုက်ပို့ပေးရင် ရပါပြီ။"
အိမ်တော်ထိန်းဟုန်က "ကိစ္စမရှိပါဘူး။ ငါ အိမ်အထိ လိုက်ပို့ပေးပါမယ်" ဟု ပြောလိုက်သည်။
လုရှင်းမြန်က "ကျွန်တော် သွားမယ့်နေရာက ဒီကနေ အရမ်း အရမ်း ဝေးတာပါ။ တကယ် ပို့ပေးစရာ မလိုပါဘူး" ဟု ရှင်းပြလိုက်သည်။
"ဒါဆို အိမ်အထိ လိုက်ပို့ပေးဖို့ ပိုလိုအပ်တာပေါ့"
ဟု အိမ်တော်ထိန်းဟုန်က ပြောလိုက်သည်။
"မင်းက လုမိသားစုရဲ့ ပွဲကနေ ထွက်သွားတာဖြစ်ပြီး ဒီလို ညဉ့်နက်မှ တစ်ယောက်တည်း ပြန်ရင် ငါ ပိုလို့တောင် စိတ်မအေးနိုင်ဘူး။"
လုရှင်းမြန်က အခြားရွေးချယ်စရာ မရှိတာကြောင့် ယန်ချိန်းမြို့စွန်မှာ နေထိုင်ကြောင်း၊ ထိုနေရာနဲ့ အတော်ပင် ဝေးပြီး အပြန်အလှန် ခရီးစဉ်မှာ လေးနာရီ ကြာမြင့်မည်ဖြစ်ကြောင်း ပြောပြလိုက်ရသည်။ ဦးလေးကြီး ကြားသွားပါက အိမ်အထိ လိုက်ပို့ပေးရန် ဇွတ်အတင်း ပြောဆိုနေခြင်းကို ရပ်တန့်သွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
အိမ်တော်ထိန်းဟုန်က နှစ်ခါ စဉ်းစားမနေဘဲ SS မြို့ကို မောင်းရန် ဒရိုင်ဘာအား ချက်ချင်း ညွှန်ကြားလိုက်သည်။
လုရှင်းမြန်: "......"
ဒီဦးလေးကြီးက သူ့ကို အိမ်အထိ တကယ် လိုက်ပို့ပေးတော့မှာပဲ။
လုရှင်းမြန်: "ကျေးဇူးတင်ပါတယ် ဦးလေး။"
ဒီဦးလေးကြီးက တကယ်ကို ကြင်နာတာပဲ။
အိမ်တော်ထိန်းဟုန် "ရပါတယ်"
ထို့နောက် လုရှင်းမြန်က ဒီကားပေါ်မှာတော့ သူ ကားမူးတဲ့ ဝေဒနာ မခံစားရကြောင်း သတိပြုမိလိုက်သည်။ ဒရိုင်ဘာက အလွန် ငြိမ့်ညောင်းစွာ မောင်းနှင်ပေးသည်။ ဘရိတ်အုပ်ခြင်း၊ အရှိန်မြှင့်ခြင်းနဲ့ ကွေ့ခြင်းတွေမှာ လုရှင်းမြန် ဘာမှ မခံစားရသဖြင့် သဘာဝကျစွာပင် ပျို့အန်ချင်စိတ် မဖြစ်ပေါ်ပေ။ သူ အချိန်ကို စစ်ဆေးကြည့်ရာ သန်းခေါင်ယံအချိန်လောက် အိမ်ကို ရောက်ရှိမည်ဟု စဉ်းစားလိုက်သည်။
ထို့ကြောင့် သူက လုကောထံ စာပို့လိုက်ပြီး ဒီည အနည်းငယ် နောက်ကျမည်ဖြစ်ကြောင်း ပြောလိုက်ရာ လုကောက ပြဿနာမရှိကြောင်း၊ မည်မျှပင် နောက်ကျပါစေ သူ့အား ပုံပြင်ပြောပြရန် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်။ လုရှင်းမြန်က ရှေ့ရှိ ဦးလေးကြီးကို ကြည့်လိုက်ပြီး ဒီနေ့ ကြင်နာတတ်တဲ့ ဦးလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ကြောင်း လုကောအား ပြောပြလိုက်သည်။
ဒါပေမဲ့ လုရှင်းမြန်က သတိဝီရိယ ထားရှိနေတုန်းပင် ဖြစ်သည်။
လုရှင်းမြန်: [လုကော ခဏနေရင် ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ကားနံပါတ်မေးပေးလို့ ရမလား?]
စာကို လက်ခံရရှိပြီးနောက် လုရှီရန်ဟာ လုရှင်းမြန်ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသဖြင့် အလွန်ပင် ကျေနပ်မိခဲ့သည်။ လုရှင်းမြန်မှာ အလွန် သတိရှိပေသည်။
လုရှီရန်: [ကောင်းပြီ။]
စာပို့ပြီး တစ်မိနစ်ပင် မပြည့်မီ လုရှီရန် ဖုန်းခေါ်ဆိုလိုက်သည်။
လုရှင်းမြန်က "လုကော" ဟု ခေါ်လိုက်သည်။
လုရှီရန်က သူ့အား "မင်း အိမ်ရောက်ပြီလား?" ဟု မေးလိုက်သည်။
လုရှင်းမြန်က "အိမ်ပြန်လမ်းမှာပါ။ ကြင်နာတတ်တဲ့ ဦးလေးတစ်ယောက်က ကျွန်တော့်ကို ကားနဲ့ လိုက်ပို့ပေးနေပါတယ်" ဟု ပြောလိုက်သည်။
လုရှီရန်က "ဩ အချိန်က အရမ်း နောက်ကျနေပြီဆိုတော့ မင်း တစ်ယောက်တည်း ပြန်ရမှာ စိုးရိမ်လို့ပါ။ ကားနံပါတ်လေး ပြောပြပေးလို့ ရမလား?" ဟု ပြောလိုက်သည်။
လုရှင်းမြန်: "အင်း ကောင်းပါပြီ၊ ခဏလေးနော်။"
လုရှင်းမြန်က ရှေ့ရှိ ဦးလေးကြီးအား
"ဦးလေး ကျွန်တော့်သူငယ်ချင်း ဖုန်းဆက်တာပါ။ သူ စိုးရိမ်လို့ ကားနံပါတ် မေးနေလို့ပါ၊ အဆင်ပြေရဲ့လား မသိဘူးနော်?" ဟု ရှင်းပြလိုက်သည်။
အိမ်တော်ထိန်းဟုန်က ပြုံးလိုက်သည်။
"လုံးဝ အဆင်ပြေပါတယ်။"
သူက လုရှီရန်ရဲ့ အသံကို ကြားခဲ့ရပြီးဖြစ်သည်။
ထို့ကြောင့် လုရှင်းမြန်က ကားနံပါတ်ကို လုကောထံ ပြောပြလိုက်သည်။ ဖုန်းချလိုက်ပြီးနောက် လုရှင်းမြန်က လုကောရဲ့ အသံမှာ အေးစက်မနေတော့သဖြင့် ပိုမို နားထောင်ကောင်းလာသလို ခံစားလိုက်ရသည်။
သန်းခေါင်ယံအချိန် မတိုင်မီမှာပင် အိမ်တော်ထိန်းဟုန်က လုရှင်းမြန်အား တိုက်အောက်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့သည်။ လုရှင်းမြန်က သူ့ကိုရော ဒရိုင်ဘာကိုပါ အထပ်ထပ်အခါခါ ကျေးဇူးတင်စကား ပြောလိုက်သည်။ လုရှင်းမြန် အပေါ်ထပ်ကို တက်သွားတာကို ကြည့်ပြီးနောက် အိမ်တော်ထိန်းဟုန်က ကားပေါ်သို့ ပြန်တက်ကာ ဖုန်းခေါ်ဆိုလိုက်သည်။
"သခင်လေးလုကို ဘေးကင်းကင်း ပို့ဆောင်ပေးခဲ့ပါပြီ။"