no

Font
Theme

ဒီနေ့က ထူးခြားတဲ့နေ့တစ်နေ့ မဟုတ်ပါ၊၊ လုမိသားစုက လုရှင်းမြန်ကို ထမင်းပြန်စားရန်အတွက်သာ ခေါ်လိုက်ခြင်းဖြစ်သည်။

လုရှင်းမြန် ထွက်သွားပြီးနောက် တစ်လခွဲနီးပါးအထိ ရှယွဲ့ဖန်းနဲ့ လုယန့် တို့ဟာ သူ့ကို စိတ်ပူ၍ စုံစမ်းခြင်းမျိုး မရှိခဲ့ကြပေ။ အချို့အချိန်များမှာ လုရှင်းမြန် ဆိုတဲ့ သားတစ်ယောက်ရှိကြောင်းကိုပင် သူတို့ မေ့လျော့နေခဲ့ကြသည်။

လုရှင်းမြန်ကို ပြန်ခေါ်ရတဲ့ အကြောင်းအရင်းမှာ လွန်ခဲ့တဲ့ ရက်ပိုင်းက ပွဲလမ်းသဘင်တစ်ခုမှာ အခြားသူများက ဒုတိယ သခင်လေးကို ဘာကြောင့် မတွေ့ရတာလဲ? လုမိသားစုရဲ့ အစစ်အမှန် သခင်လေးက ဘယ်ရောက်နေသလဲဟု စိတ်ဝင်စားစွာ မေးမြန်းခဲ့ကြတာကြောင့်ဖြစ်သည်။ ရှယွဲ့ဖန်းက လုရှင်းမြန်မှာ နေမကောင်း၍ ဒီလိုပွဲမျိုးကို မလာတတ်တာကြောင့် မလာခဲ့ခြင်းဖြစ်ကြောင်း ပြုံး၍ ပြောခဲ့သည်။

အနားရှိ အမျိုးသမီးနှစ်ဦးက လုရှင်းမြန်ဟာ အလွန်ရုပ်ဖြောင့်ပြီး မစ္စတာလုနဲ့ မစ္စရှတို့ရဲ့ ကောင်းမွန်တဲ့ မျိုးရိုးဗီဇကို အထင်းသား ဆက်ခံထားကြောင်း ပြောဆိုခဲ့ကြသည်။

အနားမှာ ရပ်နေတဲ့ လုစီဟန်က ဒေါသထွက်လွန်း၍ လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။

လုရှင်းမြန် ထွက်သွားခဲ့ပြီးတာတောင် လူတွေက ဘာကြောင့် သူ့အကြောင်း ပြောနေကြသေးတာလဲ။ သူ့အကြောင်း ထည့်ပြောနေတာက သူကိုယ်တိုင်က လုမိသားစုရဲ့ အစစ်အမှန် သခင်လေး မဟုတ်ဘူးဆိုတာကို ပေါ်လွင်စေတာ မဟုတ်ဘူးလား။ လုရှင်းမြန်က ဘာမို့လို့လဲ။ သူကသာ ငယ်စဉ်တည်းက လုမိသားစုမှာ ကြီးပြင်းလာခဲ့သူ ဖြစ်သည်။

ထိုအမျိုးသမီးနှစ်ဦး ထွက်သွားပြီးနောက် ရှယွဲ့ဖန်းက လုစီဟန်ကို ချက်ချင်းပင် အလိုက်သင့် နှစ်သိမ့်ပေးခဲ့ပြီး သူတို့ရဲ့ ချစ်ခြင်းမေတ္တာမှာ ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ကြောင်း ကတိပေးခဲ့သည်။

ရှယွဲ့ဖန်းနဲ့ လုယန့် တို့က လုအိမ်တော်ရဲ့ သြဇာရှိသူနဲ့ အဆက်အသွယ် ရရှိရန် မျှော်လင့်ချက်ဖြင့် ဒီနေ့တွင် သူတို့ရဲ့ သားကို သေချာ ပြင်ဆင်ပေးခဲ့ကြပေမဲ့ ဝမ်းနည်းစရာကောင်းတာက ထိုအရေးပါတဲ့ ပုဂ္ဂိုလ်က သူတို့ကို တစ်ချက်ကလေးမျှပင် ကြည့်မသွားခဲ့ပေ။

ဒါပေမဲ့ ထိုအမျိုးသမီးနှစ်ဦးက ရှယွဲ့ဖန်းကို လုရှင်းမြန်အား အလွန်အမင်း ပစ်ပယ်ထား၍ မရကြောင်း၊ မဟုတ်ရင် အခြားသူတွေက ကွယ်ရာမှာ အတင်းအဖျင်း ပြောကြလိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။

သတင်းကောင်းက ဖြေးဖြေးသွားပေမဲ့ မကောင်းသတင်းက မိုင်ပေါင်းများစွာ ပျံ့နှံ့လွယ်သည်။ ထို့ကြောင့် ရှယွဲ့ဖန်းက အနည်းဆုံးတော့ အပြင်ပန်း အသွင်အပြင်ကို ထိန်းသိမ်းရန် လုမိသားစုက သားတစ်ယောက်ကို မျက်နှာသာပေးပြီး အခြားတစ်ယောက်ကို နှိမ့်ချကာ မွေးသမိခင်နဲ့ သားအရင်း ဆက်ဆံရေးကို ညှဉ်းပန်းတယ်လို့ အခြားသူတွေ မပြောနိုင်စေရန်အတွက် စနေ၊ တနွေတွင် လုရှင်းမြန်ကို ညစာစားဖို့ ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။

ဒါပေမဲ့ လုရှင်းမြန်က သူတို့ရဲ့ သားအရင်းဖြစ်ကြောင်း သိနေပေမဲ့ သူ့အပေါ် ဘယ်လိုမှ ချစ်ခင်စုံမက်မှု မရှိခဲ့ကြပေ။

သူတို့ဟာ အရင်က လုရှင်းမြန်နဲ့ ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တည်ဆောက်ရန် စဉ်းစားခဲ့ကြဖူးပေမဲ့ သူ့ရဲ့ အပြုအမူ အမျိုးမျိုးက သူတို့ရဲ့ နှလုံးသားကို အကြိမ်ကြိမ် အက်ကွဲစေခဲ့တယ်လို့ ယူဆကြသည်။

သူတို့က လုရှင်းမြန်ကို မနှိမ့်ချခဲ့ပါ။ စားစရိတ်နဲ့ ကျောင်းစရိတ်တွေကို ပေးချေခဲ့တဲ့အပြင် သာမန်လူတွေ တစ်သက်လုံး ပိုင်ဆိုင်နိုင်မှာ မဟုတ်တဲ့ အိမ်ကြီးတစ်လုံးမှာပင် နေထိုင်ခွင့် ပေးခဲ့တယ်လို့ ယုံကြည်ထားကြသည်။

ဒရိုင်ဘာက လမ်းတစ်လျှောက်လုံး ကားကို ကြမ်းတမ်းစွာ မောင်းနှင်ခဲ့တာကြောင့် လုရှင်းမြန်တစ်ယောက် လုမိသားစုအိမ်ကို ရောက်တဲ့အခါ ကားမူးနေခဲ့သည်။ လုရှင်းမြန်နဲ့ ဒရိုင်ဘာတို့ဟာ စကားတစ်ခွန်းမှ သေချာမပြောခဲ့ရပေမဲ့ ဒရိုင်ဘာက သူ့အပေါ် မကျေမနပ်ဖြစ်နေမှန်း လုရှင်းမြန် သိရှိခဲ့သည်။

လုစီဟန်က လုရှင်းမြန်ကို မြင်တဲ့အခါ တက်ကြွစွာဖြင့် ရှေ့သို့ လှမ်းလာပြီး "လုရှင်းမြန် ပြန်ရောက်ပြီပေါ့! ဒီနေ့ ပါပါးနဲ့ မာမားက မင်းကြိုက်တဲ့ ဟင်းတွေ အများကြီး ချက်ပေးထားတယ် ခဏကျရင် အများကြီး စားနော်" ဟု နှုတ်ဆက်လိုက်သည်။

မိဘတွေရှေ့မှာ လုစီဟန်က လုရှင်းမြန်အပေါ် အလွန် အလိုက်သင့် ပြုမူခဲ့သည်။ ဒါက ရှယွဲ့ဖန်းနဲ့ လုယန့် တို့ကို လုစီဟန်ဟာ သူတို့ရဲ့ အဖိုးတန် ကလေးလေး ဖြစ်ကြောင်း ခံစားရစေသည်။ လုရှင်းမြန်က သူ့ကို အကြိမ်ကြိမ် အဆင်မပြေအောင် လုပ်ခဲ့ရင်တောင် လုစီဟန်က ရိုးသားပြီး အာဃာတ မထားတတ်ပေ။

လုစီဟန်ရဲ့ တက်ကြွမှုနဲ့ ရင်ဆိုင်ရတဲ့အခါ လုရှင်းမြန်က အေးစက်စွာသာ တုံ့ပြန်ခဲ့သည်။ လုစီဟန်ဟာ ဟန်ဆောင်ရတာ မမောဘူးလားဟုပင် သူ စဉ်းစားမိသည်။ လုစီဟန်က ပြဇာတ် ကပြချင်နေပေမဲ့ လုရှင်းမြန်ကတော့ လိုက်ပါဆောင်ရွက်ရန် ဆန္ဒမရှိပေ၊၊ အလွန် ပင်ပန်းတယ်လို့ ခံစားရတာကြောင့် ဖြစ်သည်။

လူတစ်ယောက်ဟာ စိတ်ပျက်မှုနဲ့ ဝမ်းနည်းမှုရဲ့ အတိုင်းအတာတစ်ခုသို့ ရောက်ရှိသွားတဲ့အခါ ဘာကိုမှ ဂရုမစိုက်တော့ပေ။

သူက "ပါပါးမာမား" ဟု ခေါ်လိုက်စဉ် လုရှင်းမြန်ရဲ့ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်သဲ့သဲ့လေး ရှိနေခဲ့ပေမဲ့ ရှယွဲ့ဖန်းနဲ့ လုယန့် တို့က လုစီဟန်ဆီကိုသာ ဂရုစိုက် အလိုလိုက်နေကြသဖြင့် ထိုအရာကို သတိမထားမိခဲ့ကြပေ။

လုရှင်းမြန်က အနားရှိ ဆိုဖာပေါ်တွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။

ထို့နောက် လုစီဟန်က သူ့ အခန်းတွင် ပစ္စည်းများ အလွန်များပြားနေသဖြင့် လုရှင်းမြန်ရဲ့ အခန်းကို သူ့ရဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေထားရန် သီးသန့်အခန်းအဖြစ် ပြောင်းလဲချင်ကြောင်း ပြောခဲ့သည်။ ရှယွဲ့ဖန်းက စဉ်းစားကြည့်ရာ အခြားအခန်းများလည်း ရှိသေးသည်။ ထို့ပြင် ထိုအခန်းမှာ လုရှင်းမြန် ယခင်က နေခဲ့တဲ့ အခန်းဖြစ်ပြီး သူတို့ကိုယ်တိုင် သေချာ ပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ဒါပေမဲ့ လုစီဟန်က သူမရဲ့ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်ပြီး "အဲဒီအခန်းက ကျယ်လည်းကျယ်တယ်။ လင်းလည်းလင်းတယ် သားက အဲဒီအခန်းကို သဘောကျလို့ပါ! ပြီးတော့ လုရှင်းမြန်လည်း အဲဒီအခန်းမှာ မနေတော့ဘူးမဟုတ်လား။ ကျေးဇူးပြုပြီး မာမားနော်..."

ငယ်စဉ်ကတည်းက လုစီဟန်မှာ လျှို့ဝှက်လက်နက်တစ်ခု ရှိခဲ့သည်။ မိဘတွေကို ချွဲနွဲ့လိုက်ရုံဖြင့် သူဘာပဲလိုချင်လိုချင် မိဘတွေက ပုံမှန်အားဖြင့် သဘောတူလေ့ရှိကြသည်။

ရှယွဲ့ဖန်းက လုစီဟန်ရဲ့ ချွဲနွဲ့တဲ့ အမူအရာကို အလွန် သဘောကျခဲ့သည်။ ဒီသားလေးက သူတို့ကို ဘယ်လို ပျော်ရွှင်အောင် လုပ်ရမလဲဆိုတာ သိသည်။ ထို့နောက် ပြန်ရောက်ကတည်းက စကားတစ်ခွန်းမျှ မပြော၊ မချွဲနွဲ့တဲ့ လုရှင်းမြန်ကို ကြည့်လိုက်သည်။ သူတို့က လုစ္ဟန်ကို ပိုပြီး ချစ်တာကို အပြစ်ပြော၍ မရပေ။

ရှယွဲ့ဖန်းက အလိုလိုက်တဲ့ လေသံနဲ့ "အေးပါ၊ ရပါတယ်" ဟု ပြောလိုက်သည်။ ထို့နောက် လုရှင်းမြန်ကို လှည့်ကြည့်ကာ "ရတယ်မဟုတ်လား" ဟု မေးလိုက်သည်။

သူမက လုရှင်းမြန်ရဲ့ သဘောထားကို မေးနေပေမဲ့ မမေးမီကပင် သဘောတူပြီးသား ဖြစ်သည်။ ဒီ "မေးခွန်း" က ဒီနေ့ည ညစာစားပွဲကဲ့သို့ပင် အကြောင်းကြားစာ သက်သက်သာ ဖြစ်သည်။

လုရှင်းမြန်က အင်း ဟု သာ တုံ့ပြန်လိုက်သည်။ ရှယွဲ့ဖန်းက သူ့ကို ကြည့်ပြီး ဘာကြောင့် လုစီဟန်လို သူမကို အလိုက်သင့် မပေါင်းတတ်တာလဲ။ အမှားကို မဝန်ခံတတ်တာလဲဟု တွေးနေခဲ့သည်။

လုစီဟန်က လုရှင်းမြန်ရဲ့ အခန်းကို လွယ်လွယ်ကူကူ ရရှိသွားပြီး သူ့အတွက် ပြန်လာနိုင်တဲ့ အခွင့်အရေးကို ပိတ်ပင်လိုက်နိုင်သဖြင့် လုရှင်းမြန်ကို အနိုင်ရတဲ့ အပြုံးဖြင့် ကြည့်လိုက်သည်။

အနားမှာထိုင်နေတဲ့ လုယန့်က လုရှင်းမြန်ကို သူ စိတ်မဝင်စားမိဘဲ ပစ်ပယ်ထားမိသည်ဟု သတိရသွားသည်။ ထို့ကြောင့် ကျောင်းသစ်တွင် အဆင်ပြေရဲ့လားဟု မေးလိုက်သည်။ လုရှင်းမြန်က မေးသမျှကိုသာ ပြန်ဖြေခဲ့သည်။ စကားစမြည် နှစ်ခွန်းခန့် ပြောပြီးချိန်တွင် လုစီဟန်ရောက်လာခဲ့သည်။

"ပါပါး ဒီနေ့မနက်က ပုခုံးနည်းနည်း နာတယ်လို့ ပြောတယ်မဟုတ်လား။ သား ပုခုံးနှိပ်ပေးမယ် ချက်ချင်း သက်သာသွားစေရမယ်"

လုယန့်က လုရှင်းမြန်နဲ့ စကားပြောနေတာကို ချက်ချင်း မေ့သွားခဲ့သည်။

လုရှင်းမြန် ကြိုက်နှစ်သက်တဲ့ ဟင်းလျာတွေကို ပြင်ဆင်ထားတယ်လို့ ဆိုပေမဲ့ လက်တွေ့တွင်မူ လုစီဟန် ကြိုက်တဲ့ ဟင်းလျာများသာ ဖြစ်ကြသည်။ ညစာစားပွဲမှာ လုစီဟန်၊ လုယန့် နဲ့ ရှယွဲ့ဖန်း ဆိုတဲ့ မိသားစု သုံးယောက်တို့က ပျော်ရွှင်စွာ စားသောက်နေခဲ့ကြလေသည်။

လုစီဟန်က ကျောင်းမှာ ဖြစ်ခဲ့တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို မိဘတွေနဲ့ စကားစမြည် ပြောဆိုခဲ့သည်။ ဒီနေ့ အတန်းဖော်တစ်ယောက်က အကန့်အသတ်ဖြင့်သာ ထုတ်လုပ်တဲ့ limited-edition sneakers စီးလာကြောင်းနဲ့ သူလည်း ထိုဖိနပ်မျိုး လိုချင်ကြောင်း ပြောခဲ့သည်။ ရှယွဲ့ဖန်းက ပြဿနာမရှိကြောင်းနဲ့ မနက်ဖြန်မှာ တစ်စုံဝယ်ပေးရန် အာမခံခဲ့သည်။ အခြားသူတွေ ရှိရင် သူတို့ရဲ့ အဖိုးတန်သားလေးမှာလည်း ရှိရမည် မဟုတ်ပါလား။

လုစီဟန်ဟာ အိမ်က ပီယာနိုက ဟောင်းနေပြီဖြစ်၍ အသစ်တစ်လုံး လိုချင်ကြောင်း၊ အထူးသဖြင့် ယွမ် ၈၀၀,၀၀၀ ကျော်တန်တဲ့ တံဆိပ်တစ်ခုကို လိုချင်ကြောင်း ပြောခဲ့သည်။ လုယန့်က ပြဿနာမရှိကြောင်း၊ မနက်ဖြန် အသစ်လဲပေးမည်ဟု ပြောလိုက်သည်။

လုစီဟန်က ငယ်စဉ်တည်းက ပီယာနို သင်ယူခဲ့သူဖြစ်ပြီး မိဘတွေက သူ့ကို သင်ကြားပေးရန် ဆရာကောင်းများစွာ ငှားရမ်းပေးခဲ့ကြသည်။

လုစီဟန်က လုရှင်းမြန်ကို ကြည့်ပြီး

"လုရှင်းမြန် မင်း ပီယာနိုတီးတတ်လား။ ငါတို့ အသစ်လဲရင် ဟောင်းနေတာကို မင်းကို ပေးလိုက်ရမလား" ဟု မေးခဲ့သည်။

လုရှင်းမြန် - "မလိုပါဘူး၊ ကျွန်တော် ပီယာနို မတီးတတ်ဘူး။"

ရှယွဲ့ဖန်းက မျက်မှောင်ကြုတ်လိုက်သည်။ အခြေခံ ပီယာနိုတောင် မတီးတတ်ဘူးလား။ ဒါကြောင့်မို့လို့ သူမက သာမန်လူတွေနဲ့ ဆက်ဆံရတာကို မကြိုက်တာ။ စိတ်ဓာတ်နဲ့ အဆင့်အတန်းချင်း လုံးဝ မတူကြပေ။ ပီယာနိုတောင် မတီးတတ်တဲ့သူက အထက်တန်းစား လူ့အဖွဲ့အစည်းထဲကို ဘယ်လိုလုပ် ဝင်ဆံ့နိုင်မှာလဲ။

ထမင်းစားပွဲတစ်ခုလုံးမှာ လုရှင်းမြန်က သူ့ကိုယ်သူ အပြင်လူတစ်ယောက်လို ခံစားခဲ့ရသည်။

ရှယွဲ့ဖန်းက လုရှင်းမြန်ရဲ့ တိတ်ဆိတ်နေတဲ့ အမူအရာကိုကြည့်ပြီး ဒေါသနည်းနည်းထွက်လာခဲ့သည်။ လုရှင်းမြန်က သူမနဲ့ လုယန့်တို့ရဲ့ ရုပ်ရည်ကို ဆက်ခံထားပေမဲ့ သူ့ စရိုက်နဲ့ အမူအရာက သူတို့နဲ့ လုံးဝမတူဘဲ အထက်တန်းစား အရှိန်အဝါမျိုး လုံးဝမရှိပေ။

ထားလိုက်ပါတော့ဟု သူမ တွေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှ ကြုံရတာပေါ့။ လုရှင်းမြန်က မကြာခင် လူကြီးဖြစ်တော့မည်။ အခုချိန်မှာ သူ့ရဲ့ စရိုက်ကို ပြောင်းလဲ၍ မရနိုင်တော့သလို သူက သူတို့အပေါ် ရင်းနှီးလာလိမ့်မည်ဟုလည်း မမျှော်လင့်တော့ပေ။ ကံကောင်းစွာဖြင့် လုစီဟန်ကတော့ သူတို့ရဲ့ အချစ်ဆုံး ကလေးလေး အမြဲဖြစ်နေမည်ဖြစ်သည်။

ညစာစားပြီးနောက် လုရှင်းမြန်က လုအိမ်တော်မှ ထွက်ခွာခဲ့သည်။ ဒီတစ်ကြိမ်တွင် သူ့ကို ပြန်ပို့ပေးမည့် ဒရိုင်ဘာပင် မရှိခဲ့ပေ။ အကြောင်းမှာ လုယန့်နဲ့ ရှယွဲ့ဖန်းတို့က ထိုကဲ့သို့ အသေးစိတ်အချက်အလက်ကိုပင် သတိမရကြတာကြောင့်ဖြစ်သည်။ လုရှင်းမြန်ရဲ့ အိမ်ဟာ နှစ်နာရီနီးပါး သွားရတဲ့ အကွာအဝေးတွင် ရှိသည်။

လုရှင်းမြန်က လမ်းဘေးမှာ ကားစောင့်နေစဉ် လုစီဟန်က လျှောက်လာခဲ့သည်။

"လုရှင်းမြန် မင်း တကယ် ပြန်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ ဒါပေမဲ့ ပြန်လာတာ ကောင်းပါတယ်။ အခုဆို မင်း သေချာ နားလည်သွားပြီ မဟုတ်လား? ပါပါးနဲ့ မာမားက ငါ့ကိုပဲ ချစ်တာ။"

သူ့အိမ်ကို ပြန်ရောက်တဲ့အခါ နှစ်နာရီကြာသွားခဲ့ပြီဖြစ်ပြီး လုရှင်းမြန် ဗိုက်ဆာနေခဲ့သည်။ လုအိမ်တော်မှာ သူ ဘာမှမစားခဲ့ရသလောက်ပင်။ အနီးအနားမှာ ဆန်ခေါက်ဆွဲဆိုင် ရှိတာကို သတိရသဖြင့် သွားရောက် စားသောက်ခဲ့သည်။ စားပြီး အိမ်ပြန်ရောက်တဲ့အခါ ၉ နာရီကျော်သွားပြီ ဖြစ်သည်။

ဒီနေ့က အလွန် ပင်ပန်းစရာကောင်းသည်ဟု ခံစားရသည်။ လုရှင်းမြန် ကုတင်ပေါ်မှာ လဲလျောင်းလိုက်သည်၊၊ သူ့ရဲ့ ရင်ထဲမှာ တိမ်မည်းတွေ ဖုံးလွှမ်းထားတဲ့ မိုးကောင်းကင်လို လေးလံနေခဲ့သည်။ နေရောင်ခြည်လည်း မရှိ၊ မိုးရွာသွန်းခြင်းလည်း မရှိဘဲ ပူလောင်မွန်းကြပ်တဲ့ ခံစားချက်သာ ရှိနေခဲ့သည်။

သူ့ကို ချော့သိပ်ပေးတဲ့လူက ဒီရက်ပိုင်း အလွန် အလုပ်ရှုပ်နေပုံရသည်။ သဘာဝကျပါတယ်...ချော့သိပ်ပေးသူ လုပ်ရတာက ထိုလူအတွက် အချိန်ပိုင်းအလုပ်တစ်ခုသာ ဖြစ်နိုင်သည်။

ဒါပေမဲ့ သူက ချော့သိပ်ပေးသူရဲ့ မျိုးရိုးနာမည်ကိုတောင် အခုထိ မသိသေးပေ။ နောက်တစ်ကြိမ်ကျရင် မေးရမည်။

လုရှင်းမြန် Melatonin အနည်းငယ် သောက်ရန် ဆုံးဖြတ်လိုက်သည်။ သူ အိပ်ပျော်ချင်သည်၊၊ အိပ်ပျော်သွားပါက ဘာမှ စဉ်းစားစရာ လိုတော့မည် မဟုတ်ပေ။

မနက်ဖြန်က တနင်္ဂနွေနေ့ ဖြစ်သဖြင့် ခေါင်းကိုက်တာဖြစ်ဖြစ်၊ မအီမသာ ဖြစ်တာဖြစ်ဖြစ် ကိစ္စမရှိပေ၊၊ အောင့်အီးသည်းခံလိုက်လျှင် ရသည်။

သူ ဆေးပြားတွေကို ပါးစပ်ထဲ ထည့်တော့မဲ့အချိန်မှာပင် သူ့ရဲ့ ဖုန်းမြည်လာခဲ့သည်။

[ဒီနေ့ ငါ အချိန်ရတယ်။]

လုရှင်းမြန်ဟာ ဆေးပြားတွေကို ဘူးထဲသို့ ချက်ချင်း ပြန်ထည့်လိုက်သည်။

လုရှီရန်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက တကယ်ပင် အလုပ်ရှုပ်နေခဲ့သည်။ သူဟာ ရှောင်ယို့ဇီရဲ့ အိပ်ရာဝင် ပုံပြင်စာအုပ်တွေကို မြင်တဲ့အခါ အိပ်မပျော်တတ်တဲ့ ကောင်လေးကို သတိရသွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ရက်က အလုပ်ရှုပ်နေကြောင်း ပြောပြပြီးနောက် ထိုကောင်လေးက လိမ္မာပါးနပ်စွာဖြင့် သူ့ထံ စာထပ်မပို့တော့ပေ။

သူ့ WeChat ပိုက်ဆံအိတ်ထဲမှ ယွမ် ၂၀,၀၀၀ ကို ကြည့်ရင်း လုရှီရန် အနည်းငယ် အားနာမိသွားပြီး ထိုကောင်လေး အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရဆဲလားဟု တွေးမိခဲ့သည်။

ထိုကောင်လေးက သူ့အပေါ် ယုံကြည်မှု လွန်ကဲနေတာလား။ သူက ရက်ပေါင်းများစွာ ဆက်သွယ်မှု မလုပ်ခဲ့ပေမဲ့ လုရှီရန် က သူ့ကို blockလုပ်ပြီး ထွက်ပြေးသွားမည်ကို ပူပန်ပုံမရပေ။

စာပို့ပြီး မကြာမီမှာပင် ကောင်လေးက ပြန်စာပို့ခဲ့သည်။

အသံဖုန်းကောလ် (voice call) ကို ချိတ်ဆက်လိုက်တဲ့အခါ ကောင်လေးရဲ့ အသံက နည်းနည်း တိုးလျော့နေတာကို လုရှီရန် သတိထားမိခဲ့သည်။

"ဒီနေ့ စိတ်မကြည်မလင် ဖြစ်နေတာလား။"

ထိုလူက သူ့ကို ရုတ်တရက် ဂရုစိုက်စကား ပြောလာလိမ့်မည် သို့မဟုတ် သူ စိတ်မကြည်မလင် ဖြစ်နေတာကို သတိထားမိလိမ့်မည်ဟု လုရှင်းမြန် မမျှော်လင့်ထားခဲ့ပေ။

လုရှင်းမြန် - "နည်းနည်းပါ၊ ဒါပေမဲ့ အခု အဆင်ပြေသွားပါပြီ။"

လုရှီရန် က အင်း ဟု တုံ့ပြန်လိုက်သည်။ ကောင်လေးက ထိုအကြောင်းကို မပြောချင်သဖြင့် သူလည်း ထပ်မမေးတော့ပေ။ သူက အခြားသူတွေရဲ့ ကိစ္စတွင် စွက်ဖက်တတ်သူ မဟုတ်ပေ။

ဒီနေ့ မသာယာတဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ချော့သိပ်ပေးသူရဲ့ အသံကို ကြားလိုက်ရတဲ့အခါ လုရှင်းမြန်ရဲ့ ရင်ထဲ ထိုမျှလောက် ဝမ်းနည်းမှု မရှိတော့ပေ။ အနည်းဆုံးတော့ သူ့ကို ပုံပြင်ပြောပြပြီး စကားစမြည် ပြောဆိုပေးချင်တဲ့ လူတစ်ယောက် ရှိနေသေးသည်။

တိမ်ဖုံးနေတဲ့ မိုးကောင်းကင်ရဲ့ အက်ကြောင်းလေးထဲမှ အလင်းရောင်တစ်ခု ထိုးထွက်လာသကဲ့သို့ပင်။

လုရှီရန်က ပုံပြင်တစ်ပုဒ် ပြောပြပြီးနောက် လုရှင်းမြန်က "ဒါနဲ့ ကျွန်တော် အခုထိ ကောရဲ့ မျိုးရိုးကို မသိသေးဘူး။ ကျွန်တော့်နာမည်က လုရှင်းမြန်ပါ။"

လုရှီရန်က မျက်ခုံးပင့်လိုက်သည်၊၊ သူနဲ့ မျိုးရိုးတူနေသည်။

လုရှင်းမြန်က ရယ်မောလိုက်ပြီး "လု ဆိုတာ 'လမ်း' (Lu/lu) ဆိုတဲ့ စာလုံးရဲ့ လု ပါ။"

လုရှီရန် - "ငါ့ရဲ့ မျိုးရိုးကလည်း 'လု' ပါပဲ။"

လုရှင်းမြန် နည်းနည်း အံ့ဩသွားခဲ့သည်။

"ကျွန်တော့် မျိုးရိုးနဲ့ တူတူပဲလား။"

လုရှီရန် - "'လု' ဆိုတာ 'မြေပြင်'ဆိုတဲ့ စာလုံးရဲ့ လု ပါ။"

"တော်တော်လေး ဆင်တူတာပဲ။ ကျွန်တော်က 'လမ်း' ဖြစ်ပြီး အစ်ကိုက 'မြေပြင်' ပေါ့" ဟု လုရှင်းမြန် က ပြောလိုက်သည်။

"ဒါဆိုရင် နောက်ပိုင်းကျရင် အစ်ကို့ကို လုကောလို့ပဲ ခေါ်တော့မယ်။"

လွန်ခဲ့တဲ့ ရက်ပိုင်းက အိပ်မရခဲ့ပေမဲ့ ဒီနေ့ လုကောရဲ့ အသံကို ကြားရသဖြင့် လုရှင်းမြန်တစ်ယောက် သဘာဝအတိုင်း နှစ်ခြိုက်စွာ ပြန်လည် အိပ်ပျော်နိုင်ခဲ့သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မသွားမီ လုရှင်းမြန်ရဲ့ အသံလေးက တိုးညှင်းစွာဖြင့်"ကျေးဇူးပါ လုကော..."

ထို့နောက် သူ အိပ်ပျော်သွားခဲ့လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment