no

Font
Theme

ယနေ့တွင် လုမိသားစု စုံညီ ညစာစားပွဲကို လုမျိုးနွယ် အိမ်တော်၌ ကျင်းပလျက်ရှိသည်။ လုရှီရန်ရဲ့ မိဘတွေ၊ အစ်ကိုဖြစ်သူ၊ မရီးနဲ့ ရှောင်ယို့ဇီတို့ စုံလင်စွာ စားသောက်နေကြသည်။ လုအဘိုးအဘွား တို့ဟာ မိသားစု စီးပွားရေးလုပ်ငန်းတွေကို လုရှီရန်နဲ့ လုယွီ ညီအစ်ကို နှစ်ယောက်ထံ လွှဲပြောင်းပေးထားသည်မှာ ကြာပြီဖြစ်၍ မည်သည့်အရာကိုမျှ ဝင်ရောက်မစွတ်ဖက်ဘဲ အေးချမ်းစွာ အနားယူနေကြပြီ ဖြစ်သည်။

သူတို့ ပူပန်တဲ့ တစ်ခုတည်းသော အရာမှာ သားငယ် လုရှီရန်ရဲ့ အချစ်ရေးဖြစ်ပြီး လုယွီ ပင်လျှင် စိတ်ပူပေးနေရသည်။ ဒါပေမဲ့ မည်သို့ပင် စိတ်ပူ ပူပန်နေပါစေ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် ထင်ရှားတဲ့ အချက်နှစ်ချက်ကို အခြေခံ၍ လုယွီ ထိုသို့ ကောက်ချက်ချလိုက်ခြင်းဖြစ်သည်။

လုယွီရဲ့ လျှောက်တွေးနေမှုအပေါ် လုရှီရန်က အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး

"မင်းကော အဲဒါ ဖြစ်နိုင်တယ်လို့ ထင်လို့လား" ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

လုယွီလည်း မိမိရဲ့ ခန့်မှန်းချက်ကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။ လုရှီရန်ရဲ့ စိတ်ဝင်စားမှု သဘာဝအရ စောစောက သူစဉ်းစားလိုက်တာက လုံးဝ မဖြစ်နိုင်တဲ့ အရာတစ်ခုဖြစ်သည်။

ဒါဆို ရှောင်ယို့ဇီ ပြောတဲ့"မြှီးရှင်" ဆိုတာက ဘာလဲ။ လုရှီရန်က ရှောင်ယို့ဇီ ရဲ့ ပုံပြင်စာအုပ်တွေကို ဘာကြောင့် လိုချင်ရတာလဲ။ လုရှီရန်ရဲ့ ရှင်းပြချက်မှာ "မအိပ်နိုင်တဲ့အခါ စိတ်ပြေလက်ပျောက် ဖတ်ဖို့" ဟူ၍ ဖြစ်သည်။

လုယွီ: ...လုရှီရန် တစ်ယောက် ကလေးစိတ် ပြန်ဝင်သွားတာများလား။ ဒါပေမဲ့ ကလေးစိတ်ဝင်တယ် ဆိုရင်တောင် အကြောင်းအရင်း ရှိရမည်။ အသက် သုံးဆယ်နီးပါး ရှိနေပြီဖြစ်တဲ့ မိမိရဲ့ ညီငယ်မှာ ချစ်သူတစ်ယောက်မှ မရှိဖူးသေးဘဲ လက်တွဲဖော်ပင် မရှိတာကို ကြည့်ရသည်မှာ ရုပ်ရည်ချောမောမှုကို နှမြောစရာပင် ဖြစ်သည်။

ညီဖြစ်သူမှာ အချစ်ရေးနဲ့ ပတ်သက်လာရင် အလွန်ပင် သတိကြီးပြီး တည်ကြည်လွန်းလှရာ လုယွီ ပင်လျှင် လုရှီရန် တစ်ယောက် သမီးရည်းစား မည်သို့ တွဲရမည်ကို အမှန်တကယ် သိရဲ့လားဟု သံသယဝင်မိသည်။ စိတ်ဓာတ်ရေးရာအရဆိုရင် သူက ဒီတစ်သက် သဘောကျမဲ့သူနဲ့ တွေ့ဆုံနိုင်ပါဦးမည်လား။ လုယွီ စဉ်းစားမိတာက လုရှီရန် အသက် သုံးဆယ်ပြည့်တဲ့အထိ တစ်ယောက်တည်း ဖြစ်နေဦးမှာ သေချာသည်။

လုမိသားစုဝင်များ အတူတကွ ပျော်ရွှင်စွာ ညစာစားနေကြစဉ် ရှောင်ယို့ဇီက ပြတင်းပေါက်အနီးတွင် ရပ်၍ အပြင်မှ မီးရှူးမီးပန်းတွေကို ကြည့်နေခဲ့သည်။

လုရှီရန်ရဲ့ အတွင်းရေးမှူး ရောက်လာပြီး ဘေးခန်းမှာလည်း လုအိမ်တော်မှ မိသားစု ညစာစားနေကြကြောင်းနဲ့ လုမိသားစုထံ လာရောက် အရက်ခွက်မြှောက် မေတ္တာရပ်ခံလိုကြောင်း အကြောင်းကြားခဲ့သည်။

ဒီနေ့မှာ ခရစ္စမတ်နေ့ ဖြစ်သဖြင့် လုစီဟန်က ပွဲခံချင်တယ်လို့ ပူဆာနေတာကြောင့် လုယန့်နဲ့ ရှယွဲ့ဖန်းတို့က သူ့ကို ပွဲတော်အခါသမယအဖြစ် အပြင်သို့ ခေါ်ထုတ်လာခြင်းဖြစ်သည်။ မမျှော်လင့်ဘဲ လုရှီရန်တို့ မိသားစုနဲ့ တစ်နေရာတည်းတွင် ဆုံတွေ့ရခြင်းမှာ တိုက်ဆိုင်လွန်းလှသည်!

ထို့ကြောင့် လုယန့်နဲ့ ရှယွဲ့ဖန်းတို့က လုစီဟန်ကို အမြန်ခေါ်ဆောင်ကာ လုမိသားစုထံ အရက်ခွက်မြှောက် မေတ္တာရပ်ခံရန် လာခဲ့ကြသည်။ ယန်ချိန်းမြို့ရှိ လုအိမ်တော်မှာ ထင်ရှားသော ချမ်းသာတဲ့ မိသားစုဖြစ်ပေမဲ့ လုမျိုးနွယ်စုနဲ့ နှိုင်းယှဉ်လျှင် ချုံပုတ်လေး တစ်ခုမျှသာဖြစ်ပြီး လုမျိုးနွယ်မှာမူ နှစ်ရာချီ ခိုင်မာတဲ့ သစ်ပင်ကြီးတစ်ပင် ပမာဖြစ်သည်။ ထို့အပြင် နောင်တွင်လည်း လုမျိုးနွယ်စုရဲ့ အကူအညီများစွာ လိုအပ်ဦးမည် ဖြစ်သည်။

ရှယွဲ့ဖန်းက လုစီဟန်ကို လုရှီရန်ထံ အထူးတလည် မိတ်ဆက်ပေးကာ မျက်နှာရအောင် လုပ်ပေးခဲ့သည်။ လုစီဟန်က "ဥက္ကဋ္ဌလု" ဟု ခေါ်လိုက်ရာ လုရှီရန်က ခေါင်းကိုသာ အေးစက်စွာ ညိမ့်ပြလိုက်သည်။ လုရှီရန်က နောက်ထပ် ကြည့်ပင် မကြည့်တော့သဖြင့် လုစီဟန် မှာ အရက်ခွက်ကိုပင် မကမ်းနိုင်ဘဲ အနေရခက်စွာ ရပ်နေခဲ့ရသည်။

အခြေအနေကို ကြည့်တတ်တဲ့ လုယန့်နဲ့ ရှယွဲ့ဖန်း တို့လည်း "ပျော်ရွှင်ဖွယ် အားလပ်ရက်ဖြစ်ပါစေ" ဟု နှုတ်ဆက်ကာ အမြန်ပင် ပြန်ထွက်သွားကြသည်။ ရုတ်တရက် လာရောက်ခြင်းက နှောင့်ယှက်သလို ဖြစ်သွားနိုင်တာကို သိပေမဲ့ လုမျိုးနွယ်စုနဲ့ ရင်းနှီးခွင့်ရရန်နဲ့ လုရှီရန်ထံတွင် လုစီဟန် မျက်နှာရစေရန် အလွန်ပင် လိုလားနေကြခြင်းဖြစ်သည်။ ဒါပေမဲ့ လုရှီရန်မှာ မနှစ်မြို့တဲ့ ပုံပေါ်သဖြင့် မကြာမီ ထွက်ခွာသွားကြတော့သည်။

လုအိမ်တော် မိသားစု ထွက်သွားပြီးနောက် လုယွီရဲ့ ဇနီးက သက်ပြင်းချရင်း -

"လုဇနီးမောင်နှံက သူတို့ရဲ့ ရင်သွေးအရင်းကို ချစ်ခြင်းမေတ္တာမရှိဘူး ဆိုတဲ့ ကောလာဟလတွေက တကယ် မှန်နေတာပဲ " ဟု ပြောလိုက်သည်။

လူအများစုက ထိုကိစ္စကို သိကြသလို သူမလည်း သိပေမဲ့ သူတစ်ပါးကိစ္စ ဖြစ်သဖြင့် လုယွီကို မပြောပြခဲ့ပေ။ ဒီနေ့ ဒီနေရာမှာ လုအိမ်တော် မိသားစုနဲ့ ဆုံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရာ တိုက်ဆိုင်မှုလား ဒါမှမဟုတ် တမင်လုပ်တာလားဟု တွေးတောနေမိသည်။

လုအိမ်တော်ရဲ့ အတွင်းရေးတွေကို မသိတဲ့ လုယွီက -

"ဘာကို ဆိုလိုတာလဲ စောစောက ကြည့်ရတာတော့ လုဇနီးမောင်နှံက သူတို့သားကို အတော်လေး ချစ်ကြတဲ့ပုံပါပဲ" ဟု မေးလိုက်သည်။

မန်ရှင်းလဲ့က လုယွီ ကို တစ်ချက်ကြည့်လိုက်ပြီး

"ရှင်စောစောက မြင်တာကို ပြောတာ မဟုတ်ဘူး။ လုစီဟန်က လုအိမ်တော်ရဲ့ ရင်သွေးအရင်း မဟုတ်ဘူး၊၊ သူတို့ရဲ့ ရင်သွေးအရင်းကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကမှ ပြန်တွေ့တာ" ဟု ပြောပြလိုက်သည်။

လုယွီလည်း ထိုကဲ့သို့ အကြောင်းတစ်ခု ရှိဖူးတာကို သတိရသွားပြီး -

"ဟင်? ဒါဆို ဒီနေ့ အဲဒီ ကလေးရော ဘာလို့ မပါတာလဲ" ဟု မေးလိုက်သည်။

မန်ရှင်းလဲ့က -

"သူ မလာတာ ဖြစ်မယ်၊၊ ဒါကြောင့် လုဇနီးမောင်နှံက တကယ် ဘက်လိုက်တာလို့ ပြောတာပေါ့။ အဲ့ကလေးက သူတို့ရဲ့ သွေးသားအရင်း ဖြစ်နေတာတောင်မှလေ" ဟု ပြန်ဖြေသည်။

"ဒါပေမဲ့လည်း အကြောင်းရင်း ရှိပုံရပါတယ်၊၊ ပြန်တွေ့တဲ့ ရင်သွေးအရင်းက လုစီဟန် အပေါ် မကောင်းဘဲ အမြဲ ဒုက္ခပေးနေလို့ လုအိမ်တော်က အဲဒီကလေးကို အိမ်ကနေ နှင်ထုတ်လိုက်တာလို့ ကြားတယ်၊၊ ဒါပေမဲ့ ဒါတွေက ကောလာဟလတွေပါပဲ၊၊ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာ မဟုတ်တော့ သက်ဆိုင်သူတွေပဲ အမှန်တရားကို သိမှာပေါ့"

လုယွီက ထိုကိစ္စတွေကို အမှန်တကယ် မသိသဖြင့် စိတ်ဝင်စားစွာဖြင့် -

"အဲဒီကလေးကို ပြန်ပို့လိုက်တာလား" ဟု မေးလိုက်သည်။

မန်ရှင်းလဲ့က အခြား အမျိုးသမီးတွေဆီက ကြားဖူးတာတွေကို ပြန်ပြောပြသည်။

"မဟုတ်ပါဘူး ပြန်မပို့ဘူး၊၊ ယန်ချိန်း မြို့ပြင်က လုအိမ်တော်နဲ့ ဝေးရာကို ပို့လိုက်တာတဲ့ ယန်ချိန်းနဲ့ နီးတဲ့ SS မြို့ကို ပို့လိုက်တယ်လို့ ကြားတယ်"

လုအိမ်တော်က ထိုကလေးကို လူမှုရေးပွဲများတွင် မတွေ့ရသလို ဒီနေ့ ခရစ္စမတ်တွင်လည်း မပါလာခြင်းက ထိုကလေးမှာ လုအိမ်တော်တွင် ကြိုဆိုခြင်းမခံရကြောင်း သက်သေပြနေသည်။ မန်ရှင်းလဲ့က သမီးလေး ရှောင်ယို့ဇီကို ပွေ့ဖက်လိုက်ပြီး ပို၍ပင် ချစ်ခင်လာမိသည်။ ရှောင်ယို့ဇီမှာ သူမရဲ့ သွေးသားအရင်းဖြစ်၍ ချစ်လို့ပင် မဝနိုင်ပေ။ သူမသာဆိုရင် ထိုကလေးအတွက် ပို၍ပင် စိတ်မကောင်းဖြစ်မိပြီး အရာရာကို အစားထိုး ပြန်လည်ပေးဆပ်ချင်မိမည်ဖြစ်သည်။

လုဇနီးမောင်နှံ နှစ်ယောက်လုံး ဘာတွေ တွေးနေသလဲ။ သားနှစ်ယောက်လုံးကို ပိုက်ထွေး စောင့်ရှောက်တာ ပိုမကောင်းဘူးလားဟု သူမ တွေးတောနေမိသည်။

"မရီး အဲဒီကလေးရဲ့ နာမည်ကို သိလား" ဟု ငြိမ်နေတဲ့ လုရှီရန် က ရုတ်တရက် မေးလိုက်သည်။

မန်ရှင်းလဲ့ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။

"မမှတ်မိတော့ဘူးဟမေ့သွားပြီ"

သူမက အထွေထွေ အခြေအနေကိုသာ သိပြီး အသေးစိတ်ကို အခြားသူတွေဆီက ကြားဖူးခြင်းဖြစ်သည်။ ကလေးရဲ့ နာမည်ကို မသိပါ၊၊ တစ်ယောက်ယောက် ပြောပြဖူးကောင်း ပြောပြဖူးမှာဖြစ်ပေမဲ့ သူမ မမှတ်မိတော့ပေ။

လုရှီရန်လည်း ဆက်မမေးတော့ပေ၊၊ သူက ပုံမှန်အားဖြင့် သူတစ်ပါးကိစ္စကို စိတ်မဝင်စားတတ်သဖြင့် အပျော်သဘော မေးလိုက်တဲ့ပုံ ပေါ်သည်။ ဒါပေမဲ့ ထိုခဏ၌ လုရှီရန်က လုရှင်းမြန် ကို ရုတ်တရက် သတိရသွားခဲ့သည်။ သူလည်း မျိုးရိုးနာမည် လု ဖြစ်သည်။ ထို့အပြင် လုရှင်းမြန်မှာ တစ်နှစ်ခွဲကျော် အိပ်မပျော်တဲ့ ရောဂါ ခံစားနေရပြီး SS မြို့မှာ မိဘတွေ မပါဘဲ တစ်ယောက်တည်း နေထိုင်နေခြင်း ဖြစ်သည်။

တူညီနေတဲ့ အချက်များစွာ ရှိနေသည်။

သံသယများစွာ ရှိနေပေမဲ့ လုရှီရန်က ထိုညမှာ ထိုကိစ္စကို ထုတ်မပြောခဲ့ပေ။ သူနဲ့ လုရှင်းမြန် တို့က "အလုပ်ရှင်နှင့် အလုပ်သမား" ဆက်ဆံရေးမျှသာ ဖြစ်ပြီး လွန်လွန်ကဲကဲ ဝင်ရောက်ပတ်သက်ရန် သို့မဟုတ် အများကြီး သိရှိရန် မလိုလားပေ။

ပုံပြင် မပြောပြမီ လုရှီရန်ကို လုရှင်းမြန် က မေးလိုက်သည်။

"လုကော... ပြောပြနေတဲ့ ပုံပြင်တွေက တူမလေးရဲ့ ပုံပြင်စာအုပ်တွေထဲကလား"

လုရှီရန် က ဟုတ်ကြောင်း အတည်ပြုခဲ့သည်။

ဒါကြောင့်ကိုး! သဘောပေါက်သွားပြီ။ အချိန်ပိုင်းအလုပ်တစ်ခုပဲ ဖြစ်ပေမဲ့ လုကောက တကယ်ကို အစစအရာရာ ပြင်ဆင်ထားတာဘဲ။ ဒါကြောင့်လည်း သူ့ရဲ့ Ratings (သုံးသပ်ချက်အမှတ်များ) က မြင့်မားပြီး လူအများအပြားက သူ့ကို သဘောကျကြတာ ဖြစ်သည်။ လုကောရဲ့ အသံမှာ အမှန်ပင် နားထောင်လို့ ကောင်းလှသည်။ ထို့ကြောင့် လုကောက တစ်ခြားသူတွေကိုလည်း ယခုကဲ့သို့ပင် နူးညံ့သိမ်မွေ့စွာ စိတ်ရှည်လက်ရှည်ဖြင့် အိပ်ပျော်အောင် ချော့သိပ်ဖူးပေလိမ့်မည်။

လုရှီရန်က လုရှင်းမြန် ကို ပြောပြရန် ပုံပြင်တစ်ပုဒ် ရှာနေစဉ် ဖုန်းထဲမှ လုရှင်းမြန်ရဲ့ အသံမှာ နည်းနည်း မူမမှန်ဖြစ်နေတာကို သတိထားမိလိုက်သည်။

"ဘာဖြစ်လို့လဲ"

လုရှင်းမြန်က ခေါင်းခါလိုက်ပြီး 

"ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး"

သူ ဘာတွေ လျှောက်တွေးနေတာပါလိမ့်။ ဒါက လုကောရဲ့ အလုပ်ပဲ မဟုတ်ပါလား။

လုရှင်းမြန်က ရုတ်တရက်

"လုကော... ဒီနေ့ ပုံပြင်မပြောဘဲ ပုံမှန်အတိုင်း သာမန်စကားလေးပဲ ပြောကြရအောင်လား" ဟု ဆိုလိုက်သည်။

လုရှီရန် အနည်းငယ် အံ့အားသင့်သွားပေမဲ့

"ရတာပေါ့ မင်း သဘောအတိုင်းပါပဲ။ ဘာအကြောင်း ပြောချင်လဲ" ဟု သဘောတူလိုက်သည်။

လုရှင်းမြန်က "သာမန်စကားလေးတွေပါပဲ" ဟု ပြန်ဖြေသည်။

လုရှီရန်က ပုံပြင်စာအုပ်တွေကို သိမ်းလိုက်ပြီး - "ကောင်းပြီလေ" ဟု ဆိုခဲ့သည်။

ကုတင်ပေါ်မှာ လဲလျောင်းရင်း လုရှင်းမြန်က နားကြပ် တပ်ထားပြီး ခေါင်းအုံးကို မှီထားသည်။ အလွန်ပင် စိတ်လက်ပေါ့ပါးတဲ့ ပုံစံဖြစ်ပြီး ထိုနေ့မွန်းလွဲပိုင်းက လုကောနဲ့ ဟင်းချက်နည်း သင်ယူရန် ဗီဒီယိုကော ခေါ်စဉ်ကနဲ့ လုံးဝ မတူတော့ပေ။ ထိုစဉ်က စိတ်လှုပ်ရှားနေခဲ့ပေမဲ့ ယခုမူ စိတ်အေးလက်အေး ဖြစ်နေပြီဖြစ်သည်။

လုရှင်းမြန်: "လုကော... လူတွေကို အိပ်ပျော်အောင် ချော့သိပ်ပေးတဲ့ ဒီအချိန်ပိုင်းအလုပ်ကို လုပ်တာ ဘယ်လောက်ကြာပြီလဲဟင်"

လုရှီရန် ခဏမျှ စဉ်းစားလိုက်ပြီး - "လေးနှစ်လောက် ရှိပြီ" ဟု ဖြေလိုက်သည်။ (သူက အသက် ၂၄ နှစ်မှာ မိသားစု စီးပွားရေးလုပ်ငန်းကို လွှဲပြောင်းယူခဲ့ပြီး လုမျိုးနွယ်စုကို ဦးဆောင်ကာ ခေါင်းဆောင် ဖြစ်လာခဲ့သူဖြစ်သည်)။ လုရှင်းမြန်က ခေါင်းညိမ့်လိုက်သည်။ ဒါကြောင့် သူက ဒီအချိန်ပိုင်းအလုပ်ကို လုပ်နေတာ ကြာပြီဖြစ်သည်! ဒါကြောင့်မို့လည်း ကောင်းမွန်တဲ့ သုံးသပ်ချက်များစွာ ရရှိထားခြင်း ဖြစ်သည်။

အချိန်ပိုင်းအလုပ်တစ်ခုကို လေးနှစ်တိုင်တိုင် မှန်မှန် စိုက်ထုတ်လုပ်ကိုင်လာသူတစ်ယောက်အဖြစ် သေချာပေါက် ကောင်းမွန်တဲ့ ဂုဏ်သတင်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။

လုရှင်းမြန်: "ဒါဆို လူအများကြီးနဲ့ တွေ့ဖူးမှာပေါ့ နော်"

လုရှီရန်: "အင်း... အဲ့လိုပါပဲ"

မိသားစုခေါင်းဆောင် ဖြစ်လာပြီးနောက် လုရှီရန်က လူအမျိုးမျိုးနဲ့ တွေ့ဆုံခဲ့ရသည်။ စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး အခြေအနေမျိုးစုံကို ကြုံတွေ့ခဲ့ရသဖြင့် လူတို့ရဲ့ သဘောသဘာဝကို အကဲခတ်တတ်သော စူးရှတဲ့ မျက်စိမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူ့ထံ ချဉ်းကပ်လာသူ မည်သူမဆို ထနုလူတွေရဲ့ ရည်ရွယ်ချက်ကို သူ ခန့်မှန်းကြည့်ရှုနိုင်သည်။

လုရှင်းမြန် ခဏမျှ စဉ်းစားပြီးနောက် - "ဒါဆို အမြဲတမ်း ဒီလိုပဲ တည်တည်တံ့တံ့ စည်းစနစ်ကြီးလွန်းတာလား" ဟု မေးလိုက်သည်။

လုရှီရန် က တွေးတောလိုက်ပြီး - "မဟုတ်ပါဘူး၊၊ မင်းက ပထမဆုံးပါပဲ" ဟု ဆိုသည်။

လုရှင်းမြန် က "အာ" ဟု တိုးတိုးလေး ရေရွတ်လိုက်ပြီး အသံမကျယ်ပေမဲ့ လုရှီရန်က အံ့အားသင့်မှုနဲ့ မယုံကြည်နိုင်မှုကို ခံစားလိုက်ရသည်။

"တကယ်လား"

လုရှီရန် က "တကယ်ပါ" ဟု ပြန်ဖြေခဲ့သည်။

ဇွဲကောင်းကောင်းဖြင့် လုရှင်းမြန်သာ သူ့ကို အကောင့်မအပ်ခဲ့ပါက သူတို့နှစ်ဦးအကြား မည်သည့် ပတ်သက်မှုမျှ ရှိလာမည် မဟုတ်ပေ။ လုကောထံမှ ထိုစကားကို ကြားလိုက်ရသဖြင့် လုရှင်းမြန် ဝမ်းသာသွားပြီး ယခင်က စိတ်မသာမယာ ဖြစ်ခဲ့ရသမျှ အနည်းငယ်သော စိတ်အနှောင့်အယှက်များ အားလုံး ပျောက်ကွယ်သွားတော့သည်။

ထို့နောက် လုရှင်းမြန်က လုရှီရန် ကို ကျောင်းအကြောင်း ပြောပြခဲ့သည်။ သူ့ကျောင်းမှ ဆရာ၊ ဆရာမတွေနဲ့ အတန်းဖော်တွေက အလွန် သဘောကောင်းကြပြီး အတန်း (၁)က ကျောင်းသားတွေက သူ့ထံ အမျိုးမျိုးသော ပုစ္ဆာ/ပြဿနာများကို လာရောက်မေးမြန်းလေ့ရှိကြသည်။ ထို့ကြောင့် လုရှင်းမြန်ကလည်း တိုးတက်မှုများစွာ ရရှိခဲ့သည်ဟု ခံစားရသည်။

ထိုညတွင် သူတို့ စကားများစွာ ပြောဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် လုရှင်းမြန် အိပ်ပျော်သွားခဲ့သည်။ အခြားတစ်ဖက်မှ ညီညာသော အသက်ရှူသံကို ကြားလိုက်ရတဲ့အခါ တစ်ဖက်မှ ကောင်လေး အိပ်ပျော်သွားပြီဖြစ်ကြောင်း လုရှီရန် သိလိုက်သည်။

ခရစ္စမတ် ပွဲတော်ပြီး၍ နည်းနည်းအကြာတွင် နှစ်သစ်ကူးနေ့ ရောက်ရှိလာခဲ့သည်။

ကျောင်းမှာ နှစ်သစ်ကူး အားလပ်ရက် တစ်ရက် ရရှိခဲ့သည်။ လုရှင်းမြန်က တစ်နေ့လုံး အိမ်မှာပင် လေ့ကျင့်ခန်း မေးခွန်းဟောင်းတွေကို မွန်းလွဲပိုင်းအထိ ထိုင်ရေးနေခဲ့သည်။ ဗိုက်ဆာလာတဲ့အခါ ဟင်းချက်ရန် ပြင်ဆင်လိုက်စဉ် ရှယွဲ့ဖန်းထံမှ စာတစ်စောင် ရောက်ရှိလာပြီး ယနေ့ညနေတွင် ကျင်းပမဲ့ ဧည့်ခံပွဲသို့ အတူတကွ တက်ရောက်ရန် အိမ်သို့ ပြန်လာခဲ့ပါဟု ခေါ်ဆိုထားသည်။

လုရှင်းမြန် စဉ်းစားကြည့်ပြီး မသွားလို့ ရမလားဟု ရှယွဲ့ဖန်း ကို မေးလိုက်သည်။ သူက ထိုကဲ့သို့သော အခမ်းအနားပွဲတွေကို မနှစ်သက်ပေ။ အမျိုးမျိုးသော ဧည့်ခံပွဲများက သူ့အတွက် စိမ်းသက်လှပြီး လုရှင်းမြန်ကလည်း မယဉ်ပါးသလို မကြိုက်လည်း မကြိုက်ပေ။

လုရှင်းမြန် မလာနိုင်ကြောင်း ကြားလိုက်ရတဲ့အခါ ရှယွဲ့ဖန်းရဲ့ မျက်နှာပျက်သွားခဲ့သည်။ လုရှင်းမြန်က ပြန်မလာချင်သလို သူတို့နဲ့လည်း နီးကပ်စွာ မနေချင်ဟု သူမ တွေးလိုက်သည်။ အပြင်လူတွေက လုရှင်းမြန် အပေါ် သူတို့ရဲ့ မတရား ဆက်ဆံမှုတွေအကြောင်း ပြောဆိုနေကြတာကို သူမ မသိတာတော့ မဟုတ်ပေ။ ထို့ကြောင့် ရှယွဲ့ဖန်းက လုရှင်းမြန်နဲ့ ပြန်လည်ပြေလည်ချင်နေပြီး အနည်းဆုံးတော့ အခြားသူတွေရှေ့မှာ ဘက်မလိုက်ဘဲ ကလေးနှစ်ယောက်လုံးကို အတူတူ ချစ်ခင်ကြောင်း ပြသချင်နေသည်။ ယနေ့ည ဧည့်ခံပွဲမှာ အခွင့်အရေးတစ်ခုဖြစ်ပြီး လုရှင်းမြန်က ယခုလို ပြုမူပါက အပြင်က ကောလာဟလတွေကို မှန်ကန်ကြောင်း သက်သေပြသလို ဖြစ်မသွားပေဘူးလား။ ရှယွဲ့ဖန်းကမူ လုရှင်းမြန် ပြန်ရောက်လာချိန်မှစ၍ သူ့အပေါ် မတရား မဆက်ဆံခဲ့ဟု ယုံကြည်ထားသည်။

ရှယွဲ့ဖန်းက တိုက်ရိုက် ဖုန်းဆက်ပြီး ဧည့်ခံပွဲသို့ မဖြစ်မနေ ပြန်လာရမည်ဟု လုရှင်းမြန်ကို အကြောင်းကြားခဲ့သည်။ ဒရိုင်ဘာက သူ့ကို လာကြိုရန် လမ်းတွင် ရှိနေပြီဖြစ်၍ မကြာမီ ရောက်ရှိလာတော့မှာဖြစ်ကြောင်းနဲ့ ဒီကိစ္စမှာ ငြင်းဆန် လို့မရကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် နောက်ထပ် ဘာမှ ဆက်မပြောတော့ဘဲ ရှယွဲ့ဖန်း က ဖုန်းကို ချက်ချင်း ချသွားခဲ့သည်။

လုရှင်းမြန်ဟာ တစ်နေ့လုံးနီးပါး ဘာမှ မစားရသေးပေ။ ဒရိုင်ဘာ မကြာမီ ရောက်လာမယ်လို့ ရှယွဲ့ဖန်းက ပြောခဲ့သဖြင့် သူ ဟင်းမချက်တော့ပေ။ ဒါပေမဲ့ ဒရိုင်ဘာကို တစ်နာရီကြာအောင် စောင့်ဆိုင်းခဲ့ရပြီးမှ တိုက်အောက်သို့ ရောက်ရှိလာခဲ့သည်။

လုရှင်းမြန် ကားပေါ်တက်လိုက်တဲ့အခါ ဒရိုင်ဘာက သူ့ကို စောင်းကြည့်ကာ ကားပေါ်တက်တာ နှေးလွန်းတယ်လို့ ငြူစူပြောဆိုခဲ့သည်။ ဒါပေမဲ့ လက်တွေ့တွင်မူ လုရှင်းမြန်ဟာ ဖုန်းရရှိတဲ့ အချိန်မှ တိုက်အောက်သို့ ဆင်းလာသည်အထိ သုံးမိနစ်တောင် မပြည့်ခဲ့ပေ။

ဒရိုင်ဘာက လုရှင်းမြန်ကို ယန်ချိန်း မြို့သို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment