လုရှင်းမြန်နဲ့ သူ့ရဲ့ သူငယ်ချင်း သုံးဦးတို့က KTVကို ရောက်ရှိကြပြီး သီးသန့်အခန်းတစ်ခန်း ရယူကာ ဘီယာတစ်ဖာ မှာယူခဲ့ကြသည်။
ဝန်ထမ်းမလေး ထွက်သွားပြီးနောက် သူတို့အုပ်စုက ချန်ချဲ့က မွေးနေ့ကို စတင် ကျင်းပခဲ့ကြသည်။ ဖယောင်းတိုင်များ ထွန်းကြသည်၊၊ "Happy Birthday" သီချင်းဆိုကြသည်၊၊ ကိတ်မုန့် စားပြီးနောက် အရက်သောက်ရင်း သီချင်းများ စတင် ဆိုခဲ့ကြသည်။
အတန်းလစ်ရတဲ့ စိတ်လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်သည်၊၊ KTV တွင် သူတို့ အလွန် ပျော်ရွှင်ခဲ့ကြသည်။
ဒါပေမဲ့ သူတို့ရဲ့ အတန်းပိုင်ဆရာမနဲ့ ကျောင်းရေးရာဌာနမှူးတို့ ကျောင်းကို ရုတ်တရက် ပြန်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့ပေ။
အဓိကမှာ နောက်ဆုံး ကိုယ်ပိုင်လေ့လာချိန်မှာ အတန်းလစ်တဲ့ ကျောင်းသားတွေ များပြားလွန်းခြင်းကြောင့် ဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် ကျောင်းသားတွေ နံရံကျော်တက်နေတာကို တွေ့မြင်ခဲ့ရသည်။ ကျောင်းလုံခြုံရေးက ကင်းလှည့်စဉ် ကျောင်းသား နှစ်ဦးကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့သည်။
ထိုအခါမှသာ ကျောင်းသား အမြောက်အမြား အတန်းလစ်နေကြောင်း သူတို့ သိရှိသွားခဲ့ကြသည်။
ထို့ကြောင့် လုံခြုံရေးဝန်ထမ်းက ဒီအကြောင်းကို ကျောင်းရေးရာဌာနမှူးထံ သတင်းပို့လိုက်သည်။ ဌာနမှူးမှာ အလွန် ဒေါသထွက်သွားပြီး အစည်းအဝေးကျင်းပမဲ့ နေရာသို့ပင် မရောက်သေးဘဲ အတန်းပိုင်ဆရာ အချို့နဲ့အတူ ကျောင်းကို ချက်ချင်း ပြန်လာခဲ့သည်။ သူက မိန့်ခွန်းပြောရန် မရှိသဖြင့် အစည်းအဝေးမှာ သူ့နေရာ၌ အခြားဆရာတစ်ဦးကို အစားထိုး တက်ရောက်စေခဲ့သည်။
ကျောင်းရေးရာဌာနမှူးက အထက်တန်း နောက်ဆုံးနှစ် ရောက်နေပြီဖြစ်သည့်တိုင်အောင် ဒီကျောင်းသားတွေ ဤမျှအထိ စည်းကမ်းမရှိ ဖြစ်နေကြသေးတာကိုတော့ မထင်မှတ်ထားခဲ့ပေ။
အတန်းတွေဆီ ပြန်လာကြတဲ့ အတန်းပိုင်ဆရာတွေက ကျောင်းသား အများအပြား အမှန်တကယ် ပျက်ကွက်နေတာကို တွေ့ရှိခဲ့ကြသည်။ စာသင်ခန်းထဲမှာ မရှိဘဲ ခွင့်လည်း မတိုင်ထားတဲ့ ကျောင်းသားတွေကို စာရင်းမှတ်သားလိုက်ကြသည်။
လီမေ့က စာသင်ခန်းထဲ မဝင်ခင် သူ့အတန်းက ဘယ်ကျောင်းသားမှ အတန်းမလစ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့သည်။
ဒါပေမဲ့ သူမ ဝင်လိုက်တဲ့အခါ ခုံအချို့ လွတ်နေတာကို တွေ့လိုက်ရသည်။
လုရှင်းမြန်ရဲ့ ခုံပင်လျှင် လွတ်နေခဲ့သည်။ လီမေ့ရဲ့ ခေါင်းမှာ ချက်ချင်းပင် မူးဝေသွားခဲ့ရသည်။ လုရှင်းမြန်တောင်မှ အတန်းလစ်ရသလား?
ကျောင်းရေးရာဌာနမှူးက အတန်းတစ်ခုပြီးတစ်ခု လိုက်လံစစ်ဆေးခဲ့သည်။ အတန်း (၅)ကို ရောက်တဲ့အခါ လုရှင်းမြန်ရဲ့ ခုံလွတ်နေတာကို ချက်ချင်း တွေ့လိုက်ရသဖြင့် ဒေါသချောင်းချောင်း ထွက်သွားခဲ့သည်! "ဘုရားရေ" သူ စဉ်းစားလိုက်သည်၊၊ တစ်နှစ်လုံးမှာ ထိပ်ဆုံး ရထားတဲ့ ကျောင်းသားတောင် အတန်းလစ်နေတယ်။ ကျောင်းစည်းကမ်းတွေကို တကယ်ပဲ ထိထိရောက်ရောက် ပြုပြင်ဖို့ လိုအပ်နေပြီ။
သူမရဲ့ အတန်းမှာ ပျက်ကွက်နေတဲ့ ကျောင်းသားတွေရဲ့ နာမည်တွေကို မှတ်တမ်းတင်ပြီးတာနဲ့ လီမေ့က အမည်မသိ နံပါတ်တစ်ခုထံမှ စာတစ်စောင် ရရှိခဲ့သည်။ ထိုစာထဲတွင် လုရှင်းမြန်နဲ့ ကျိုးချိန်တို့ ဘယ်မှာရှိနေလဲ ဆိုတာကို သူတို့သိကြောင်းနဲ့ သူတို့ လက်ရှိ KTV တစ်ခုမှာ သောက်စားနေကြကြောင်း ရေးသားထားသည်။
လီမေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကလေးတွေ KTV မှာ သောက်စားဖို့အထိ တကယ် သတ္တိရှိကြတာပဲလား? ဒီစာကို ဘယ်သူ ပို့တာလဲ။ သူတို့ ဘယ်သွားတယ်ဆိုတာကိုရော ဘယ်လိုလုပ် သိတာလဲ?
သူမက တိတ်တဆိတ် သွားရောက်ပြီး ကျောင်းသားတွေကို ပြန်ခေါ်လာရန် မူလက စီစဉ်ထားခဲ့ပေမဲ့ ထိုလူက ကျောင်းရေးရာဌာနမှူးဆီကိုပါ အလားတူ စာမျိုး ပို့ထားကြောင်း သိရှိလိုက်ရသည်။
ထွက်ခွာခါနီး ဖြစ်နေတဲ့ ကျောင်းရေးရာဌာနမှူးက စာကို မြင်လိုက်ရသဖြင့် ပြန်လှည့်လာကာ လီမေ့ကို လှမ်းခေါ်လိုက်သည်။
"ဆရာမ လီ ဆရာမ အတန်းထဲက လုရှင်းမြန်နဲ့ တခြားသူတွေ ဘယ်သွားလဲ ဆိုတာ သိလား?"
လီမေ့ သူ့ရဲ့ ဖုန်းကို သိမ်းလိုက်ပြီး "မသိပါဘူး" ဟု ပြောလိုက်သည်။
"သူတို့ အခု KTV မှာ ရောက်နေကြတယ်! ငါတို့ သွားဖမ်းကြမယ်!"
ကျောင်းရေးရာဌာနမှူးက လီမေ့ကို ခေါ်ကာ KTV သို့ တန်းတန်းမတ်မတ် အပြေးအလွှား သွားခဲ့သည်။ အတန်းလစ်ပြီး ဒီလိုနေရာမျိုးမှာ ပုန်းခိုနေတဲ့ ဒီကလေးတွေကို ယနေ့ သင်ခန်းစာကောင်းကောင်း ပေးရန် သူ ဆုံးဖြတ်ထားခဲ့သည်။
ထိုစဉ် လမ်းလျှောက်လာတဲ့ ရှကျီချင်းက မတော်တဆ ကြားသွားခဲ့ပြီး လုရှင်းမြန်ထံသို့ စာအမြန် ပို့လိုက်သည်။
သီးသန့်အခန်းထဲမှာ သီချင်းသံတွေက ကျယ်လွန်းလှသဖြင့် မိနစ်နှစ်ဆယ် ကြာပြီးနောက်မှသာ လုရှင်းမြန်က ရှကျီချင်းထံမှ စာကို သတိထားမိလိုက်သည်။
လုရှင်းမြန်က "ခဏစောင့်ဦး၊ ခဏစောင့်ဦး" ဟု ပြောလိုက်သည်။
ကျိုးချိန်က တစ်ခုခု မှားယွင်းနေပြီဟု ထင်မှတ်ကာ စခရင်ကို ခေတ္တရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
လုရှင်းမြန်က "ကျောင်းရေးရာဌာနမှူးနဲ့ ငါတို့အတန်းပိုင်ဆရာမ ဒီကို လာနေကြပြီလို့ ရှကျီချင်း က ပြောနေတယ်" ဟု ပြန်ဖြေလိုက်သည်။
ကျိုးချိန် ရယ်မောလိုက်သည်။
"မဖြစ်နိုင်တာ အတန်းပိုင်ဆရာမနဲ့ ဌာနမှူးက တခြားကျောင်းမှာ အစည်းအဝေး တက်နေကြတာ မဟုတ်ဘူးလား? သူတို့ ဒီမှာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ?"
"အဟုတ်ပြောတာ"
လုရှင်းမြန်က ရှကျီချင်း အရေးကြီး စာကို ပြသရင်း ပြောလိုက်သည်။
"ဌာနမှူးနဲ့ အတန်းပိုင်ဆရာမတို့ ရုတ်တရက် ပြန်ရောက်လာကြပြီး ဒီကို တန်းတန်းမတ်မတ် လာနေကြပြီ"
ကျိုးချင်းက
"ဟာ၊ တကယ်လား?" ဟု ရေရွတ်လိုက်သည်။
လုရှင်းမြန်ရဲ့ စကားကြောင့် သူတို့ ပိုမို ထိတ်လန့်သွားခဲ့ကြရသည်။
"ဒီစာကို လွန်ခဲ့တဲ့ မိနစ် ၂၀ တုန်းက ပို့ထားတာ ငါ အခုမှ တွေ့တာ။ ဌာနမှူး ဒီကို ရောက်တောင် ရောက်နေလောက်ပြီ"
ရှကျီချင်းအနေဖြင့် သူတို့ကို လိမ်ညာရန် အကြောင်းမရှိပေ။
တကယ်လို့ သူတို့ ဒီနေရာမှာသာ ဌာနမှူးရဲ့ လက်ဝယ် မိသွားပါက အထူးသဖြင့် ဒီလို အချိန်မျိုးမှာ မိသွားပါက အကျိုးဆက်မှာ အလွန်တရာ ဆိုးရွားမည် ဖြစ်သည်။
ထို့ကြောင့် ထိုအုပ်စုက ထွက်ခွာရန် သူတို့ရဲ့ ပစ္စည်းတွေကို အလျင်အမြန် သိမ်းဆည်းလိုက်ကြသည်။
ဒါပေမဲ့ သီးသန့်အခန်းထဲကနေ သူတို့ ခြေလှမ်းပြင်လိုက်တာနဲ့ ကျောင်းရေးရာဌာနမှူးရဲ့ အသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့ ပုန်းရန် နေရာတစ်ခုကို အလျင်အမြန် ရှာဖွေလိုက်ကြသည်။
ကံကောင်းစွာပင် အနီးအနားတွင် သန့်စင်ခန်းတစ်ခု ရှိနေခဲ့သည်။ သူတို့ အထဲကို သုတ်သီးသုတ်ပြာ ဝင်ရောက် ပုန်းခိုလိုက်ကြပြီး ဌာနမှူးနဲ့ လီမေ့တို့ စင်္ကြံလမ်းအတိုင်း လျှောက်လာချိန်တွင် လီမေ့က ဖိနပ်ဒေါက်တစ်ခုကိုသာ ရေးရေးမျှ မြင်တွေ့လိုက်ရသည်။
လုရှင်းမြန်နဲ့ ချန်ချဲ့တို့က သီးသန့် အိမ်သာခန်း တစ်ခုစီထဲသို့ ဝင်ရောက်လိုက်ကြပြီး ဇူးကျင်းရန်နဲ့ ကျိုးချင်းတို့က အခန်းတစ်ခန်းထဲသို့ အတူတကွ တိုးဝှေ့ ဝင်ရောက်သွားခဲ့ကြသည်။
ကျောင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ဘယ်သူ့ကိုမှ မြင်တွေ့ခဲ့ရခြင်း ရှိမရှိ ဝန်ထမ်းတွေကို မေးမြန်းနေတဲ့ ဌာနမှူးရဲ့ အသံကို ပီပီသသ ကြားနေခဲ့ရသည်။
ဝန်ထမ်းက မမြင်တွေ့ခဲ့ကြောင်း၊ ကျောင်းဝတ်စုံနဲ့ ကျောင်းသား ဘယ်သူ့ကိုမှ မတွေ့ခဲ့ရကြောင်း ပြောလိုက်သည်။
ထို့ကြောင့် ဌာနမှူးက သူတို့မှာ ကျောင်းဆရာတွေ ဖြစ်ကြောင်း ရှင်းပြပြီး ကျောင်းသားတွေဖြစ်တဲ့ ကောင်လေး လေးယောက်ကို မြင်တွေ့ခဲ့ခြင်း ရှိမရှိ ဝန်ထမ်းအား ထပ်မံ မေးမြန်းခဲ့သည်။
ဝန်ထမ်းက ကျောင်းရေးရာဌာနမှူးနဲ့ လီမေ့တို့ကို လုရှင်းမြန်တို့ ရောက်ရှိနေခဲ့တဲ့ သီးသန့်အခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့က တံခါးကို တွန်းဖွင့်လိုက်ရာ လွတ်ဟာနေတဲ့ အခန်းကို တွေ့လိုက်ရသည်။ စခရင်ကြီးပေါ်တွင် သီချင်းသံများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။
"ငါ မျှော်လင့်ထားတာ နှင်း မဟုတ်ပါဘူး
မင်းနဲ့အတူ ရှိနေမယ့် ဆောင်းရာသီပါ..."
စားပွဲပေါ်မှာ တစ်ဝက်သာ စားထားတဲ့ ကိတ်မုန့်၊ ဘီယာပုလင်း အလွတ်အချို့နဲ့ တစ်ဝက်မျှ သောက်ထားတဲ့ ပုလင်းများ ရှိနေခဲ့သည်။ ကြမ်းပြင်ပေါ်တွင်မူ မဖွင့်ရသေးတဲ့ ဘီယာတစ်ဖာရဲ့ တစ်ဝက်နီးပါး ရှိနေသည်။
ကျောင်းရေးရာဌာနမှူးနဲ့ လီမေ့တို့က ဝေဝေဝါးဝါးဖြင့် အပြန်အလှန် ကြည့်လိုက်ကြသည်။
"ဒီမှာ ဘယ်သူမှ မရှိတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
သီးသန့်အခန်းထဲက ဧည့်သည်တွေ ဘယ်အချိန်က ထွက်သွားကြလဲ ဆိုတာကို ဝန်ထမ်းတွေလည်း မစဉ်းစားတတ်အောင် ဖြစ်သွားရသည်။
သန့်စင်ခန်းအတွင်း၌ ကျိုးချင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ဒုက္ခပါပဲ ဌာနမှူး ကိတ်မုန့်ပေါ်က နာမည်ကို မြင်မသွားလောက်ပါဘူးနော်?"
ကိတ်မုန့်ပေါ်မှာ ချန်ချဲ့ရဲ့ နာမည် ရေးထားဆဲ ဖြစ်သည်။
ဇူးကျင်းရန်က သူ့ကို လှည့်ကြည့်လိုက်ပြီး "နာမည်ပါတဲ့ အစိတ်အပိုင်းကို စားလိုက်ပြီးပြီ" ဟု ပြောလိုက်သည်။
ကျိုးချင်းက ခေါင်းညိတ်လိုက်သည်။
"မင်း အဲဒါကို သဲသဲကွဲကွဲ မှတ်မိနေတာပဲ။ တော်သေးတာပေါ့"
ကျဉ်းမြောင်းတဲ့ အိမ်သာခန်းလေးထဲမှာ မျက်နှာချင်းဆိုင် တိုးဝှေ့နေရင်း ကျိုးချင်းက မော့ကြည့်လိုက်သည်၊၊
"မင်း နောက်ထပ် အရပ်ရှည်လာသလိုပဲ"
အစက ဇူးကျင်းရန်ရဲ့ ဘေးမှာ ရပ်နေချိန် သူတို့ အရပ်တူတူနီးပါး ရှိခဲ့တာကို သူ မှတ်မိနေသည်။ အခုမူ ဇူးကျင်းရန်က သူ့ထက် ၄ သို့မဟုတ် ၅ စင်တီမီတာခန့် ပိုရှည်နေသလို ခံစားလိုက်ရသည်။
ဇူးကျင်းရန်က လက်တစ်ဖက်ဖြင့် မျက်မှန်ကို အပေါ်သို့ တွန်းတင်လိုက်ပြီး "တိတ်တိတ်နေ၊ စကားမပြောနဲ့။ ဌာနမှူးတို့ ဒီဘက်ကို လာနေကြပြီထင်တယ်" ဟု ပြောလိုက်သည်။
သီးသန့်အခန်းထဲမှာ ဘယ်သူ့ကိုမှ မတွေ့တာကြောင့် ကျောင်းရေးရာဌာနမှူးဟာ ဘေးက သန့်စင်ခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူတို့ သန့်စင်ခန်းထဲမှာ ပုန်းနေတာရော မဖြစ်နိုင်ဘူးလား?"
လီမေ့က မဖြစ်နိုင်ကြောင်း ပြောလိုက်သည်၊၊
"ဒီစာက နောက်ပြောင်တာပဲ ဖြစ်ပါလိမ့်မယ်"
ဌာနမှူးက သဘောပေါက်သွားတဲ့ ပုံစံဖြင့်
"လက်ပူးလက်ကြပ် မမိခဲ့ရင်တောင် လုရှင်းမြန်၊ ချန်ချဲ့၊ ကျိုးချင်း နဲ့ ဇူးကျင်းရန်တို့ အတန်းထဲမှာ မရှိခဲ့တာကတော့ အမှန်ပဲ။ အတန်းလစ်တာက အရှိတရားပဲ၊၊ ဆရာမလီ ဒီကိစ္စကို အလေးအနက်ထား အရေးယူရမယ်" ဟု ပြောလိုက်သည်။
ကျောင်းရေးရာဌာနမှူးနဲ့ အတန်းပိုင်ဆရာမတို့ရဲ့ အသံတွေ တဖြည်းဖြည်း တိုးဝင်သွားခဲ့ပြီး ထွက်သွားကြပြီဖြစ်ကြောင်း ပေါ်လွင်နေသည်။ လုရှင်းမြန်နဲ့ အခြားသူတွေက သန့်စင်ခန်းထဲမှာ ၁၀ မိနစ်ကျော်လောက် ဆက်လက် ပုန်းခိုနေပြီးမှ အပြင်သို့ ထွက်လာခဲ့ကြသည်။
ချန်ချဲ့က အပြင်ကို ချောင်းကြည့်လိုက်ပြီး ဌာနမှူးတို့ ထွက်သွားကြောင်း အတည်ပြုလိုက်သည်။
"တော်သေးတာပေါ့...ရှကျီချင်း စာပို့လိုက်လို့ မဟုတ်ရင် ငါတို့ ဌာနမှူး လက်ထဲ အမိခံရတော့မလို့"
ကျိုးချင်းက လူတိုင်းရဲ့ သံသယကို ထုတ်ဖော်ပြောဆိုလိုက်သည်။
"ဌာနမှူးနဲ့ အတန်းပိုင်ဆရာမက ငါတို့ ဒီမှာ ရှိနေတာကို ဘယ်လိုလုပ် သိတာလဲ?"
ကျိုးချင်းဟာ မွန်းလွဲပိုင်းတုန်းက တွေ့ဆုံခဲ့တဲ့ ဘေးအတန်းက ကောင်လေးအကြောင်းကို စဉ်းစားမိသွားသည်။ ဒါပေမဲ့ သူနဲ့ လုရှင်းမြန်တို့ ကိတ်မုန့်သွားယူတုန်းက ထို KTV အကြောင်းကို ပြောပြခဲ့မိသည်။ သူကများ ဌာနမှူးကို သွားတိုင်တာများလား? မည်သည့် သက်သေမှ မရှိဘဲ စွပ်စွဲ၍ မရသဖြင့် ဒါက ခန့်မှန်းချက်မျှသာ ဖြစ်သည်။
KTVမှာ လက်ပူးလက်ကြပ် မမိခဲ့ပေမဲ့ သူတို့ အတန်းလစ်ခဲ့ကြတဲ့ အချက်မှာ မပြောင်းလဲပေ။
နောက်တစ်နေ့ ကျောင်းကို ရောက်တဲ့အခါ လုရှင်းမြန်နဲ့ အခြားသူတွေဟာ မနေ့က အထက်တန်း နောက်ဆုံးနှစ်မှ ကျောင်းသား ၂၀ ကျော် အတန်းလစ်ခဲ့ကြကြောင်း သိရှိလိုက်ရသည်။
လီမေ့က ထိုနေ့နံနက် စာသင်ခန်းထဲမှာ လုရှင်းမြန်တို့ အုပ်စုကို စောစီးစွာ စောင့်ဆိုင်းနေခဲ့သည်။
ကောင်လေး လေးယောက်ဟာ ရုံးခန်းထဲမှာ အတူတကွ ရပ်နေကြသည်။ လီမေ့ စကားမပြောခင်မှာပင် ကျောင်းရေးရာဌာနမှူး ရောက်ရှိလာခဲ့သည်။
"မနေ့က မင်းတို့ KTV ကို ရောက်နေကြတာလား? အရက်သောက်ခဲ့ကြတာလား?"
ဒါမျိုးကို သူတို့ ဘယ်လိုမှ ဝန်ခံလိုြ မရပါ။ ဒါကြောင့် အလျင်အမြန်ပင် ငြင်းဆန်လိုက်ကြသည်။
ကျောင်းရေးရာဌာနမှူးက
"ငြင်းနေတုန်းပဲလား? ငါ မင်းတို့ကို မြင်လိုက်ပြီးပြီ!" ဟု ပြန်လည် တုံ့ပြန်လိုက်သည်။
ဌာနမှူးက သူတို့ကို ထပ်မံ လိမ်ညာလှည့်ဖျားရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူတို့ သိရှိသွားကြသည်။
ကျိုးချင်းက လေးလေးနက်နက်ဖြင့် "ဌာနမှူး တစ်ခုခု မှားမြင်တာ ဖြစ်ပါလိမ့်မယ်" ဟု ပြောလိုက်သည်။
ကျောင်းရေးရာဌာနမှူးက
"ကဲပါ ငါ မှားမြင်တယ်ပဲ ထားပါတော့၊၊ မနေ့က မင်းတို့ ဘယ်သွားလဲ?" ဟု ဆက်လက် မေးမြန်းလိုက်သည်။
သူတို့က အနီးအနားရှိ KFC သို့ သွားခဲ့ကြတာပါလို့ ပြောဆိုကြသည်။ KFCကို ဘာကြောင့် သွားသလဲလို့ မေးတဲ့အခါ ကျိုးချင်းက စာကျက်ရန် သွားခဲ့ကြခြင်းဖြစ်ကြောင်း ပြောလိုက်ရာ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားမှန်း သိသာပေမဲ့ ဌာနမှူးမှာ ခိုင်လုံတဲ့ သက်သေ မရှိခဲ့ပေ။
ဌာနမှူးအနေနဲ့ အတန်းလစ်တဲ့ ကိစ္စအတွက်သာ သူတို့ကို ဆူပူကြိမ်းမောင်းနိုင်ခဲ့သည်။ ဌာနမှူးက အတန်းတစ်ခုပြီးတစ်ခုကို လိုက်လံ ဆုံးမခဲ့သဖြင့် တစ်မနက်လုံး လည်ချောင်းပင် ခြောက်ကပ်မတတ် ဖြစ်သွားခဲ့ရသည်။
သူတို့ လေးယောက်က ဌာနမှူးရဲ့ ဆုံးမစကားတွေကို လိမ္မာပါးနပ်စွာ နားထောင်ခဲ့ကြသည်။ သူတို့ ထွက်မသွားခင် ဌာနမှူးက လီမေ့ကို သူတို့ကို သေချာ ပညာပေးရန်နဲ့ မိဘတွေကို ဖုန်းဆက်ခိုင်းရန် ညွှန်ကြားခဲ့သည်။ အခုလို အရေးကြီးတဲ့ အချိန်မျိုးမှာ မိဘတွေနဲ့ သေချာ ဆက်သွယ် ဆွေးနွေးရန် လိုအပ်ကြောင်း သူက အလေးအနက် ပြောကြားခဲ့သည်။
မိဘတွေကို ဖုန်းဆက်ရမယ်?
စာသင်ခန်းကို ပြန်ရောက်ပြီးနောက် လုရှင်းမြန်ဟာ စိတ်ညစ်နေခဲ့သည်။ လုရှင်းမြန်ဟာ အရင်က တစ်ခါမှ မရေးဖူးတဲ့ ပုံပေါ်သဖြင့် ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်တဲ့ အစီရင်ခံစာ ရေးရမှာကို စိုးရိမ်နေတယ်လို့ ချန်ချဲ့က ထင်မှတ်ခဲ့သည်။
"ဘယ်လိုရေးရမှန်း မသိရင်လည်း ကိစ္စမရှိပါဘူး။ ငါရေးပြီးရင် ကူးရေးဖို့ ငါ့ဟာ ပေးပါ့မယ် ပုံစံက တူတူပါပဲ"
လုရှင်းမြန်က ပြုံးလိုက်ပြီး "ကျေးဇူးပဲ" ဟု ပြောလိုက်သည်။
သူက အစီရင်ခံစာ ရေးရမှာကို စိုးရိမ်နေခြင်း မဟုတ်ဘဲ "မိဘတွေကို ဖုန်းဆက်ပါ" ဆိုတဲ့ အပိုင်းကသာ သူ့ကို စိတ်ဒုက္ခရောက်စေခဲ့ခြင်း ဖြစ်သည်။
သူက ဖုန်းဆက်ဖို့ မိဘကို ဘယ်မှာ သွားရှာရမှာလဲ?
ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်တဲ့ အစီရင်ခံစာ ရေးပြီးနောက် လုရှင်းမြန်ဟာ လူတစ်ယောက်ကို ရုတ်တရက် သတိရသွားခဲ့သည်။
လုကော!