no

Font
Theme

လုရှင်းမြန်ဟာ အနီရောင် အာမေဍိတ်သင်္ကေတကြီးကို စိုက်ကြည့်ရင်း ခဏမျှ အတွေးနယ်လွန်သွားခဲ့သည်။

တစ်ဖက်လူက သူ့ကို သူ မသိလိုက်ဘဲ တကယ်ပင် အကောင့်ဖျက် (delete) သွားခဲ့ခြင်းဖြစ်သည်။

လုရှင်းမြန် ပြန်စဉ်းစားကြည့်သည်၊၊ သူတို့ စကားတစ်ခွန်းတောင် မပြောခဲ့ရသေးဘဲ ထိုလူက သူ့ကို ဖျက်လိုက်ခြင်းဖြစ်သည်။

ဒါက နည်းနည်း မလွန်လွန်းဘူးလား?

လုရှင်းမြန်တွင်လည်း ဒေါသလေး နည်းနည်းရှိသည်။ စဉ်းစားလေ ဒေါသထွက်လေဖြစ်လာပြီး နှုတ်ခမ်းဆူကာ ထိုလူကို အကောင့် ပြန်အပ် (add) လိုက်သည်။ အကောင့်ပြန်ရရင် ဘာကြောင့် အကြောင်းပြချက်မရှိ ဖျက်ပစ်ရတာလဲဆိုတာကို သေချာပေါက် မေးရမည်။

တကယ်လို့ စကားများ ရန်ဖြစ်ထားကြရင်တော့ တစ်မျိုးပေါ့၊၊ အခုတော့ စာတစ်စောင်တောင် မပို့ရသေးပါ။

မနေ့က ထိုလူ သူ့ကို အကောင့်လက်ခံ (accept) ဖို့ ဘယ်လောက်တောင် အချိန်ယူခဲ့ရလဲဆိုတာ သူ မှတ်မိနေသေးသည်။ အကောင့်လက်ခံပြီးနောက်မှာလည်း သူ စကားစမပြောခဲ့သလို ထိုအတွက်ကြောင့်လည်း ဆိုးဝါးတဲ့ Review ပေးခဲ့ခြင်းမရှိပေ။

စစချင်းမှာ လုရှင်းမြန်က ဒီလို အိပ်ပျော်ဖို့ ပုံပြင်ပြောပြတဲ့ voice chat မျိုးက စျေးကွက်သုံး လှည့်ကွက်တစ်ခုမျှသာဟု ထင်ခဲ့ပေမဲ့ တကယ်ပင် လူတွေကို အိပ်ပျော်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် လပေါင်းများစွာ အိပ်မပျော်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရပြီး ဘာလုပ်လုပ် အိပ်မပျော်ခဲ့တဲ့ သူ့လိုလူမျိုးအတွက်ဖြစ်သည်။

လုရှင်းမြန် စဉ်းစားကြည့်သည်။ အိပ်ပျော်ဖို့ ပုံပြင်ပြောပြပေးသူ အားလုံးရဲ့ အသံတွေက ဆင်တူလောက်မည်။ အခြားတစ်ယောက်ကို ပြောင်းလိုက်ရင်လည်း ထိရောက်မှုက တူတူပင် ဖြစ်နိုင်သည်။

လုရှင်းမြန်က အိပ်ပျော်ဖို့ ပုံပြင်ပြောပြသူ အသစ်တစ်ယောက်ကို အကောင့် အပ် (add) လိုက်သည်။

အိပ်ပျော်ဖို့ ပုံပြင်ပြောပြသူ အသစ်ရဲ့ အသံက သာယာပေမဲ့ ထိုလူက အသံကို တမင်နှိမ့်ပြီး လုပ်ယူထားတဲ့ အသံဩဩနဲ့ ပြောနေကြောင်း လုရှင်းမြန် ရိပ်မိသည်။

မနေ့က အသံလိုမျိုး သဘာဝအတိုင်း ထွက်ပေါ်လာတဲ့ ဩရှရှ၊ ဆွဲဆောင်မှုရှိပြီး ညင်သာကာ နားထောင်လို့ အလွန်ကောင်းတဲ့ အသံမျိုး မဟုတ်ပေ။

ပုံပြင်ပြောပြသူ အသစ်က အလွန်ပင် စိတ်အားထက်သန်မှု ရှိသည်။

ဒါပေမဲ့ နှစ်နာရီကြာပြီးနောက်မှာ လုရှင်းမြန်ဟာ အိပ်ချင်စိတ် လုံးဝမရှိသေးဘဲ အမှောင်ထုထဲတွင် ပို၍ပင် မျက်လုံးပွင့် လန်းဆန်းနေခဲ့သည်။

တစ်ဖက်မှ ပုံပြင်ပြောပြသူကလည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ပုံမှန်ဆို သူ့ရဲ့ ညင်သာတဲ့ အသံလွှမ်းမိုးမှုအောက်မှာ အလုပ်အပ်သူတွေက အိပ်ချင်လာလေ့ရှိသည်။

ဒီလူက ဘာလို့ လုံးဝ မအိပ်ချင်ရတာလဲ?

သူက အလုပ်အပ်သူရဲ့ တောင်းဆိုချက်အတိုင်း နှစ်နာရီလုံးလုံး ပုံပြင်တွေကို အပြည့်အဝ ပြောပြခဲ့ပြီးဖြစ်သည်။

ဒီအလုပ်အပ်သူရဲ့ အိပ်မပျော်တဲ့ ရောဂါက တော်တော်လေး ပြင်းထန်ပုံရသည်။

နှစ်နာရီလုံးလုံး အသံကို လုပ်ယူပြီး ပြောခဲ့ရတာကြောင့် သူ့ရဲ့ လည်ချောင်းမှာ မီးလောင်နေသလို ခံစားရတာကြောင့် အမြန်ပင် ရေသောက်လိုက်ရသည်။

ထို့အပြင် ထိုလူက အလုပ်အပ်သူရဲ့ အသံဟာ အလွန်သာယာပြီး စမ်းရေလို ချိုမြိန်ကြည်လင်ကြောင်း၊ တစ်ဖက်မှ အလုပ်အပ်သူက လူငယ်တစ်ယောက် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။

ဖုန်းမချမီ ပုံပြင်ပြောပြသူက လုရှင်းမြန်အား ဖုန်းပြောပြီးရင် အကောင့်ဖျက်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အလုပ်အပ်သူများနဲ့ သီးသန့် အဆက်အသွယ် မလုပ်ရဆိုသည်မှာ Studioရဲ့ စည်းကမ်းဖြစ်တာကြောင့်ဖြစ်ကြောင်း ပြောခဲ့သည်။

Voice call ချလိုက်ပြီးနောက် လုရှင်းမြန်မှာ အိပ်ချင်စိတ် လုံးဝ မရှိတော့ပေ။

မနေ့ညက ပုံပြင်ပြောပြသူတုန်းက ပုံပြင်တို တစ်ပုဒ်အပြီးမှာပင် အိပ်ချင်လာခဲ့ပြီး နှစ်ပုဒ်အပြီးတွင် အိပ်ပျော်လုနီးပါး ဖြစ်သွားခဲ့ရသည်။

လုရှင်းမြန် ဖုန်းကို ဖွင့်ကြည့်လိုက်ရာ ထိုလူက သူ့ကို အကောင့်လက်ခံ မထားသေးသဖြင့် လုရှင်းမြန် ထပ်မံ၍ အကောင့် အပ် (add) လိုက်သည်။

ပထမတစ်ကြိမ် အကောင့်အပ်တုန်းက ဘာလို့ ရုတ်တရက် ဖျက်လိုက်ရတာဆိုတာ သွားမေးရန်ဖြစ်ပေမဲ့ ခုတော့ တောင်းပန်ရန်အတွက် အကောင့် ပြန်အပ်လိုက်ခြင်းဖြစ်သည်။

အကြောင်းရင်းက ဒါကြောင့်ကိုး... သူ သံသယလွဲခဲ့မိတာပဲ။

ထိုညမှာ လုရှင်းမြန်က မိမိဘာသာ အိပ်ပျော်စေရန် သိုးရေတဲ့ နည်းလမ်းကို ပြန်သုံးခဲ့ရသည်။

မနေ့က မတိုင်ခင်ဆိုရင် လုရှင်းမြန် ဒီလောက် ဒုက္ခရောက်မှာ မဟုတ်ပေမဲ့ သဘာဝအတိုင်း နာရီအနည်းငယ် အိပ်ပျော်ခဲ့ပြီးနောက်မှာ လုရှင်းမြန်ဟာ အိပ်စက်ခြင်းကို လွန်စွာ တောင့်တနေခဲ့သည်။

သိုးရေခြင်းက လုရှင်းမြန်ကို အိပ်မပျော်စေတာကြောင့် သူက ထိုင်ရာမှထလိုက်ပြီး မီးဖွင့်ကာ ဝေါဟာရ စာလုံးများကို ကျက်မှတ်တော့သည်။

မနက် ၄ နာရီနီးပါး ရောက်မှ လုရှင်းမြန် အနည်းငယ် အိပ်ချင်လာပြီး ခဏမျှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။

ဒီနေ့လည်း သူ သုံးနာရီပင် ပြည့်အောင် မအိပ်ခဲ့ရပြန်ပေ။

အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ် စတင် အလုပ်လုပ်လာသည်။ မဟုတ်ရင် စူပါဟီးရိုးတောင် တစ်နေ့ကို သုံး၊ လေးနာရီမျှ လပေါင်းများစွာ ဆက်တိုက် အိပ်ပြီး မခံနိုင်ပေ။

ထို့ကြောင့် အတန်းထဲတွင် လုရှင်းမြန်ဟာ စားပွဲပေါ် မှောက်ကာ ခဏမျှ မှေးကနဲ အိပ်ပျော်သွားခဲ့သည်။

စာသင်ခုံပေါ်မှာ သင်္ချာဆရာက လုရှင်းမြန် အိပ်ပျော်နေတာကို တွေ့သွားခဲ့သည်။

သင်္ချာဆရာက ကျောက်သင်ပုန်းကို ခေါက်လိုက်သည်။

"မင်းတို့က အထက်တန်း နောက်ဆုံးနှစ် ရောက်နေပြီ! တက္ကသိုလ်ဝင်စာမေးပွဲက နောက်နှစ် ဇွန်လမှာ ရှိတယ်။ နောက်နှစ်ဆိုတာ မျက်စိတစ်မှိတ်အတွင်း ရောက်လာတော့မှာ။ မင်းတို့မှာ အချိန်အများကြီး မကျန်တော့ဘူး။ အခု ပင်ပန်းပေမဲ့ နောက်မှ ပြန်ကြည့်ရင် ဒီလို ကြိုးစားခဲ့တဲ့ ကာလက တန်ဖိုးရှိတယ်ဆိုတာ သိလာလိမ့်မယ်။ အတန်းထဲမှာ အိပ်မိလို့ နောင်တမရခင် အချိန်မီ ကြိုးစားကြပါ။"

ချန်ချဲ့က လှည့်ကြည့်လိုက်ရာ သူ့ရဲ့ စာသင်ခုံဖော် လုရှင်းမြန်က စားပွဲပေါ် ခေါင်းမှောက်ပြီး အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

သင်္ချာဆရာက စည်းကမ်းကြီးတဲ့ လူကြီးတစ်ယောက်ဖြစ်သည်။ ကျောင်းပြောင်းသူ ကျောင်းသားသစ် အတန်းထဲမှာ အိပ်နေတာကို တွေ့တဲ့အခါ သူ့ကို သင်ခန်းစာ နည်းနည်းပေးရန် ဆုံးဖြတ်လိုက်သည်။

"ကျောင်းသား လုရှင်းမြန် ရှေ့ထွက်လာပြီး ဒီပုစ္ဆာကို ရှင်းစမ်း။"

ချန်ချဲ့က လုရှင်းမြန်ကို အမြန်တွန်းလိုက်သည်။

"လုရှင်းမြန် ဆရာက မင်းကို ရှေ့ထွက်ပြီး ပုစ္ဆာလာရှင်းဖို့ ခေါ်နေတယ်"

လုရှင်းမြန် အိပ်ပျော်နေခဲ့ပေမဲ့ သူ့ရဲ့ ဦးနှောက်က နားမနေခဲ့ပေ။ ဆရာက သူ့ရဲ့ အမည်ကို ခေါ်လိုက်တာကို ကြားလိုက်တဲ့အခါ လုရှင်းမြန် မျက်လုံး ဖွင့်ကြည့်လိုက်သည်။

ကျောက်သင်ပုန်းပေါ်က ပုစ္ဆာဟာ သင်ရိုးညွှန်းတမ်းပြင်ပမှ ပုစ္ဆာဖြစ်ပြီး ကျောင်းသား အနည်းငယ်သာ ရှင်းနိုင်တဲ့ ပုစ္ဆာဖြစ်သည်။

သင်္ချာဆရာက တက္ကသိုလ်ဝင်စာမေးပွဲ နီးကပ်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ဂနာမငြိမ်မဖြစ်ဘဲ အတန်းထဲမှာ စိတ်စိုက်၍ သေချာ စာပြန်နွှေးသင့်ကြောင်း လုရှင်းမြန်ကို သတိပေးချင်ခဲ့ခြင်းဖြစ်သည်။

ဆရာ အံ့ဩသွားသည်မှာ လုရှင်းမြန်ဟာ ထိုပုစ္ဆာကို အမှန်တကယ်ပင် အပြစ်ဆိုဖွယ်မရှိ တွက်ချက်ရှင်းပြသွားခဲ့ခြင်းဖြစ်သည်။

သင်္ချာဆရာမှာ တအံ့တဩ ဖြစ်သွားခဲ့ရသည်။

လုရှင်းမြန်က ဒီလောက် ခက်ခဲတဲ့ ပုစ္ဆာကို အလွယ်တကူ ရှင်းနိုင်ခဲ့သည်။ လုရှင်းမြန်သးဟာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း အတန်းပိုင်ဆရာမထံမှ သူ ကြားဖူးခဲ့သည်။

လုရှင်းမြန်ကို နေရာသို့ ပြန်သွားရန် ပြောပြီးနောက် သင်္ချာဆရာက အတန်းထဲတွင် စာကို သေချာအာရုံစိုက်ရန် သာမန်အတိုင်းပင် မှာကြားပြီး စာဆက်သင်ခဲ့သည်။

နှိုးခြင်းခံလိုက်ရသဖြင့် လုရှင်းမြန်မှာ သဘာဝအတိုင်း ပြန်၍ အိပ်မပျော်တော့ပေ။

သူ့ နေရာကို ပြန်ရောက်တဲ့အခါ ချန်ချဲ့ဟာ လုရှင်းမြန်ကို အလွန်ပင် လေးစားသွားခဲ့သည်။ စာမသင်ဘဲနဲ့လည်း ထိုပုစ္ဆာကို တွက်နိုင်ခဲ့တဲ့အပြင် ထိုပုစ္ဆာက သင်ရိုးပြင်ပက ပုစ္ဆာဖြစ်တယ်လို့ ဆရာက ခုလေးတင် ပြောထားခဲ့သေးသည်။

အတန်းဆင်းတဲ့အခါ ချန်ချဲ့က မနေ့ညက အိပ်ရေးမဝလို့ အတန်းထဲမှာ အိပ်ပျော်သွားတာလားဟု မေးခဲ့သည်။

လုရှင်းမြန်က အိပ်ရေး သိပ်မဝခဲ့ကြောင်း ပြန်ပြောခဲ့သည်။

ကျောင်းဆင်းချိန်တွင် လုရှင်းမြန်က ဘတ်စ်ကားပေါ်မှ တစ်မှတ်တိုင် စောဆင်းကာ သူ့ရဲ့ အိမ်ရာဝန်းဆီသို့ လမ်းလျှောက်ပြန်ခဲ့သည်။ လမ်းပေါ်ရှိ ပုံစံအမျိုးမျိုးသော လူများကို ကြည့်ရင်း လုရှင်းမြန်က သူတို့ထဲမှ ဘယ်နှစ်ယောက်လောက်က သူ့လိုပဲ အိပ်မပျော်တဲ့ ရောဂါဝေဒနာ ခံစားနေရမလဲဟု တွေးမိခဲ့သည်။ ဒီလိုလူမျိုး ရှိနိုင်ချေက အလွန်နည်းပါလိမ့်မည်ဟု သူ စဉ်းစားလိုက်သည်။

လုရှင်းမြန်ဟာ အိပ်စက်ခြင်း ပုံပြင်ပြောပြတဲ့ ဝန်ဆောင်မှုကို ထပ်မံ အော်ဒါမှာလိုက်ပြီး မှတ်ချက်ထဲတွင် ယခင် ပုံပြင်ပြောပြပေးခဲ့သူကိုပင် တောင်းဆိုလိုက်သည်။

ဖောက်သည်ဝန်ဆောင်မှု ဝန်ထမ်းက အရင်အတိုင်းပင် အဆက်အသွယ် အချက်အလက်များကို လုရှင်းမြန်ထံ ပို့ပေးခဲ့ပေမဲ့ အလွန်ပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။

သူတို့ရဲ့ ဝန်ထမ်းက အလုပ်အပ်သူထံမှ အကောင့်အပ်လွှာ (friend request) မရရှိသေးကြောင်း ပြောပေမဲ့ အလုပ်အပ်သူကမူ ပို့ပြီးပြီဟု အတည်ပြုခဲ့သည်။

ထို့အပြင် ထိုဝန်ထမ်းထံတွင်ပင် အော်ဒါအသစ်တစ်ခုကို သီးသန့် ထပ်မံမှာယူခဲ့သေးသည်။

ဖောက်သည်ဝန်ဆောင်မှု ဝန်ထမ်းကခဏမျှ စဉ်းစားလိုက်ပြီး သူတို့ရဲ့ ဝန်ထမ်းမှာ မှားယွင်းသွားခြင်း ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။

ရေချိုးပြီးနောက် ရှောင်ယို့ဇီဟာ လုရှီရန်ရဲ့ ဖုန်းကို ယူ၍ ထပ်မံ ဆော့ကစားပြန်သည်။

လုရှီရန်က အပြင်လူများကို အကောင့် ထပ်မအပ်ရန် မေးမြန်းကတိတောင်းခဲ့ပြီး မင်းသမီးလေးက သဘောတူမှသာ ဖုန်းကို ပေးခဲ့သည်။

ရှောင်ယို့ဇီက သဘောတူခဲ့သည်။

လုရှီရန်သည် အခြားကိစ္စများကို သွားလုပ်ခဲ့သည်။

အမှန်တော့ ကလေးတွေက ကတိပေးပြီးလျှင်ပြီးခြင်း မေ့သွားတတ်ကြသည်။

ရှောင်ယို့ဇီက အနီရောင် အစက်လေးကို တွေ့လိုက်တဲ့အခါ မနေနိုင်ဘဲ နှိပ်လိုက်မိသည်။

ထို ချစ်စရာကောင်းတဲ့ Profile ပုံလေးပင် ဖြစ်နေခဲ့သည်။

ရှောင်ယို့ဇီက သူ့ရဲ့ ဦးလေးပြောထားတဲ့ စကားတွေကို သတိရပြီး ထွက်လိုက်ပေမဲ့ မိနစ်ပိုင်းအတွင်းမှာပင် ထို ချစ်စရာ Profile ပုံလေးကို အကောင့် လက်ခံ (accept) လိုက်ပြန်သည်။ ဒီ Profile ပုံလေးကို သူ မရှင်းပြနိုင်လောက်အောင် ရင်းနှီးနေသလို ခံစားခဲ့ရသည်။

ထို့နောက် ရှောင်ယို့ဇီဟာ ဂိမ်းဆော့ရန် ထွက်သွားခဲ့သည်။

ထိုညတွင် ရှောင်ယို့ဇီကို ပုံပြင်သုံးပုဒ် ပြောပြပြီးနောက်တွင်မှ မင်းသမီးလေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ စောင်ခြုံပေးပြီး မီးပိတ်လိုက်ကာ လုရှီရန်က သူ့ရဲ့ ကိုယ်ပိုင် အိပ်ခန်းဆီသို့ ပြန်လာခဲ့သည်။

သူ့ရဲ့ ဖုန်းထဲသို့ စာတစ်စောင် ဝင်လာခဲ့သည်။

စာကို တွေ့လိုက်တဲ့အခါ လုရှီရန်က Profile ပုံကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

ဒါက မနေ့ကမှ သူ အကောင့်ဖျက် (delete) လိုက်တဲ့သူ မဟုတ်ဘူးလား? ဘယ်လိုလုပ် ထပ်ပေါ်လာရတာလဲ?

ရှောင်ယို့ဇီက ထိုလူကို အကောင့် ထပ်မံ လက်ခံ (accept) ပေးလိုက်ခြင်း ဖြစ်ရမည်ဟု လုရှီရန် ချက်ချင်း ရိပ်မိလိုက်သည်။

[ မင်္ဂလာပါ ကျေးဇူးပြုပြီး ကျွန်တော့်အကောင့်ကို အရင် မဖျက်ပါနဲ့ဦးနော်? အခုကစပြီး ကျွန်တော့်ကို အိပ်ပျော်အောင် ပုံပြင်ပြောပြပေးလို့ ရမလား? ]

လုရှီရန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက ဘာလဲ?

လုရှီရန် ထိုသူကို အကောင့် ထပ်မံဖျက်ရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် WeChat စာတစ်စောင် ဝင်လာခဲ့ပြန်သည်။

[ ခင်ဗျား ပြောပြတဲ့ ပုံပြင်တွေကို ကျွန်တော် သဘောကျပါတယ်။ ခင်ဗျားအသံက နားထောင်လို့ သိပ်ကောင်းပါတယ်။ ကျွန်တော် အိပ်မပျော်တာ တစ်နှစ်ခွဲလောက် ရှိပြီ။ ]

[ ခင်ဗျား ပုံပြင်ပြောပြတဲ့နေ့က ကျွန်တော် အချိန်အကြာကြီးအတွင်း ပထမဆုံးအကြိမ် နာရီအနည်းငယ် အိပ်ပျော်ခဲ့ရတာပါ။ အဲဒါကြောင့် အခုကစပြီး ခင်ဗျား ကျွန်တော့်ကို အမြဲ အိပ်ပျော်အောင် ပုံပြင်ပြောပြပေးလို့ ရမလား? ]

[ ကျွန်တော်တို့ Taobaoကနေ အော်ဒါတင်စရာ မလိုပါဘူး။ ကျွန်တော် ခင်ဗျားဆီ တိုက်ရိုက် ပိုက်ဆံလွှဲပေးပါ့မယ်။ ကျွန်တော် အတည်ပြောတာပါ။ စျေးနှုန်းကို နှစ်ဆ ပေးပါ့မယ်။ ]

[ ခင်ဗျားရဲ့ အချိန် နာရီတစ်ထောင်ကို ဝယ်ချင်ပါတယ်။ အခုပဲ ပိုက်ဆံ တိုက်ရိုက် လွှဲပေးလို့ရပါတယ်။ ]

[ ဘာမှ စိုးရိမ်စရာမလိုပါဘူး၊ ဘာမှလည်း မလုပ်ပါဘူး။ ]

[ တစ်ဖက်လူက သင့်ထံသို့ ယွမ် ၂၀,၀၀၀ လွှဲပေးလိုက်ပါသည်။ ]

[ တောင်းပန်ပါတယ်၊ ကူညီပေးပါနော်။ ]

ဒီစာတွေကို ကြည့်ရင်း ဒီလူဟာ မသမာတဲ့ စိတ်ထားရှိသူ မဟုတ်ကြောင်း လုရှီရန် သေချာသွားခဲ့သည်။

သူက တစ်ခါတည်း ယွမ် ၂၀,၀၀၀ တောင် လွှဲပေးလိုက်တာလား? ပိုက်ဆံပဲယူပြီး အကောင့်ဖျက်လိုက်မှာ ဒါမှမဟုတ် Block လိုက်မှာကို မစိုးရိမ်ဘူးလား?

တစ်နှစ်ခွဲလုံးလုံး အိပ်မပျော်ခဲ့တာ တကယ်ပဲလား?

လုရှင်းမြန်က တစ်ဖက်လူရဲ့ တုံ့ပြန်မှုကို စိုးရိမ်တကြီး စောင့်မျှော်နေခဲ့သည်။

သနားစိတ် ဝင်လာစေရန် လုရှင်းမြန်က သူ့ရဲ့ အခြေအနေကို တမင် သနားစရာကောင်းအောင် လုပ်၍ တစ်နှစ်ခွဲလုံးလုံး အိပ်မပျော်ခဲ့ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

သူက စျေးနှုန်းကိုပင် နှစ်ဆ ပေးမည်ဟု ကမ်းလှမ်းခဲ့သဖြင့် တစ်ဖက်လူက ငြင်းဆန်မည် မဟုတ်ဟု ထင်ခဲ့သည်။

သူ မိနစ်အတော်ကြာအောင် စိုးရိမ်တကြီး စောင့်ဆိုင်းခဲ့ရသဖြင့် တစ်ဖက်လူက သူ့ကို အကောင့်ဖျက်တာ ဒါမှမဟုတ် Block လိုက်ပြီလားဟုပင် လုရှင်းမြန် သံသယ ဝင်လာခဲ့သည်။

ရုတ်တရက် သူ၏ ဖုန်းမြည်လာခဲ့သည်။

[ တစ်ဖက်လူက ငွေလွှဲမှုကို လက်ခံလိုက်ပါသည်။ ]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment