ရာသီဥတုက တဖြည်းဖြည်း ပို၍အေးစိမ့်လာခဲ့သည်။ ဒီအတောအတွင်းမှာပဲ လုရှင်းမြန်မှာ အအေးမိတာ ပိုများလာခဲ့ပြီး ယန်ချိန်းရဲ့ ရာသီဥတုနဲ့ အပြည့်အဝ ကျင့်သားမရသေးတာကြောင့်လည်း ဖြစ်နိုင်သည်။
ဒါပေမဲ့ ဒီအခေါက်တွေမှာတော့ အဖျားမပါဘဲ အအေးမိတာသက်သက်ပဲ ဖြစ်သည်။ ကံကောင်းစွာဖြင့် သူ ကြိုတင်ဆေးဝါး ပြင်ဆင်ထားခဲ့တာကြောင့် သောက်လိုက်ပြီးနောက် ဘာပြဿနာမှ မရှိတော့ဘဲ တစ်ရက်၊ နှစ်ရက်အတွင်း အအေးမိလက္ခဏာများ ပျောက်ကွယ်သွားလေ့ရှိသည်။
ဒါပေမဲ့လည်း နှစ်ရက် သို့မဟုတ် သုံးရက်ကြာတိုင်း လုရှင်းမြန် တစ်ကျော့ပြန် အအေးမိတတ်ပြီး ဒီလိုသံသရာမျိုး အကြိမ်ကြိမ် ဖြစ်ပွားနေခဲ့သည်။
လုရှင်းမြန် စာသင်ခန်းထဲ ရောက်တဲ့အခါ သူ့ စားပွဲပေါ်မှာ အရောင်စုံ ပစ္စည်းပုံးလေးကို တွေ့လိုက်ရသည်။ အနားတိုးကြည့်လိုက်မှ ထိုအရောင်စုံ ပစ္စည်းတွေဟာ လှလှပပ ထုပ်ပိုးထားတဲ့ ပန်းသီးများဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအခါမှ ဒီနေ့ဟာ ခရစ္စမတ်နေ့ ဖြစ်ကြောင်း သူ သတိရသွားခဲ့သည်။
ဒီပန်းသီးတွေက သူ့ စားပွဲတစ်ခုလုံးကို အပြည့်နီးပါး ဖုံးလွှမ်းနေပြီး စားပွဲအံဆွဲထဲမှာပင် အချို့ ရှိနေသေးသည်။
ချန်ချဲ့က လုံးဝ အလွတ်ဖြစ်နေတဲ့ သူ့စားပွဲကို ကြည့်လိုက်ရာ ဘေးနားရှိ လုရှင်းမြန်ရဲ့ စားပွဲနဲ့ သိသာစွာ ကွဲပြားခြားနားနေသည်။
"တကယ်ပဲ ဒါက သိပ်သိသာလွန်းတယ်!"
လုရှင်းမြန်ရဲ့ စားပွဲမှာ ဆံ့တော့မှာ မဟုတ်တာကြောင့် ပန်းသီးတစ်ဝက်နီးပါးက သူ့စားပွဲပေါ်သို့ ပြည့်လျှံတိုးဝှေ့ ရောက်ရှိနေခဲ့သည်။ ထိုပန်းသီးပိုင်ရှင်ဟာ ချန်ချဲ့က သူ့အတွက် ပေးတယ်လို့ အထင်လွဲမှာကို စိုးရိမ်တဲ့အတိုင်း ထိုပန်းသီးကို လုရှင်းမြန် ရဲ့ စားပွဲပေါ်တွင် အရမ်းကို တင်ပေးချင်နေပုံရသည်။
ချန်ချဲ့စိတ်ထဲ မနာလို သဝန်တိုမှုအချို့ ခံစားလိုက်ရသည်။ လုရှင်းမြန်ရဲ့ ရုပ်ရည်က လူကြိုက်များလွန်းလှသည်! ဒါပေမဲ့လည်း တွေးကြည့်ရင် သဘာဝကျပါသည်။ သူက ရုပ်ရည်ချောမောပြီး စာလည်း တော်သူဖြစ်၍ လူတိုင်းက သူ့ကို သဘောကျကြမည်မှာ အမှန်ပင်။
"မင်း အဲဒီလောက် ရေပန်းစားမှန်း ငါမသိခဲ့ဘူး"
ချန်ချဲ့က ဘယ်ကမှန်းမသိ ပန်းသီးတစ်လုံး ဆွဲထုတ်ရင်း ပြောလိုက်သည်။
"ငါ့မှာ နောက်ထပ် ပန်းသီးတစ်လုံး ရှိသေးတယ်။ အထက်တန်း ပထမနှစ်က ဂျူနီယာညီမလေးတစ်ယောက် မင်းကို ပေးခိုင်းလိုက်တာ"
လုရှင်းမြန်က ပန်းသီးတွေ ပြည့်နေတဲ့ စာပွဲကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူတို့က စားပွဲတစ်ခုလုံးကို နေရာယူထားကြရာ သူ ဘယ်လိုလုပ် စာကျက်ရတော့မည်နည်း။
ထို့ကြောင့် လုရှင်းမြန်က ထိုပန်းသီးတွေကို ဘေးပတ်ဝန်းကျင်ရှိ အတန်းဖော်များကို ဝေမျှပေးလိုက်သည်။
သူ့စားပွဲပေါ်က ပန်းသီးတွေက သူ့အတွက် ပေးထားတာ ဖြစ်ရမယ်လို့ ဘယ်သူက ပြောနိုင်မည်နည်း။ ဘယ်သူ ပေးမှန်း မသိတာကြောင့် လူတိုင်းကို ဝေမျှပေးလိုက်တာကမှ ပိုကောင်းပေမည်။
စားပွဲပေါ်က ပန်းသီးအားလုံးကို သူ့အတွက် တစ်လုံးမှ မချန်ဘဲ ဝေမျှပေးလိုက်ပြီးနောက် လုရှင်းမြန် ခဏမျှ စဉ်းစားကာ လုကော ဆီသို့ မက်ဆေ့ချ် ပို့လိုက်သည်။
လုရှင်းမြန်: [လုကော ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေး ဖြစ်ပါစေ။]
မိနစ်အနည်းငယ် ကြာပြီးနောက် လုရှင်းမြန် ပြန်စာ ရရှိခဲ့သည်။
လုရှီရန်: [ကျောင်းသား လုရှင်းမြန် ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေး ဖြစ်ပါစေ။]
ထို့နောက် ချက်ချင်းဆိုသလို လုရှင်းမြန်ဟာ လုကော ဆီက ဟုန်ပေါင်းလေးခု လက်ခံရရှိခဲ့သည်။
ပျော်ရွှင်ဖွယ် ခရစ်စမတ်...
အကြိမ်ကြိမ် လှည့်စားခြင်း ခံခဲ့ရဖူးတဲ့ လုရှင်းမြန်က ဒီတစ်ကြိမ်မှာ လုကောရဲ့ဟုန်ပေါင်းကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ အကြိမ်တိုင်းမှာ ယွမ် ၂၀၀ ဖြစ်နေပြီး မုန့်ဝယ်စားရန် လုရှင်းမြန်ကို ပြောလေ့ရှိကာ ဟုန်ပေါင်း အသေးလေး ဖြစ်ကာ ယွမ်၁၀ ထက် မပိုပါဘူးဟု အမြဲ လိမ်ပြောလေ့ရှိပေမဲ့ လုရှင်းမြန်မှာ အကြိမ်တိုင်း အယုံလွယ်ခဲ့ရသည်။
လုရှင်းမြန်က လုကောရဲ့ အလုပ်က အရမ်းပင်ပန်းကြောင်း ခံစားရသည်။ လုကောဆီ ဖုန်းခေါ်တဲ့ အကြိမ်အချို့တွင် ဟိုဘက်မှ ဆူညံသံများ ကြားရလေ့ရှိသည်။ လုကောက သူ့သူဌေးနဲ့ ဧည့်ခံစကားပြောနေရကြောင်း ပြောပြီး လုရှင်းမြန်ကို နာရီဝက်ခန့် စောင့်ခိုင်းလေ့ရှိသည်။
ဒီလောက် ညဉ့်နက်တဲ့အထိ ဧည့်ခံနေရသေးတာကို ကြည့်ခြင်းအားဖြင့် လုကောရဲ့ အလုပ် မည်မျှ ပင်ပန်းကြောင်း သိသာလှသည်။ နေ့ဘက်တွင် အလုပ်လုပ်ပြီး ညဘက်တွင်လည်း အချိန်ပိုင်းအလုပ် လုပ်နေရသည်။ လုရှင်းမြန် အနေဖြင့် လုကော တစ်ယောက် အကြွေးဆပ်ရန်အတွက် မနားတမ်း ပင်ပန်းကြီးစွာ အလုပ်လုပ်နေရတာကို မြင်ယောင်ကြည့်နိုင်သည်။ ထိုသို့ဆိုပါက လုကောဆီက ဟုန်ပေါင်း အကြီးကြီးတွေကို ယူရန် သူ မည်သို့ ရက်စက်နိုင်ပါမည်နည်း။
လုရှင်းမြန်က ဟုန်ပေါင်ူကို ယူရန် တွန့်ဆုတ်နေတာကို မြင်တော့ လုရှီရန် က ပမာဏ အရမ်းနည်းကာ ယွမ် ၂၀၀ တော့ လုံးဝ မဟုတ်ပါဘူးဟု အာမခံခဲ့သည်။ လုကောရဲ့ ရိုးသားတဲ့ လေသံကို ကြည့်ပြီး လုရှင်းမြန်က ဟုန်ပေါင်းကို နှိပ်လိုက်သည်။ တကယ်ပင် ယွမ် ၂၀၀ မဟုတ်ဘဲ စာအိတ်တစ်အိတ်လျှင် ယွမ် ၅၀ စီ ပါဝင်ပြီး စုစုပေါင်း ယွမ် ၂၀၀ ပြန်ဖြစ်နေခဲ့သည်။
လုရှင်းမြန်: [လုကော ကျွန်တော်မသိအောင် နောက်တစ်ခါ လိမ်လိုက်ပြန်ပြီနော်။]
လုရှီရန်: [ဖုန်းပဲ ကြည့်မနေနဲ့တော့ အတန်းစတော့မယ်။ အတန်းထဲမှာ ဂရုစိုက် စာနားထောင်။]
လုရှင်းမြန် ရုတ်တရက် သတိရသွားတာက လုကောဟာ ယန်ချိန်းမှာ ရှိနေပြီး သူနဲ့လည်း ယန်ချိန်းက သိပ်မဝေးလှပေ။
လုရှင်းမြန်: [လုကော အချိန်ရရင် အပြင်မှာ ထမင်းလိုက်ကျွေးချင်ပါတယ်။]
လုရှီရန်: [အဲဒါ နောက်မှပဲ ကြည့်တာပေါ့။]
လုရှင်းမြန် ထပ်ပြောမလို့ လုပ်တုန်း ဆရာ ရောက်လာတာကြောင့် ဖုန်းကို ကျောပိုးအိတ်ထဲ ထည့်လိုက်ရသည်။ ကျောင်းမှာ ဖုန်းသုံးခွင့် မရှိပေ။
လုရှင်းမြန်က လုကော ကို ထမင်းလိုက်ကျွေးချင်တာ အခြားအကြောင်း ကြောင့်မဟုတ်ဘဲ ကျေးဇူးတင်ချင်လို့ဖြစ်သည်။ အခုဆိုရင် သူ ညတိုင်း ၅ နာရီ သို့မဟုတ် ၆ နာရီခန့် အိပ်ပျော်နိုင်ပြီဖြစ်သည်။ ဒါကလည်း လုကေက သူ့ကို ပုံပြင်ပြောပြီး ချော့သိပ်ပေးတဲ့ အခါမှသာ ဖြစ်သည်။ လုကော အလုပ်ရှုပ်နေပြီး မရှိတဲ့အခါများတွင် လုရှင်းမြန် က မအိပ်နိုင်ဘဲ လူးလွန့်နေတုန်းပင် ဖြစ်သည်။
သူ့ကို ချော့သိပ်ရုံတင်မကဘဲ အချိန်ရတဲ့အခါများတွင်လည်း လုကောက ဟင်းချက်နည်းတွေကို ကိုယ်တိုင် သင်ပေးလေ့ရှိသည်။ လုရှင်းမြန်က အလွယ်တကူ ခေါက်ဆွဲခြောက်ပဲ အမြဲစားတတ်ကြောင်း သူ ခန့်မှန်းမိပုံရသည်။ အထက်တန်း နောက်ဆုံးနှစ်ရဲ့ မကောင်းတဲ့ အိပ်စက်မှု အရည်အသွေးနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို အမြဲစားသုံးနေခြင်းကြောင့် သူ့ခန္ဓာကိုယ် တောင့်ခံနိုင်တာက အံ့ဩစရာပင် ဖြစ်သည်။
ထို့ကြောင့် အားလပ်ချိန်များတွင် လုကောက လုရှင်းမြန် ကို ခရမ်းချဉ်သီး ကြက်ဥကြော်နဲ့ ဟင်းသီးဟင်းရွက်ကြော်ကဲ့သို့ ရိုးရှင်းတဲ့ ဟင်းလျာတွေမှ စတင်ကာ ဟင်းချက်နည်းများ သင်ပေးခဲ့သည်။ လုကောရဲ့ လမ်းညွှန်မှုအောက်တွင် လုရှင်းမြန်က ရိုးရှင်းတဲ့ ဟင်းအချို့ ချက်ပြုတ်တတ်လာခဲ့သည်။ ဒါပေမဲ့ လုကောရဲ့ ညွှန်ကြားချက်တွေကို တစ်ဆင့်ချင်းအတိုင်း လိုက်လုပ်ပေမဲ့ သူချက်တဲ့ ဟင်းအရသာက ဘာလို့... စကားဖြင့် ဖော်ပြမရနိုင်အောင် ဖြစ်နေရတာလဲဆိုတာ သူ မရှင်းပြတတ်ပေ။ ဒါပေမဲ့ ခေါက်ဆွဲခြောက် စားတာထက်စာရင်တော့ ပိုကောင်းပါသေးသည်။
ဒီနေ့ လုရှီရန် က အလုပ်မရှုပ်ဘဲ လုရှင်းမြန်ကို အမဲသား အာလူးပေါင်း ပြုလုပ်နည်း ရိုးရှင်းစွာ သင်ပေးချင်နေခဲ့သည်။ လုရှင်းမြန် က မနေ့ညက အမဲသားပေါင်း စားချင်ကြောင်း၊ အရင်က ချက်ကြည့်ဖူးပေမဲ့ အမဲသားက အရမ်းဆိုးရွားသွားခဲ့ကြောင်း လုရှီရန်ကို ပြောပြခဲ့ဖူးသည်။ ဒါကို ကြားပြီးနောက် လုရှီရန်က နောက်နေ့တွင် အဆိုပါ ဟင်းလျာ ချက်ပြုတ်နည်းကို သင်ပေးမယ်လို့ ပြောခဲ့သည်။ ထို့ကြောင့် ကျောင်းဆင်းပြီးနောက် လုရှင်းမြန်က သူ့ရဲ့ အိမ်ရာဝင်းအနီးရှိ ဈေးမှ အမဲသား တစ်ပေါင်နဲ့ အာလူး တစ်လုံး ဝယ်ယူခဲ့သည်။
လုရှင်းမြန်က လုကောဟာ အရင်အကြိမ်များအတိုင်း အသံဖုန်းခေါ်ဆိုမှုမှတစ်ဆင့် သင်ပေးမယ်လို့ ထင်မှတ်ထားခဲ့သည်။ ဒါပေမဲ့ လုရှင်းမြန် အရင်က ဘာကြောင့် မအောင်မြင်ခဲ့တာလဲဆိုတာကို ပိုမိုနားလည်နိုင်ရန် လူဘက် မလှည့်ဘဲ ကင်မရာ ဖွင့်ပေးနိုင်မလားဟု မေးမြန်းတဲ့ မက်ဆေ့ချ်ကို လုကော ဆီမှ လက်ခံရရှိခဲ့သည်။ ကင်မရာ မဖွင့်ချင်ပါကလည်း ရသည်။ အသံဖုန်းခေါ်ဆိုမှုဖြင့်လည်း အဆင်ပြေကြောင်းနဲ့ လုရှင်းမြန်ကို အမဲသားပေါင်း ချက်တတ်အောင် သင်ပေးမယ်လို့ လုကော က ထပ်မံပြောကြားခဲ့သည်...
လုရှင်းမြန်က လုကောရဲ့ ဗီဒီယိုခေါ်ဆိုရန် အကြံပြုချက်ကို မြင်တဲ့အခါ ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ့မျက်နှာ မမြင်ရပေမဲ့ လူချင်း မျက်နှာချင်းဆိုင် တွေ့နေရသလို ခံစားရပြီး ရုတ်တရက် ရှက်ရွံ့ သွားခဲ့သည်။
ထို့နောက် လုရှင်းမြန်က လုကောဆီသို့ ဗီဒီယိုဖုန်း စတင်ခေါ်ဆိုလိုက်သည်။
မက်ဆေ့ချ် ပို့ပြီးနောက် မိနစ်အနည်းငယ်ကြာတဲ့အထိ လုရှီရန်ထံမှ ပြန်စာ မရရှိခဲ့ပေ။ လုရှီရန်က သူ နယ်ကျော်သွားမိပြီး လုရှင်းမြန်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သလားဟု တွေးတောနေခဲ့သည်။ အမှန်တကယ်တွင် သူတို့က အင်တာနက်ပေါ်မှ သိသူများသာ ဖြစ်ကြပြီး ဗီဒီယိုခေါ်ဆိုမှုမှာ သိပ်ဘေးမကင်းလှပေ။ လုရှင်းမြန် က သူ့ကို မကောင်းတဲ့ စေတနာရှိသူလို ထင်သွားမည်လား။ ဒါပေမဲ့ ဒီလို သတိထားခြင်းက ကောင်းပါသည်။ ဘယ်သူမှ သူစိမ်းတစ်ယောက်ကို မျက်နှာ မပါရင်တောင်မှ ဗီဒီယိုကောမခေါ်သင့်ပေ။ လုရှင်းမြန်က ဒီနေရာမှာ တကယ် တော်ပြီး ဘေးကင်းရေး သတိရှိကြောင်း ပြသနေခဲ့သည်။
လုရှီရန် စိတ်အေးသွားတဲ့ အခိုက်မှာပင် လုရှင်းမြန်က ဗီဒီယိုကောခေါ်ဆိုလိုက်သည်။
လုရှီရန်: “……”
သူ ခေါ်ဆိုမှုကို လက်ခံလိုက်သည်။
လုရှင်းမြန်က သူ့ ဖုန်းကို အသေအချာ ထောင်ထားပြီး ဗီဒီယိုထဲတွင် အမဲသားအစိမ်း ထည့်ထားတဲ့ ပန်းကန်တစ်ခုနဲ့ အခွံနွှာထားတဲ့ အာလူးတစ်လုံး ရှိနေတဲ့ စင်းပျဉ်းတုံးကို တွေ့ရသည်။ ဒါက မီးဖိုချောင် ဖြစ်ပုံရကာ အနည်းငယ် သေးငယ်ပုံရသည်။
ထို့နောက် လုရှီရန်က လုရှင်းမြန်ရဲ့ အသံကို ကြားလိုက်ရသည်။
"လု-လုကောညအခု ကျွန်တော်တို့ ဘာ ဆက်လုပ်ရမလဲ"
သူ့အသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
လုရှင်းမြန်က သူ့ဖုန်းကို ကြည့်လိုက်ရာ ဖုန်းမျက်နှာပြင်က အနက်ရောင်လည်း မဟုတ်၊ အဖြူရောင်လည်း မဟုတ်ဘဲ စာအုပ်ကဲ့သို့ အရာတစ်ခုခုပေါ်တွင် ဖုန်းကို ထောက်ထားပြီး ကင်မရာကို ပိတ်ထားကြောင်း သိလိုက်ရသည်။ လုရှင်းမြန် စိတ်လှုပ်ရှားမှု၊ စိတ်ပျက်မှုနဲ့ စိတ်အေးသွားမှုတို့ ရောထွေးစွာ ခံစားလိုက်ရသည်။ ဒီလို သာယာလှတဲ့ အသံပိုင်ရှင် လုကောက ဘယ်လို ပုံစံရှိလဲဆိုတာ သူ တကယ် သိချင်ခဲ့ပေမဲ့ ဒါက မဖြစ်နိုင်ကြောင်းနဲ့ သူ အတွေးလွန်နေမိတာကို ချက်ချင်း သတိရသွားခဲ့သည်။
လုကောက သူ့ကို အာလူးတွေကို အတုံးကြီးကြီး အရေအတွက် အရင်လှီးခိုင်းလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် လှပတဲ့ လက်တစ်စုံက မီးဖိုချောင်သုံး ဓားကို ကိုင်ထားပြီး အာလူးများကို ငြိမ်သက်စွာ လှီးဖြတ်နေသည်။
လုရှီရန်က ထိုဘက်မှ တိုက်ရိုက် ညွှန်ကြားပေးခဲ့သည်။
"အာလူး လှီးတာ ကောင်းပါတယ် ပိုသေးအောင် နည်းနည်း ထပ်လှီးလို့ရတယ်"
ဒီလို နားထောင်လို့ ကောင်းတဲ့ အသံနဲ့ သူ့ကို ဟင်းချက်နည်း သင်ပေးနေတာကို လုရှင်းမြန် နည်းနည်း နှမြောသလို ခံစားမိသည်။
ဗီဒီယိုဖုန်း ခေါ်ဆိုမှုက အသံဖုန်း ခေါ်ဆိုမှုနဲ့ ကွဲပြားတာကြောင့် လုရှင်းမြန်က ဓားကို စတင်ကိုင်စဉ်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပြီး လှီးရမဲ့နေရာကိုပင် လွဲသွားခဲ့သေးသည်။
လုရှီရန် က သတိထားမိသွားသည်။
"မင်း စိတ်လှုပ်ရှားနေတာလား"
လုရှင်းမြန်ရဲ့ အသံက အနည်းငယ် ရှက်ရွံ့နေသည်။
"အင်း နည်းနည်းပါ လုကော၊၊ ဒါက သူစိမ်းတစ်ယောက်နဲ့ ဗီဒီယိုကော ပထမဆုံး ခေါ်ဖူးတာပါ"
လုရှီရန် က "စိတ်မလှုပ်ရှားပါနဲ့။ ဓားကို မြဲမြဲကိုင် ကိုယ့်ကိုယ်ကို မရှမိစေနဲ့" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
လုရှင်းမြန်က လှီးထားတဲ့ အာလူးတုံးတွေကို ကင်မရာဆီ ထောင်ပြလိုက်သည်။
"လုကော ဒီအရွယ်အစား အဆင်ပြေရဲ့လား"
ကောင်လေးရဲ့ လက်ပေါ်မှာ အာလူးတုံး အနည်းငယ် ရှိနေပြီး သူ့ရဲ့ နွေးထွေးတဲ့ လက်ဝါးအောက်မှာ ထိုအာလူးတုံးတွေက ပုလဲများကဲ့သို့ ချက်ချင်း တောက်ပသွားသလို ထင်ရသည်။
လုရှီရန်က ထောက်ခံတဲ့အနေဖြင့် ခေါင်းညိတ်ပြပြီး ကောင်လေးကို ချီးမွမ်းလိုက်သည်။
"လှီးတာ တော်တယ် အရမ်းကောင်းတယ်"
လုရှင်းမြန်ရဲ့ ရင်ထဲ လုကောရဲ့ ချီးမွမ်းမှုကြောင့် ပျော်ရွှင်မှုများ ပြည့်လျှံသွားခဲ့သည်။
သူက ကျန်ရှိတဲ့ အာလူးတွေကို အရွယ်အစား တူညီအောင် လှီးဖြတ်လိုက်သည်။ လှီးထားတဲ့ အာလူးတုံးတွေဆီက ကစီဓာတ်တွေကို ဆေးကြောပြီးနောက် ရေစစ်ကာ ပန်းကန်ထဲ ထည့်၍ အသင့်ပြင်ထားလိုက်သည်။
နောက်တစ်ခုက အမဲသားတွေကို အတုံးကြီးကြီး လှီးရမည်ဖြစ်သည်။ လုရှီရန် က လုရှင်းမြန်ကို အမဲသားကို အာလူးတုံးများထက် အနည်းငယ် ကြီးအောင် သို့မဟုတ် စိတ်ကြိုက် အရွယ်အစားအတိုင်း လှီးနိုင်ကြောင်း ပြောပြခဲ့သည်။
လုရှင်းမြန် စိတ်မလှုပ်ရှားတော့ပေ။ သူက အမဲသား နှစ်တုံး လှီးပြီး လုရှီရန် ကို ပြသရန် မြှောက်ပြကာ
"လုကော ဒီလို လှီးတာ အဆင်ပြေရဲ့လား" ဟု မေးလိုက်သည်။
လုရှင်းမြန်က အမဲသားတွေကို ညီညာတဲ့ အတုံးသေးလေးများ ရရှိရန် ကြိုးစားနေတာ ထင်ရှားသည်။ လုရှီရန် က ခပ်တိုးတိုး ရယ်မောလိုက်ပြီး
"စောစောက ပြောတာတွေကို ပြန်ရုပ်သိမ်းပါတယ်။ မင်း သဘောကျသလိုသာ လှီးပါ။ ဘယ်လိုပုံစံမဆို ရတယ်။ ပုစ္ဆာတွက်သလိုမျိုး အဖြေမှန်ရဖို့ ပုံသေနည်း မလိုအပ်ပါဘူး။ စိတ်ကြိုက်သာ လှီးပါ" ဟု ပြောလိုက်သည်။
ဒါက လုရှင်းမြန် အတွက် လုကော ရယ်မောသံကို ပထမဆုံး ကြားဖူးခြင်း ဖြစ်မည်။ သူ့ အသံက သာယာလှပြီး သူ့ရဲ့ ရယ်မောသံက ဤမျှအထိ ဆွဲဆောင်မှုရှိမည်ဟု မထင်ထားခဲ့ပေ၊၊ ရှေးဟောင်း ဘုန်းကြီးကျောင်းမှ ခေါင်းလောင်းသံထက်ပင် ပိုမို နားထောင်လို့ ကောင်းနေခဲ့သည်။
ထိုရယ်မောသံကြောင့် လုရှင်းမြန်ရဲ့ ရင်ခုန်သံများ မြန်ဆန်သွားခဲ့ရသည်။ ရလဒ်အနေဖြင့် လုရှင်းမြန် က ရယ်မောသံထဲ သာယာမိနေရာမှ မတော်တဆ သူ့ လက်ချောင်းကို ရှမိသွားခဲ့သည်။
သူက "အား!" ဟု အော်လိုက်မိသည်။
လုရှီရန်က စိတ်ပူစွာ ဖုန်းနားသို့ တိုးလိုက်ပြီး
"ဘာဖြစ်လို့လဲ။ လက်ရှသွားတာလား"
ဖုန်းမျက်နှာပြင်ပေါ်မှာ ကောင်လေးရဲ့ လက်ချောင်းထိပ်မှ သွေးနီရဲရဲများ စီးကျလာသည်။ သူ တကယ်ပဲ လက်ရှသွားခဲ့တာ ဖြစ်သည်။
လုရှင်းမြန်က
"လုကော ခဏစောင့်ပါဦး။ ကျွန်တော် ပလာစတာ သွားကပ်လိုက်ဦးမယ်" ဟု ပြောလိုက်သည်။
ထို့နောက် လုရှင်းမြန်ရဲ့ လက်က မျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ လုရှီရန်က ဖိနပ်စီးလျှောက်သွားတဲ့ အသံနှင့် အံဆွဲဖွင့်ပြီး ပစ္စည်းရှာတဲ့ အသံကို ခပ်တိုးတိုး ကြားလိုက်ရသည်။ ငါးမိနစ်မပြည့်ခင် လုရှင်းမြန် က မီးဖိုချောင်သို့ ပြန်ရောက်လာခဲ့သည်။
လုရှီရန်: "လက် အဆင်ပြေရဲ့လား"
ပလာစတာ ကပ်ထားတဲ့ လက်ချောင်းလေးက ကင်မရာရှေ့မှာ လှုပ်ရှားသွားပြီး -
"ရပါတယ် ရပါတယ်။ မတော်တဆ ဖြစ်သွားတာပါ။ ပလာစတာ ကပ်လိုက်တော့ ဘာမှ မဖြစ်တော့ပါဘူး"
လုရှင်းမြန်: "လုကော ဟင်း ဆက်ချက်ရအောင်"