လုမိသားစုက ကြီးကြပ်ကျင်းပတဲ့ ဧည့်ခံပွဲကို တက်ရောက်ရန် လူအများအပြားက ဖိတ်ကြားလွှာရရှိရေး ကြိုးပန်းခဲ့ကြသဖြင့် အခမ်းအနားမှာ စည်ကားသိုက်မြိုက်လျက်ရှိသည်။ လုမိသားစုရဲ့ စံအိမ်ကြီးမှာ ကျယ်ဝန်းပြီး ခမ်းနားလှသဖြင့် ဧည့်သည်များစွာ ရောက်ရှိနေပေမဲ့ ကျဉ်းကျပ်နေသလို မခံစားရပေ။
လုရှင်းမြန်က ထိုကဲ့သို့သော ဧည့်ခံပွဲမျိုးနဲ့ အမှန်တကယ်ပင် အသားမကျခဲ့ပေ၊၊ အားလုံးမှာ မသိကျွမ်းတဲ့ မျက်နှာများ ဖြစ်ကြသည်။ သူဟာ အရင်က ဒီလို ပွဲမျိုးကို တစ်ခါမှ မတက်ရောက်ဖူးပေ။ သူ အရင်က တက်ရောက်ဖူးတဲ့ တစ်ခုတည်းသော ဧည့်ခံပွဲမှာ လုမိသားစုထံသို့ ပထမဆုံး ပြန်ရောက်လာတဲ့ အချိန်က ဖြစ်သည်။ ပျောက်ဆုံးသွားတဲ့ ကလေးကို ပြန်တွေ့တဲ့အတွက် ကျင်းပပေးတဲ့ ဧည့်ခံပွဲဟု ဆိုပေမဲ့ အမှန်တကယ်တွင် ဧည့်ခံပွဲနေ့၌ လုရှင်းမြန်မှာ ထောင့်တစ်နေရာတွင် သီးသန့် တစ်ယောက်တည်း ပစ်ထားခြင်း ခံခဲ့ရသည်။
ဘယ်သူမှ သူ့ကို သတိမပြုမိကြပေ၊၊ ဧည့်ခံပွဲရဲ့ ရည်ရွယ်ချက်ကိုပင် အားလုံး မေ့လျော့နေကြပုံရသည်။ ဧည့်ခံပွဲ ပြီးဆုံးသွားတဲ့အခါမှ လုယန့်နဲ့ ရှယွဲ့ဖန်းတို့ဟာ စတင်ချိန်မှ အဆုံးထိ ပွဲထုတ်ခြင်း လုံးဝမခံရဘဲ ထောင့်တစ်နေရာမှာ ရှိနေခဲ့တဲ့ လုရှင်းမြန်ကို သတိရသွားကြသည်။ သူတို့က သူ့အား ကြောက်ရွံ့တတ်ပြီး နည်းနည်းမှ သဘောထား မပြည့်ဝဟုပင် အပြစ်တင်ခဲ့ကြသည်၊၊ လုမိသားစုရဲ့ ကလေးတစ်ယောက်နဲ့ လုံးဝမတူဟု ဆိုကြသည်။ ဒါပေမဲ့ ဧည့်ခံပွဲမှာ လုရှင်းမြန်ဟာ ဘယ်သူ့ကိုမှ မသိကျွမ်းကြောင်းနဲ့ ယန်ချိန်းဟာ သူ့အတွက် လုံးဝ စိမ်းသက်တဲ့ မြို့တစ်မြို့ ဖြစ်ကြောင်းကိုမူ သူတို့ မေ့လျော့နေခဲ့ကြသည်။
လုရှင်းမြန်က လက်ရှိ ဧည့်ခံပွဲကိုလည်း မနှစ်သက်သေးပေ၊၊ သူက ပြသခံထားရတဲ့ ပစ္စည်းတစ်ခုမျှသာ ဖြစ်နေသည်။ "ပြသခံရပြီး" နောက်တွင် လုရှင်းမြန်က ထိုင်ဖို့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာဖွေလိုက်သည်။ သူ့ကို ထိုသို့ မြင်တွေ့လိုက်ရတဲ့အခါ ရှယွဲ့ဖန်းက သူ့မှာ ပေါင်းသင်းဆက်ဆံရေး အမူအကျင့် မရှိဟု တွေးတောကာ နောက်ထပ် မကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လုစီဟန်က ရှယွဲ့ဖန်းကို ဖျောင်းဖျရန် ကြိုးစားခဲ့သည်။
"မေမေ လုရှင်းမြန်ကို အချိန်နည်းနည်း ပေးလိုက်ပါ။ သူက ဒီလိုပွဲတွေကို အရင်က တက်ရောက်ဖူးတာ ရှားတော့ အသားမကျတာ ဖြစ်မှာပါ။ နောက်တော့လည်း သူ အသားကျသွားမှာပါ၊ ဖြည်းဖြည်းချင်းပဲ သွားရအောင်။"
လုစီဟန်ရဲ့ စကားတွေက ရှယွဲ့ဖန်းကို စိတ်သက်သာရာ ရစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူတို့ လေးယောက် အတူတကွ ရောက်ရှိလာတာကို လူအများအပြား မြင်တွေ့ခဲ့ပြီးဖြစ်၍ သူတို့ မျက်နှာလိုက်တယ်လို့ ဘယ်သူမှ စွပ်စွဲတော့မည် မဟုတ်ပေ။
လုစီဟန်က သူ့မိခင်ရဲ့ လက်မောင်းကို ကျီစယ်ရင်း ချိတ်တွဲလိုက်သည်။
"မေမေ ဟိုဘက်ကို သွားရအောင်။"
ရှယွဲ့ဖန်းနဲ့ လုစီဟန်တို့ ထွက်ခွာသွားခဲ့ကြသည်။ သူမရဲ့ ဒီသားက စိတ်နေစိတ်ထား ထူးဆန်းပြီး သူတို့နဲ့ ရင်းနှီးမှု မရှိပေ။ ဟိုဘက်မှာ သူမ သိတဲ့ သဌေးကတော် အချို့ ရှိနေသဖြင့် သူမက ထိုလူတွေနဲ့ သွားရောက် စကားစမြည် ပြောဆိုချင်နေခဲ့သည်။
သဌေးကတော် အချို့က လုမိသားစုရဲ့ အစစ်အမှန် သခင်လေးအကြောင်း ဆွေးနွေးနေကြသည်။
"နင် သူ့ကို မြင်လိုက်လား? လုမိသားစုရဲ့ အစစ်အမှန် သခင်လေးက တကယ်ကို အရည်အချင်းရှိတာပဲ၊၊ လုစီဟန်ထက် အများကြီး ပိုကြည့်ကောင်းတယ်။"
"သခင်လေးအစစ်က တစ်ချက်ကြည့်လိုက်တာနဲ့တင် ရင့်ကျက်တည်ငြိမ်တဲ့ အရှိန်အဝါ ရှိနေတာပဲ။"
"နင်တို့ သတိထားမိလား မသိဘူး၊၊ သခင်လေးအစစ်ရဲ့ ဝတ်စုံက လုံးဝ တော်ပုံမရဘူး။ သူတို့က ဟန်ပြဖို့တောင်မှ ပြင်ဆင်မပေးချင်ကြဘူး။"
"လူတွေက သူတို့ကို မျက်နှာလိုက်တယ်လို့ မပြောနိုင်အောင် ပါးစပ်ပိတ်ဖို့အတွက်ပဲ အစစ်အမှန် သခင်လေးကို ဒီနေ့ ခေါ်လာတာဆိုတာ အားလုံး အသိပဲလေ။"
ရှယွဲ့ဖန်း ချဉ်းကပ်လာတာကို မြင်တဲ့အခါ သူဌေးကတော်တွေ စကားဝိုင်းကို သတိထား၍ အကြောင်းအရာ ပြောင်းလိုက်ကြသည်။
လုယန့်နဲ့ ရှယွဲ့ဖန်းတို့နှစ်ဦးစလုံး ပေါင်းသင်းဆက်ဆံရန် ထွက်သွားကြသည်။ လုစီဟန်လည်း သူ့သူငယ်ချင်းများကို သွားရှာခဲ့သည်၊၊ သူတို့အသိုင်းအဝိုင်းမှာ သူ့တွင် ခင်မင်ရတဲ့ သူငယ်ချင်းအချို့ ရှိသည်။
"သူငယ်ချင်းတို့ ငါ့ကို ကူညီပေးရမယ့် ကိစ္စတစ်ခု ရှိတယ်။"
လုရှင်းမြန်ဟာ တစ်နေ့လုံးနီးပါး ဘာမှမစားရသေးသဖြင့် ဆာလောင်မှုကြောင့် မူးဝေလာခဲ့သည်။ သူက ခဏမျှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး အစားအသောက် ပြင်ဆင်ထားတဲ့ နေရာကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည်။ သူ့ ကျောပိုးအိတ်ကို ကုလားထိုင်ပေါ်တွင် တင်ထားခဲ့ပြီး အစားအသောက် အချို့ သွားယူခဲ့သည်။
သူ ထွက်သွားပြီး မကြာရင်မှာပင် ကောင်လေးအချို့ ရောက်ရှိလာပြီး သူ့ ကျောပိုးအိတ်ကို မွှေနှောက် ရှာဖွေခဲ့ကြပေမဲ့ ရှာနေတဲ့အရာကို မတွေ့ခဲ့ကြပေ။
အစားအသောက် ပြင်ဆင်ထားတဲ့ နေရာမှာ အစားအသောက်များစွာ ရှိနေသဖြင့် လုရှင်းမြန်မှာ ဘာကို ရွေးချယ်ရမှန်း မသိဖြစ်ခဲ့သည်။ သူက ဝမ်းဗိုက်ပြည့်စေမဲ့ အစားအစာ အချို့ကို ရွေးချယ်လိုက်သည်။ သူ အမှန်တကယ် ဆာလောင်နေသဖြင့် သူ့ ပန်းကန်ထဲတွင် အစားအစာများ အပြည့် ပုံနေခဲ့သည်။
ရှောင်ယို့ဇီက ကိတ်မုန့် စားချင်သဖြင့် သူမရဲ့ ဦးလေးကို အချိုပွဲဧရိယာသို့ ခေါ်ဆောင်ကာ ကိတ်မုန့်သေးသေးလေး တစ်ခု ယူခိုင်းခဲ့သည်။ ရှောင်ယို့ဇီဟာ အရပ်ပုလွန်းသဖြင့် လုရှီရန်က သူမကို ပွေ့ချီလိုက်ပြီး "ဘယ်တစ်ခု လိုချင်တာလဲ?" ဟု မေးလိုက်သည်။
ရှောင်ယို့ဇီ: "ဟိုတစ်ခု လိုချင်တယ် ပြီးတော့ ဟိုတစ်ခုလည်း လိုချင်တယ်!"
လုရှီရန်: "တစ်ခုပဲ ရွေးရမယ်။ အများကြီးစားရင် သွားတွေ မကောင်းဘူး။"
ခဏလောက် စဉ်းစားပြီးနောက် ရှောင်ယို့ဇီက တစ်ခုကို ရွေးချယ်လိုက်သည်။
ထိုအချိန်မှာပင် လုရှင်းမြန်ကလည်း အချိုပွဲဧရိယာသို့ ရောက်ရှိလာပြီး အလွန် ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။ သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပေမဲ့ သူ မှားကြားလိုက်သကဲ့သို့ ထိုအသံမှာ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ဒါပေမဲ့ သူ လုံးဝ အမှားမဖြစ်နိုင်ပေ၊၊ ဒီအသံက အလွန် ထူးခြားပြီး လူကောရဲ့ အသံနဲ့ ထပ်တူပင် ဖြစ်သည်။
ဒီအသံက အရမ်း ဆင်တူပေမဲ့ ထိုလူရဲ့ အသံဟာ အေးစက်လွန်းလှသည်၊၊ လုကောရဲ့ အသံမှာမူ နူးညံ့လှသဖြင့် အလွန်ကြီးမားတဲ့ ခြားနားချက် ရှိနေသည်။ ထို့အပြင် လူအများအပြားက ထိုလူအား "ဥက္ကဋ္ဌလု" ဟု လေးစားစွာ ခေါ်ဆိုနေကြသဖြင့် သူက ယနေ့ည ဧည့်ခံပွဲရဲ့ အိမ်ရှင်ဖြစ်တဲ့ လုမိသားစုမှ ဖြစ်ရမည်။
ထိုသို့ဆိုလျှင် ဒီလူက လုကော မဖြစ်နိုင်ပေ။ လုကောက ရိုးရိုး ရုံးဝန်ထမ်းတစ်ဦးမျှသာ ဖြစ်သည်၊၊ ယန်ချိန်းမြို့ရှိ ကျော်ကြားတဲ့ လုမိသားစုရဲ့ အဖွဲ့ဝင်တစ်ဦး လုံးဝ မဖြစ်နိုင်ပေ။ အသံတူရုံမျှသာ ဖြစ်မည်။ လုရှင်းမြန်ကမူ လုကောရဲ့ အသံက ပို၍ နားထောင်ကောင်းတယ်လို့ ထင်နေတုန်းပင် ဖြစ်သည်။
လုရှင်းမြန်က ပန်းကန်ကို ကိုင်ဆောင်ကာ လှည့်ထွက်သွားပြီးနောက် လုရှီရန်က တစ်စုံတစ်ခုကို ခံစားလိုက်ရ သကဲ့သို့ ရပ်တန့်သွားခဲ့သည်။ သူဟာ သွယ်လျတဲ့ပုံရိပ်တစ်ခု ဒါမှမဟုတ် လုရှင်းမြန် ဖြစ်နိုင်တဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရသလို ထင်ခဲ့သည်။ လုရှီရန် ပြန်ကြည့်လိုက်ပေမဲ့ ထိုနေရာ၌ အချိုပွဲ ယူနေတဲ့ အနက်ရောင် ဝတ်စုံဝတ် ကောင်လေးတစ်ယောက်သာ ရှိနေခဲ့သည်။ လုရှင်းမြန် မဟုတ်ခဲ့ပေ။ သူ အကြည့်မှားသွားတာများလား? လုရှီရန်က လူအုပ်ကို စေ့စေ့စပ်စပ် ကြည့်ရှုခဲ့ပေမဲ့ ထို သွယ်လျတဲ့ ပုံရိပ်ကို ထပ်မံ မတွေ့ရတော့ပေ။
လုရှင်းမြန်က အစားအသောက် ပြည့်နေတဲ့ ပန်းကန်နှစ်ခုကို ကိုင်ဆောင်ကာ သူ ထိုင်ခဲ့တဲ့ နေရာသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူ့ ကျောပိုးအိတ်က မွှေနှောက်ခံထားရတာကို သတိပြုမိလိုက်သည်။ အလယ်မှာ ရှိနေခဲ့တဲ့ ဇစ်မှာ ခုအခါ ဘေးဘက်သို့ ရောက်နေပြီး ကျောပိုးအိတ်မှာလည်း ပြောင်းပြန် ဖြစ်နေခဲ့သည်။ အိတ်ထဲမှာ လဲလှယ်ရန် အဝတ်အစားများ၊ ပါဝါဘဏ်နဲ့ အားသွင်းကြိုးတို့မှအပ အခြားဘာမှ မရှိပေ။ ထိုပစ္စည်းတွေကို ဘယ်သူမှ ယူမှာမဟုတ်သည်မှာ ထင်ရှားလှသည်။
သူ သူ့ပစ္စည်းတွေကို ဂရုမစိုက်ဘဲ ထားလိုက်သည်။ သူဟာ တစ်နေကုန် ဘာမှမစားရသေးတဲ့အပြင် လူပျိုဖော်ဝင်ချိန် ဖြစ်သဖြင့် အလွန် အရမ်း ဆာလောင်နေခဲ့သည်။ သူဟာ ခေါင်းမဖော်တမ်း စားသောက်လိုက်ရာ ပန်းကန်တစ်လုံးကို မိနစ်ပိုင်းအတွင်း ကုန်အောင် စားလိုက်ပေမဲ့ ဗိုက်မပြည့်သေးသဖြင့် ဒုတိယမြောက် ပန်းကန်ကို စတင်စားရန် ပြင်လိုက်သည်။
သူနဲ့ အသက်တူတူ ကောင်လေးသုံးယောက် ရောက်ရှိလာပြီး သူ့ကို ဝိုင်းလိုက်ကြသည်။ စားပွဲပေါ်ရှိ ပန်းကန်အလွတ်ကို မြင်တဲ့အခါ သူ့ကို လှောင်ပြောင် သရော်တော့ကြသည်။
"မင်းက လုရှင်းမြန် မလား?"
"မင်း ဝတ်ထားတာ လမ်းဘေးက အဝတ်အစားတွေပါလား? ဒီလိုနေရာကို မင်း ဘယ်လိုများ လာရဲတာလဲ? မရှက်ဘူးလား?"
"ဧည့်ခံပွဲမှာ ဒီလောက်အများကြီး စားတဲ့သူကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ မင်း အရင်က ဘာမှ မစားဖူးဘူးလား? နေရာသေးသေးလေးက လာတာဆိုတော့ အပြုအမူနဲ့ ယဉ်ကျေးမှု လုံးဝမရှိတာ ဆန်းတော့မဆန်းပါဘူး။"
လုရှင်းမြန်က ထိုကောင်လေးတွေကို မသိသလို အရင်ကလည်း တစ်ခါမှ မမြင်ဖူးပေ၊၊ ဒါပေမဲ့ ထိုလူတွေက သူ့နာမည်ကို အတိအကျ သိနေကြသည်။ သူတို့က သူနဲ့ အသက်တူတူ ဖြစ်ကြသဖြင့် လုစီဟန် စေခိုင်းလိုက်ခြင်း ဖြစ်နိုင်သည်။ သူ့ ကျောပိုးအိတ်ကို မွှေနှောက်ခဲ့သူတွေမှာလည်း ထိုသူများပင် ဖြစ်ရမည်၊၊ လုရှင်းမြန် ကတော့ သူတို့က သူ့ဖုန်းကို ရှာနေခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
လုရှင်းမြန်က သူတို့နဲ့ ပတ်သက်ရှုပ်ထွေး မနေချင်သဖြင့် လျှစ်လျူရှုထားလိုက်သည်။ လုရှင်းမြန်က သူတို့ကို ပြန်ပင်မကြည့်တဲ့အခါ ထိုကောင်လေးသုံးယောက်မှာ စိတ်တိုသွားကြသည်။ သူတို့က လုစီဟန်အတွက် ဒေါသထွက်ပေးရန် ရောက်လာကြခြင်း ဖြစ်သည်။ သူတို့အားလုံးမှာ လုစီဟန်ရဲ့ သူငယ်ချင်းများ ဖြစ်ကြပြီး လုရှင်းမြန် ပြန်ရောက်လာချိန်မှစ၍ လုစီဟန် အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်လို့ ကြားသိထားသဖြင့် သူ့ကို သင်ခန်းစာကောင်းကောင်း ပေးချင်နေကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဦးလေးလုနဲ့ အဒေါ်လုတို့က လုရှင်းမြန်ကို ဂရုမစိုက်ကြပေ။
"လုရှင်းမြန် ကျေးဇူးမသိတတ်တာ မလုပ်နဲ့! မင်း ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ? မင်းက ဘာမှအသုံးမကျတဲ့ အမှိုက်တစ်စပဲ။"
"အရမ်း ရောင့်တက်မနေနဲ့။ ဒီနေရာမှာ ငါတို့ကို ဘယ်သူမှ မြင်မှာမဟုတ်ဘူး၊၊ ဒါကြောင့် မင်းကို ရိုက်လိုက်ရင်လည်း ဘာမှဖြစ်မှာ မဟုတ်ဘူး။"
သူတို့ ဘက်တွင် သုံးယောက် ရှိနေသည်။ လုရှင်းမြန် မျက်မှောင်ကြုတ်လိုက်သည်။ သူက တစ်ပြိုင်နက်တည်း လူသုံးယောက်ကို မနိုင်နိုင်ပေမဲ့ သူ့ကို အလွယ်တကူ အနိုင်ကျင့်ခွင့် ပေးမည်လည်း မဟုတ်ပေ။ သူက ပြဿနာ မရှာတတ်ပေမဲ့ ပြဿနာက အမြဲတမ်း သူ့ထံ ရောက်လာလေ့ရှိသည်။
"မင်း ဘာကြည့်နေတာလဲ? သေချင်လို့လား?"
"ဒီနေရာမှာ ဘယ်သူက ပြဿနာရှာရဲတာလဲ?"
အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုကောင်လေးတွေ လှည့်ကြည့်လိုက်တဲ့အခါ အသက် ၅၀ ကျော် အရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုကောင်လေး သုံးယောက်မှာ သူ့ကို မှတ်မိကြသည်၊၊ သူက လုမိသားစုရဲ့ အိမ်တော်ထိန်း မစ္စတာဟုန်ဖြစ်သည်။ အိမ်တော်ထိန်းဟုန်ကို မြင်လိုက်ရတဲ့အခါ ထိုကောင်လေး သုံးယောက်မှာ စကားပင် မပြောရဲတော့ဘဲ သူတို့ရဲ့ မာန်တက်နေတဲ့ မထီမဲ့မြင် အမူအရာတွေ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ အိမ်တော်ထိန်းဟုန်က လုမိသားစုမှာ မည်မျှ လေးစားခံရသူဖြစ်ကြောင်း အားလုံးက သိကြသည်။
ဒါပေမဲ့ သူက အဘယ်ကြောင့် ရုတ်တရက် ဒီနေရာသို့ ရောက်ရှိလာရသနည်း?
အိမ်တော်ထိန်းဟုန်က "မင်းတို့ ဘယ်အိမ်က သခင်လေးတွေလဲဆိုတာ ငါသိတယ်။ မင်းတို့ ဒီနေရာမှာ ပြဿနာရှာရဲရင် မင်းတို့ရဲ့ မိဘတွေကို ငါ အကြောင်းကြားရလိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုကောင်လေးတွေက "မဟုတ်ပါဘူး မဟုတ်ပါဘူး၊၊ ကျွန်တော်တို့ စနောက်နေကြတာပါ" ဟု အလျင်အမြန် ပြန်ပြောလိုက်ကြသည်။
အိမ်တော်ထိန်းဟုန်က ထိုသုံးယောက်ကို ကြည့်လိုက်သည်။
"စနောက်တာ ဟုတ်လား? ငါ အသက်ကြီးပြီဆိုပေမယ့် ခုနက မင်းတို့ သခင်လေးလုကို ပြောခဲ့တဲ့ စကားတိုင်းကို ကြားပါတယ်။ ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့သူ အားလုံးဟာ လုမိသားစုရဲ့ ဧည့်သည်တွေပဲ။ မင်းတို့ သခင်လေးလုကို တောင်းပန်လိုက်တာ ပိုကောင်းမယ်။"
သူတို့ရဲ့ မိဘတွေပင် အိမ်တော်ထိန်းဟုန်ကို လေးစားမှု ပြရသဖြင့် သူတို့မှာ ဆိုဖွယ်ရာ မရှိပေ။ ထိုကောင်လေး သုံးယောက်က လုရှင်းမြန်ကို တောင်းပန်ခြင်းမှအပ အခြားရွေးချယ်စရာ မရှိတော့သဖြင့် တောင်းပန်ပြီး အလျင်အမြန် ထွက်ပြေးသွားကြသည်။
လုရှင်းမြန်က အိမ်တော်ထိန်းအား "ကျေးဇူးတင်ပါတယ်" ဟု ကျေးဇူးတင်စကား ပြောလိုက်သည်။
ထိုကောင်လေးတွေကို ပြောဆိုတဲ့ လေသံနဲ့ မတူဘဲ သူ့ကို ပြောတဲ့ အိမ်တော်ထိန်းဟုန်ရဲ့ အသံမှာ အလွန်ပင် နွေးထွေးလှသည်။
"ရပါတယ် သခင်လေးလု။ အခက်အခဲ တစ်စုံတစ်ရာ ရှိရင် ကျွန်တော့်ဆီ အချိန်မရွေး လာရှာနိုင်ပါတယ်။"
လုရှင်းမြန်က ထိုလူကို မသိပေမဲ့ သူ့အား ကူညီရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်သဖြင့် ကျေးဇူးတင်မိသည်။ အိမ်တော်ထိန်းဟုန်က
"ရပါတယ်။ လုမိသားစုမှာ ဒီလို မသာယာတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဟာ ကျွန်တော်တို့ရဲ့ အမှားပါ။ ကျွန်တော် တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
လုရှင်းမြန်က လက်ကို အမြန်ဝေ့ယမ်းလိုက်သည်။
"မဟုတ်တာ အဲဒီလို မပြောပါနဲ့။"
အိမ်တော်ထိန်းဟုန် ပြုံးလိုက်သည်။
"ဒီက မုန့်အချိုပွဲတွေ ဘယ်လိုလဲ? ကောင်းရဲ့လား?"
လုရှင်းမြန်: "အရမ်း ကောင်းပါတယ်။"
ထိုအချိန်အတောအတွင်း ရှယွဲ့ဖန်းက လှည့်ကြည့်လိုက်တဲ့အခါ အံ့အားသင့်သွားခဲ့သည်။ လုရှင်းမြန်က လုမိသားစုရဲ့ အိမ်တော်ထိန်းဟုန်နဲ့ အမှန်တကယ် စကားပြောနေခြင်း ဖြစ်သည်။ အိမ်တော်ထိန်းဟုန်ဟာ လုမိသားစုမှာ အလွန် မြင့်မားတဲ့ ရာထူးနေရာ၌ ရှိကြောင်း သိထားရမည် ဖြစ်သည်။; သူက အိမ်တော်ထိန်းတစ်ဦး ဖြစ်ပေမဲ့ လုမိသားစု တစ်ခုလုံးက သူ့အား မိသားစုဝင် တစ်ယောက်ကဲ့သို့ ဆက်ဆံကြသည်။
လုရှင်းမြန်က လုမိသားစုရဲ့ အိမ်တော်ထိန်းဟုန်ကို အမှန်တကယ် သိနေတာလား? ထို့အပြင် သူတို့က အလွန် ရင်းနှီးပုံပေါ်ပြီး ပျော်ရွှင်စွာ စကားပြောဆိုနေကြသည်။
ရှယွဲ့ဖန်း အိမ်တော်ထိန်းဟုန်အား သွားရောက် မျက်နှာချိုသွေးချင်ပေမဲ့ သူမ ထိုနေရာကို မရောက်ခင်မှာပင် သူ ထွက်ခွာသွားခဲ့သည်။
ရှယွဲ့ဖန်းက "မင်း အိမ်တော်ထိန်းဟုန်ကို သိတာလား?" ဟု မေးလိုက်သည်။
လုရှင်းမြန်: "မသိပါဘူး။"
ရှယွဲ့ဖန်းက ထင်ရှားစွာပင် သူ့ကို မယုံကြည်ပေ။
"ဒါဆို ခုနက မင်းတို့ ဘာလို့ ဒီလောက် ပျော်ပျော်ရွှင်ရွှင်နဲ့ စကားပြောနေကြတာလဲ?"
လုရှင်းမြန်က "သူက ဒီက အစားအသောက်တွေ ကောင်းလားလို့ ကျွန်တော့်ကို မေးရုံပဲ မေးတာပါ" ဟု ပြောလိုက်သည်။
အဲဒါပဲ မေးတာလား? ရှယွဲ့ဖန်းက သံသယ ဖြစ်နေတုန်းပင် ဖြစ်သည်။ အိမ်တော်ထိန်းဟုန်က အစားအသောက် ကောင်းလားလို့ မေးဖို့ပဲ လုရှင်းမြန်ဆီ သီးသန့် လာခဲ့တာလား? ဒါပေမဲ့ လုရှင်းမြန်မှာ အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။
အိမ်တော်ထိန်းဟုန်က လုရှီး
ရန်ထံသို့ ချဉ်းကပ်သွားခဲ့သည်။
"စိတ်မပူပါနဲ့ သူတို့ အဲဒီကလေးကို နောက်ထပ် သွားရောက် နှောင့်ယှက်တော့မှာ မဟုတ်ပါဘူး။"
လုရှီရန်က အဝေးရှိ ထောင့်တစ်နေရာမှာ တိတ်ဆိတ်စွာ စားသောက်နေတဲ့ လုရှင်းမြန်ကို ကြည့်လိုက်သည်။
"ဦးလေးဟုန် အဲဒီသုံးယောက်ကို သင်ခန်းစာကောင်းကောင်း ရအောင် လုပ်ပေးလိုက်ပါ။"