no

Font
Theme

လုရှင်းမြန် ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် အိမ်ကို ဘေးကင်းစွာ ရောက်ရှိကြောင်း လုရှီရန်ထံ စာပို့လိုက်သည်။

အိမ်ပြန်ရောက်တဲ့အခါ လုရှင်းမြန်က သူ့ရဲ့ ပထမဆုံး စဉ်းစားမိတဲ့ စိစစ်မှုမှာ လုကောထံမှ အကူအညီတောင်းရန် ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ ဆုန်းယိဟန်၊ လျိုယီချန် နဲ့ ချန်ချဲ့တို့ထံ အကူအညီတောင်းတာက ပို သင့်တော်ပေမဲ့ ဘယ်လိုအကြောင်းကြောင့်မဆို လုကောမှာ သူ ပထမဆုံး စဉ်းစားမိတဲ့ လူဖြစ်နေခဲ့သည်။

သူဟာ လုကောနဲ့ လူချင်းပင် မတွေ့ဖူးသေးပေမဲ့ လုကောရဲ့ အသံမှာ ကြင်နာမှုရှိသလို ခံစားရတာကြောင့်ပဲလား ဒါမှမဟုတ် သူက အရမ်း နူးညံ့သိမ်မွေ့နေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

အသံဖုန်း ပြောဆိုစဉ်အတွင်း လုရှင်းမြန်က သူ့ရဲ့ ညနေခင်းက ဖြစ်ပျက်ခဲ့သမျှအကြောင်းကို လုရှီရန်အား အကျဉ်းချုပ် ပြောပြခဲ့သည်။ ဧည့်ခံပွဲမှာ အရမ်း သဘောကောင်းတဲ့ ဦးလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ကြောင်းပါ ထည့်သွင်းပြောပြခဲ့သည်။

အမြဲတမ်းလိုလို လုရှင်းမြန်က သူ ကြုံတွေ့ခဲ့ရတဲ့ မနှစ်မြို့ဖွယ်ရာ ကိစ္စတွေကို ထည့်သွင်းပြောဆိုခြင်းကနေ ရှောင်ကြဉ်ခဲ့သည်။

စကားပြောနေရင်းနဲ့ လုရှင်းမြန်က လုရှီရန်အား သူ့ အသံနဲ့ အရမ်း တူတဲ့ အသံရှိသူတစ်ယောက်နဲ့ တွေ့ခဲ့ကြောင်းလည်း ပြောပြခဲ့သည်။

"တူညီတဲ့ အသံဟုတ်လား?"

လုရှီရန် မျက်မှောင်ကြုတ်လိုက်သည်။ ဧည့်ခံပွဲမှာ သူ့အသံနဲ့ တူတဲ့သူ ရှိလား ဟုတ်လား? လုရှင်းမြန် မှတ်မိနေရလောက်အောင် ဘယ်လောက်အထိ တူညီနေသလဲ?

လုရှီရန်က သူ့အား "မင်း အဲဒီလူကို မြင်ခဲ့ရလား?" ဟု မေးလိုက်သည်။

လုရှင်းမြန်ဟာ ထိုအချိန်က အခြေအနေကို စဉ်းစားကြည့်ပြီး ခေါင်းခါလိုက်သည်။

"မမြင်ခဲ့ရပါဘူး၊၊ ကျွန်တော် ကျောပြင်ကိုပဲ မြင်လိုက်ရတာပါ။ သူက အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားပြီး တကယ်ကို ကြောက်စရာကောင်းတဲ့ ပုံစံပါပဲ။"

"တကယ် ကြောက်စရာကောင်းတဲ့ ပုံစံ ဟုတ်လား?"

ဧည့်ခံပွဲမှာ အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားသူတွေ များစွာ ရှိပေမဲ့ ကြောက်စရာကောင်းတဲ့ ကျောပြင်နဲ့ တူညီတဲ့ အသံရှိသူမှာ ဘယ်သူဖြစ်မည်ကို လုရှီရန် အမှန်တကယ် စဉ်းစား၍ မရခဲ့ပေ။

ထို့နောက် လုရှင်းမြန်က အခြားအရာတစ်ခုကို သတိရသွားပြီး ဆက်လက်ပြောပြခဲ့သည်။

"အဲဒီလူရဲ့ မျိုးရိုးနာမည်ကလည်း လုကောနဲ့ တူတူပါပဲ။ လူတွေက သူ့ကို 'ဥက္ကဋ္ဌလု' လို့ ခေါ်တာ ကြားခဲ့ရတယ်။ ဟုတ်တယ် အဲဒါ မှန်တယ် သူတို့က သူ့ကို 'ဥက္ကဋ္ဌလု' လို့ ခေါ်ကြတာ။"

လုရှင်းမြန်က လုမိသားစုအကြောင်း အများကြီး မသိပေ၊၊ ညီအစ်ကို နှစ်ယောက် ရှိကြောင်းသာ သိသည်။ အစ်ကိုဖြစ်သူက အိမ်ထောင်ကျပြီးဖြစ်၍ ညီဖြစ်သူရဲ့ သီးသန့်ဘဝမှာမူ ဆန်းကြယ်မှုတစ်ခု ဖြစ်သည်။ ဧည့်ခံပွဲကို အလာလမ်းမှာ ရှယွဲ့ဖန်းက လုစီဟန်အား အခွင့်အရေး ရပါက ဥက္ကဋ္ဌလုနဲ့ ပိုမို ရင်းနှီးအောင် လုပ်ဆောင်ရန် ပြောဆိုနေတာကို ကြားခဲ့ရတာကြောင့်သာ သူ ဒီအကြောင်းကို သိရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ တွေ့ဆုံခဲ့ရသူမှာ လုမိသားစုရဲ့ ညီဖြစ်သူ ဖြစ်ရပေမည်။

လုရှီရန် ခဏမျှ အံ့အားသင့်သွားခဲ့သည်။ လုရှင်းမြန် ဖော်ပြနေတဲ့ လူမှာ သူကိုယ်တိုင် ဖြစ်နေပုံရသည်။

သူ့ကျောပြင်က ကြောက်စရာ ပုံပေါက်နေလို့လား? သူ့အသံက အေးစက်နေလို့လား?

လုရှီရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

"အဲဒီ ဥက္ကဋ္ဌလု ပြောတာကို မင်း ဘာကြားခဲ့ရလို့လဲ?"

လုရှင်းမြန်က သူ့ကျောပြင်ကို ဘာ​လို့ ကြောက်စရာကောင်းတယ်လို့ ထင်ရတာလဲဆိုတာကို သူ စဉ်းစားမရဖြစ်နေခဲ့သည်။

"တကယ်တော့ ကျွန်တော် သဲသဲကွဲကွဲ မကြားလိုက်ရပါဘူး" ဟု လုရှင်းမြန်က ပြောလိုက်သည်။

"ကျွန်တော် စကားလုံး အနည်းငယ်ပဲ ကြားလိုက်ရတာပါ။"

ထိုအသံက ထူးထူးခြားခြား နားထောင်ကောင်းလွန်းတာကြောင့် လုရှင်းမြန် ချက်ချင်း မှတ်မိသွားခဲ့ခြင်း ဖြစ်သည်။

လုကော တိတ်ဆိတ်သွားတာကို သတိပြုမိလိုက်သဖြင့် လုရှင်းမြန်က သူ့အား

"အသံတွေ တူနေရင်တောင် လုကောရဲ့ အသံက ပိုကောင်းတယ်လို့ ကျွန်တော် ထင်တုန်းပါပဲ။ သေချာ ပြန်စဉ်းစားကြည့်ရင် အဲဒီတုန်းက ကျွန်တော် မှားကြားတာလည်း ဖြစ်နိုင်ပါတယ်။ သိပ်တူချင်မှလည်း တူမှာပါ နည်းနည်းလေးပါပဲ။ အဲဒီ ဥက္ကဋ္ဌလုရဲ့ အသံက ကြောက်စရာကောင်းသလို အေးစက်လွန်းတယ်လို့လဲ ခံစားရတယ်" ဟု နှစ်သိမ့်ပြောဆိုလိုက်သည်။

ဧည့်ခံပွဲမှာ စန္ဒယားနဲ့ တယော တီးခတ်မှုတွေ ရှိနေတဲ့အပြင် လူများစွာ စကားပြောနေကြသဖြင့် သူ့ မှားယွင်း ထင်မြင်မှုလည်း ဖြစ်နိုင်ပါသည်။

'ကျောပြင်က ကြောက်စရာ ပုံပေါက်နေပြီး အသံက ကြောက်စရာရော အေးစက်တာရော ခံစားရစေတယ်?'

လုရှင်းမြန်အပေါ် ဒီလို အထင်အမြင်မျိုး ဘယ်တုန်းက ချန်ထားခဲ့မိမှန်း သူ မသိတော့ပေ။

လုရှီရန်က "မင်း တကယ်ပဲ ဥက္ကဋ္ဌလုရဲ့ အသံက နားထောင် မကောင်းဘူးလို့ ထင်တာလား?" ဟု စမ်းသပ် မေးမြန်းလိုက်သည်။

ဒါပေါ့! လုရှင်းမြန်က ထိုမေးခွန်းရဲ့ အဖြေကို သိထားသည်။

"ဟင့်အင်း အဲဒါက လုကောရဲ့ အသံလိုတော့ နားထောင် မကောင်းတာ အမှန်ပါပဲ။ လုကောရဲ့ အသံက ကျွန်တော် ကြားဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ"

ဟု လုရှင်းမြန်က မချွန်းမချန် ချီးကျူးလိုက်သည်။

"လုကော တကယ်လို့ ကောသာ အသံသရုပ်ဆောင် လုပ်မယ်ဆိုရင် လူတွေ အများကြီး အများကြီးက ကောအသံကို သဘောကျကြမှာပါ တကယ်ပါ။"

သူ့အသံက "ဥက္ကဋ္ဌလု"ရဲ့ အသံထက် ပိုကောင်းတယ်လို့ လုရှင်းမြန် ပြောတာကို ကြားရတဲ့အခါ လုရှီရန်ဟာ ပျော်ရမလား? ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ရမလားဆိုတာကို မသိတော့ပေ။

ထိုအသံနှစ်ခုစလုံးက သူ့အသံပဲ ဖြစ်ပေမဲ့ လုရှင်းမြန်က "လုကော"ရဲ့ အသံကို ပိုမို သဘောကျပုံရသည်ဟု လုရှီရန် ခံစားလိုက်ရသည်။

လုကော တိုးတိုးလေး ရယ်မောလိုက်တာကို ကြားရသဖြင့် လုရှင်းမြန် စိတ်အေးသွားခဲ့သည်။ လုကော စိတ်ဆိုးသွားပြီလို့ သူ ထင်ထားခဲ့တာ ဖြစ်သည်။ ကိုယ်ကိုယ်တိုင် ထိုနေရာမှာ အစားထိုးကြည့်ပါကလည်း သက်သောင့်သက်သာ ခံစားရမည် မဟုတ်ပေ။

ဒီနေ့ မနှစ်မြို့ဖွယ်ရာ ကိစ္စအချို့ ကြုံတွေ့ခဲ့ရပေမဲ့ မျက်လုံးမှိတ်ကာ လုကော ပုံပြင်ပြောပြတာကို နားထောင်ရခြင်းက အရာအားလုံးဟာ သိပ်ပြီး ကြီးကြီးမားမား မဟုတ်တော့သလို လုရှင်းမြန်ကို ခံစားရစေသည်။

လုကောရဲ့ အပြင်က အသံမှာ ဖုန်းထဲကထက် ပိုမို နားထောင်ကောင်းလိမ့်မယ်လို့ သူ တွေးလိုက်မိသည်။

နှစ်သစ်ကူးနေ့ပြီးနောက် ရုတ်တရက် နှင်းများ ကျဆင်းလာခဲ့သည်။

ကျောင်းဆင်းခါနီးမှာ မှုန်မှိုင်းနေတဲ့ မိုးကောင်းကင်မှ ရုတ်တရက် နှင်းပွင့်ကြီးများ လွင့်ပျံကျဆင်းလာခဲ့သည်။

ပြတင်းပေါက်ဘေးက ကျောင်းသားတစ်ယောက်က ပထမဆုံး သတိပြုမိသွားပြီး "နှင်းတွေ ကျနေပြီ!" ဟု တိတ်ဆိတ်စွာ အော်ဟစ်လိုက်သည်။ မကြာမီ တစ်တန်းလုံး သိရှိသွားခဲ့ကြသည်။

လုရှင်းမြန်က နှင်းပွင့်သေးသေးလေးများ ဖြစ်လိမ့်မယ်လို့ ထင်မှတ်ထားပေမဲ့ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တဲ့အခါ သေးသေးလေးတွေ မဟုတ်တာကို သတိပြုမိလိုက်သည်။ ထိုအရာတွေမှာ ကြီးမားနေပြီး နှင်းသည်းထန်စွာ ကျဆင်းမဲ့ ပုံစံမျိုး ပြသနေခဲ့သည်။

ရုတ်တရက် နှင်းကျလာမှုကြောင့် စာသင်ခန်းအတွင်း အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

အချို့ကျောင်းသားတွေက နှင်းကျနေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ရန် ဖုန်းတွေကို တိတ်တဆိတ် ထုတ်ယူခဲ့ကြသည်။

ကျောင်းသားတွေနဲ့ ပြည့်နှက်နေတဲ့ စာသင်ခန်း

ပြဌာန်းစာအုပ်တွေ ဖုံးလွှမ်းနေတဲ့ စားပွဲများနဲ့

ကျဆင်းနေတဲ့ နှင်းပွင့်တွေနဲ့ ဝန်းရံထားတဲ့ ပြတင်းပေါက်

တစ်ချိန်က တိတ်ဆိတ်နေတဲ့ ကိုယ်ပိုင်လေ့လာချိန်ဟာ ရှုပ်ထွေးသွားခဲ့ပြီး ဖြတ်သွားတဲ့ ကျောင်းသားရေးရာ ဌာနမှူးရဲ့ အာရုံစိုက်မှုကို ရရှိသွားကာ စာသင်ခန်းထဲကို ချက်ချင်း ဝင်ရောက်လာခဲ့သည်။

"မင်းတို့အတန်းက တစ်ကျောင်းလုံးမှာ အရှုပ်ဆုံးပဲ! ဘယ်အချိန်ရှိနေပြီလဲ? ငြိမ်ငြိမ်နေကြစမ်း!"

"မင်းတို့ထဲက အချို့ ဖုန်းကိုင်ထားတာ ငါ အခုပဲ မြင်လိုက်တယ်။ ဘယ်သူလဲ? အခုချက်ချင်း အပ်ကြစမ်း!"

အမှန်ပင် ကျောင်းအသီးသီးက ဌာနမှူးတွေက အမြဲတမ်း စကားတစ်မျိုးတည်းကိုသာ ပြောလေ့ရှိကြပုံရသည်။

ကျောင်းရေးရာဌာနမှူးက ဖုန်းကိုင်ထားတဲ့ ကျောင်းသားတွေကို အမှန်တကယ် မမြင်ခဲ့ရပါ။ သူက ကျောင်းသားတွေကို ခြိမ်းခြောက်ရန်သာ ကြိုးစားခဲ့ခြင်းဖြစ်ပြီး ကျောင်းသားတွေကလည်း သဘာဝကျစွာပင် ထိုလှည့်ကွက်ထဲ မဝင်ခဲ့ကြပေ။

ဌာနမှူးက စာသင်ခန်းထဲတွင် ပတ်လျှောက်ကြည့်ပြီး ထွက်ခွာခါနီးတွင် "ကျောင်းဆင်းဖို့ ၁၀ မိနစ်လောက်ပဲ လိုတော့ပေမဲ့ မင်းတို့ လုံးဝ အာရုံမလွင့်ကြနဲ့။ ဇွန်လမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ရှိတယ်" ဟု ပြောကြားခဲ့သည်။

ကျောင်းဆင်းချိန်မှာ နှင်းတွေ ပိုမို သည်းထန်စွာ ကျဆင်းနေခဲ့သည်။

တစ်ညလုံး နှင်းတွေ ဆက်လက်ကျဆင်းနေမဲ့ ပုံစံမျိုး ပေါ်နေခဲ့သည်။

လုရှင်းမြန် အိမ်ကို ပြန်ရောက်တဲ့အခါ သူ့ အိမ်ရာဝန်းအတွင်း လျှပ်စစ်မီးများ မီးပျက်နေတာကို တွေ့ရှိခဲ့ရသည်။

သူဟာ အောက်ထပ်က အဘွားအိုနဲ့ ဆုံခဲ့ပြီး မီးတွေ ည ၁၀ နာရီခန့်မှ ပြန်လာမည်ဖြစ်ကြောင်း အိမ်ရာဝန်းက အကြောင်းကြားထားသည်ဟု ထိုအဘွားက ပြောပြခဲ့သည်။

လုရှင်းမြန် တစ်ယောက်တည်း အမှောင်ကို ကြောက်နေမှာကို စိုးရိမ်သဖြင့် အဘွားအိုက သူ့အား ဖယောင်းတိုင် နှစ်တိုင်ပင် ပေးခဲ့သည်။

လုရှင်းမြန်က အဘွားအိုကို တွေ့တဲ့အခါတိုင်း အမြဲတမ်း နှုတ်ဆက်လေ့ရှိပြီး သူတို့မှာ ခင်မင်ရင်းနှီးနေကြပြီ ဖြစ်သည်။

မီးပျက်သွားပြီးနောက် အဘွားအိုက လုရှင်းမြန်အား ဖယောင်းတိုင်တွေ ပေးရန်အတွက် စင်္ကြံလမ်းမှာ အထူးတလည် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ လူကြီးတွေရဲ့ စောင့်ရှောက်မှု မရှိဘဲ တစ်ယောက်တည်း နေထိုင်ရတဲ့ ကလေးတစ်ယောက်အဖို့ ခက်ခဲလှပေလိမ့်မည်။

လုရှင်းမြန်က အောက်ထပ်မှ အဘွားအိုက သူ့အား ဖယောင်းတိုင်များ ပေးရန် စင်္ကြံလမ်းတွင် သီးသန့် စောင့်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ် အဘွား။"

မီးပျက်နေသဖြင့် အပူပေးစနစ်လည်း အလုပ်မလုပ်တော့ပေ၊၊ ဒီနေ့ နှင်းတွေ သည်းထန်စွာ ကျဆင်းနေသဖြင့် အပူချိန်မှာ ရုတ်တရက် ထိုးကျသွားခဲ့ပြီး သူ့ တိုက်ခန်းအတွင်း အပူချိန်မှာလည်း လျော့ကျသွားခဲ့သည်။

လုရှင်းမြန်က အိမ်ထဲမှာ ကုတ်အင်္ကျီကို ဝတ်ဆင်ထားပေမဲ့ အေးစက်မှုကို ခံစားနေရဆဲဖြစ်သည်။

အိမ်ရာဝန်းအတွင်းရှိ ကလေးရှိတဲ့ မိဘတွေမှာမူ ပိုမို နွေးထွေးတဲ့ နေရာကို ရှာဖွေရန် သူတို့ရဲ့ ကလေးတွေကို အပြင်သို့ ခေါ်ဆောင်သွားခဲ့ကြသည်။

ဒါပေမဲ့ လုရှင်းမြန်မှာမူ ထွက်မသွားခဲ့ပေ။ ထိုအစား သူက စားပွဲပေါ်မှာ ဖယောင်းတိုင် နှစ်တိုင် ထွန်းလိုက်သည်။ ဖယောင်းတိုင်မှ အလင်းရောင်က သူ့ရဲ့ ကျောင်းစာတွေကို လုပ်ဆောင်ရန် လုံးဝ အနှောင့်အယှက် မဖြစ်စေဘဲ လုံလောက်စွာ လင်းလက်နေခဲ့သည်။

နည်းနည်းတော့ အေးနေခဲ့ပေမဲ့ပေါ့...

လေ့ကျင့်ခန်း မေးခွန်းစာရွက် နှစ်ခုကို ဖြေဆိုပြီးနောက် လုရှင်းမြန်က သူ့ရဲ့ အနည်းငယ် အေးစက်နေတဲ့ လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီး အချိန်ကို ကြည့်လိုက်သည်။ ည ၈:၃၀ နာရီသာ ရှိသေးပြီး မီးပြန်လာရန် တစ်နာရီခွဲ လိုသေးသည်။

ခဏမျှ နားချိန်အတွင်း လုရှင်းမြန်က သူ့ ဖုန်းကို ဖွင့်ကာ ဓာတ်ပုံတစ်ပုံ ရိုက်၍ ပို့လိုက်သည်။

လုရှင်းမြန်: [အိမ်ရာဝန်းမှာ မီးပျက်နေတယ်။]

ခဏအကြာမှာ လုရှီရန်က ပြန်စာပို့ခဲ့သည်။

[မီး ဘယ်အချိန် ပြန်လာမှာလဲ? အိမ်ထဲမှာ အေးနေလား?]

လုရှင်းမြန်[ည ၁၀ နာရီမှာ ပြန်လာမယ်။ အိမ်ထဲမှာ မအေးပါဘူး။ ကုတ်အင်္ကျီ ဝတ်ထားတယ်။]

လုရှီရန် ပြတင်းပေါက်အပြင်ကို ကြည့်လိုက်သည်။ SS မြို့မှာ နှင်းကျနေတဲ့ပုံ ပေါ်သည်။

လုရှီရန်: [မင်းဆီမှာရော နှင်းကျနေလား?]

လုရှင်းမြန်: [ဟုတ်တယ် ... နှင်းတွေ အများကြီး ကျနေတယ်။]

နှင်းကျနေသလို မီးကလည်းပျက်နေသည်၊၊ အပူပေးစနစ်လည်း ပိတ်ထားရမည်။

လုရှီရန်: [မင်း တကယ်ပဲ မအေးဘူးလား လုရှင်းမြန်? မီးပြန်မလာမချင်း နွေးထွေးတဲ့ နေရာတစ်ခုခု သွားစောင့်ချင်လား?]

လုရှင်းမြန်က အစပိုင်းတွင် စဉ်းစားခဲ့ပေမဲ့ အရမ်းရှုပ်လွန်းတယ်လို့ ထင်မှတ်ခဲ့သည်။ ထို့အပြင် အိမ်ထဲမှာ လုကော စိတ်ကူးထားသလောက် မအေးပေ။ကုတ်အင်္ကျီ ဝတ်ထားခြင်းက သူ့ကို တော်တော်လေး နွေးထွေးစေသည်။

၁၀ နာရီမှာ မီးတွေ နောက်ဆုံး၌ ပြန်လာခဲ့ပြီး မှောင်မဲနေတဲ့ အခန်းမှာ ရုတ်တရက် ယခင်ကထက် ပိုမို လင်းလက်သွားခဲ့သည်။

လုရှင်းမြန်က ရေနွေးအမြန် သွားကျိုလိုက်သည်။ ကုတ်အင်္ကျီ ဝတ်ထားပေမဲ့ သူ့ ခန္ဓာကိုယ်တစ်ပြင်လုံး အေးစက်နေဆဲဖြစ်သည်။

ရေနွေးကျိုပြီးနောက် လုကောထံမှ မီးပြန်လာပြီလား? အပူပေးစနစ် ရပြီလားလို့ မေးထားတဲ့ စာကို သူ တွေ့လိုက်ရသည်။

ထိုညတွင် လုရှင်းမြန်က လူနှစ်ယောက်ရဲ့ ဂရုစိုက်မှုကို ခံခဲ့ရသလို ခံစားလိုက်ရသည်။

နောက်တစ်နေ့ နံနက်တွင် မျှော်လင့်ထားတဲ့အတိုင်း မြေပြင်ပေါ်မှာ ထူထဲတဲါ နှင်းလွှာတွေ ဖုံးလွှမ်းနေပြီး ခြေလှမ်းတိုင်းမှာ သူ့ခြေကျင်းဝတ်ထက် ပိုမို နက်ရှိုင်းစွာ မြုပ်ဝင်သွားခဲ့သည်။

ကျောင်းမှာ ကျောင်းဝန်းတစ်ခုလုံးက နှင်းဖြူဖြူများအောက်တွင် မြှုပ်နှံထားသကဲ့သို့ ရှိနေခဲ့သည်။

လူတွေ ပုံမှန် သွားလာနိုင်စေရန်အတွက် ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား/သူတွေ အားလုံးက မနက်ခင်း ကိုယ်ပိုင်လေ့လာချိန်ကို နှင်းတွေ စုပေါင်းရှင်းလင်းရင်း ကုန်လွန်စေခဲ့ကြသည်။

ဒါဟာ စည်းလုံးခြင်းသည် အင်အား ဆိုတာကို သက်သေပြလိုက်တာပါပဲ။ အားလုံးစုပေါင်းပြီး နှင်းဖုံးနေတဲ့ လမ်းတွေကို ခဏလေးနဲ့ ရှင်းလင်းလိုက်နိုင်ကြသည်။

ကျိုးချိန်က တံမြက်စည်းကြီးကို မှီပြီး လုရှင်းမြန် ဘေးမှာ နားနေရင်း

"ဒါဆို ငါတို့ ဒီနေ့ မွန်းလွဲပိုင်းအတွက် အဆင်သင့်ဖြစ်ပြီ မဟုတ်လား?" ဟု မေးလိုက်သည်။

လုရှင်းမြန်: "တကယ် အဆင်ပြေရဲ့လား?"

ကျိုးချိန်: "ဒါပေါ့၊ အဆင်ပြေတာပေါ့။"

"ကျိုးချိန် မင်း မင်းရဲ့ လှည့်ကွက် အဟောင်းတွေကို သုံးပြီး လုရှင်းမြန်ကို နောက်တစ်ကြိမ် လမ်းလွဲအောင် လုပ်နေပြန်ပြီ"

ဟု ဇူးကျင်းရန်က လမ်းလျှောက်လာရင်း ပြောလိုက်သည်။ ထို့နောက် လုရှင်းမြန် ဘက်သို့ လှည့်ကာ

"မစိုးရိမ်ပါနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ။ သတင်းအချက်အလက်က လုံးဝ ယုံကြည်စိတ်ချရပါတယ်" ဟု အာမခံလိုက်သည်။

ချန်ချဲ့ကလည်း ရောက်လာပြီး "စိတ်လျှော့ထားပါ ဒါ အတည်ပြုပြီးသား။ ဒီနေ့ မွန်းလွဲပိုင်း နောက်ဆုံးအတန်းချိန်မှာ အထက်တန်းနောက်ဆုံးနှစ် အတန်းပိုင်ဆရာတွေနဲ့ ကျောင်းရေးရာဌာနမှူးတို့ အစည်းအဝေး ရှိတယ်။ သူတို့ ကျောင်းမှာ ရှိမှာ မဟုတ်ဘူး၊၊ ဒါကြောင့် ငါတို့ကို မိဖို့ အခွင့်အရေး လုံးဝမရှိဘူး" ဟု ပြောလိုက်သည်။

ဒီနေ့က ချန်ချဲ့ရဲ့ မွေးနေ့ဖြစ်ပြီး အုပ်စုလိုက် မွေးနေ့ပွဲကျင်းပရန် နောက်ဆုံးအတန်းချိန်မှာ KTVကို သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

သူတို့ အစီအစဉ်တွေကို ဆွေးနွေးနေတုန်း ကောင်းယန်က ချဉ်းကပ်လာခဲ့သည်။

ကောင်းယန်က လုရှင်းမြန်အား လာရောက်ရှာဖွေတာကို မြင်တွေ့ရခြင်းမှာ သူတို့အတွက် အဆန်းမဟုတ်တော့ပေ။ သူက လုရှင်းမြန်အား မေးခွန်းတွေ မေးမြန်းရန် အခွင့်အရေးကို လုံးဝ မလွတ်တမ်း အသုံးချလေ့ရှိသည်။

ကောင်းယန်က တကယ်ကို ကြိုးစားအားထုတ်သူဖြစ်ကြောင်း သတိပြုမိကြသည်။ နှင်းရှင်းနေတုန်းမှာပင် သူက လေ့ကျင့်ခန်း မေးခွန်းတွေကို ယူဆောင်လာခဲ့သည်။

သူတို့ရဲ့ နေ့လယ်စာစားချိန်အတွင်း လုရှင်းမြန်နဲ့ ကျိုးချိန်တို့က မွေးနေ့ကိတ်မှာယူရန် ကျောင်းပြင်ပသို့ ထွက်သွားခဲ့ကြသည်။ ကိတ်မုန့်မှာယူနေတုန်း ကျိုးချိန်ဟာ အရင်က ရန်ငြိုးရှိခဲ့ဖူးတဲ့ ဘေးအတန်းက ကောင်လေးတစ်ယောက်နဲ့ ဆုံခဲ့ကြသည်။

ထိုကောင်လေး ချဉ်းကပ်လာတဲ့အခါ လုရှင်းမြန်နဲ့ ကျိုးချိန်တို့က နောက်ဆုံးအတန်းချိန်ကို လစ်ရန် ဆွေးနွေးနေကြဆဲဖြစ်သည်။

ကျိုးချိန်က "အဆင်ပြေမှာပါ... သူ ငါတို့ ခုနက ပြောနေတာတွေကို ကြားမှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။

နောက်ဆုံးတွင် နောက်ဆုံးအတန်းချိန်သို့ ရောက်ရှိလာခဲ့သည်။

တတိယအတန်းချိန်အတွင်း သူတို့က အတန်းပိုင်ဆရာတွေနဲ့ ကျောင်းရေးရာဌာနမှူးတို့ ကျောင်းတံခါးမှ ထွက်ခွာသွားတာကို တွေ့မြင်ခဲ့ကြပြီးဖြစ်သည်။

နောက်ဆုံးအတန်းချိန်မှာ ကိုယ်ပိုင်စာလေ့လာချိန်ဖြစ်သည်။

စောင့်ကြည့်မဲ့ ဆရာမရှိတော့သဖြင့် စတုတ္ထအတန်းချိန်မှာ လုရှင်းမြန်နဲ့ အခြားသူတွေက ကျောပိုးအိတ်တွေကို လွယ်ကာ စာသင်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။

လုရှင်းမြန် နောက်ကို ပြန်ကြည့်လိုက်တဲ့အခါ သူတို့အုပ်စု သာမကဘဲ အခြားအတန်းဖော် အတော်များများပါ စောစီးစွာ ထွက်ခွာသွားကြတာကို တွေ့ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။

အားလုံးက တိတ်တဆိတ် သဘောတူညီမှု ရရှိထားကြပုံရသည်။

ထိုအခါမှပင် လုရှင်းမြန်က ကျောင်းပတ်ပတ်လည်တွင် နံရံကျော်တက်ရန် လွယ်ကူတဲ့ နေရာများစွာ ရှိနေကြောင်းနဲ့ ထိုသို့ လုပ်ဆောင်နေကြသူမှာ သူတို့ တစ်အုပ်စုတည်း မဟုတ်ကြောင်း သတိပြုမိသွားခဲ့သည်။

သူတို့ လေးယောက်က ကျောင်းပြင်သို့ ခိုးထွက်ခဲ့ကြပြီး ကျောင်းဝတ်စုံတွေကို လဲလှယ်ကာ မုန့်ဆိုင်မှ ကိတ်မုန့်ကို သွားရောက်ယူဆောင်၍ ဘိုကင်တင်ထားသော KTV အခန်းသို့ ထွက်ခွာသွားခဲ့ကြသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment