တစ်ဖက်လူက ငွေလွှဲတာကို လက်ခံပြီး "ကောင်းပြီ" လို့ ပြန်စာပို့တာကို မြင်လိုက်ရတော့ လုရှင်းမြန် သက်ပြင်းချနိုင်သွားခဲ့သည်။
[ကျေးဇူးတင်ပါတယ်]
တစ်ဖက်လူက ပြန်စာပို့လာသည်။
[ရပါတယ်၊ ပိုက်ဆံရလို့ ငါ့အလုပ်ငါ လုပ်ပေးရုံပါ]
လုရှင်းမြန် - [ဒီည ကျွန်တော့်ကို ပုံပြင်တစ်ပုဒ် ပြောပြလို့ ရမလား]
[ရတယ်]
လုရှင်းမြန် - [နည်းနည်း ပိုနောက်ကျမှ လုပ်လို့ရမလား]
[ဘယ်လောက် နောက်ကျမှာလဲ]
လုရှင်းမြန် - [သန်းခေါင်ယံမှ]
[မင်းက အမြဲတမ်း အဲဒီလောက် အိပ်ရာဝင် နောက်ကျတာလား]
လုရှင်းမြန် - [အဲဒီဝန်းကျင်ပါပဲ၊ ပုံမှန်ဆို သန်းခေါင်ယံလောက်မှ အလုပ်ပြီးတာ]
သန်းခေါင်ယံမတိုင်ခင်အထိ သူ့မှာ အိမ်စာလုပ်စရာတွေရှိပြီး ပြန်နွှေးရတာတွေရှိတာကြောင့် ပုံမှန်အားဖြင့် မနက် ၁ နာရီ၊ ၂ နာရီအထိ ကြာတတ်သည်။ တစ်ဖက်လူမှာ အခြားအစီအစဉ်တွေ ရှိနိုင်တာကို ထည့်တွက်ပြီး လုရှင်းမြန်က သန်းခေါင်ယံအချိန်ကို အကြံပြုခဲ့ခြင်းဖြစ်သည်။ လူတိုင်းက သူ့လို အိပ်မပျော်တဲ့ရောဂါ (insomnia) ခံစားနေရတာ မဟုတ်ဘူးမလား။
[အခြေအနေကြည့်တာပေါ့]
လုရှင်းမြန် - [ဒါဆို သန်းခေါင်ယံကျမှ စာပို့လိုက်ပါ့မယ်]
[အိုကေ]
လုရှင်းမြန် စဉ်းစားလိုက်သည်... 'တစ်ဖက်လူက တကယ်ကို အေးစက်လွန်းတာပဲ၊ ဒါပေမဲ့ အသံက အဲဒီလောက် သာယာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။'
ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက သူ့ကို အကောင့် ထပ်ဖျက်မှာ မဟုတ်တော့ပါ။ ဒီညတော့ သူ စိတ်အေးချမ်းသာစွာ အိပ်ပျော်နိုင်တော့မည်။
ဖုန်းကို အောက်ချလိုက်ပြီး လုရှင်းမြန်က လေ့ကျင့်ခန်းစာရွက်ကို ပျော်ရွှင်စွာ ထုတ်ယူကာ လုပ်တော့သည်။ စာမေးပွဲတွေ နီးလာပြီဖြစ်၍ သူ ပေါ့ဆလို့ မဖြစ်ပါ။
စိတ်ကြည်လင်နေ၍လားမသိ။ လုရှင်းမြန် စာရွက်ကို မြန်မြန်ဆန်ဆန် ပြီးအောင်လုပ်နိုင်ခဲ့ပြီး ည ၁၁:၃၀ မှာ သင်္ချာစာမေးပွဲလေ့ကျင့်ခန်း ပြီးသွားခဲ့သည်။
ပြီးနောက် စစ်ဆေးကြည့်ရာ ဘာအမှားမှ မရှိပေ။
အချိန်ကို စစ်ကြည့်လိုက်ပြီး လုရှင်းမြန် အမြန် ရေချိုးလိုက်သည်။
အိပ်ရာပေါ် လှဲလိုက်တဲ့အချိန်မှာ သန်းခေါင်ယံ ကွက်တိ ဖြစ်နေပြီဖြစ်သည်။
လုရှင်းမြန် နားကြပ် (Bluetooth earphones)တပ်လိုက်သည်။
လုရှင်းမြန် - [အခု အချိန်ရလား ခင်ဗျ၊ အသံကော ခေါ်လို့ရမလား]
လုရှီရန်က ခုတင်ခေါင်းရင်းကို မှီပြီး ဆေးလိပ်သောက်ရင်း လွန်ခဲ့တဲ့ အဖြစ်အပျက်တွေကို မယုံနိုင်အောင် ဖြစ်နေမိသည်။ ဒါက သူလုပ်လေ့လုပ်ထရှိတဲ့ စတိုင် မဟုတ်ပါ။
တစ်ဖက်လူကို ပထမဆုံးအကြိမ် လက်ခံခဲ့စဉ်ကတည်းက သူ မယုံနိုင်အောင် ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ရှောင်ယို့ဇီက အဲဒီ Profile ပုံကို တကယ်ကြိုက်လို့ပဲလား? ဒါမှမဟုတ် ဒီလူက သူ့ကို အကောင့်နှစ်ခါတောင် လာအပ်နိုင်ခဲ့လို့လား? ဒါမှမဟုတ် တစ်ဖက်လူက တစ်နှစ်ခွဲလောက် အိပ်မပျော်တဲ့ရောဂါ ခံစားနေရတယ်လို့ ပြောတာကြောင့် သူ့စိတ်က ခဏတာ ပျော့ပြောင်းသွားတာကြောင့်လား မသိပါ။
ဒါမှမဟုတ် တစ်ဖက်လူက တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်း ယွမ် ၂၀,၀၀၀ လွှဲပေးခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။ လုရှီရန်က တစ်စက္ကန့်ကို အဲဒီပမာဏထက် အဆပေါင်း ရာထောင်နှင့်ချီပြီး ရှာနိုင်သူဖြစ်သည်။ လမ်းပေါ်မှာ ယွမ် ၂၀,၀၀၀ ပြုတ်ကျနေတာ မြင်ရင်တောင် ကောက်ဖို့ ငုံ့ကြည့်မှာ မဟုတ်ပေ။ အကြောင်းမှာ ငုံ့ကောက်တဲ့ အချိန်အတွင်းမှာပင် သူက သန်းပေါင်းများစွာ ရှာပြီးနေပြီဖြစ်သည်။
လုရှီရန် ဆေးလိပ်ငွေ့ နောက်ဆုံးတစ်ရှိုက်ကို မှုတ်ထုတ်လိုက်ပြီး ဆေးလိပ်ကို သတ်လိုက်သည်။
သူ့ဖုန်း မြည်လာသည်။ သူ့ "ဝယ်သူ" ထံမှ အသံကော (voice call) ဝင်လာခြင်းဖြစ်သည်။
အသံကောက ခေါ်ဆိုသံ အတော်ကြာအောင် မြည်နေပေမဲ့ တစ်ဖက်လူက မကိုင်သေးပေ။ လုရှင်းမြန် နည်းနည်း စိတ်လှုပ်ရှားလာပြီး တစ်ဖက်လူ နောင်တရသွားပြီလားဟု တွေးမိနေသည်။
နောက်ထပ် နှစ်ခါမျှ မြည်ပြီးနောက် ဖုန်းချိတ်ဆက်သွားခဲ့သည်။
လုရှင်းမြန် စကား စပြောလိုက်သည်။
"ဟယ်လို"
လုရှင်းမြန် စောင့်မျှော်နေတဲ့ အသံက နားကြပ်ထဲမှ ထွက်ပေါ်လာသည်။
"ဟယ်လို"
နားကြပ်တပ်ထားမိတာကို လုရှင်းမြန် အလွန်ဝမ်းသာသွားခဲ့သည်။ စကားလုံး တိုတိုနှစ်လုံးတည်းနဲ့တင် နားကြပ်မှတစ်ဆင့် နားထဲသို့ ရောက်ရှိလာတဲ့ အသံက အသံပိုင်းဆိုင်ရာ အံ့ဩဖွယ် ဧည့်ခံပွဲကြီးတစ်ခုအလား ခံစားလိုက်ရသည်။
ဒီကမ္ဘာပေါ်မှာ အဲဒီလောက် သာယာတဲ့အသံ ဘယ်လိုလုပ် ရှိနိုင်တာလဲ။ သူကြားဖူးသမျှ အသံသရုပ်ဆောင်တွေရဲ့ အသံထက်တောင် ပိုကောင်းနေသေးသည်။
အကယ်၍ အဲဒီအသံကို ရေဒီယိုပြဇာတ်တွေမှာ သုံးမယ်ဆိုရင် လုရှင်းမြန် သေချာပေါက် နေ့တိုင်း နားထောင်မိမှာပဲ။
တစ်ဖက်လူက တိတ်ဆိတ်နေပုံရ၍ လုရှင်းမြန် အမြန် စိတ်အာရုံ ပြန်စုစည်းလိုက်သည်။
"ဒီနေ့ ကျွန်တော့်ကို ပုံပြင်တစ်ပုဒ် ပြောပြလို့ရမလား"
လုရှီရန် - "ဘာပုံပြင်မျိုးလဲ"
လုရှင်းမြန် - "ပထမဆုံးအကြိမ်တုန်းက ပြောပြခဲ့တဲ့ ကလေးပုံပြင်လေးပါ"
လုရှီရန်က အဲဒီနေ့က ရှောင်ယို့ဇီကို ပြောပြခဲ့တဲ့ ပုံပြင်။ အဲဒီနေ့က ဒီလူ သူ့ကို မှားပြီး အကောင့်စအပ်ခဲ့တဲ့နေ့ကို ချက်ချင်း သတိရသွားသည်။
အဲဒီအချိန်တုန်းက ရှောင်ယို့ဇီက ဒီလူကို အကောင့်သွားအပ်ခဲ့တာဖြစ်ပြီး ဖုန်းကိုင်ခဲ့တာလည်း ရှောင်ယို့ဇီပဲ ဖြစ်လိမ့်မည်။
ကလေးပုံပြင် ပြောပြရတာ ဘာပြဿနာမှ မရှိပါ။ ရှောင်ယို့ဇီဆီက အိပ်ရာဝင် ပုံပြင်စာအုပ်တွေ အများကြီး ယူလာခဲ့တာရှိသည်။
လုရှီရန် - "ခဏစောင့်၊ ငါ စာအုပ်သွားယူလိုက်အုံးမယ်"
လုရှင်းမြန် - "ဟုတ် စောင့်နေပါ့မယ်"
လုရှီရန်က ရှောင်ယို့ဇီရဲ့ စာအုပ်ပုံထဲက စာအုပ်တစ်အုပ်ကို စိတ်ကြိုက် ဆွဲထုတ်လိုက်သည်။ အမှန်တော့ လုရှီရန်က ရှောင်ယို့ဇီကို ပုံပြင်ပြောပြတာ ရှားပါသည်။
"ဖားလေးနဲ့ လိပ်လေးက ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်..."
"တစ်နေ့မှာ ဖားလေးက မြစ်ဘေးမှာ ဆော့ကစားနေတုန်း မြေခွေးတစ်ကောင်က တိတ်တဆိတ် လမ်းလျှောက်လာခဲ့တယ်..."
လုရှီရန် ပြောပြနေတဲ့ ပုံပြင်ရဲ့ အမည်မှာ "ပါးနပ်သော လိပ်ကလေး" ဖြစ်သည်။
လုရှင်းမြန် မျက်လုံးများကို မှိတ်ထားပြီး ငြိမ်သက်စွာ နားထောင်နေသည်။ ပုံပြင်ပြောပြသူရဲ့ အသံမှာ ရှေးဟောင်းဘုန်းကြီးကျောင်းမှ ခေါင်းလောင်းသံလို၊ တောင်ကျစမ်းချောင်းထဲ စီးဆင်းနေတဲ့ စမ်းရေရဲ့ ကြည်လင်မှုလို၊ ငှက်ပျောရွက်ပေါ် တဖွဲဖွဲကျနေတဲ့ နွေရာသီမိုးစက်များလို၊ ခေါင်မိုးစွန်းအောက်မှာ လေပြေအေး အဝှေ့၌ ညင်သာစွာ လှုပ်ခါနေတဲ့ ခေါင်းလောင်းကလေးများရဲ့ သံစဉ်ကဲ့သို့ပင်။
ဒီအသံက လုရှင်းမြန်ရဲ့ ခေါင်းကို ညင်သာစွာ သပ်ပေးနေတဲ့ နွေးထွေးသော လက်တစ်စုံနဲ့ တူလှသည်။
ထိုအသံရဲ့ လွှမ်းမိုးမှုအောက်မှာ လုရှင်းမြန်ရဲ့ အိပ်ချင်စိတ်မှာ တောင့်တစွာဖြင့် နိုးထလာပြီး ထိုအသံဆီသို့ လှမ်းကိုင်လိုက်မိသည်။ ပုံပြင်ပြောပြသူ ညင်သာစွာ ပြောလိုက်တဲ့ စကားလုံးတိုင်းက သူ့အတွင်းမှ ထွက်ပေါ်လာတဲ့ အိပ်ချင်စိတ်ကို အေးချမ်းစွာ ချော့သိပ်ပေးလိုက်သည်။
ပုံပြင်တစ်ပုဒ် ပြီးသွားတဲ့အခါ လုရှင်းမြန်ဟာ "နောက်ပုံပြင်တစ်ပုဒ် ထပ်နားထောင်ချင်သေးလား" ဟု တစ်စုံတစ်ယောက်က မေးလိုက်သည်ကို ကြားလိုက်ရသည်။
လုရှင်းမြန်က "အင်း" ဟု အသံပြုလိုက်သည်။
ဒုတိယမြောက် ပုံပြင်ပြီးသွားတဲ့အခါ လုရှင်းမြန် ပိုမို အိပ်ချင်လာခဲ့သည်။
"နောက်ထပ် ပုံပြင်တစ်ပုဒ်လောက် ပြောပြပေးလို့ ရမလား ခင်ဗျ"
ဒီလို လှပတဲ့ အသံကို လုရှင်းမြန် နည်းနည်းလေး ပိုနားထောင်ချင်မိသေးသည်။ သူ့မျက်ခွံတွေ လေးလံလာသည်။ အရင်ကဆိုရင် ဒီလို လေးလံမှုကို ခံစားရတာနဲ့ လုရှင်းမြန်တစ်ယောက် ချက်ချင်း မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားခဲ့မှာဖြစ်သည်။
ကောင်းပြီလေ လုရှီရန်က တတိယမြောက် ပုံပြင်ကို ပြောပြလိုက်သည်။
တတိယမြောက် ပုံပြင်ကို နားထောင်ပြီးနောက် လုရှင်းမြန် တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
ဖုန်းထဲက လူမှာ စကားပြောသံ ရပ်သွားတာကို လုရှီရန် သတိပြုမိလိုက်ပြီး "အိပ်ပျော်သွားပြီလား" ဟု မေးလိုက်သည်။
ဘာတုံ့ပြန်မှုမှ မရှိဘဲ တစ်ဖက်မှ ဖြည်းဖြည်းနဲ့ ပုံမှန် အသက်ရှူသံ သဲ့သဲ့လေးသာ ထွက်ပေါ်လာသည်။ ဒီလူ အိပ်ပျော်သွားပြီဆိုတာ သေချာသွားခဲ့သည်။
လုရှီရန် ဖုန်းချလိုက်ပြီး အချိန်ကို ကြည့်လိုက်ရာ တစ်နာရီတောင် မပြည့်သေးပေ။ ဒီလောက် မြန်မြန်ဆန်ဆန် အိပ်ပျော်သွားတာက တော်တော်လေး မြန်သည်ဟု ထင်ရသည်။
တစ်ဖက်မှလူက သူ့ကို လိမ်ညာခဲ့ခြင်း မဟုတ်ကြောင်း လုရှီရန် ယုံကြည်သွားသည်။ မဟုတ်ရင် ဒီလောက် ပိုက်ဆံအများကြီးကို ချက်ချင်း လွှဲပေးမည် မဟုတ်ပေ။ အသံကို နားထောင်ကြည့်ခြင်းအားဖြင့် ဖုန်းထဲမှ ကောင်လေးက သိပ်မကြီးသေးဘဲ သူ့ထက် အသက်ကြီးမည် မဟုတ်တာတော့ သေချာသည်။ ဒီကောင်လေး ဘာကြောင့် တစ်နှစ်ခွဲလောက် အိပ်မပျော်တဲ့ရောဂါ ခံစားခဲ့ရလဲဆိုတာကို သူ နည်းနည်း စိတ်ဝင်စားသွားခဲ့သည်။
ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ရတာကြောင့် နောက်တစ်နေ့တွင် လုရှင်းမြန် တစ်ယောက် လန်းဆန်းစွာ နိုးထလာခဲ့သည်။ သူ အိမ်ကနေ ၁၅ မိနစ် စောထွက်လာခဲ့ပြီး အိမ်နားက ဆိုင်မှာ မနက်စာ သွားစားကာ ပဲနို့ချိုတစ်ခွက်နဲ့ အာလူးကော်ပြန့် နှစ်ချောင်း စားခဲ့သည်။ မနက်စာ စားပြီးနောက် ဘတ်စ်ကားစီးပြီး ကျောင်းသွားခဲ့သည်။
လုရှင်းမြန်ရဲ့ အလိုက်သင့် ပေါင်းသင်းနေထိုင်နိုင်စွမ်းက ကောင်းမွန်လှသည်၊၊ ရက်ပိုင်းမျှအတွင်းမှာပင် ကျောင်းသစ်၊ အတန်းသစ်နဲ့ သင်ယူမှု ပတ်ဝန်းကျင်သစ်တွင် လုံးဝ အသားကျသွားခဲ့သည်။ အတန်းပိုင်ဆရာမ ပို့ပေးထားတဲ့ စာမှတ်စရာများနဲ့ လေ့ကျင့်ခန်း စာအုပ်များကိုလည်း သူ လေ့လာနေခဲ့သည်။ အိပ်စက်ခြင်း အကူအညီပေးသူကြောင့်လည်း လုရှင်းမြန်တစ်ယောက် ညအချိန် ရောက်လာမှာကို ပိုပြီး မကြောက်တော့ပေ။
နေ့လယ်စာစားချိန် အနားယူချိန်တွင် လုရှင်းမြန်က အချိန်ညှိရန် အိပ်စက်ခြင်း အကူအညီပေးသူထံ စာပို့လိုက်တဲ့အခါ ထိုလူက နောက်နှစ်ရက်အတွင်း အချိန်မအားကြောင်း ပြောလာခဲ့သည်။ ထိုသူမှာ လုရှင်းမြန် ထင်ထားတာထက် ပိုပြီး အလုပ်ရှုပ်နေပုံရသည်။
လုရှီရန်ရဲ့ အစ်ကိုနဲ့ မရီးဖြစ်သူတို့ နောက်ဆုံးတော့ ပြန်ရောက်လာကြသည်။ ရှောင်ယို့ဇီကို လာခေါ်ကြတဲ့အခါ လုရှီရန်က ရှောင်ယို့ဇီထံမှ အိပ်ရာဝင် ပုံပြင်စာအုပ် နှစ်အုပ် တောင်းလိုက်သည်။ ရှောင်ယို့ဇီက သူ့ဦးလေးကို တကယ်ချစ်တာကြောင့် ယူလာသမျှ ပုံပြင်စာအုပ် အားလုံးကို ရက်ရက်ရောရော ပေးခဲ့သည်။
"ဦးလေး သမီးမှာ နောက်ထပ် အများကြီး ရှိသေးတယ်! ဦးလေး ကြိုက်တယ်ဆိုရင် မနက်ဖြန် သမီး ထပ်ယူလာပေးမယ်"
ပထမအကြိမ် အစမ်းစာမေးပွဲကို စနေ၊ တနင်္ဂနွေ မတိုင်မီ နှစ်ရက်အလိုတွင် ကျင်းပရန် စီစဉ်ထားသည်။ စာမေးပွဲစာရွက်က လုရှင်းမြန်အတွက် မခက်ခဲပေမဲ့ အတိအကျ အမှတ်ကို သိရှိနိုင်ရန် တနင်္လာနေ့အထိ စောင့်ရမည်ဖြစ်သည်။ ဒါပေမဲ့ လုရှင်းမြန် ရရှိမယ်လို့ မှန်းဆထားတဲ့ အမှတ်ထက် ၁၀ မှတ်ထက် ပိုပြီး ကွာခြားမည် မဟုတ်ဟု ခံစားရသည်။
သူ့ကို အိပ်အောင် ချော့သိပ်ပေးသူမှာ လွန်ခဲ့တဲ့ နှစ်ရက်အတွင်း အလုပ်ရှုပ်နေတာကြောင့် လုရှင်းမြန်မှာ နောက်ထပ် နှစ်ညတိုင်တိုင် အိပ်မပျော်ခဲ့ရပြန်ပေ။ ဘတ်စ်ကားပေါ်မှာ မျက်လုံးမှိတ်ထားစဉ် ရှယွဲ့ဖန်းထံမှ WeChat စာတစ်စောင် ရရှိခဲ့ပြီး မနက်ဖြန် မွန်းလွဲပိုင်းတွင် လုမိသားစုအိမ်သို့ ပြန်ခေါ်ရန် တစ်စုံတစ်ယောက် လာခေါ်မည်ဖြစ်ကြောင်း အကြောင်းကြားလာသည်။
နောက်တစ်နေ့တွင် လုရှင်းမြန်ကို လာခေါ်တဲ့ ကားက အောက်ထပ်မှာ ရပ်ထားသည်။ ပြီးခဲ့တဲ့အကြိမ်က ဒရိုင်ဘာပင် ဖြစ်ပြီး လုရှင်းမြန်ကို မြင်တဲ့အခါ အတော်ပင် မကျေမနပ်ဖြစ်နေပုံရကာ ဒီနေရာကို ရုတ်တရက် ပြောင်းရွှေ့သွားတာကြောင့် ဒရိုင်ဘာမှာ ခဏမျှ ရှာလိုက်ရကြောင်း ညည်းတွားနေခဲ့သည်။
ထို့နောက် ထိုဇိမ်ခံကားကြီးက လုရှင်းမြန်ကို လုမိသားစုအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့လေသည်။