no

Font
Theme

အောက်တိုဘာလရဲ့ နေ့ဘက်က ပူအိုက်နေဆဲ ဖြစ်ပေမဲ့ ညဘက်တွင်မူ နည်းနည်း အေးစက်စက် ရှိလှသည်။ လုရှင်းမြန်က ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားပြီး ဝရန်တာလက်ရန်းကို မှီကာ WeChat မှတစ်ဆင့် လုကောထံ ဖုန်းခေါ်ဆိုလိုက်သည်။ ဤမျှ အစောကြီး ဖုန်းခေါ်မိ၍ လုကော အလုပ်ရှုပ်နေမှာ ဒါမှမဟုတ် ဖုန်းမကိုင်မှာကို သူ နည်းနည်း စိုးရိမ်နေခဲ့သည်။

စာပဲ ပို့လိုက်ရင်လည်း ရနိုင်ပေမဲ့ လုကောရဲ့ အသံမှာ အလွန် နားထောင်ကောင်းတာကြောင့် လုရှင်းမြန်ဟာ ဖုန်းခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဖုန်း အနည်းငယ် မြည်သွားပြီးနောက် လုရှီရန်က ဖုန်းကို ကိုင်လိုက်သည်။

"ဘာကိစ္စလဲ" ဟု ဖုန်းစကိုင်လိုက်တဲ့ ခဏမှာပင် လုရှင်းမြန်ရဲ့ နားထဲ ချိုချိုအေးအေးလေး ခံစားလိုက်ရသည်။ ထိုအသံက အမှန်ပင် အလွန် နားထောင်၍ ကောင်းလှပေသည်။

ဖုန်းရဲ့ အခြားတစ်ဖက်မှ ဆူညံသံအချို့ကို လုရှင်းမြန် ကြားလိုက်ရသည်။ တစ်ယောက်ယောက်က လုကောရဲ့ အမည်ကို ခေါ်ကာ ဘယ်သွားမလို့လဲလို့ မေးမြန်းနေတာကို ကြားလိုက်ရပြီး ထို့နောက် ဖုန်းပြောရန် ခဏ အပြင်ထွက်လိုက်ဦးမယ်လို့ ပြန်ပြောလိုက်သံကို ကြားလိုက်ရသည်။

ဒီနေ့ လုရှင်းမြန် က ဒီလောက် စောစော ဆက်သွယ်လာတာကြောင့် လုရှီရန်လည်း နည်းနည်း အံ့ဩသွားပုံရသည်။

လုရှင်းမြန်က "လုကော ဒီနေ့ည ပုံပြင် ပြောပြစရာ မလိုတော့ဘူးဆိုတာ ပြောချင်လို့ပါ" ဟု ပြောလိုက်သည်။

လုရှီရန်က "ဟင်" ဟု ပြန်တုံ့ပြန်လိုက်သည်။ လုရှင်းမြန်က သူ့အား အိပ်ပျော်အောင် ချော့နိုင်မဲ့ ပိုကောင်းတဲ့ လူတစ်ယောက်ကို တွေ့သွားခဲ့ပြီလား။ သူ "အလုပ်ပြုတ်" တော့မည်လား။

လုရှင်းမြန်က "ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့်ဆီ အလည်လာလို့ အခန်းတစ်ခန်းတည်းမှာ အတူတူ အိပ်နေကြတာ။ ဒီနေ့ည သူတို့ကို နှောင့်ယှက်မိမှာ စိုးလို့ပါ" ဟု ရှင်းပြခဲ့သည်။

လုရှီရန်က "ဟင်" ဟု ထပ်မံ မေးလိုက်ပြန်သည်။

လုရှင်းမြန်က အားလပ်ရက်ဖြစ်၍ စူးချန်ရှိ သူငယ်ချင်းတွေ သူ့ထံ အလည်လာခြင်းဖြစ်ကြောင်း လုရှီရန်ကို ပြောပြခဲ့သည်။ သူတို့သုံးယောက်ရဲ့ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ပြီး အရင်က ကိစ္စတိုင်းကို အတူတူ လုပ်ဆောင်လေ့ ရှိကြသည်။ ဒီနေ့ ယန်ချိန်း၌ တစ်နေ့လုံး လှည့်လည် ဆော့ကစားခဲ့ကြသည်။ ညစာစားပြီး သူ့ သူငယ်ချင်း နှစ်ယောက်လုံး အလွန် မောပန်းနေကြသဖြင့် အိပ်ပျော်သွားခဲ့ကြပေမဲ့ လုရှင်းမြန်ဟာ မောပန်းနေသော်လည်း ဘီယာအချို့ သောက်ထားသည့်တိုင် အိပ်မပျော်နိုင်ဖြစ်နေရသည်။

တိတ်ဆိတ်တဲ့ ထောင့်တစ်ခု၌ လုရှီရန်ဟာ အိတ်ထဲက ဆေးလိပ်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်ပြီး ဒီနေ့ လုရှင်းမြန်နဲ့ သူ့သူငယ်ချင်းတွေ သွားရောက်ခဲ့တဲ့ နေရာတွေအကြောင်း ပြောပြနေတာကို နားထောင်နေခဲ့သည်။ လုရှင်းမြန်က အာရုံစိုက်ကာ အရက်သောက်ခဲ့တဲ့အကြောင်း ပြောလိုက်တဲ့အခါ လုရှီရန် မျက်မှောင်ကြုတ်လိုက်ပြီး "မင်း အရက်သောက်ခဲ့တာလား" ဟု မေးလိုက်သည်။

လုရှင်းမြန်က ရယ်မောလိုက်ပြီး "အများကြီး မဟုတ်ပါဘူး၊၊ ၂၅၀ မီလီလီတာ ဘီယာနှစ်ဘူးပါပဲ" ဟု ပြောခဲ့သည်။

လုရှင်းမြန်ထက် အသက်အများကြီး ကြီးသလို ခံစားနေရတဲ့ လုရှီရန်က "ကလေးတွေ အရက် မသောက်ရဘူး" ဟု လေးလေးနက်နက် ပြောလိုက်သည်။

လုရှင်းမြန်က ရယ်လိုက်ပြီး "ဟုတ်ကဲ့ပါ" ဟု ဆိုခဲ့သည်။ မသိစိတ်ထဲမှပင် သူက လုကောကို စကားများစွာ ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားမိနေပြီ ဖြစ်သည်။

ဖုန်းရဲ့ အခြားတစ်ဖက်မှ လူမှာ အလွန် လိမ္မာပါးနပ်လှပေသည်။

"ဒါဆို မင်းက သူငယ်ချင်းတွေကို နှောင့်ယှက်မိမှာ စိုးလို့ ဒီနေ့ည ပုံပြင် နားမထောင်ချင်တာပေါ့။ မင်းရဲ့ သူငယ်ချင်းတွေက အိပ်ပျော်သွားပြီ။ ဒါဆို မင်းရော ဘယ်လိုလုပ်မလဲ" ဟု လုရှီရန်က မေးလိုက်သည်။

ဒါဟာ တစ်ယောက်ယောက်က သူ့ရဲ့ အိပ်စက်ခြင်းအပေါ် ပထမဆုံးအကြိမ် ဂရုစိုက် စိုးရိမ်ပေးခြင်း ဖြစ်သည်။ လုရှင်းမြန် စိတ်ထဲမှာ နွေးထွေးသွားခဲ့ပြီး "ရပါတယ်။ ကျွန်တော် အကျင့်ဖြစ်နေပါပြီ" ဟု ပြန်ပြောလိုက်သည်။

လုကောနဲ့ မတွေ့ဆုံခင်က သူဟာ အိပ်မရဘဲ မြောက်မြားစွာသော ညတွေကို ကုန်လွန်ခဲ့ရသည်။ ဘယ်သူမှ သူ အိပ်မပျော်၂ဲ့ ရောဂါရှိတာကို မသိကြသလို ဂရုလည်း မစိုက်ခဲ့ကြပေ။ ဒီနေ့တွင် မတွေ့ဖူးသေးတဲ့ လူစိမ်းတစ်ယောက်ဆီက ဤသို့ ရင်းနှီးသော ဂရုစိုက်မှုကို သူ ထပ်မံ ခံစားလိုက်ရသည်။

ဖုန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

"သူငယ်ချင်းတွေကို နှောင့်ယှက်မိမှာ စိုးတယ်ဆိုရင် ခဏနေရင် ငါ မင်းဆီ အသံဖိုင် ခေါ်ဆိုမှု ပို့ပေးမယ်။ မင်း ဘာမှ ပြန်ပြောစရာ မလိုဘူး၊ နားထောင်ရုံပဲ နားထောင်" ဟု လုရှီရန်က ပြောလိုက်သည်။

လုရှင်းမြန် စိတ်ထဲ တက်ကြွသွားခဲ့ပြီး "အင်း လုကော ကောက တကယ်ကို စိတ်သဘောထား ကောင်းတာပဲ" ဟု ပြောလိုက်သည်။

လုရှီရန်က တည်တည်ငြိမ်ငြိမ်ဖြင့် "မင်းက ငါ့ရဲ့ အချိန်ကို နှစ်ဆပေးပြီး ဝယ်ထားတာလေ" ဟု ဆိုခဲ့သည်။

"ဒါက တကယ်ကို တန်တယ်" ဟု လုရှင်းမြန်က ပြောလိုက်ပြီးမှ တစ်ခုခုကို သတိရသွားကာ "ဒါဆို ကျွန်တော်က အခု ကောရဲ့ တစ်ဦးတည်းသော အလုပ်အပ်သူ ပေါ့၊ ဟုတ်လား" ဟု မေးလိုက်သည်။

လုရှီရန်က "ဟုတ်တယ်၊ မင်းတစ်ယောက်တည်းပါပဲ" ဟု အတည်ပြုပေးခဲ့သည်။

လုရှင်းမြန် ရုတ်တရက် ပျော်ရွှင်သွားခဲ့သည်။

ထို့နောက် လုရှီရန်က "မနက်ဖြန် ဘယ်သွားဖို့ စီစဉ်ထားလဲ" ဟု မေးလိုက်သည်။

လုရှင်းမြန်နဲ့ သူ့သူငယ်ချင်းတွေ မနက်ဖြန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား မြို့တော်သို့ သွားရောက်ရန် စီစဉ်ထားကြသည်။ ဒါပေမဲ့ ထိုနေရာက ပုံမှန်အားဖြင့်ပင် လူစည်ကားပြီး အားလပ်ရက်လည်း ဖြစ်နေသဖြင့် ပို၍ပင် လူကြပ်နေမည်ဖြစ်ကာ တန်းစီစောင့်ဆိုင်းရုံဖြင့် အချိန်အများကြီး ကုန်သွားနိုင်သည်။ ထိုနေရာကို သူတို့ သုံးယောက်လုံး မရောက်ဖူးကြသဖြင့် တန်းစီရလျှင်ပင် အနည်းဆုံး ကစားစရာ တစ်ခုနှစ်ခု သို့မဟုတ် ပွဲကြည့်ရလျှင်ပင် တန်သည်ဟု ထင်ကြသဖြင့် တကယ်ကို သွားချင်နေကြသည်။

အရာရာ တန်းစီနေရမဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား မြို့တော်တွင် အထူးသဖြင့် အမျိုးသားနေ့ အားလပ်ရက်မျိုး၌ ဘာတစ်ခုမှ ကောင်းကောင်း ခံစားရမည် မဟုတ်ပေ။

လုရှီရန် ခဏမျှ စဉ်းစားလိုက်ပြီး "အင်း... ငါ့မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူမှာ Ultimate VIP ကတ် ရှိတယ်။ အဲဒါက နိုင်ငံတော် ဧည့်သည်တော် သီးသန့် လမ်းကြောင်းကနေ ဝင်လို့ရပြီး တန်းစီစရာ မလိုဘဲ သွားလို့ရတယ်" ဟု ပြောလိုက်သည်။

လုရှင်းမြန်ရဲ့ မျက်နှာမှာ အားကျတဲ့ ရိပ်ယောက်များ ပေါ်လာပြီး

"ဒါ သိပ်ကောင်းတာပဲ! ကောရဲ့ သူငယ်ချင်းက တကယ်ကို အံ့ဩစရာကောင်းတာပဲ!" ဟု ပြောလိုက်သည်။

သူက ထို VIP ဝန်ဆောင်မှုအကြောင်းကို မရေမရာ သိထားသည်၊၊ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား မြို့တော်မှာ လွတ်လပ်စွာ လှည့်လည်နိုင်ပေမဲ့ ထိုကဲ့သို့သော VIP ကတ်မျိုး ရရှိရန် အလွန် ခက်ခဲလှပေသည်။

လုကောရဲ့ သူငယ်ချင်းက တကယ့်ကို ဩဇာအာဏာ ရှိသူဖြစ်ရမည်။

လုရှီရန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး "အမှန်တော့... ငါပြောတဲ့ အဲဒီသူငယ်ချင်းဆိုတာ ငါပါပဲ" ဟု ဆိုခဲ့သည်။

လုရှင်းမြန်က "ဟာ လုကော ကောက တကယ် အံ့ဩစရာကောင်းတာပဲ!" ဟု ရေရွတ်လိုက်သည်။

လုရှင်းမြန်က သူ့ရဲ့ သဘောထားကို သိပ်သဘောမပေါက်သေးတာကို မြင်တဲ့အခါ လုရှီရန်က အနည်းငယ် မဝံ့မရဲဖြင့် ရှင်းပြလိုက်သည်။

"ဒါက... ငါ့ရဲ့ ဘော့စ်က ငါ့ကို ပေးထားတာပါ"

လုရှင်းမြန် :“……” ဒါဆို ဘာဖြစ်လဲ။

လုရှီရန်က ဆက်လက်၍ လုပ်ကြံဖန်တီးပြောဆိုလိုက်သည်။

"အဲဒီတုန်းက ငါ လုပ်ငန်းပရောဂျက် ကြီးတစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့လို့ ဘော့စ်က VIP ကတ် ပေးခဲ့တာ။ အဲဒါ မင်းကို ပေးမယ်။ မင်းနဲ့ မင်းရဲ့ သူငယ်ချင်းတွေ သွားရောက် ပျော်ရွှင်နိုင်တာပေါ့"။

လုရှင်းမြန် က မြန်မြန်ပင် "မလိုပါဘူး၊ မလိုပါဘူး" ဟု ငြင်းဆန်လိုက်သည်။

ထို VIP ကတ် ဘယ်လောက်ထိ တန်ဖိုးရှိတာကို သူ ကောင်းကောင်း သိထားသည်။

လုရှင်းမြန်က "လုကော ကျွန်တော်တို့ ဒီတိုင်း တန်းစီပြီး ဝင်လို့ရပါတယ်။ ဒီအတိုင်းပဲ သိမ်းထားလိုက်ပါ" ဟု ပြောလိုက်သည်။

လုရှီရန်က ဆေးလိပ်ငွေ့တွေကို အသာမှုတ်ထုတ်လိုက်ရင်း "ငါက အသက်ကြီးနေပြီ၊၊ သွားဆော့ရမှာကို သိပ်စိတ်မဝင်စားတော့ဘူး" ဟု ဆက်ပြောခဲ့သည်။

အသက်ကြီးပြီ ဟုတ်လား။ အသံကို နားထောင်ရုံနဲ့ လုရှီရန်ဟာ အလွန် ငယ်ရွယ်သေးကြောင်း လုရှင်းမြန် ခံစားနိုင်သည်။ သူက စူးစမ်းချင်စိတ်ဖြင့် "လုကော ကော အသက် ဘယ်လောက်ရှိပြီလဲ" ဟု မေးလိုက်သည်။

"နှစ်ဆယ့်ရှစ်"

လုရှင်းမြန်က "အို... သိပ်ငယ်သေးတာပဲ!" ဟု ရေရွတ်လိုက်သည်။

ခုနက "အသက်ကြီးပြီ"လို့ ပြောတာကို ကြားလိုက်ရသဖြင့် လုကောရဲ့ အသက်မှာ အနည်းဆုံး လေးဆယ် သို့မဟုတ် ထိုထက်မက ရှိလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။ စင်စစ်တော့ နှစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးသဖြင့် အလွန် ငယ်ရွယ်သေးပေသည်။

လုရှီရန် သဘောတကျ ရယ်လိုက်သည်။ လုရှင်းမြန်က သူ့ကို ငယ်သေးကြောင်း ပြောနေပေမဲ့ သူ့ မိသားစုကမူ သူ့ကို အသက်ကြီးလာပြီလို့ ထင်ကာ အမြဲတမ်း အိမ်ထောင်ပြုရန် တိုက်တွန်းနေကြသည်။ ဒါပေမဲ့ လုရှီရန်က သဘောမတူခဲ့ပေ။ သဘာဝအတိုင်း ရင်ခုန်စိတ်လှုပ်ရှားစေတဲ့ အမှန်တကယ် နှစ်သက်ရတဲ့ လူတစ်ယောက် မတွေ့မချင်း လုရှီရန်ဟာ ဘယ်တော့မှ ဂုဏ်ဓနအတွက် လက်ထပ်မှာ မဟုတ်ပေ၊၊ ထို့ကြောင့်လည်း သူဟာ နှစ်ပေါင်းများစွာ တစ်ယောက်တည်း လူပျိုကြီး ဖြစ်နေခဲ့ခြင်းဖြစ်သည်။

လုရှင်းမြန်က "အင်းလေ ကောရဲ့ ချစ်သူကို ခေါ်သွားလို့ ရတာပဲ!" ဟု အကြံပေးလိုက်သည်။

လုရှီရန်က "ငါ့မှာ ချစ်သူ မရှိဘူး" ဟု ပြန်ပြောခဲ့သည်။

လုရှင်းမြန်က "အခု မရှိသေးပေမဲ့ နောက်ဆို ရမှာပါပဲ။ အဲဒီ VIP ကတ်ကို သိမ်းထားပြီး နောက်မှ ကောရဲ့ အနာဂတ် ချစ်သူနဲ့အတူ သွားလိုက်ပါ" ဟု ဆိုခဲ့သည်။

လုရှီရန်က "ဒီကတ်က သက်တမ်း ကန့်သတ်ချက် ရှိတယ်။ ဒီနှစ်ထဲ မသုံးရင် သက်တမ်းကုန်သွားလိမ့်မယ်။ ငါကလည်း အလုပ်တွေ အရမ်းရှုပ်နေတော့ သွားဖို့ အချိန် လုံးဝ မရှိဘူး။ မသုံးရင် နှမြောစရာကြီး ဖြစ်သွားမယ်" ဟု ရှင်းပြလိုက်သည်။

လုရှင်းမြန် ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး "ဒါဆိုရင် ကျွန်တော် ကောဆီ ပိုက်ဆံ လွှဲပေးမယ်" ဟု ပြောခဲ့သည်။

လုကောရဲ့ VIP ကတ်ကို အလကား ယူရန် သူ နည်းနည်း အားနာနေဆဲ ဖြစ်သည်။

လုရှီရန်က "လုရှင်းမြန် မင်း ငါ့ဆီ ပိုက်ဆံ လွှဲပေးရင် မင်းရဲ့ ပိုက်ဆံတွေကို ငါ ပြန်အမ်းလိုက်မှာဖြစ်ပြီး နောက်ဆို မင်းကို ပုံပြင်တွေ ပြောပြတော့မှာ မဟုတ်ဘူး" ဟု ခြိမ်းခြောက်လိုက်သည်။

လုရှင်းမြန် က မြန်မြန်ပင် "ဟင့်အင်း မလုပ်ပါနဲ့။ ကျွန်တော် မလွှဲတော့ပါဘူး...မလွှဲတော့ပါဘူး" ဟု ပြောလိုက်သည်။ လုကောရဲ့ ပုံပြင်တွေကို နားမထောင်ရလျှင် သူ တကယ် အိပ်မပျော်နိုင်ပေ။

လုရှင်းမြန် က "ကျေးဇူးပါ လုကော" ဟု ဖြည့်စွက် ပြောလိုက်သည်။

ဖုန်းထဲက လေတိုးသံတွေကို ကြားလိုက်ရသဖြင့် လုရှီရန်က "မင်း အခု အပြင်မှာလား" ဟု မေးလိုက်သည်။

လုရှင်းမြန်က အပြင်မှာ မဟုတ်ဘဲ ဝရန်တာမှာ ရောက်နေခြင်းဖြစ်ကြောင်း ပြောပြသဖြင့် လုရှီရန်က အခန်းထဲသို့ ပြန်ဝင်ရန် ပြောလိုက်သည်။ နောက် အနညး်ဆုံး တစ်နာရီခွဲအကြာတွင် အသံဖိုင် ခေါ်ဆိုမှု ပို့ပေးမည်ဖြစ်ပြီး လုရှင်းမြန် ဘာမှ ပြန်ပြောစရာ မလိုဘဲ နားထောင်ရုံ သက်သက်သာ နားထောင်ရန် မှာကြားခဲ့သည်။

ဖုန်းချလိုက်ပြီးနောက် ဆုန်းယိဟန်ဟာ ရေချိုးခန်းထဲက ထွက်လာပြီး ဝရန်တာမှာ ရှိနေတဲ့ လုရှင်းမြန်ကို တွေ့လိုက်ရသည်။ သူ လျှောက်လာခဲ့ပြီး "ဘာလို့ အခုထိ မအိပ်သေးတာလဲ" ဟု မေးလိုက်သည်။

လုရှင်းမြန်က "အခု အိပ်တော့မလို့ပါ" ဟု ပြန်ဖြေလိုက်သည်။

ဆုန်းယိဟန်က အင်းဟု တုံ့ပြန်လိုက်ပြီး ကုတင်ပေါ် လှဲကာ ခဏချင်းပင် အိပ်ပျော်သွားခဲ့သည်။

လုရှင်းမြန်လည်း ညအိပ်ရာဝင် အလေ့အထတွေကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ကုတင်ပေါ် လှဲလိုက်သည်။ ဆုန်းယိဟန်နဲ့ လျိုယီချန်တို့ဟာ သူ့ဘေးမှာ ဟောက်နေကြသည်။

ထိုအသံတွေကို သူ ဆူညံလွန်းတယ်လို့ ခံစားရပါ၊၊ နောက်ပိုင်းမှာ တစ်ယောက်တည်း တိတ်ဆိတ်နေလွန်းသဖြင့် တစ်ခါတစ်ရံ ထိုသို့ လွန်ကဲစွာ တိတ်ဆိတ်မှုက လူကို စိတ်မသက်မသာ ဖြစ်စေတတ်သည်။

ချိန်းဆိုထားတဲ့ အချိန်အတိအကျမှာပဲ လုရှီရန်ဟာ အသံဖိုင် ခေါ်ဆိုမှု ပို့ပေးလာခဲ့သည်။

"လုကော" ဟု လုရှင်းမြန်က တိုးတိုးလေး ခေါ်လိုက်သည်။

ထို့နောက် ကျန်ရှိတဲ့ အချိန်များတွင် လုရှင်းမြန်ဟာ နားကြပ်ကို တပ်ဆင်ထားခဲ့ပြီး လုရှီရန်က ဖုန်းမှတစ်ဆင့် သူ့ရဲ့ "အချိန်ပိုင်း အလုပ်" ကို စတင်ခဲ့တော့သည်။

နောက်တစ်နေ့ နံနက်တွင် လုရှီရန် နိုးလာတဲ့အခါ လုရှင်းမြန်ထံမှ ဟုန်ပေါင်းတစ်ခု ရရှိထားတာကို တွေ့လိုက်ရသည်။

[လုကော အမျိုးသားနေ့မှာ ပျော်ရွှင်ပါစေ။]

သူက အခုနောက်ပိုင်း ဟုန်ပေါင်းမရတာ ကြာပြီဖြစ်သည်။ လုရှင်းမြန် အဘယ်ကြောင့် ပို့ရသနည်းဆိုတာကို လုရှီရန် ခန့်မှန်းမိသည်၊၊ တကယ်လို့ သူ လက်မခံပါက လုရှင်းမြန်ဟု အားနာပြီး စိတ်မကောင်း ဖြစ်နေလိမ့်မည်။

လုရှီရန် နှိပ်ကြည့်လိုက်ရာ ယွမ် ၂၀၀ တန် ဟုနါပေါင်းကြီး ဖြစ်နေသည်။

သူ မတတ်သာဘဲ လက်ခံလိုက်ပြီး လုရှင်းမြန်ထံ စာပြန်လိုက်သည်။

[ပျော်ပျော်ရွှင်ရွှင် ကစားပါ၊၊ နောက်တစ်ကြိမ် ဟုနါပေါင်းတွေ ပို့မနေနဲ့တော့။]

ထို ဟုနါပေါင်းကို မနက် ၅ နာရီမှာ ပို့ထားခြင်းဖြစ်သည်။ လုရှင်းမြန် ထိုမျှ အစောကြီး နိုးနေသလား။ လုရှင်းမြန်က နေ့တိုင်း ဒီလို အစောကြီး နိုးနေသလား။ ဒါဆို သူ တစ်ည၄ နာရီ သို့မဟုတ် ၅ နာရီခန့်သာ အိပ်စက်ရကြောင်း လုရှီရန် စဉ်းစားမိနေခဲ့သည်။

လုရှီရန် ပေးလိုက်တဲ့ VIP ပက်ကေ့ဂျ် ကျေးဇူးကြောင့် လုရှင်းမြန်နဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လူစည်ကားတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား မြို့တော်မှာ အလွန် ပျော်ရွှင်စရာ ကောင်းတဲ့ အချိန်တွေကို ကုန်လွန်ခဲ့ရသည်။ သူတို့က ဘာတစ်ခုမှ တန်းစီစရာ မလိုဘဲ မနက်ခင်း တစ်ခုတည်းမှာပင် လည်ပတ်စရာ အများအပြားကို သွားရောက်နိုင်ခဲ့သည်။ ဖျော်ဖြေပွဲများတွင်ပင် စိတ်ကြိုက် နေရာကောင်းများ၌ ထိုင်ခွင့်ရခဲ့သည်။ ထို့အပြင် မြင့်မားတဲ့ စားသောက်ဆိုင်များမှာ အခမဲ့ စိတ်ကြိုက် စားသောက်နိုင်ခဲ့ကြသည်။

ဆုန်းယိဟန်နဲ့ လျိုယီချန်တို့က လုရှင်းမြန်ကို အံ့အားသင့်စွာ ကြည့်ရှုကာ "ဒါကို မင်း ဘယ်လိုလုပ်လိုက်တာလဲ" ဟု မေးလိုက်ကြသည်။

လုရှင်းမြန်က သူငယ်ချင်းတစ်ယောက်က ထို VIP ပက်ကေ့ဂျ်ကို ပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ရာ သူငယ်ချင်း နှစ်ယောက်လုံးက လုရှင်းမြန်ရဲ့ သူငယ်ချင်းမှာ တကယ်ကို အံ့ဩစရာကောင်းလှသည်ဟု ချီးကျူးခဲ့ကြသည်။

မွန်းလွဲစာ စားပြီးနောက် သူတို့ သုံးယောက်လုံး ညနေအထိ ဆက်လက် ကစားခဲ့ကြပြီး အလွန် ကျေနပ်ဖွယ်ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ကြသည်။ သူတို့ သွားချင်တဲ့ လည်ပတ်စရာ နေရာတိုင်းလိုလိုကို ရောက်ရှိခဲ့ကြသည်။

ယန်ချိန်း၌ စတုတ္ထမြောက်နေ့တွင် မနက်ဖြန် ကျောင်းစတင်တော့မည်ဖြစ်သဖြင့် ဆုန်းယိဟန်နဲ့ လျူယီချန်တို့ဟာ အိမ်သို့ ပြန်ကြရတော့မည်ဖြစ်သည်။ လုရှင်းမြန် အတွက်လည်း ထိုနည်းအတိုင်း ဖြစ်သည်၊၊ သူတို့က စာမေးပွဲ အရှိန်အဟုန်ပြင်းတဲ့ အထက်တန်း တတိယနှစ် ကျောင်းသားများ ဖြစ်ကြသည်။

လုရှင်းမြန်ဟာ သူတို့ကို အမြန်ရထားဘူတာရုံတွင် လိုက်ပို့ခဲ့သည်။ မနက်ဖြန်တွင် ယန်ချိန်း၌ ပြန်လည်ဆုံတွေ့ကြရန် ကတိပြုခဲ့ကြသည်။

သူတို့ ထွက်ခွာသွားတာကို ကြည့်ရင်း လုရှင်းမြန် စိတ်ထဲ နည်းနည်း ဝမ်းနည်းသွားခဲ့ပြီး မိမိရဲ့ တစ်ယောက်တည်း သီးခြားကမ္ဘာသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ဒါပေမဲ့ အထီးကျန်မှုကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းက ဘဝရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။

ကားစောင့်နေစဉ် လုရှင်းမြန်ဟာ VIP ကတ်အတွက် ကျေးဇူးတင်ကြောင်း လုရှီရန်ထံ စာပို့လိုက်သည်။ သူနဲ့ သူ့သူငယ်ချင်းတွေ အလွန် ပျော်ရွှင်ခဲ့ကြကြောင်းပါ ပြောပြခဲ့သည်။

စာပို့ပြီးနောက် လုရှင်းမြန် သူ့ ဖုန်းကို စစ်ဆေးလိုက်သည်။ Taxiခေါ်ဆိုမှု Appတွင် သူခေါ်ထားတဲ့ ကားမှာ အနီးအနား မြေပုံပေါ်တွင် ရောက်ရှိနေပြီဟု ပြနေပေမဲ့ ကားက ဘယ်မှာလဲ။

သူ လိုက်ရှာနေစဉ် ကားတစ်စီးက လမ်းဘေးသို့ ဖြည်းညှင်းစွာ ထိုးဆိုက်လာခဲ့သည်။ လုရှင်းမြန် ထိုကားက အနက်ရောင် ကားတစ်စီးဖြစ်နေတာကို တွေ့လိုက်ရသဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ တံခါးကို ဖွင့်၍ ဝင်ထိုင်လိုက်သည်။

ရှေ့ထိုင်ခုံမှ ဒရိုင်ဘာမှာ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်သွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ တစ်စိမ်းသက်သက် လူတစ်ယောက်က ဘာကြောင့် ရုတ်တရက် ဝင်ထိုင်လာရတာလဲ။ ကံကောင်းစွာနဲ့ သူက ဥက္ကဋ္ဌလုနဲ့အတူ အခြေအနေကြီးမားစွာကို ကြုံတွေ့ဖူးသူဖြစ်သဖြင့် မြန်မြန်ပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။

ကားထဲမှာ အခြားလူတစ်ယောက် ရှိနေတာကို သတိပြုမိလိုက်တဲ့အခါ လုရှင်းမြန်လည်း လန့်သွားခဲ့သည်။ သူ ကား အတူစီးရန် မခေါ်ထားခဲ့ပါ။ ဒါပေမဲ့ အခြားလူတွေ ရှိနေရင်လည်း ရှိနေပါစေတော့။

လုရှီရန်ဟာ လုရှင်းမြန် ပို့ထားတဲ့ စာကို ဖတ်နေစဉ် ရုတ်တရက် ကားတံခါး ပွင့်သွားပြီး ကောင်လေးတစ်ယောက် ဝင်လာခဲ့သည်။ ထိုကောင်လေးက အေးဆေးစွာပင် ထိုင်လိုက်သေးသည်။

လုရှီရန် :“……??”

ဘေးနားမှ အမျိုးသားရဲ့ ဇဝေဇဝါဖြစ်နေတဲ့ အကြည့်ကို ရင်ဆိုင်ရင်း လုရှင်းမြန်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ရှေ့မှ ဒရိုင်ဘာမှာ အခြေအနေကို မရေမရာဖြစ်ကာ ဥက္ကဋ္ဌလု ကို ကြည့်လိုက်သည်။ ကားကို ဆက်မောင်းရမည်လော သို့မဟုတ် ရပ်ထားရမည်လောဆိုတာကို သူ တကယ်ကို မသိတော့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment