no

Font
Theme

ဖုန်းရဲ့ အခြားတစ်ဖက်မှ ဖေဖေဆုန်း က

"ဩ... လုရှင်းမြန် ငါတို့ အခု အရမ်းအလုပ်ရှုပ်နေလို့ အရေးကြီးတာ မရှိရင် ဖုန်းချလိုက်တော့မယ်" ဟု နောက်ဆုံးတွင် ပြောလိုက်သည်။

လုရှင်းမြန် ဘာမှ မပြောနိုင်သေးခင် အခြားတစ်ဖက်မှ မေမေဆုန်းရဲ့ အသံထွက်လာပြီး

"ဘာလို့ ဖုန်းပြောနေသေးတာလဲ? အခု မသွားရင် ငါတို့ နောက်ကျတော့မယ်" ဟု ပြောလေသည်။

ဖေဖေဆုန်းက ဖုန်းကို ချက်ချင်း ချသွားခဲ့သည်။ သူတို့က သူတို့ရဲ့ အရင်းအချာ သားအရင်းကို သွားတွေ့ရန် စိတ်လောနေကြသည်။

ဒီကာလက တုပ်ကွေးဖြစ်ပွားမှု အများဆုံး ရာသီဖြစ်ပြီး ထိုအချိန်က ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ဟာ လုစီဟန်ကို ကူးစက်ခံရမလားဟုပင် တွေးပူခဲ့ကြသည်။ လုစီဟန် က ကြံ့ခိုင်တဲ့ လူငယ်တစ်ဦးနဲ့ တူတာကြောင့် လွယ်လွယ်နဲ့ဖျားနာမည် မဟုတ်ပေ။

ဒါပေမဲ့ မထင်မှတ်ဘဲ နောက်တစ်နေ့မှာပင် လုစီဟန် ဖျားကာ ကိုယ်ပူနေတယ်ဆိုတဲ့ သတင်းကို သူတို့ ကြားသိခဲ့ရသည်။ သူတို့နှစ်ဦးလုံး မနေနိုင်ကြတော့ဘဲ သူတို့ရဲ့ သားကို ချက်ချင်း သွားတွေ့ရန် ယန်ချိန်းသို့ သွားဖို့ ဆုံးဖြတ်လိုက်ကြသည်။

လုစီဟန်က သူတို့ရဲ့ သားဖြစ်ကြောင်း သိလိုက်ရတဲ့အခါ တွေ့ဆုံချိန်တွင် အရမ်း ရင်းနှီးသလို ခံစားခဲ့ရသည်။ ကြည့်လေလေ ပိုကြိုက်လေလေပင်။ ဒါဟာ ဘယ်လိုမှ ဖြတ်တောက်၍ မရနိုင်တဲ့ သွေးသားတော်စပ်မှုရဲ့ သိမ်မွေ့သော ဆက်နွှယ်မှုမျိုး ဖြစ်ပေလိမ့်မည်။

လုစီဟန်ဟာ ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ ထိုစကားမျိုး ပြောတာကို ကြားတဲ့အခါ အလွန် ဒေါသထွက်သွားခဲ့သည်။

လုစီဟန်က သူတို့အပေါ် တွယ်တာစိတ် မရှိပေမဲ့ ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့က ဒေါသမထွက်တဲ့အပြင် အနည်းငယ် တောင်းပန်စိတ်ပင် ဝင်ခဲ့ကြသည်။ လုစီဟန် ငယ်စဉ်ကတည်းက စောင့်ရှောက်မပေးနိုင်ခဲ့တာက သူတို့ရဲ့ အမှားဖြစ်သည်။ သူတို့ဟာ လုဆီဟန်ကို သူတို့နဲ့အတူ ပြန်လိုက်ခဲ့ရန် အတင်းအကျပ် မလုပ်ဘဲ လုမိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ခွင့်ပြုမည်ဟု ကတိပေးခဲ့ကြသည်။

လုစီဟန်က သူဟာ မူလကတည်းက လုမိသားစုရဲ့ ကလေးဖြစ်တယ်လို့ ပြောခဲ့သည်။

ဒီအတောအတွင်း ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့က လုစီဟန်နဲ့ ဆက်သွယ်ပြီး သွားရောက်တွေ့ဆုံခဲ့ကြသည်။ ဒါပေမဲ့ လုဇနီးမောင်နှံရဲ့ ဆန္ဒမှာ လုစီဟန်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုတော့မည်ဖြစ်ပြီး ယခုအချိန်ဟာ အရေးကြီးတဲ့ အချိန်ဖြစ်သည်။ ထိုအချိန်မှာ လုစီဟန် ကို အနှောင့်အယှက် မဖြစ်စေချင်ပေ။

ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ သူတို့ရဲ့ အဖိုးတန်သားနဲ့ နီးနီးကပ်ကပ် ရှိနေမှာကို လုဇနီးမောင်နှံက မဝံ့မရဲ ဖြစ်နေပုံရသည်။ ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့လည်း ဒါကို သိကြပြီး လုစီဟန်က လုမိသားစုမှာ နေရင် ပိုမိုကောင်းမွန်စွာ နေထိုင်ရမှာကို သိပေမဲ့ လုစီဟန်နဲ့ ပိုမိုနီးကပ်ချင်သည့် စိတ်ကို မထိန်းနိုင်ခဲ့ကြပေ။

(T/N ဘယ်မလဲ ငါ့ကလေးအတွက် တရားမျှတမှု)

အထူးသဖြင့် လုစီဟန် ဖျားနေတာကို သိလိုက်ရပြီးနောက် သူတို့နှစ်ဦး မနေနိုင်တော့ပေ။ လုစီဟန်ကို သွားတွေ့ရန် ယန်ချိန်းသို့ အမြန်အဆန် အမြန်ရထား စီးသွားခဲ့ကြသည်။

ကျန်းမာရေး ဆေးခန်းထောင့်မှာ ကိုယ်ပူကြီးပြီး ပုလင်းချိတ်ထားရတဲ့ လုရှင်းမြန်ကိုတော့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေ။

လုရှင်းမြန် ဖုန်းချသွားတာကို ကြည့်ပြီး ခါးခါးသီးသီး ပြုံးလိုက်သည်။ ဒါကြောင့် လုစီဟန် ဖျားတဲ့အခါ ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့လည်း စိတ်ပူပြီး ပူပန်ကြတာပဲ။

ဒီကို ရောက်လာကတည်းက ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ဟာ လုရှင်းမြန်ထံ လာမတွေ့ခဲ့ကြသလို ဖုန်းလည်း ရှားရှားပါးပါးပင် ခေါ်ခဲကြသည်။ သူတို့ ဦးဆောင်ပြီး ဖုန်းခေါ်ခဲ့တဲ့ တစ်ကြိမ်တည်းသော အချိန်မှာလည်း လုစီဟန် ကြောင့်ပင် ဖြစ်သည်။

လုစီဟန် ရေကန်ထဲသို့ ကိုယ်တိုင် ခုန်ဆင်းခဲ့ပြီး လုရှင်းမြန် က သူ့ကို ရေထဲ တွန်းချခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ထိုနေ့က ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ဟာ ဆေးရုံတွင် လုစီဟန်နဲ့ အတူ ရှိနေခဲ့ပြီး မေမေဆုန်းက လုရှင်းမြန်ထံ တိုက်ရိုက် ဖုန်းခေါ်ကာ နာရီဝက်တိတိ ဆူဆဲခဲ့သည်။

ထိုအချိန်တွင် လုရှင်းမြန်က ထုံထိုင်းသွားရတဲ့ ခံစားချက်ကို နားလည်သွားခဲ့သည်။

သူတို့ အတူတူ အချိန်အတော်ကြာ ကုန်လွန်ခဲ့ကြသဖြင့် သံယောဇဉ် အနည်းငယ်တော့ ရှိလိမ့်မည်ဟု တွေးကာ မူလက မျှော်လင့်ချက်ကလေး ရောင်ခြည်တစ်ခု၊ စိတ်ကူးယဉ်မှုကလေး တစ်ခု ထားရှိခဲ့ဖူးသည်။ လုယန့်နဲ့ ရှယွဲ့ဖန်းတို့ဟာ လုစီဟန် အပေါ် လေးနက်တဲ့ ခံစားချက်များ ရှိကြသည်။ လုရှင်းမြန်က မနာလိုမဖြစ်ပေမဲ့ အားကျခဲ့သည်။

ဒါပေမဲ့ အခုတော့ လုရှင်းမြန်ဟာ ဖုန်းချသွားတာကို တည်ငြိမ်တဲ့ မျက်နှာပေးဖြင့် ကြည့်နေခဲ့သည်။ ထိုရလဒ်ကို မျှော်လင့်ထားပြီးသားမို့ သူ အဆင်ပြေပါတယ် ဘာမှ မဖြစ်ပါဘူး။

ဒါကြောင့် လုရှင်းမြန်က သိပ်မဝမ်းနည်းတော့ဘူးလို့ ခံစားလိုက်ရသည်။ သူ ဖျားနေပြီး မအီမသာ ဖြစ်နေ၍သာ ဝမ်းနည်းနေခြင်း ဖြစ်သည်။

မိမိပတ်ဝန်းကျင်ရှိ လူတွေကို ကြည့်ရင်း လုရှင်းမြန်ဟာ မကြုံစဖူး ဆုံးရှုံးမှုနဲ့ အထီးကျန်ကာ အေးစိမ့်တဲ့ ခံစားချက်ကို ခံစားလိုက်ရသည်။

ပြင်ပမှာ တစ်ယောက်တည်း အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် သီးခြားခွဲနေထိုင်ခြင်းကို ကျင့်ယူနိုင်သင့်ပြီဟု သူ ထင်ခဲ့သည်။ ဒါပေမဲ့ ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ရဲ့ အသံတွေကို ကြားလိုက်ရတဲ့အခါ သူက သူတို့ရဲ့ ဂရုစိုက်မှုကို တမ်းတနေတုန်းပင်။

ဒါပေမဲ့ လူတိုင်းက လုရှင်းမြန် ကို မေ့သွားကြပုံရသည်။

လုရှင်းမြန်ရဲ့ ဘေးမှာ ထိုင်နေတဲ့ ပုလင်းချိတ်ထားတဲ့ ကောင်လေးကလည်း အသက်အရွယ် တူပုံရသည်။

သူ့မိဘနှစ်ပါးစလုံးက သူ့ဘေးမှာ ရှိနေကြသည်။ ဆေးရည် ကုန်ခါနီးတဲ့အခါ သူ့အဖေက ဆေးပုလင်း လဲပေးရန် သူနာပြုကို သွားခေါ်ပေးပြီး သူ့အမေက ကောင်လေးကို သက်သာရဲ့လား၊ မသက်မသာ ဖြစ်နေသေးလား၊ နေ့လယ်စာ ဘာစားချင်လဲဟု မေးနေသည်။

ကြည့်ရတာ သာမန် နွေးထွေးတဲ့ မိသားစုလေးနဲ့ တူပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် လုရှင်းမြန် မိမိကိုယ်တိုင်မှလွဲ၍ အခြားသူအားလုံးမှာ အဖော်ရှိကြသည်။

တစ်ယောက်တည်း သန့်စင်ခန်းသွားရန်လည်း မလွယ်ကူပေ။ လုရှင်းမြန်က လက်တစ်ဖက်နဲ့ ဆေးပုလင်းကို မြှောက်ထားပြီး ဆေးအပ်စိုက်ထားတဲ့ လက်ဖြင့် ဘောင်းဘီဇစ်ကို ဖြုတ်ခဲ့ရကာ သန့်စင်ခန်းထဲမှ ထွက်လာတဲ့အခါ ပိုက်လိုင်းထဲသို့ သွေးများပင် စိမ့်ဝင် ပြန်တက်နေခဲ့သည်။

လုရှင်းမြန်က ဘာလုပ်ရမှန်း မသိသဖြင့် ပျင်းရိစွာဖြင့် ဖုန်းကို ထုတ်လိုက်သည်။ မနက် ၁၀ နာရီ ရှိပြီဖြစ်သည်။

အခြားသူတွေကလည်း ကျောင်းသားဖြစ်စေ၊ ရုံးဝန်ထမ်းဖြစ်စေ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်တွေဖြင့် ရှုပ်နေကြပေလိမ့်မည်၊၊ အားလုံးတွင် လုပ်စရာများ ရှိကြသည်။

သူ့ WeChat တွင်းက အဆက်အသွယ်တွေကလည်း သူနဲ့ ရွယ်တူများသာ ဖြစ်ကြသည်။ ဆုန်းယိဟန်နဲ့ လျိုယီချန် တို့က အခုအချိန် အတန်းထဲ၌ ရှိနေလောက်သည်။ ပုံမှန်ဆိုလျှင် ဒီအချိန်တွင် လုရှင်းမြန်ကလည်း စာသင်ခန်းထဲမှာ ဆရာ့ရဲ့ သင်ကြားမှုကို နားထောင်နေရမည် ဖြစ်သည်။

သူ စကားပြောစရာ လူ တကယ်ရှာမတွေ့ပုံရသည်။

သူ့လက်ချောင်းက "လုကော"ရဲ့ အမည်ဆီသို့ လျှောသွားတဲ့အခါ လုရှင်းမြန် ရပ်တန့်သွားခဲ့သည်။

သူလည်း သာမန် ရုံးဝန်ထမ်းတစ်ယောက် ဖြစ်ရမည်၊၊ အခုအချိန်တွင် ရုံး၌ သူ့အလုပ်နဲ့သူ ရှုပ်နေလောက်သည်။

လုရှင်းမြန်က သူ့ကို မေးဖူးရာ လုကောက အိပ်ရာဝင်ပုံပြင်တွေ ပြောပေးခြင်းက သူ့အတွက် အချိန်ပိုင်းအလုပ်ဖြစ်တယ်လို့ ပြောခဲ့သည်။

လုရှင်းမြန် သတိထားမိလိုက်တဲ့ အချိန်တွင် စာတစ်စောင် ပို့ပြီးသား ဖြစ်နေခဲ့ပြီ။

လုရှင်းမြန်: [လုကော အလုပ်ရှုပ်နေတာလား?]

လုရှင်းမြန်က စာကို အမြန်ပြန်ရုပ်သိမ်းလိုက်ပြီး လုကော မမြင်လိုက်ပါစေနဲ့ဟု မျှော်လင့်လိုက်သည်။ သူ ဘာလို့ မစဉ်းစားမဆင်ခြင်ဘဲ စာပို့လိုက်ရတာလဲ? လုကောရဲ့ အသံကို သူ အရမ်းကြိုက်လွန်း၍ ဖြစ်ပေမဲ့ အခု စာပို့လိုက်ရင် သူ့ကို အနှောင့်အယှက် ဖြစ်သွားမလား?

သူတို့ရဲ့ ဆက်ဆံရေးက "အလုပ်ရှင်-အလုပ်သမား" မျှသာ ဖြစ်သည်။ လုကောက ညတိုင်း သူ့ကို အိပ်စက်အောင် ချော့သိပ်ပေးရုံမျှသာ ဖြစ်သည်။

သူ အရမ်းမြန်မြန် ပြန်ရုပ်သိမ်းလိုက် သဖြင့် လုကော မြင်လိုက်မည် မဟုတ်ဟု လုရှင်းမြန် ထင်ခဲ့သည်။ ဒါပေမဲ့ စာကို ပြန်ရုပ်သိမ်းပြီး စက္ကန့်ပိုင်းအလိုမှာပင် လုကော ထံမှ စာပြန်လာခဲ့သည်။

[ဘာဖြစ်လို့လဲ?]

လုရှင်းမြန်: [ဘာမှမဖြစ်ပါဘူး မှားပို့မိတာပါ။ အားနာပါတယ်။]

လုရှီရန်: [၁၀ မိနစ်နေရင် ငါ မင်းဆီ ဆက်သွယ်လိုက်မယ်။]

လုရှီရန်က တကယ်ပင် အလုပ်ရှုပ်နေခဲ့သည်။ လုရှင်းမြန်က စာကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပေမဲ့ လုရှီရန် က မြင်သွားခဲ့သည်။

သူ အချိန်ကို စစ်ဆေးလိုက်ရာ စာသင်ချိန် အတိအကျ ဖြစ်နေပြီး ဒီနေ့က ကျောင်းပိတ်ရက် မဟုတ်ပေ။ လုရှင်းမြန်က ဒီလိုအချိန်မှာ စာပို့တယ်ဆိုရင် တစ်ခုခုဖြစ်နေ၍ ဖြစ်နိုင်သည်။

၁၀ မိနစ်ပင် မပြည့်ခင် လုရှီရန် က လုရှင်းမြန် ထံ စာပို့လာခဲ့သည်။

လုရှီရန်: [ဘာဖြစ်လို့လဲ? ဘာတွေဖြစ်လို့လဲ?]

လုရှင်းမြန်: [ဘာမှမဖြစ်ပါဘူး...ဘာမှမဖြစ်ပါဘူး။]

လုရှီရန်က ၁၀ မိနစ်အတွင်း တကယ် စာပြန်လာလိမ့်မယ်လို့ လုရှင်းမြန် မမျှော်လင့်ထားခဲ့ပေ။ အားနာလို့ ပြောတဲ့ စကားမျှသာ ဖြစ်လိမ့်မယ်လို့ သူ ထင်ခဲ့တာဖြစ်သည်။

လုရှီရန်: [မင်း အခုအချိန် စာသင်ခန်းထဲမှာ ရှိနေရမှာ မဟုတ်ဘူးလား? ငါ့ဆီ စာပို့ဖို့ ဘယ်လိုလုပ် အချိန်ရှိတာလဲ? အတိအကျ ဘာဖြစ်တာလဲ?]

သူတို့ သိကျွမ်းခဲ့တာ ၂ လ ရှိပြီဖြစ်သည်။ စကားအများကြီး မပြောဖြစ်ကြပေမဲ့ လုရှင်းမြန်က စာပေလေ့လာမှုမှာ ဘယ်တော့မှ မပေါ့ဆကြောင်း၊ နိုင်ငံရဲ့ ထိပ်တန်း ကျောင်းသုံးကျောင်းထဲမှ တစ်ခုဖြစ်တဲ့ ယန်ချိန်း တက္ကသိုလ်သို့ တက်ရောက်ရန် ရည်မှန်းထားကြောင်း လုရှီရန် သိသည်။

ထို့ကြောင့် လုရှင်းမြန်က စာသင်ချိန်အတွင်း စာပို့လိမ့်မယ်လို့ သူ မယုံကြည်ပေ။ တစ်ခုခုတော့ ဖြစ်နေရမည်။

လုရှင်းမြန်: [တကယ် ဘာမှမဖြစ်ပါဘူး၊၊ နည်းနည်း ဖျားနေလို့ ကျောင်းမသွားတာပါ။]

လုရှင်းမြန်: [ဆေးခန်းမှာ ဆေးပုလင်း ချိတ်နေတာပါ။ တစ်ယောက်ထဲဆိုတော့ နည်းနည်း ပျင်းလို့။]

လုရှီရန်: [ဖျားနေတာလား? ပြင်းထန်လား?]

လုရှင်းမြန်: [မပြင်းထန်ပါဘူး၊၊ ကိုယ်ပူရုံပါ။ ဆေးပုလင်း ချိတ်ပြီးရင် သက်သာသွားမှာပါ။]

လုရှီရန်က စာကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ လုရှင်းမြန်က ပေါ့ပေါ့ပါးပါး ပြောနေပေမဲ့ လုရှင်းမြန် ပြောသလို ကိုယ်ပူရုံပဲ မဟုတ်ကြောင်း လုရှီရန် ရိပ်မိသည်။

လုရှင်းမြန်က အရမ်း မပြင်းထန်ပါက ထုတ်ပြလေ့မရှိတဲ့ လူမျိုး ဖြစ်ပုံရသည်။

ပြီးတော့ သူ့ကို တကယ် မယုံကြည်ပါက ဒီလိုအချိန်မှာ စာပို့မည် မဟုတ်ပေ။

လုရှီရန်: [ငါ အခု အားနေတုန်းပဲ။ မင်းနဲ့ စကားပြောဖော် လုပ်ပေးမယ်။]

လုရှင်းမြန်: [အဲဒါ ကောအလုပ်ကို နှောင့်နှေးမသွားဘူးလား?]

လုရှီရန်: [မနှောင့်နှေးပါဘူး။ သူဌေး မရှိဘူး.... အားလုံး အလုပ်ခိုးလုပ်နေကြတာ။]

လုရှင်းမြန် ပြုံးလိုက်သည်။ လုကောက အလုပ်မှာ ခကြာခဏ အလုပ်ခိုးလုပ်တတ်ပုံရသည်။

လုရှီရန်ဟာ အရင်က အပူချိန် ဘယ်လောက်ရှိလဲ။ မအီမသာ ဖြစ်နေတုန်းလားနဲ့ သူ့ကို ကြည့်ရှုပေးမဲ့သူ ရှိမရှိ မေးမြန်းခဲ့သည်။

လုကောနဲ့ စကားပြောနေရသဖြင့် လုရှင်းမြန် ဝမ်းနည်းမှု နည်းပါးသွားပြီး အချိန်တွေ မြန်မြန် ကုန်လွန်သွားခဲ့သည်။

မသိလိုက်ဘဲ မွန်းတည့်ချိန်သို့ ရောက်ရှိလာခဲ့သည်။ လုရှင်းမြန်တွင် ဆေးရေပုလင်း အသေးတစ်ပုလင်းသာ ကျန်တော့ပြီး ဆေးရေကုန်တဲ့အထိ လုကောက စကားပြောဖော် လုပ်ပေးခဲ့သည်။

အခုတော့ သူ ပိုမို သက်သာလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ မနက်ကလို ခေါင်းမမူးတော့ဘဲ မျက်နှာလည်း မပူတော့ပေ။

သူနာပြုတစ်ဦး ရောက်လာပြီး သူ့အပူချိန်ကို တိုင်းပေးခဲ့သည်။ ၃၇.၃ ဒီဂရီ စင်တီဂရိတ် ရှိပြီး နည်းနည်း ကိုယ်ပူနေသေးပေမဲ့ တော်သေးဆာက အပူ ကျသွားခြင်း ဖြစ်သည်။ ဆေးသောက်ပြီး အိမ်မှာ နားနားနေနေ နေပါက ပုံမှန်အပူချိန်သို့ ပြန်ရောက်သွားလိမ့်မည်။ အိမ်ပြန်ရောက်ရင် ရေနွေးများများသောက်ရန် သူနာပြုက အကြံပြုခဲ့သည်။

လုရှင်းမြန်က ဆေးပုလင်း ကုန်သွားပြီဖြစ်ကြောင်း လုကောကို ပြောလိုက်ရာ လုကောထံမှ ဟုန်ပေါင်းတစ်ခု ရရှိခဲ့သည်။

လုရှီရန်: [နေ့လယ်စာ ကောင်းကောင်းစားပါ။ ခေါက်ဆွဲပြုတ် လျှော့စား။ မင်း ဖျားနေတုန်းပဲ။]

လုရှင်းမြန်: [ဘာလို့ ဟုန်ပေါင်း ပို့ပေးတာလဲ?]

လုရှီရန်: [မြန်မြန် သက်သာပါစေလို့ ဆုတောင်းပေးတာပါ။ ယူလိုက် ဟုန်ပေါင်း အသေးလေးပါ....၈ ဒေါ်လာနဲ့ ၈ ဆင့်ပဲ ရှိတယ်။]

၈ ဒေါ်လာနဲ့ ၈ဆင့်ဆိုတာက အများကြီး မဟုတ်သလို ဆုမွန်ကောင်းတောင်းပေးတဲ့ ဟုန်ပေါင်း ဖြစ်သဖြင့် လုရှင်းမြန် အများကြီး မစဉ်းစားဘဲ ဖွင့်ကြည့်လိုက်သည်။

ထို့နောက် လုရှင်းမြန်က ၂၀၀ ဆိုတဲ့ ကိန်းဂဏန်းကို မြင်လိုက်ရသည်။ ၈ ဒေါ်လာနဲ့ ၈ဆင့် လုံးဝမဟုတ်သလို ဟုန်ပေါင်း အသေးလေးလည်း မဟုတ်ပေ... အကြီးကြီး ဖြစ်နေသည်။ လုကောထံမှ ဖုန်းဝင်လာချိန်တွင် သူ ပြန်စာရေးရန် ပြင်လိုက်သည်။

လုရှင်းမြန် က "ဘာလို့ ဒီလောက် အကြီးကြီး ပို့ပေးရတာလဲ? ခဏနေရင် ပြန်လွှဲပေးလိုက်မယ်" ဟု မေးလိုက်သည်။

လုကောက ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး ညနေပိုင်းမှာ အချိန်ပိုင်းအလုပ် လုပ်သူဖြစ်သဖြင့် လုကောရဲ့ ငွေကြေးအခြေအနေ မကောင်းဟု လုရှင်းမြန် ထင်ထားခဲ့သည်။

´ရုန်းကန်နေရတဲ့ ဝန်ထမ်းလေး´လုရှီရန်က

"လုရှင်းမြန် ပြန်မလွှဲနဲ့။ လွှဲလိုက်ရင် မင်း အော်ဒါကို ငါဖျက်လိုက်မယ်" ဟု ပြောလေသည်။

လုရှင်းမြန်: "ဒါပေမဲ့ ၂၀၀ က အရမ်းများပါတယ်။"

လုရှီရန်: "လုရှင်းမြန် မင်းအိမ်မှာ သာမန် ဆေးဝါးတွေ အဆင်သင့် မရှိဘူးလား? အချိန်ရရင် အရေးပေါ်သုံးဖို့ ဆေးအချို့ ဝယ်ထားလိုက်ပါ။"

လုရှီရန် က မေးခွန်းတစ်ခု စဉ်းစားမိသွားပြီး "နေ့လယ်စာ ဘယ်လိုလုပ်မှာလဲ? ခေါက်ဆွဲပြုတ်ပဲ ထပ်စားတော့မလို့ မဟုတ်ဘူးမလား?" ဟု မေးလိုက်သည်။

"ကျွန်တော် ဗိုက်မဆာပါဘူး။"

သူ ဗိုက်ဆာပါက အိမ်မှာ ခေါက်ဆွဲပြုတ် ရှိပေမဲ့ ထိုသို့ မပြောခဲ့ပေ။ ထို့အစား

"အိမ်မှာ ဟင်းသီးဟင်းရွက်တွေ ရှိသေးတယ်၊၊ ပြန်ရောက်ရင် ကိုယ့်ဘာသာ ချက်စားလိုက်မယ်။ စိတ်မပူပါနဲ့ ခေါက်ဆွဲပြုတ် မစားပါဘူး" ဟု ပြောလိုက်သည်။

လုရှီရန် က ခဏတာ ယုံကြည်သွားပေမဲ့

"တကယ်လို့ မလုပ်နိုင်ရင် ဆိုင်မှာ သွားစား ဒါမှမဟုတ် ပါဆယ် မှာစားပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင် အခုချိန်မှာ ခေါက်ဆွဲပြုတ် မစားပါနဲ့" ဟု အကြံပြုခဲ့သည်။

"မအီမသာ ဖြစ်နေသေးရင် မွန်းလွဲပိုင်း နားလိုက်လေ သက်သာမှ ကျောင်းပြန်သွား။"

"လုရှင်းမြန် ကိုယ့်ကိုယ်ကို ကောင်းကောင်း စောင့်ရှောက်ပါ။"

လုရှင်းမြန်က ရုတ်တရက် စိတ်လှုပ်ရှားကာ ရင်ထဲ ထိသွားခဲ့ပြီး

"လုကော ကျေးဇူးတင်ပါတယ်။" ဟု ပြောလိုက်သည်။

မနက်ခင်း တစ်ခုလုံး စကားပြောဖော် လုပ်ပေးခဲ့တဲ့အတွက် ထို့အပြင် သူ့ကို တစ်ယောက်တည်း မဟုတ်တော့သလို ခံစားရစေတဲ့အတွက် ကျေးဇူးတင်နေမိသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment