ဒရိုင်ဘာက လမ်းခရီးမှာ ကိုယ်ရေးကိုယ်တာကိစ္စအချို့ကြောင့် ရပ်နားခဲ့သဖြင့် လုရှင်းမြန်ကို လာကြိုရာ၌ နောက်ကျသွားခဲ့သည်။ ကြန့်ကြာသွားမှုကို ကာမိစေရန်အတွက် သူက ဘရိတ်ကို ရုတ်တရက် အုပ်လိုက်၊ အရှိန်ကို မဆင်မခြင် ပြင်းထန်စွာ မြှင့်လိုက်ဖြင့် မဆင်မခြင် မောင်းနှင်ခဲ့သည်။
ဒါဟာ ဒရိုင်ဘာ ပုံမှန်မောင်းလေ့ရှိတဲ့ ပုံစံမဟုတ်ဘဲ လုရှင်းမြန် ကားပေါ်မှာ ပါလာလို့သာလျှင် ဖြစ်သည်။
ဦးလေးလု၊ ဒေါ်လေးလုနဲ့ လုစီဟန်တို့အတွက် မောင်းပေးတဲ့အခါတွင်မူ ဒရိုင်ဘာက အမြဲတမ်း ငြိမ့်ညောင်းစွာ မောင်းလေ့ရှိသည်။ လက်ထဲတွင် ကော်ဖီတစ်ခွက် အပြည့်ကိုင်ထားလျှင်ပင် ကျော်တက်သည်ဖြစ်စေ၊ ကွေ့သည်ဖြစ်စေ တစ်စက်မျှ ဖိတ်စဉ်မည်မဟုတ်ဘဲ ဒါဟာ သူ့အတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။
လုရှင်းမြန်က လုမိသားစုရဲ့ ငြင်းပယ်ခြင်းခံထားရသူဖြစ်သဖြင့် ဒရိုင်ဘာငလည်း သူ့အပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံမည် မဟုတ်ပေ။ လုမိသားစုရဲ့ အဝိုင်းပယ်ခံ၊ လှည့်စားရလွယ်ကူပုံရတဲ့ ကလေးတစ်ယောက်မျှသာ ဖြစ်တဲ့အတွက် သူက ဘာလုပ်နိုင်မှာလဲ? တိုင်ကြားမှာလား။
ဒရိုင်ဘာက လုရှင်းမြန်ကို လုမိသားစုအိမ်သို့ အချိန်အတိအကျ ပို့ဆောင်ပေးခဲ့သည်။ ကားပေါ်မှ ဆင်းလာချိန်တွင် လုရှင်းမြန်ရဲ့ မျက်နှာမှာ အလွန်ဖြူဖျော့နေခဲ့၏။ သူ့ကလီစာတွေ လိမ်တွန့်သွားသလို ခံစားရပြီး မအီမသာဖြင့် အော့အန်ချင်ပေမဲ့ အန်ထုတ်၍မရခဲ့ပေ။
လုမိသားစုအိမ်ထဲသို့ ဝင်ရောက်ပြီးနောက်တွင်လည်း သူ့မျက်နှာအရောင်မှာ တိုးတက်မလာသေးပေ။ ရှယွဲ့ဖန်းကို မြင်လိုက်ရတဲ့အခါ လုရှင်းမြန်က "မင်္ဂလာပါ" ဟု ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"အဲဒါ ဘာမျက်နှာပေးလဲ? ဒီမှာမနေချင်လို့ အဲဒီလောက်တောင် ဖြစ်နေတာလား?"
ရှယွဲ့ဖန်းက လုရှင်းမြန်ကို အခုလိုမြင်ရတဲ့အခါ ပို၍ပင် မကျေမနပ်ဖြစ်သွားခဲ့သည်။ သူက အဘယ့်ကြောင့် လုစီဟန်ကဲ့သို့ သူမအပေါ် ချွဲချွဲနွဲ့နွဲ့ မနေနိုင်ရတာလဲ? ကိစ္စမရှိပါဘူး သူမကလည်း ဘာမှ ဆက်မပြောချင်တော့ပေ။
ရှယွဲ့ဖန်းက လက်ရှိတွင် ပီယာနိုတီးနေတဲြ လုစီဟန်ရဲ့ ဘေးမှာ အဖော်လုပ်ပေးနေသည်။ လုစီဟန်ရဲ့ ပီယာနိုတီးခတ်မှုစွမ်းရည်မှာ တိုးတက်လာနေပြီး အဆင့် (၈) ပီယာနိုစာမေးပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။
ပီယာနိုကို ယွမ်တစ်သန်းကျော် တန်ဖိုးရှိတဲ့ အသစ်တစ်လုံးဖြင့် လဲလှယ်ပေးထားသည်။ လုယန့်နဲ့ ရှယွဲ့ဖန်းတို့က လုစီဟန်အတွက်ဆိုလျှင် မည်သည့်အရာကိုမဆို ဝယ်ပေးရန် ဆန္ဒရှိကြသည်။
သူတို့က မိသားစုတစ်ခုအနေဖြင့် ဧည့်ခံပွဲသို့ တက်ရောက်မည်ဖြစ်သဖြင့် အပြင်က ကောလာဟလတွေကို လျှော့ချရန်အတွက် အတူတကွ ပေါ်ထွက်လာရမည်ဖြစ်သည်။ လုယန့်က သူတို့ရဲ့ အများပြည်သူဆိုင်ရာ ပုံရိပ်ကို မြှင့်တင်ချင်နေပြီး၊ အကြောင်းမှာ လူအများအပြားက သူနဲ့သူ့ဇနီးဟာ လုရှင်းမြန်အပေါ် မည်မျှ ရက်စက်ကြောင်း ပြောဆိုနေကြတာကြောင့် ဖြစ်သည်။
လုရှင်းမြန် ရောက်ရှိလာပြီးနောက် လုယန့်က သူ့အား အခန်းသို့သွား၍ အဝတ်အစားလဲရန် ပြောခဲ့သည်။ လုရှင်းမြန်တွင် ဧည့်ခံပွဲအတွက် သင့်တော်တဲ့ အဝတ်အစားမရှိတာကို သိရှိသဖြင့် လုယန့်က ဒီနေ့မွန်းလွဲပိုင်းတွင် အဝတ်အစားအသစ် ဝယ်ယူရန် စီစဉ်ပေးခဲ့ပြီး လုရှင်းမြန်နဲ့ တော်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့သည်။
လုရှင်းမြန်က အဝတ်အစားလဲရန် သူ့ရဲ့ အခန်းဟောင်းကို ပြန်သွားခဲ့ရာ ထိုအခန်းမှာ လုစီဟန်ရဲ့ အရုပ်များ ထားရှိရာ သိုလှောင်ခန်းအဖြစ် ပြောင်းလဲထားကိုသာ တွေ့လိုက်ရသည်။
လုရှင်းမြန်က လုယန့် ပြင်ဆင်ပေးထားတဲ့ အဝတ်အစားတွေကို ကြည့်လိုက်သည်။ ထိုဝတ်စုံတွေက သိသိသာသာ ပွယောင်းနေပြီး သူ့အရွယ်အစားနဲ့ လုံးဝမကိုက်ညီပေ။
ဒါပေါ့ သူတို့က သူ့ကို အမှန်တကယ် ဘယ်တုန်းကမှ မဂရုစိုက်ခဲ့ကြပါဘူး။ ကံကောင်းစွာနဲ့ လုရှင်းမြန်ဟာ ယခင်ကလောက် စိတ်မကောင်း မဖြစ်တော့ပေ။ သူက ယင်းကို လက်လွှတ်လိုက်ပြီဖြစ်သည်၊၊ သူ နောက်ထပ် ဂရုမစိုက်တော့သလို စိတ်မဝင်စားတော့ခြင်း ဖြစ်သည်။
လုရှင်းမြန် အင်္ကျီကို ချွတ်လိုက်ရုံရှိသေး တံခါးပွင့်သွားပြီး လူတစ်ယောက်ဝင်လာကာ တံခါးကို ပြန်ပိတ်လိုက်သည်။ လုရှင်းမြန် လှမ်းကြည့်လိုက်တဲ့အခါ လုစီဟန် ဖြစ်နေတာကို တွေ့လိုက်ရသည်။
လုစီဟန်က လုရှင်းမြန်ကို စိုက်ကြည့်ကာ
"မင်းကို ပြန်မလာနဲ့လို့ ငါပြောထားတယ်မဟုတ်လား၊၊ မင်းက ပြန်လာရဲသေးတယ်နော်" ဟု ပြောလိုက်သည်။
လုရှင်းမြန်က လုစီဟန်ရဲ့ ရုတ်တရက် ရုပ်ပျက်ဆင်းပျက် ပြောင်းလဲသွားတဲ့ အမူအရာကို ကျင့်သားရနေပြီဖြစ်သည်။ ဒီလူဟာ ဒရာမာခင်းရတာ ကြိုက်တဲ့သူ ဖြစ်နိုင်သည်။
လွန်ခဲ့တဲ့ ခဏလေးကပင် သူတို့ ဝင်လာစဉ်က လုစီဟန်က သူ့အပေါ် အလွန်ရင်းနှီး ချစ်ခင်ပြခဲ့သည်။
ခုတော့ နှစ်ယောက်တည်း ရှိနေချိန်မှာတော့ လုစီဟန်က ဟန်ဆောင်မှုကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
လုရှင်းမြန်က သူ့ဆီက ပိုင်ဆိုင်သမျှအရာအားလုံးကို ခိုးယူသွားမှာကို မည်မျှစိုးရိမ်ပြီး ကြောက်ရွံ့နေကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
သူ ဘယ်ကိုပဲသွားသွား လူတွေက လုရှင်းမြန်အကြောင်းကို မရည်ရွယ်ဘဲ မေးမြန်းကြလိမ့်မည်။ သူတို့ လုရှင်းမြန်ကို မသိသလို တစ်ခါမှ မတွေ့ဖူးပေမဲ့ ဆက်တိုက် မေးနေကြဆဲဖြစ်သည်။
လူတွေ မေးလေလေ လုစီဟန်က သူ့မိခင် စိတ်ပျော့သွားမှာကို စိုးရိမ်ပြီး ပို၍ ပူပန်လာလေလေဖြစ်သည်။ အမေက လုရှင်းမြန်ကို ပြန်ခေါ်လိုက်ကြောင်း သိလိုက်ရတဲ့အခါ သူ ပို၍ပင် စိတ်လှုပ်ရှား ပူပန်လာခဲ့သည်။
ပြီးခဲ့တဲ့အကြိမ်က ဖေဖေဆုန်းနဲ့ မေမေဆုန်းတို့ လာရောက်တွေ့ဆုံခဲ့ခြင်းက လုရှင်းမြန်ရဲ့ လက်ချက်ဖြစ်ပြီး သူက လုမိသားစုရဲ့ အစစ်အမှန် သခင်လေးမဟုတ်ကြောင်း တမင်တကာ သတိပေးလိုက်ခြင်းဖြစ်သည်ဟုပင် သူ သံသယဝင်ခဲ့သည်။
လုစီဟန်က မိဘတွေကို လုရှင်းမြန်အား တစ်ကြိမ် မုန်းတီးအောင် လုပ်နိုင်ခဲ့လျှင် ဒုတိယအကြိမ်လည်း မုန်းတီးအောင် လုပ်နိုင်ပြီး လုရှင်းမြန်ကို လုမိသားစုနဲ့ ယန်ချိန်းမှ လုံးဝမောင်းထုတ်နိုင်မည်ဟု ခံစားခဲ့ရသည်။
သူ့မိဘတွေက လုရှင်းမြန်ကို လုမိသားစုအိမ်မှ ထွက်သွားခိုင်းခဲ့ပေမဲ့ SS City ရှိ ဗီလာတစ်ခုတွင် နေထိုင်ခွင့်ပြုခဲ့သည်။ SS Cityဟာ ယန်ချိန်းနဲ့ နီးကပ်လွန်းသဖြင့် လုရှင်းမြန်က အချိန်မရွေး ပြန်လာနိုင်ပြီး မိဘတွေကလည်း လိုချင်တဲ့အခါတိုင်း သူ့ကို တွေ့နိုင်ကြသည်။
အချိန်တွေ အများကြီး ကုန်လွန်သွားရင် အမေနဲ့အဖေက လုရှင်းမြန်နဲ့ ပိုနီးကပ်သွားနိုင်တယ် မဟုတ်ဘူးလား? အဲလိုသာ ဖြစ်လာရင် သူကိုယ်တိုင်ပဲ နှင်ထုတ်ခံရမယ့်သူ ဖြစ်လိမ့်မယ်လို့ လုစီဟန် ထင်မှတ်ကာ အဲဒါမျိုး လုံးဝမဖြစ်စေရန် တားဆီးချင်နေသည်။
ဒါကြောင့် လုရှင်းမြန် အဝတ်အစားလဲနေချိန်မှာ သူဝင်လာခဲ့ပြီး နည်းလမ်းဟောင်းတွေကို သုံးရန် ရည်ရွယ်ထားသည်။
လုရှင်းမြန်က သူ့ကို လှည့်ကြည့်ကာ "ထွက်သွား ငါ အဝတ်အစားလဲရမယ်" ဟု ပြောလိုက်သည်။
လုစီဟန်က ဘီရိုဆီသို့ လမ်းလျှောက်သွားပြီး အရုပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်ကာ ကိုင်တွယ်ကြည့်ရှုပြီးနောက် လုရှင်းမြန်အား
"လုရှင်းမြန် ဒီအရုပ်က ဘယ်လောက်တန်လဲ မင်းသိလား?" ဟု မေးလိုက်သည်။
လုရှင်းမြန်က သူ့တစ်ယောက်တည်း စကားပြောနေတာကို လျစ်လျူရှုလိုက်ပြီး
"ကျေးဇူးပြုပြီး ထွက်သွားပေးပါ ငါ အဝတ်အစားလဲရမယ်" ဟု ပြောခဲ့သည်။
လုစီဟန်က လုရှင်းမြန်ရဲ့ စကားတွေကို မကြားချင်ယောင်ဆောင်ကာ ဆက်ပြောသည်။
"ဒီအရုပ်က Limited Editionအရုပ်လေးလေ။ သေးသေးလေး ဆိုပေမယ့် ယွမ်သောင်းနဲ့ချီ တန်ကြေးရှိတယ်"
"ဒါပေမဲ့ ယွမ်သောင်းနဲ့ချီတာဟာ ငါ့အတွက်တော့ ဘာမှမဟုတ်ပါဘူး။ ငါ့ရဲ့ လစဉ်မုန့်ဖိုးနဲ့တင် ဒီလို အရုပ်အများကြီး ဝယ်လို့ရတယ်။ ဒါပေမဲ့ မင်းအတွက်တော့ ကွဲပြားတာပေါ့ မဟုတ်ဘူးလား? ဒါနဲ့ မင်းက မြို့သေးသေးလေးက လာတာဆိုတော့ ဒီလို စျေးကြီးတဲ့အရာတွေကို မြင်ဖူးခဲမှာပဲ။ ပီယာနိုတောင် မတီးတတ်တဲ့သူဆိုတော့ မင်း ဒါတွေကို နားလည်မှာ မဟုတ်ပါဘူး"
လုရှင်းမြန်: "မင်း ဘာပြောချင်တာလဲ?"
လုစီဟန် "မင်း ဒေါသထွက်ပြီး ငါ့ရဲ့ limitedအရုပ်ကို ရိုက်ခွဲပစ်လိုက်တယ်လို့ အမေနဲ့အဖေ့ကို ငါသွားပြောရင် ဘာဖြစ်မလဲ? မင်း ဘာဖြစ်လာမယ်ထင်လဲ?"
လုရှင်းမြန် "မင်းကြိုက်တာလုပ်"
ထို့နောက် "ခွမ်း" ဆိုတဲ့ အသံနဲ့ အတူ အရုပ်ဟာ ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခွဲခြင်း ခံလိုက်ရပြီး နှစ်ပိုင်းကွဲသွားခဲ့သည်။ ယွမ်သောင်းနဲ့ ချီတန်တဲ့ အရုပ်ကို လုစီဟန်က မျက်တောင်တစ်ချက် မခတ်ဘဲ မဆင်မခြင် ရိုက်ခွဲပစ်လိုက်ခြင်းဖြစ်သည်၊၊ အကြောင်းမှာ သူ့ရဲ့ ရည်မှန်းချက်အောင်မြင်ရန်အတွက် ရက်စက်ရမှာကို သူသိတာကြောင့်ဖြစ်သည်။
စိတ်ထွက်ပေါက် မရသေးသလိုနဲ့ လုစီဟန်က အနားရှိ အခြားအရုပ်တစ်ခုကို ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ ပြန်လည်ရိုက်ခွဲလိုက်ပြန်ရာ အပိုင်းပိုင်းကျိုးပဲ့သွားခဲ့သည်။ ကြမ်းပြင်တစ်ခုလုံး အပိုင်းအစများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
လုရှင်းမြန်က သူ့အား တည်ငြိမ်စွာ ကြည့်နေခဲ့ပြီး အစွမ်းကုန် ဟန်ဆောင်ပြနေတဲ့ လူပြက်တစ်ယောက်ကို ကြည့်နေသလို ဒါမှမဟုတ် ဒေါသအရှိန်ကြောင့် အကူအညီမဲ့နေတဲ့ လူတစ်ယောက်ကို ကြည့်နေသကဲ့သို့ သူ့ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိခဲ့ပေ။
လုစီဟန်က ထိုအကြည့်ကြောင့် စိတ်တိုသွားခဲ့သည်။
လုစီဟန် "လုရှင်းမြန် သေချာကြည့်ထား။ အရုပ်တွေကို ငါကိုယ်တိုင် ရိုက်ခွဲလိုက်တာ ဒါပေမဲ့ အခု ငါ အဖေနဲ့အမေ့ကို သွားပြောတော့မယ် မင်း တမင်တကာ ရိုက်ခွဲပစ်တာလို့။ သူတို့ မင်းကို ယုံမယ်ထင်လား? သူတို့ မင်းကို ပိုပြီး မုန်းသွားမယ် မထင်ဘူးလား?"
"အမှန်တော့ ဟောဒီမတိုင်ခင်တုန်းကလည်း ငါကိုယ်တိုင် လှေကားပေါ်က တမင်တကာ လှိမ့်ဆင်းခဲ့တာ လမ်းဘေးက ကျောက်ခဲတွေကို တမင်တကာ ဝင်တိုက်ခဲ့တာ ပြီးတော့ တမင်တကာ ရေထဲ ခုန်ချခဲ့တာ။ အမှန်တော့ အဲဒီတုန်းက ငါ သတိမလစ်ပါဘူး၊၊ ဟန်ဆောင်နေခဲ့တာ။ ဒါပေမဲ့ မင်းသိရင်ရော ဘာထူးမှာလဲ? မင်း အဖေနဲ့အမေ့ကို ဘာပဲရှင်းပြရှင်းပြ သူတို့ မင်းကို ယုံမှာမဟုတ်ဘူး။ သူတို့က ငါ့ကိုပဲ ယုံကြတာ ငါ့ကိုပဲ ချစ်ကြတာ။"
"လုရှင်းမြန် အဖေနဲ့အမေက မင်းကို အထူးအဆန်း ကိစ္စတစ်ခုခုကြောင့် ပြန်ခေါ်တယ်လို့ မထင်နဲ့ ပြီးတော့ ဘာစိတ်ကူးယဉ်မှုမှလည်း မထားနဲ့။"
"ငါ အခုပဲ အဖေနဲ့အမေ့ကို သွားပြောတော့မှာ မင်း ငါ့အရုပ်တွေကို ရိုက်ခွဲပစ်တယ်လို့။"
"လုရှင်းမြန် ငါ မင်းကို မုန်းတယ်။"
လုစီဟန်က လုရှင်းမြန်ရဲ့ အကူအညီမဲ့နေမှုကို မြင်ချင်နေခဲ့သည်၊၊ သူ အမှန်တရားအားလုံးကို သိနေရင်တောင် ဘယ်သူမှ သူ့ကို ယုံမှာ မဟုတ်ပေ။ သူ ဒေါသထွက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေတာကို မြင်ချင်ခဲ့သည်။
လုစီဟန်က တံခါးကို ဖွင့်တော့မဲ့ဆဲဆဲတွင် လုရှင်းမြန်က သူ့ကို လှမ်းခေါ်လိုက်သည်။
"ခဏစောင့်ဦး။"
လုစီဟန် "မင်း ငါ့ကို တောင်းပန်မလို့လား? မင်းသာ..."
[လုရှင်းမြန် သေချာကြည့်ထား၊ အရုပ်တွေကို ငါကိုယ်တိုင် ရိုက်ခွဲလိုက်တာ...]
[အမှန်တော့ ဟောဒီမတိုင်ခင်တုန်းကလည်း ငါကိုယ်တိုင် လှေကားပေါ်က တမင်တကာ လှိမ့်ဆင်းခဲ့တာ လမ်းဘေးက ကျောက်ခဲတွေကို တမင်တကာ ဝင်တိုက်ခဲ့တာ ပြီးတော့ တမင်တကာ ရေထဲ ခုန်ချခဲ့တာ...]
[လုရှင်းမြန် ငါ မင်းကို မုန်းတယ်။]
လုစီဟန်ရဲ့ အသံက ရှင်းလင်းနေအောင် ထွက်ပေါ်လာခဲ့သည်။ ဒါတွေဟာ ခုနက သူပြောခဲ့တဲ့ စကားတွေချည်းပဲ ဖြစ်ပြီး တစ်လုံးမှ ကျန်မနေခဲ့ပေ။
လုစီဟန်ရဲ့ မျက်နှာဖြူဖျော့သွားပြီး တုံ့ခနဲ ဖြစ်သွားခဲ့သည်။
"မင်း... မင်း..."
လုရှင်းမြန်က ဒါကို ဘယ်တုန်းက အသံသွင်းလိုက်တာလဲ? သူ ဘယ်တုန်းက ဒီလောက်အထိ ပါးနပ်သွားတာလဲ?
လုရှင်းမြန်က လက်ထဲက ဖုန်းကို လှုပ်ပြကာ ရယ်မောလိုက်ပြီး
"အားနာပါတယ် သင်ခန်းစာ ရသွားလို့ပါ။ လုစီဟန် ငါအမြဲတမ်း တိတ်ဆိတ်နေလိမ့်မယ်လို့ မထင်နဲ့ မင်းလုပ်ခဲ့တာတွေကို ဘယ်သူမှ မသိဘူးလို့လည်း မထင်နဲ့။ မင်းကိုယ်တိုင်ပဲ ဒါတွေကို ဝန်ခံခဲ့တာလေ။"
ယခင်က သူ ဘာကိုမှ မပြိုင်ဆိုင်ချင်ခဲ့တာကြောင့် တိတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ လုစီဟန်ရဲ့ အကြိမ်ကြိမ် အနိုင်ကျင့်မှုကိုလည်း သူသည်းခံနေမည်မဟုတ်ပေ။ လုကောက သူ့ကို တစ်ခါက ပြောဖူးသည်။ သူ မဝံ့မရဲဖြစ်လေလေ အခြားသူတွေက သူ့ကို အနိုင်ကျင့်ရလွယ်ကူတဲ့ ပစ်မှတ်လိုက ထင်လေလေဖြစ်မည်။
ထို့ကြောင့် လုစီဟန် ဝင်လာတဲ့အခါ လုစီဟန် ဘာလုပ်မှာကို သူ ခန့်မှန်းမိပြီးသား ဖြစ်သည်၊၊ သူက ဒီလို ကလေးဆန်ပြီး မဟုတ်မမှန်တဲ့ နည်းလမ်းတွေကိုသာ သုံးစွဲမည်ဖြစ်သည်။
ဒါကြောင့် လုစီဟန် ဝင်လာတည်းက လုရှင်းမြန်ဟာ ဖုန်း အသံသွင်းခြင်း လုပ်ဆောင်ချက်ကို ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။ လုစီဟန် ဘာမှမပြောခဲ့ရင် ကိစ္စမရှိပေမဲ့ သူက အရာအားလုံးကို ထုတ်ပြောခဲ့သဖြင့် အကုန်လုံး အထင်အရှား အသံဝင်သွားခဲ့သည်။
လုစီဟန်က ရှေ့ကိုပြေးဝင်လာကာ ဖုန်းကို လုယူရန် ကြိုးစားခဲ့ပေမဲ့ လုရှင်းမြန်က
"မင်း ဘာမှမလုပ်မိစေဖို့ ငါအကြံပေးချင်တယ်။ မင်းရဲ့ အရုပ် နောက်တစ်ရုပ်ကို ရိုက်ခွဲပြီး ပိုကြီးတဲ့ ပြဿနာလုပ်ရင် အားလုံးရဲ့ အာရုံစိုက်မှုကို ရသွားရင် ဘာဖြစ်မလဲ? အဲဒီအခါကျရင် ငါ ဒီအသံဖိုင်ကို လူအများရှေ့မှာ ဖွင့်ပြလိုက်ရုံပဲ။"
လုစီဟန်က လက်ကို ချက်ချင်း ပြန်ရုတ်လိုက်သည်။
လုရှင်းမြန်က ဖုန်းကို သိမ်းလိုက်ပြီး
"ကြမ်းပြင်ပေါ်က အပိုင်းအစတွေကို မင်းကိုယ်တိုင် ရှင်းလိုက်။ မဟုတ်ရင် ဒါကို မင်းမိဘတွေကို ဖွင့်ပြဖို့ ငါမဝန်ဘူး။"
"မင်းမိဘတွေသာ ဒါကို ကြားရင် မင်းအပေါ် ထားတဲ့ အထင်အမြင် ဘယ်လိုဖြစ်သွားမလဲ? မင်းက သူတို့ထင်ထားတဲ့ လိမ္မာရေးခြားရှိတဲ့ သားကောင်းလေး ဖြစ်နေဦးမလား?"
"မင်း ရက်စက်တယ်!"
လုစီဟန်က အံကြိတ်ကာ ဂေါ်ပြားနဲ့ တံမြက်စည်းကို သွားရှာပြီး ကြမ်းပြင်ပေါ်က အပိုင်းအစတွေကို လှဲကျင်းကာ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။
လုရှင်းမြန်က ပြုံးလိုက်ပြီး အဝတ်အစားတွေကို ဝတ်ဆင်ကာ လဲလှယ်ထားတဲ့ အဝတ်အစားတွေကို သူ့ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
လုစီဟန်ဘအောက်ထပ်ကို ဆင်းလာတဲ့အခါ ရှယွဲ့ဖန်းက ဘာလုပ်နေတာလဲဟု မေးခဲ့သည်။ လုစီဟန်က လုရှင်းမြန်ဆီ သွားကြည့်တာပါ အဝတ်အစား တော်ရဲ့လား သူ့အဝတ်အစားတွေကို လဲဝတ်ဖို့ လိုသလား မေးချင်လို့ပါဟု ပြောလိုက်သည်။
ဒါကို ကြားလိုက်ရတဲ့အခါ ရှယွဲ့ဖန်းက သူမရဲ့ လုစီဟန်က မည်မျှ လိမ္မာကြောင်းသာ စိတ်ထဲ ထင်မှတ်သွားခဲ့သည်။ လုရှင်းမြန်သာ ဒီလောက် လိမ္မာရင် သိပ်ကောင်းမှာပဲ။
အဝတ်အစားလဲပြီးနောက် လုရှင်းမြန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ရှယွဲ့ဖန်း သူ့ကို မြင်လိုက်ရတဲ့အခါ ခဏမျှ မှင်တက်သွားခဲ့သည်။ လုရှင်းမြန်သဟာ Formalကျတဲ့ အဝတ်အစားတွေနဲ့ အလွန် ခန့်ညားဘတင့်တယ်နေလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ပေ၊၊ ဖုန်မှုန့်အချို့ ဖုံးလွှမ်းနေရင်တောင် တောက်ပစွာ လင်းလက်နေတဲ့ စိန်ပွင့်တစ်ပွင့်လို ထက်မြက်တဲ့ အမူအရာနဲ့ မြင့်မြတ်တဲ့ သခင်လေးတစ်ယောက်အတိုင်း ဖြစ်နေခဲ့သည်။
အဝတ်အစားမှာ နည်းနည်းကြီးနေပြီး ကွက်တိ မကျနေပေမဲ့ ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပေ။
လုရှင်းမြန်က ကျောပိုးအိတ်ကို လွယ်ထားဆဲဖြစ်သည်။ ရှယွဲ့ဖန်းက သူ့အား "အဲဒါ ဘာလဲ?" ဟု မေးလိုက်သည်။
လုရှင်းမြန်: "ဒါ ကျွန်တော်လဲလိုက်တဲ့ အဝတ်အစားတွေပါ။"
ရှယွဲ့ဖန်းက မျက်မှောင်ကြုတ်လိုက်ပြီး
"ဒီလို ကျောပိုးအိတ်ကြီး လွယ်ပြီး ပွဲတက်မယ့်သူ ဘယ်သူရှိလဲ? မင်း အဲဒါကြီးကို လွယ်သွားမှ ဖြစ်မှာလား?"
ဘယ်သူမှ ကျောပိုးအိတ် လွယ်သွားမှာ မဟုတ်ပေမဲ့ လုရှင်းမြန်ကမူ လွယ်သွားလိမ့်မည်၊၊ အကြောင်းမှာ အထဲတွင် သူ့ရဲ့ အဝတ်အစားတွေ ရှိနေပြီး ဧည့်ခံပွဲအပြီးတွင် တိုက်ရိုက် ထွက်ခွာသွားမှာ ဖြစ်တာကြောင့် ဖြစ်သည်။
ထို့ကြောင့် လုမိသားစုဝင် လေးဦးဟာ ဧည့်ခံပွဲကျင်းပရာ လုမိသားစု စံအိမ်သို့ အတူတကွ ဦးတည်သွားခဲ့ကြသည်။