တနင်္လာနေ့တွင် အထက်တန်းနောက်ဆုံးနှစ် ကျောင်းသားတွေရဲ့ ပထမအကြိမ် အစမ်းစာမေးပွဲ အဖြေများ ထွက်ရှိလာခဲ့သည်။
လုရှင်းမြန်က သူ့ရဲ့ အမှတ်တွေကို မြင်လိုက်ရတဲ့အခါ သက်ပြင်းချနိုင်သွားခဲ့သည်။ ကံကောင်းစွာနဲ့ အမှတ်တွေက သူမျှော်လင့်ထားတဲ့အတိုင်း ဖြစ်ပြီး ၅ မှတ်ပင် ပိုရခဲ့သေးသည်။ သူ့ရဲ့ အမှတ်တွေကို ထိခိုက်မှုမရှိခဲ့ပါ၊၊ ဆိုလိုတာက ကျောင်းသစ်နဲ့ ပတ်ဝန်းကျင်သစ်မှာ သူ အဆင်ပြေပြေ ကျင့်သားရနေပြီဖြစ်သည်။
အရင်က လေ့ကျင့်ခန်းမေးခွန်းတွေ လေ့ကျင့်တုန်းက လုရှင်းမြန် ခက်ခဲတယ်လို့ ခံစားခဲ့ရသည်။ အိပ်မပျော်တဲ့ ဝေဒနာကြောင့် သူ့ရဲ့ စာမေးပွဲအမှတ်တွေ ကျဆင်းသွားမှုကို သူ စိုးရိမ်ခဲ့သည်။
ကံကောင်းစွာနဲ့ လုရှင်းမြန်ရဲ့ စိုးရိမ်မှုတွေမှာ မလိုအပ်ခဲ့ပါ၊၊ သူ့ရဲ့ အမှတ်တွေက အရင်အဆင့်အတိုင်း တည်ရှိနေခဲ့သည်။
လီမေ့ဟာ အမှတ်စာရင်းကို ကြည့်ပြီး စိတ်အေးသွားခဲ့သည်။ လုရှင်းမြန်ဟာ အတန်းထဲမှာရော တစ်နှစ်ခွဲလုံးတွင်ပါ ပထမရရှိကာ "နှစ်ထပ်ကွမ်း ပထမ"ရရှိခဲ့သည်။
ကျောင်းသားတွေကို တက်ကြွမှုရှိစေရန်နဲ့ အချိန်ရဲ့ အရေးပါမှုကို သိရှိစေရန်အတွက် ဒီစာမေးပွဲရဲ့ ခက်ခဲမှုကို သိသိသာသာ မြှင့်တင်ထားခြင်းဖြစ်ကြောင်း သတိပြုသင့်သည်။ ဒါပေမဲ့ လုရှင်းမြန်ရဲ့ ရလဒ်တွေမှာ ထူးထူးချွန်ချွန်နဲ့ ကောင်းမွန်နေခဲ့သည်။
လီမေ့ဟာ လုရှင်းမြန်ရဲ့ အရင် အမှတ်စာရင်းတွေကို မြင်ဖူးစဉ်ကပင် သူ စာတော်မှန်း သိခဲ့ပေမဲ့ ကျောင်းမကြာခဏ ပြောင်းရခြင်းကြောင့် သူ့ရဲ့ စာမေးပွဲ ရလဒ်တွေ ထိခိုက်မှာကို စိုးရိမ်ခဲ့မိသည်။
ထို့အပြင် သင်္ချာဆရာကလည်း လုရှင်းမြန်ဟာ အတန်းထဲမှာ အိပ်ပျော်နေတတ်ကြောင်း သူမကို ပြောပြခဲ့ဖူးသည်။
လီမေ့ထံ လာရောက် တိုင်ကြားသည်မှာ သင်္ချာဆရာ တစ်ယောက်တည်း မဟုတ်ပါ။ အခြားဆရာတွေကလည်း လုရှင်းမြန် အတန်းထဲမှာ အိပ်နေတဲ့ ပြဿနာကို ပြောဆိုခဲ့ကြသည်။
ဒါပေမဲ့ မေးခွန်းမေးလိုက်တဲ့ အခါတိုင်းတွင် သူက ရှင်းလင်းစွာ ပြန်ဖြေနိုင်ခဲ့သည်။ အိပ်နေတယ်လို့ ပြောရအောင်လည်း လုရှင်းမြန်က သင်ခန်းစာတစ်ခုမှ မလွတ်ခဲ့ပါ။ မအိပ်ပါဘူးလို့ ပြောရအောင်လည်း သူ့ရဲ့ မျက်လုံးတွေက မှိတ်ထားခဲ့သည်။
လီမေ့ဟာ သဘာဝအတိုင်း စိုးရိမ်မိကာ ပတ်ဝန်းကျင်သစ် ရောက်နေလို့ အကျင့်မရသေးတာများလား ဟု တွေးမိခဲ့သည်။ ထို့ကြောင့် အတန်းခေါင်းဆောင်ကို လုရှင်းမြန်အား ဂရုစိုက်ပေးရန်နဲ့ ပိုပြီး အာရုံစိုက်ပေးရန် ပြောခဲ့သည်။
စာမေးပွဲပြီးနောက် လုရှင်းမြန်ရဲ့ အမှတ်တွေ ကျဆင်းသွားပါက သူ့ကို ခေါ်ယူ စကားပြောမယ်လို့ လီမေ့ စဉ်းစားထားခဲ့သည်။ တကယ်လို့ သူ့မှာ အခက်အခဲ သို့မဟုတ် ပြဿနာများ ရှိပါက ချက်ချင်း ဖြေရှင်းပေးနိုင်ရန် ဖြစ်သည်။
လုရှင်းမြန်ဟာ ကျောင်းသားသစ် ဖြစ်နေပါစေ၊ သူမရဲ့ အတန်းထဲမှာ တစ်ရက် ရောက်နေသရွေ့ သူဟာ သူမရဲ့ တပည့်ပင် ဖြစ်သည်။
ဒါပေမဲ့ မျှော်လင့်မထားဘဲ လုရှင်းမြန်ရဲ့ အမှတ်တွေက ကျောင်းပြောင်းလိုက်ခြင်းကြောင့် ထိခိုက်မှု မရှိခဲ့တဲ့အပြင် သူမ ထင်မှတ်ထားတာထက်ပင် ပိုမို ကောင်းမွန်နေခဲ့သည်။
ချန်မေ့ဟာ အတန်းနောက်တံခါးဝမှာ ခေတ္တမျှ တမင်တကာ ရပ်နေခဲ့သည်။ အတန်းစသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး အတန်းထဲမှာ နည်းနည်း ဆူညံနေဆဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အထက်တန်း နောက်ဆုံးနှစ်ရဲ့ အစပိုင်းသာ ရှိသေးသဖြင့် ကျောင်းသားများ ငြိမ်ငြိမ်သက်သက် မရှိကြသေးပေ။
ဆူညံသံများကြားတွင် ချန်မေ့ဟာ လုရှင်းမြန်ကို တွေ့လိုက်ရသည်။ သူက ကျောင်းဝတ်စုံဖြင့် ပိန်ပိန်ပါးပါးလေးနဲ့ သူ့ရဲ့ ထိုင်ခုံမှာ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။
ချန်မေ့က နောက်ဘက်မှ ချောင်းဟန့်လိုက်ရာ အတန်းထဲတွင် ချက်ချင်း ငြိမ်ကျသွားခဲ့သည်။ ထို့နောက် ချန်မေ့ အတန်းထဲသို့ လှမ်းဝင်လာခဲ့သည်။
ချန်ချဲ့ဟာ လုရှင်းမြန်ရဲ့ အမှတ်တွေကို မြင်တဲ့အခါ ဝမ်းသာရသလို အံ့လဲဩသွားခဲ့သည်။ သူ့ရဲ့ ဘေးထိုင်ခုံဖော်က တစ်နှစ်ခွဲလုံးမှာ ပထမ ရသွားတာကို သူ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။ သက်ရှိ စာတော်တဲ့ ပါရမီရှင်တစ်ယောက်က သူ့ရဲ့ ဘေးနားမှာတင် ရှိနေခဲ့ခြင်းဖြစ်သည်။ လုရှင်းမြန် အတန်းသစ်နဲ့ အဆင်မပြေမှာကို သူ စိုးရိမ်ခဲ့ဖူးပေမဲ့ အခုတော့ စိုးရိမ်စရာ မလိုတော့ပေ။
အခုဆိုရင် ရုပ်ရည်ချောမောရုံသာမက စာလည်း အလွန်တော်ပြီး တစ်နှစ်ခွဲလုံးမှာ တိုက်ရိုက် ပထမ ချိတ်သွားတဲ့ ကျောင်းသားသစ် လုရှင်းမြန်အကြောင်းကို အားလုံး သိသွားကြပြီဖြစ်သည်။ တစ်ခြားအတန်းက ကျောင်းသားတွေပင် လုရှင်းမြန်ကို လာရောက် ကြည့်ရှုခဲ့ကြသည်။
ထို့ကြောင့် ထိုနေ့က လုရှင်းမြန်ဟာ မုန့်စားကျောင်းဆင်းချိန်များတွင် ရှေ့တံခါး၊ နောက်တံခါးတို့မှ အတန်းထဲသို့ ချောင်းကြည့်နေကြတဲ့ လူများစွာကို သတိထားမိခဲ့သည်။ ချန်ချဲ့က ထိုကျောင်းသားတွေဟာ သူ့ကို လာကြည့်ကြခြင်းဖြစ်ကြောင်း ပြောပြမှသာ ဘာဖြစ်နေမှန်း သူ သိခဲ့ရသည်။
လုရှင်းမြန်က "ဘာလို့လဲ။ ငါ့မှာ ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ" ဟု မေးခဲ့သည်။
ချန်ချဲ့က "မင်း ကျောင်းမှာ နာမည်ကြီးနေတာကို မင်း မသိဘူးလား" ဟု ပြန်ဖြေခဲ့သည်။
လုရှင်းမြန်က ခေါင်းခါပြခဲ့သည်။
ချန်ချဲ့က ဆက်၍ "တကယ်လား။ မင်း ကျောင်းပြောင်းလာတဲ့နေ့ကတည်းက နာမည်ကြီးနေတာ အခုဆို တစ်နှစ်ခွဲလုံးမှာ ပထမတောင် ရထားတော့ အားလုံးက တကယ် စိတ်ဝင်စားနေကြတာ" ဟု ပြောခဲ့သည်။
လုရှင်းမြန်က "ဩ" ဟုသာ ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
လုရှင်းမြန် စိတ်မကောင်း ဖြစ်သွားမှာကို စိုးရိမ်၍ ချန်ချဲ့က "ဒါပေမဲ့ ဒါက ရက်ပိုင်းလောက် စိတ်ဝင်စားရုံပါ။ နောက်ပိုင်းကျရင် ဒီလို ဖြစ်တော့မှာ မဟုတ်ပါဘူး" ဟု ရှင်းပြခဲ့သည်။
လုရှင်းမြန်ကတော့ ကိစ္စမရှိပါဘူးဟု ခံစားရသည်။
အမှတ်တွေ ထွက်ရှိတဲ့ ထိုနေ့မှာပဲ လုစီဟန်ဟာ ကျဆင်းသွားတဲ့ သူ့ရဲ့ အမှတ်တွေကို ကြည့်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။
အရင်အကြိမ်ကထက် အမှတ် ၁၀ မှတ်ကျော်အောင် ဘာကြောင့် ကျဆင်းသွားရတာလဲ။
ဒီအတိုင်းသာ ဆက်သွားပါက မိဘတွေ မျှော်လင့်ထားတဲ့ ကျောင်းကို တက်ရောက်နိုင်ရန် ပိုမို စွန့်စားရကိန်း ရှိလာမည်ဖြစ်သည်။
အရင်ကဆိုရင် လုစီဟန် ဂရုစိုက်မည် မဟုတ်ပေ။ ဒါပေမဲ့ သူ့ရဲ့ နောက်ကြောင်း အမှန်ကို သိရှိသွားပြီးနောက်နဲ့ လုရှင်းမြန် ပြန်ရောက်လာပြီးနောက်မှာ သူဟာ စိုးရိမ်စိတ် (crisis) ကို ခံစားရပြီး မိဘတွေရှေ့မှာ ပို၍ပင် လိမ္မာပါးနပ်စွာ ပြုမူခဲ့သည်။
သူက မိဘတွေကို လုံးဝ စိတ်ဓာတ်မကျစေချင်ပေ၊၊ သူက မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်သူဖြစ်ကြောင်း သူတို့ သိရှိအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ဒါပေမဲ့ သူ့ရဲ့ အမှတ်တွေ ကျဆင်းသွားခဲ့ရင်တောင် လုရှင်းမြန်ထက်တော့ ပိုကောင်းနေသေးတယ်လို့ သူ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်သည်။ သူက ဆရာကောင်းတွေရှိတဲ့ နာမည်ကြီးကျောင်းမှာ တက်ရောက်နေရသူ ဖြစ်သဖြင့် လုရှင်းမြန်က သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူက လုရှင်းမြန်ထက် အများကြီး ပိုမို ထူးချွန်သည်၊၊ လုရှင်းမြန်က ပီယာနိုတောင် မတီးတတ်ပေ။
လုရှီရန်က ရှောင်ယို့ဇီရဲ့ ပုံပြင်စာအုပ်တွေကို လှန်လှော ကြည့်ရှုနေခဲ့သည်။ ရှောင်ယို့ဇီက အပြည့်ထည့်ထားတဲ့ အိတ်ငယ်လေးတစ်လုံးနဲ့ ပုံပြင်စာအုပ် အများအပြားကို သူ့ထံ အမှန်တကယ် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ရှောင်ယို့ဇီက သူ့ကို "ဦးဦး ဒီစာအုပ်တွေနဲ့ရော ပုံပြင်တွေ ပြောပြမှာလား" ဟု မေးခဲ့သည်။
လုရှီရန်က "ဟုတ်တယ်၊ ဦးဦးက တစ်ယောက်ယောက်ကို ပုံပြင်ပြောပြမလို့" ဟု ပြန်ဖြေခဲ့သည်။
ရှောင်ယို့ဇီက သူမရဲ့ ဦးဦးကို စိတ်ဝင်စားစွာ ကြည့်ပြီး - "ဘယ်သူလဲဟင်။ ဦးဦးက သမီးတစ်ယောက်တည်းကိုပဲ ပုံပြင်ပြောပြမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား" ဟု မေးလိုက်သည်။
လုရှီရန် ခဏမျှ စဉ်းစားလိုက်ပြီး "ဦးဦးရဲ့ အလုပ်အပ်တဲ့သူကိုပေါ့။"
လေးနှစ်အရွယ် ရှောင်ယို့ဇီက "အလုပ်အပ်သူ" (client) ဆိုတာက ဘာကိုဆိုလိုမှန်း သိပ်မသိပေ။
"ဦးဦး အလုပ်အပ်သူဆိုတာ ဘာလဲဟင်။"
လုရှီရန်က စဉ်းစားလိုက်ပြီး -
"ဦးဦးရဲ့ ကြွေးရှင်လိုမျိုးပေါ့။ သူက ဦးဦးရဲ့ အချိန် နာရီတစ်ထောင်ကို ဝယ်ထားတာ ဒါကြောင့် ဦးဦးက သူ့ကို နာရီတစ်ထောင်စာ ပုံပြင်တွေ ပြောပြရမှာ" ဟု ဆိုခဲ့သည်။
ရှောင်ယို့ဇီက "နာရီတစ်ထောင်ဆိုတာ အကြာကြီး အကြာကြီး ပမာဏလားဟင်" ဟု မေးခဲ့သည်။
လုရှီရန်က "အရမ်း မြန်ရင်လည်း မြန်သွားနိုင်တယ် ဒါမှမဟုတ်ရင်လည်း နှေးရင်လဲ နှေးသွားနိုင်တာပဲ" ဟု ပြောခဲ့သည်။
ရှောင်ယို့ဇီက နားမလည်သေးပေ၊၊ ဒါပေမဲ့ သူမရဲ့ ဦးဦးက နောင်တွင်လည်း သူမကို ပုံပြင်များ ပြောပြပါမည်ဟု ကတိပေးခဲ့သည်။
ရှောင်ယို့ဇီ အိမ်ပြန်ရောက်တဲ့အခါ သူမရဲ့ ဖခင်ဖြစ်သူထံ သတင်းကြီးတစ်ခု ပြောပြခဲ့သည်။ သူမရဲ့ ဦးဦးမှာ ကြွေးရှင်တစ်ယောက်ရှိကြောင်း၊ ထိုကြွေးရှင်က ဦးဦးရဲ့ အချိန် နာရီတစ်ထောင်ကို ဝယ်ထားသဖြင့် ဦးဦးက ကြွေးရှင်ကို နာရီတစ်ထောင်စာ ပုံပြင်များ ပြောပြရမည်ဖြစ်ကြောင်း ဖြစ်သည်။
ရှောင်ယို့ဇီရဲ့ ဖခင်ဖြစ်သူ လုယွီက ပြုံးလိုက်သည်။ လုရှီရန်ဟာ ရှောင်ယို့ဇီကို စနေခြင်းသာ ဖြစ်ရမည်။ သူ့ ညီငယ်မှာ ဘယ်လိုလုပ် ကြွေးရှင်ရှိနိုင်ပါ့မလဲ။ သူ့ ညီငယ်ရဲ့ အချိန်ကို ဘယ်သူက ဝယ်နိုင်ပါ့မလဲ။
ရှောင်ယို့ဇီက အလွန် တည်တည်တံ့တံ့ဖြင့် "ပါပါး ဦးဦးက သမီးကို လိမ်ပြောတာ မဟုတ်ဘူးလို့ ပြောတယ်" ဟု ဆိုခဲ့သည်။
လုယွီက သမီးဖြစ်သူကို ချော့မော့လိုက်ပြီး "အေးပါ၊ အေးပါ။ ဦးဦးက ရှောင်ယို့ဇီကို မလိမ်ပါဘူး။ ဒီနေ့ ဦးဦးအိမ်မှာ ဘာတွေလုပ်ခဲ့လဲ" ဟု မေးလိုက်သည်။
ရှောင်ယို့ဇီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် "သမီးရဲ့ ပုံပြင်စာအုပ်တွေကို ဦးဦးကို ပေးခဲ့တယ်" ဟု ပြောခဲ့သည်။
ထိုနေ့ညနေမှာ လုရှင်းမြန်က လုရှီရန်နဲ့ ဖုန်းပြောနေတုန်း သူ့ရဲ့ အသံထဲမှာ ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့သည်။
လုရှီရန်က သတိပြုမိသွားပြီး "ဒီနေ့ အတော်လေး ပျော်နေတာလား" ဟု မေးခဲ့သည်။
လုရှင်းမြန်က "အင်း ဒီနေ့ အတန်းထဲမှာ ပထမရလို့ နည်းနည်း ပျော်နေတာ" ဟု ပြန်ဖြေခဲ့သည်။
လုရှီရန်က "ဂုဏ်ယူပါတယ်" ဟု ပြောလိုက်သည်။
"ကျေးဇူးပါ...လုကော"
လုရှင်းမြန်က ဒီပြင်ပလူတစ်ယောက်နဲ့ စကားပြောရာတွင် စိတ်ထဲ ဝန်ထုပ်ဝန်ပိုး မရှိသလို ခံစားရပြီး မိမိရဲ့ ရင်ဖွင့်စရာ လူတစ်ယောက်ကို တွေ့ရှိသွားခဲ့သည်။
"ကျောင်းပြောင်းပြီးရင် အမှတ်တွေ ကျသွားမှာကို အမြဲ စိုးရိမ်နေခဲ့တာ။ သိတဲ့အတိုင်းပဲ ကျွန်တော်က ကျောင်းနှစ်ခါ ပြောင်းခဲ့ရပြီးပြီ။ အိပ်မပျော်တာလည်း ဒီလောက် ကြာနေပြီဆိုတော့ အဖြေမထွက်ခင်တုန်းက နည်းနည်း စိုးရိမ်နေခဲ့တာ။"
လုကောဟာ အမှန်ပင် ကောင်းမွန်တဲ့ နားထောင်သူတစ်ယောက် ဖြစ်သည်၊ သူက "အခုရော" ဟု မေးခဲ့သည်။
လုရှင်းမြန်ရဲ့ အသံမှာ နည်းနည်း ဂုဏ်ယူတဲ့ လေသံ ပါဝင်နေခဲ့သည်။
"အခုတော့ ရင်မခုန်တော့ပါဘူး။ ကျွန်တော်က အကျင့်မြန်မြန် ရလွယ်တယ်လေ။"
သူက ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် လက်ခံနိုင်ခဲ့သည်။
ဒါပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ရဲ့ စကားတွေထဲမှာ ရှင်းပြလို့ မရတဲ့ ဝမ်းနည်းရိပ် အနည်းငယ် ပါဝင်နေခဲ့သည်။
လုရှီရန်က "ဒီနေ့ အချိန်ကို မထည့်တွက်တော့ဘူး" ဟု ပြောခဲ့သည်။
လုရှင်းမြန်က "ဘာလို့ မထည့်တွက်တာလဲ" ဟု မေးလိုက်သည်။
လုရှီရန်က "မင်း ပထမရတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ပေါ့" ဟု ပြန်ဖြေခဲ့သည်။
ဖုန်းရဲ့ အခြားတစ်ဖက်မှာ လုရှင်းမြန်က ရယ်မောလိုက်ပြီး
"လုကော ကျွန်တော် ကလေး မဟုတ်တော့ဘူးနော်။ နောက်ရက် နည်းနည်း ကြာရင် လူကြီးဖြစ်တော့မှာ" ဟု ပြောခဲ့သည်။
လုရှီရန်က တခစ်ခစ် ရယ်လိုက်ပြီး "ဒါဆို ဆုံးဖြတ်လိုက်ပြီ" ဟု ဆိုခဲ့သည်။
ကိစ္စမရှိပါဘူး။ လုရှင်းမြန်က သဘာဝအတိုင်း သဘောတူခဲ့သည်၊၊ ဘာပဲဖြစ်ဖြစ် သူက လုကောရဲ့ အသံကို နားထောင်ရတာ နှစ်သက်သည်လေ။
လုရှီရန်က ပုံပြင်စာအုပ်တွေကို လှန်လှောရင်း ဆေးလိပ်ငွေ့ တစ်ချက် မှုတ်ထုတ်လိုက်သည်။
"ဒီနေ့ည ဘယ်လို ပုံပြင်မျိုး နားထောင်ချင်လဲ"
လုရှင်းမြန် ခဏမျှ စဉ်းစားလိုက်ပြီး - "လုကော ဒီလောက် ညဉ့်နက်နေပြီ၊၊ ဆေးလိပ် သောက်နေတုန်းပဲလား" ဟု မေးလိုက်သည်။
လုရှီရန် ခဏ ရပ်သွားပြီး "ဟင်? ဘာဖြစ်လို့လဲ"
"ဟင့်အင်း၊၊ ဘာမှမဟုတ်ပါဘူး။"
လုရှင်းမြန်က မြန်မြန် ရှင်းပြလိုက်သည်။
"ကျွန်တော်က လုကော ဆေးလိပ်သောက်တာကို ဝင်စွက်ဖက်မလို့ မဟုတ်ပါဘူး၊၊ ဒီလောက် ညဉ့်နက်မှ ဆေးလိပ်သောက်တာ ကျန်းမာရေးအတွက် မကောင်းဘူးမဟုတ်လားလို့ပါ။"
"ဟုတ်တာပေါ့"
ဟု ပြောရင်း လုရှီရန်က ဆေးလိပ်ကို ငြှိမ်းလိုက်သည်။
"မင်းရော ဆေးလိပ်သောက်လား"
လုရှင်းမြန်က ခေါင်းခါလိုက်သည်။
"အတန်းဖော် အချို့ သောက်ကြပေမဲ့ ကျွန်တော်ကတော့ မသောက်ဘူး၊၊ ဘယ်လိုသောက်ရမှန်းလည်း မသိဘူး။"
လုရှီရန်က သဘောတူညီမှု ယူလိုက်သည်။
"ကောင်းတာပေါ့။ နောက်လဲ ဘယ်တော့မှ ဆေးလိပ်မသောက်နဲ့နော် ဒါ ကောင်းတဲ့ အလေ့အထ မဟုတ်ဘူး။"
လုရှင်းမြန်က "နားလည်ပါပြီ" ဟု ပြန်ဖြေခဲ့သည်။
မကြာမီ အမျိုးသားနေ့ ပိတ်ရက် ရောက်ရှိလာခဲ့ရာ အထက်တန်း နောက်ဆုံးနှစ် ကျောင်းသားတွေကိုပင် ရက်အနည်းငယ် ပိတ်ရက် ပေးခဲ့သည်။
အစောပိုင်းက စူးချန်မှာ ရှိတုန်းက လုရှင်းမြန်ရဲ့ သူငယ်ချင်းကောင်း နှစ်ယောက်ဖြစ်တဲ့ ဆုန်းယိဟန်နဲ့ လျိုယီချန်တို့က သူ့ဆီ လာရောက် လည်ပတ်ခဲ့ကြသည်။ သူတို့က ယန်ချိန်းသို့ လည်ပတ်ရန်နဲ့ တစ်နှစ်အကြာမှာ တက်ရောက်ရန် မျှော်လင့်ထားတဲ့ တက္ကသိုလ်ကို သွားရောက် ကြည့်ရှုရန် စီစဉ်ထားကြသည်။ အဓိက ရည်ရွယ်ချက်မှာ လုရှင်းမြန် အဆင်ပြေပြေ ရှိမရှိ ကြည့်ရန်ဖြစ်ပေမဲ့ ယောက်ျားလေးများမှာ ရှက်တတ်ကြသည်။ လုရှင်းမြန်ကို ကြည့်ရန် သီးသန့် လာတာဖြစ်ကြောင်း မပြောဘဲ အလည်လာရင်း ကြုံလို့ တွေ့တာဖြစ်ကြောင်း ပြောခဲ့ကြသည်။
သူတို့ဟာ အရင်က အတူတူ အချိန်ဖြုန်းလေ့ ရှိပေမဲ့ လုရှင်းမြန် စူးချန်မှ ထွက်ခွာသွားချိန်မှစ၍ မတွေ့ရသည်မှာ တစ်နှစ်ခွဲကျော် ရှိပြီဖြစ်သည်။ အချိန်အကြာကြီး ခွဲခွာခဲ့ရပေမဲ့ သူတို့ရဲ့ သံယောဇဉ်မှာ လျော့ပါးမသွားခဲ့ပါ။ မတွေ့ရတဲ့အခါ အရင်အတိုင်းပင် စနောက်ကာ ရန်ဖြစ်နေကြဆဲဖြစ်သည်။
လုရှင်းမြန်ကို မြင်တဲ့အခါ ဆုန်းယိဟန်က
"လုရှင်းမြန် မင်း ဘာလို့ ဒီလောက် ပိန်သွားတာလဲ"
ဟု အံ့ဩတကြီး မေးလိုက်သည်။ သူ ထွက်သွားတုန်းက လုရှင်းမြန် ဒီလောက် မပိန်ကြောင်း သူ မှတ်မိနေသည်။
သူငယ်ချင်း နှစ်ယောက်လုံး လုရှင်းမြန်ရဲ့ အခြေအနေကို အနည်းငယ် သိကြသည်။ သူ ကျောင်းပြောင်းပြီး စူးချန်မှ ထွက်ခွာသွားစဉ်က ထွက်သွားရတဲ့ အကြောင်းအရင်းတွေကို မရေမရာ ပြောပြခဲ့ပေမဲ့ အများကြီး မပြောခဲ့သဖြင့် သူတို့လည်း ဆက်မမေးခဲ့ကြပေ။ ဤမျှအကြာကြီး ခွဲခွာပြီးနောက် သူ ဤမျှလောက် ပိန်သွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
လုရှင်းမြန်က သူ အရပ်ပိုရှည်လာတာကြောင့် ပိန်သွားပုံရခြင်း ဖြစ်နိုင်တယ်လို့ ပြောခဲ့သည်။ လုရှင်းမြန်က ထိုအကြောင်းကို မပြောချင်မှန်း သိသဖြင့် ဆုန်းယိဟန်နဲ့လျိုယီချန်တို့လည်း ဆက်မမေးတော့ပေ။
အမျိုးသားနေ့ ပိတ်ရက်ရဲ့ ပထမဆုံးနေ့မှာ လုရှင်းမြန်ဟာ ဆုန်းယိဟန်နဲ့ လျိုယီချန် တို့ကို ယန်ချိန်းရဲ့ နာမည်ကြီး လည်ပတ်စရာ နေရာများသို့ ခေါ်ဆောင်သွားခဲ့သည်။ အမျိုးသားနေ့လို ပိတ်ရက်မျိုးတွင် သဘာဝရှုခင်းကြည့် နေရာတိုင်းမှာ လူများ ပြည့်နှက်နေသည်မှာ မရှောင်လွှဲနိုင်ပေ။
လုရှင်းမြန်၊ ဆုန်းယိဟန်နဲ့ လျိုယီချန် တို့ ဟိုတယ်သို့ ပြန်ရောက်တဲ့အခါ အလွန် မောပန်းနေသဖြင့် ဆိုဖာနဲ့ အိပ်ရာပေါ်သို့ တိုက်ရိုက် လှဲချလိုက်ကြတော့သည်။ သူတို့ အလွန် ပင်ပန်းနေကြပြီဖြစ်၍ မည်သူမျှ ဆက်မလှုပ်ရှားချင်ကြတော့ပေ။
ပင်ပန်းတဲ့ နေ့တစ်နေ့ လွန်မြောက်ပြီးနောက် သုံးယောက်သား ထိုညမှာ ဟိုတယ်အခန်းထဲ၌ပင် လွယ်လွယ်ကူကူ စားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က မြေပဲ၊ ကြက်ခြေသည်း ချဉ်စပ်၊ ပုစွန်ထုပ်စပ်စပ်နဲ့ ဘီယာ အနည်းငယ် ဝယ်ယူခဲ့ကြသည်။ အရင်က အဆောင်အခန်း အတူတူ မျှဝေနေထိုင်ခဲ့တုန်းကလိုပင် လုရှင်းမြန် အခု အဆင်ပြေပြေ ရှိနေတာကို မြင်ရသဖြင့် သူတို့ စိတ်အေးသွားခဲ့ကြသည်။
ထိုနေ့က အလွန်ဆော့ကစားခဲ့ကြသဖြင့် ဆုန်းယိဟန်နဲ့ လျိုယီချန်တို့ဟာ မြန်မြန်ဆန်ဆန်ပင် အိပ်ပျော်သွားခဲ့ကြသည်။ ဒါပေမဲ့ လုရှင်းမြန်ကမူ အိပ်မပျော်ခဲ့ပေ။ ဆုန်းယိဟန်နဲ့ လျိုယီချန်တို့အား နှောင့်ယှက်မိမှာကို စိုးရိမ်သဖြင့် လုရှင်းမြန်ဟာ သူ့ ဖုန်းကို ယူဆောင်ကာ ဝရန်တာသို့ ထွက်သွားပြီး လုကောရဲ့ WeChat သို့ ဖုန်းခေါ်ဆိုလိုက်တော့သည်။