လုရှင်းမြန် နိုးလာတော့ အချိန်ကြည့်လိုက်ရာ မနက် ၅ နာရီရှိပြီဖြစ်သည်။ သူ ၆ နာရီတောင် အိပ်ပျော်သွားခဲ့တာပဲ။
သူနိုးလာတဲ့အခါ တစ်ခါမှ မခံစားဖူးတဲ့ ပေါ့ပါးမှုကို ခံစားလိုက်ရသည်။ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တာကြောင့် လပေါင်းများစွာ အိပ်မပျော်တဲ့အတွက် ခံစားခဲ့ရသော ဝေဒနာများ သိသိသာသာ သက်သာသွားခဲ့သည်။
လူအများစုအတွက် အိပ်စက်ခြင်းကသာမန်ကိစ္စတစ်ခုဖြစ်ပေမဲ့ လုရှင်းမြန်အတွက်မူ အလွန်အမင်း အဖိုးတန်တဲ့ အရာတစ်ခု ဖြစ်နေခဲ့သည်။
သူ အိပ်မပျော်တဲ့ လများအတွင်း ဘယ်လောက်ထိ ဒုက္ခရောက်ခဲ့လဲ ဆိုတာကို ဘယ်သူမှ မသိကြပေ။ အကြောင်းမှာ သူ့ပုံစံက သာမန်အတိုင်း ပုံမှန်ကြည့်ကောင်းနေတာကြောင့် ဖြစ်သည်။ အိပ်မပျော်ခဲ့တဲ့ လပေါင်းများစွာအကြာတွင် ယခုလို အချိန်အကြာကြီး အိပ်ပျော်သွားလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
လုရှင်းမြန်ဟာ ၁၁ နာရီဝန်းကျင်က အချိန်ကြည့်ခဲ့တာကို ရေးရေးမျှ မှတ်မိနေသည်။ ဖုန်းထဲက လူရဲ့ အသံက အလွန်နားထောင်ကောင်းပြီး ထိုအသံရဲ့ အေးချမ်းတဲ့ ချော့သိပ်မှုအောက်မှာ သူ တကယ်ပင် အိပ်ပျော်သွားခဲ့သည်။
ဒါကို တွေးမိတော့ လုရှင်းမြန်ဟာ လွန်ခဲ့တဲ့ နှစ်ရက်က စောင့်ဆိုင်းခဲ့ရသမျှ တန်သွားပြီဟု ခံစားလိုက်ရသည်။
ဒါကပင် သူ့သံသယကို အတည်ပြုပေးလိုက်သလို ဖြစ်သွားခဲ့သည်—ဒီ "အစ်ကို"က အော်ဒါတွေ အများကြီး လက်ခံထားရ၍ ဖြစ်နိုင်ပြီး ထို့ကြောင့်ပင် သူ့ကို ချက်ချင်း အကောင့်မအပ်ပေးနိုင်သလို အကြောင်းလည်း ချက်ချင်းမပြန်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လုရှင်းမြန်က Taobao အကောင့်ထဲ ဝင်လိုက်ပြီး "confirm receipt" (ပစ္စည်းရရှိကြောင်း အတည်ပြုရန်) ကို နှိပ်ကာ အမှတ်ကောင်းကောင်း ပေးလိုက်သည်။
သူက အသေးစိတ် သုံးသပ်ချက်တွေ ရေးလေ့ရှိသူ မဟုတ်ပေ။ ပစ္စည်းရရှိကြောင်း အတည်ပြုပြီးနောက် လုရှီးမြန်ဟာ အော်ဒါနောက်တစ်ခု ထပ်မှာလိုက်သည်။
မနက် ၅ နာရီပဲ ရှိသေးတာကြောင့် ကျောင်းသွားရန် စောလွန်းနေသေးသည်။ လုရှင်းမြန် ပြန်မအိပ်နိုင်တော့သဖြင့် ထထိုင်ကာ လေ့ကျင့်ခန်း မေးခွန်းအချို့ ဖြေဆိုရန် ဆုံးဖြတ်လိုက်သည်။ စာမေးပွဲ မေးခွန်းတစ်စုံ ဖြေပြီးတဲ့အခါ လုရှင်းမြန် နည်းနည်း မောလာတာကြောင့် စာပွဲပေါ် ခေါင်းမှီလိုက်ပြီး ခဏတာ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
မျက်လုံးမှိတ်ထားပေမဲ့ လုရှီးမြန်ရဲ့ စိတ်က အနားမရခဲ့ပေ။
သူက သူ့အိမ်ပတ်ဝန်းကျင်အသစ်ကို တကယ်ကြိုက်သည်။ ကျောင်းအသစ်၊ အတန်းအသစ်နဲ့ အတန်းဖော်အသစ်တွေကိုလည်း သဘောကျသည်။
အတန်းခေါင်းဆောင်က အတော်လေး စုစမ်းချင်နေပြီး သူ အထက်တန်းနောက်ဆုံးနှစ်ကျမှ ဘာကြောင့် ကျောင်းပြောင်းလာရသလဲဟု မေးခဲ့သည်။
ဘာကြောင့်လဲ?
ဒါပေါ့... လူတိုင်းက သူ့ကို စွန့်ပစ်ခဲ့ကြလို့ပေါ့။ သူက လူတိုင်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသူ ဖြစ်လို့ပေါ့။
လုရှင်းမြန်က သူ့ကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေရှိရာ လုမိသားစုထံ ပြန်ရောက်လာခဲ့သည်။ သို့သော် လုမိသားစုက မိဘတွေဟာ လုစီဟန်ကို ငယ်စဉ်ကတည်းက အလွန်ချစ်ခင်ယုယခဲ့ပြီး တန်ဖိုးထားကာ ကာကွယ်ပေးခဲ့ကြသည်။ မေတ္တာအပြည့် ပေးထားခဲ့ကြသည်။
သူတို့ရဲ့ သံယောဇဉ်က နက်ရှိုင်းသဖြင့် လုစီဟန်ကို ပြန်မလွှတ်နိုင်ကြသလို ထွက်သွားခွင့်လည်း ဘယ်တော့မှ ပေးမှာမဟုတ်ပေ။
လုဇနီးမောင်နှံအတွက် လုစီဟန်က သူတို့ရဲ့ အသက်တမျှပင် ဖြစ်သည်။
လုစီဟန်ရဲ့ မွေးမိဘများ (ဆုန်းဇနီးမောင်နှံ) ကလည်း သူတို့ရဲ့သားက ချမ်းသာတဲ့ လုမိသားစုမှာ ကောင်းမွန်စွာ ကြီးပြင်းနေတာကို မြင်တော့ ထိုမှာပင် ဆက်နေနေတာကို ဝမ်းသာအားရ သဘောတူခဲ့ကြသည်။
ဤနည်းဖြင့် သူတို့သားက အနာဂတ်တွင် လုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံနိုင်မည်ဖြစ်ပြီး သူတို့လည်း လုစီဟန်နဲ့အတူ သက်တောင့်သက်သာ လူ့ဘဝကို စံစားနိုင်မည်ဖြစ်သည်။
လုမိသားစုမှာ ဆက်နေခြင်းက လုစီဟန်အတွက် အကောင်းဆုံး ပညာရေး အထောက်အပံ့တွေ၊ အကောင်းဆုံး အစားအသောက်၊ အဝတ်အထည်နဲ့ အသုံးအဆောင်တွေ၊ ရိုးရှင်းတဲ့ မိသားစုက ကလေးတစ်ယောက် အိပ်မက်ပင် မမက်ရဲတဲ့ အရာအားလုံးကို ရရှိစေခဲ့သည်။
ဆုန်းဇနီးမောင်နှံကလည်း လုစီဟန်ကို သူတို့နဲ့အတူ ဆင်းရဲဒုက္ခခံကာ သာမန်ဘဝတွင် ပြန်လာနေထိုင်ခိုင်းရန် ဘယ်လိုမှ မရက်စက်နိုင်ကြပေ။
ပြီးတော့ ဒါပေါ့
လုစီဟန်ကိုယ်တိုင်ကလည်း လုမိသားစုဆီကနေ ဘယ်တော့မှ ထွက်သွားမည် မဟုတ်ပေ။
သူက လုမိသားစုရဲ့ အရင်းအချာ ကလေးမဟုတ်မှန်း သိလိုက်ရတဲ့အခါ ငိုယိုဆူပူခဲ့ပြီး လုရှင်းမြန်ကို ပြန်မခေါ်ရန် မိဘများကို အစာငတ်ခံ ဆန္ဒပြတဲ့အထိ ပြုလုပ်ခဲ့သည်။ လုဇနီးမောင်နှံက လုရှီးမြန် ပြန်ရောက်လာသည့်တိုင် လုစီဟန်ကသာ သူတို့ရဲ့ အချစ်ဆုံး၊ အမြတ်နိုးဆုံး သားလေး ဖြစ်နေမည်ဟု ထပ်ခါတလဲလဲ ကတိပေးခဲ့ရသည်။
(TN/ ဘာသာပြန်ရင်း ဒေါသတွေ အလိမ့်လိုက်ထွက်🤬)
လုစီဟန်ဟာ ထိုအခါမှ မပါချင်ပါဘဲ သဘောတူခဲ့ရခြင်းဖြစ်သည်။ အကြောင်းမှာ ပိုငြင်းဆန်နေပါက သူ့ကို ဂျီကျတဲ့ကလေးအဖြစ် မြင်သွားမှာကို သိတာကြောင့်ဖြစ်သည်။ လုရှင်းမြန် ပြန်လာတာကို သဘောတူပေးလိုက်ခြင်းဖြင့် မိဘတွေက သူ့ကို လိမ္မာတယ်ဟု မြင်ကာ အားနာစိတ်ဝင်ပြီး ပို၍ပင် ချစ်လာကြမည်ဖြစ်သည်။
လုရှင်းမြန်က လုမိသားစုရဲ့ သားအရင်း ဖြစ်ပေမဲ့ လုဇနီးမောင်နှံက သူ့အပေါ် နက်ရှိုင်းတဲ့ မေတ္တာမရှိခဲ့ပေ။ သူ မွေးကတည်းက တစ်ခါမှ မတွေ့ဖူးခဲ့ကြရာ ရှေ့မှာရှိနေတဲ့ ဆယ့်ခုနစ်နှစ်အရွယ် လုရှင်းမြန်က သူတို့အတွက် အစိမ်းသက်သက်ဖြစ်နေခဲ့သည်။
ဒါပေမဲ့ သူက သူတို့ရဲ့ ကလေးပဲမဟုတ်ပါလား။ လုဇနီးမောင်နှံက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လွဲမှားခဲ့တဲ့ မိသားစု သံယောဇဉ်ကို လုရှင်းမြန်နဲ့ ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ရန် တွေးခဲ့ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ လုရှီးမြန်အပေါ် တကယ်ပဲ မတရားပြုမူခဲ့မိသည်မဟုတ်ပါလား။
ဒါပေမဲ့ သူတို့ရဲ့ ချစ်လှစွာသောသား လုစီဟန်က အိမ်မှာ အခြားတစ်ယောက် ရောက်နေခြင်းကြောင့် စိတ်မကောင်းဖြစ်မှာကို စိုးရိမ်သဖြင့် လုမိသားစု မိဘများဟာ လုစီဟန်အပေါ် ပို၍ပင် မေတ္တာပိုကာ အလိုလိုက်လာခဲ့ကြသည်။
သူတို့က သူ့စိတ်ကို အမြဲငဲ့ကွက်ပေးပြီး ဝမ်းနည်းစရာ မကြုံရစေရန်နဲ့ အနည်းငယ်မျှပင် မကျေမနပ် မဖြစ်ရစေရန် ဂရုစိုက်ပေးခဲ့ကြသည်။
ဒါပေမဲ့ ထိုသို့ပြုလုပ်ပေးသည့်တိုင် လုစီဟန်က လုရှင်းမြန်ကို လုမိသားစုတွင် ဆက်မနေစေချင်ဘဲ အပြီးမောင်းထုတ်ရန် ဆုံးဖြတ်ထားခဲ့သည်။
လုရှင်းမြန်ကို စတွေ့တဲ့ စက္ကန့်မှစ၍ လုစီဟန်ဟာ တစ်ခါမှ မကြုံဖူးတဲ့ စိုးရိမ်စိတ်နဲ့ ဆုံးရှုံးမှုအန္တရာယ်ကို ခံစားလိုက်ရသည်။
လုရှင်းမြန်သာ လုမိသားစုမှာ ဆက်နေပါက သူဟာ မိဘတွေရဲ့ အချစ်ဆုံးသား မဟုတ်တော့မှာကို ပြင်းထန်စွာ ခံစားလိုက်ရသည်။
"ဆုန်းရှင်းမြန် ငါက မေမေနဲ့ ဖေဖေရဲ့ ကလေးပဲ။ မေမေနဲ့ ဖေဖေက ငါ့ကိုပဲ ချစ်တာ...မင်း ဘာလို့ ပြန်လာတာလဲ?!"
"ဆုန်းရှင်းမြန် မင်း ဘာလို့ ငါနဲ့ မေမေ ဖေဖေတို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတာလဲ? ဘာလို့ ငါ့အိမ်ကို ဖျက်ဆီးဖို့ ကြိုးစားနေတာလဲ?"
"ဆုန်းရှင်းမြန် ငါ မင်းကို မုန်းတယ်။ မေမေနဲ့ ဖေဖေက မင်းကို ချစ်မှာ မဟုတ်ဘူး။"
"ဆုန်းရှင်းမြန် မင်းရဲ့ စုတ်ပြတ်နေတဲ့ နေရာစုတ်လေးဆီ ပြန်သွားစမ်းပါ!"
မိဘတွေရှေ့မှာ လုစီဟန်က လုရှင်းမြန်နဲ့ အဆင်ပြေအောင် ပေါင်းသင်းတဲ့ သနားဖွယ် လိမ္မာပါးနပ်တဲ့ ကလေးတစ်ယောက် ဖြစ်သည်။ ဒါပေမဲ့ မိဘတွေရဲ့ နောက်ကွယ်တွင်မူ လုစီဟန်ဟာ လုံးဝ ခြားနားတဲ့ မျက်နှာဖုံးကို ပြသခဲ့သည်။
လုစီဟန်က လုရှင်းမြန်ကို လုမိသားစုကနေ မောင်းထုတ်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့သည်။ ထိုသို့ဖြစ်စေရန်အတွက် သူဟာ လုရှင်းမြန်ကို အပြစ်ပုံချရန် သူ့ရဲ့ ကိုယ်ခန္ဓာကိုပင် နာကျင်အောင် လုပ်ဆောင်ခဲ့သည်။
တစ်ခါတစ်ရံ နှစ်ယောက်သား အတူတူ လှေကားပေါ်မှ ဆင်းလာတဲ့အခါ လုစီဟန်ဟာ ဒုတိယထပ် လှေကားမှ ရုတ်တရက် လိမ့်ကျသွားတတ်ပြီး သူ့ရဲ့ နဖူးနဲ့ လက်မောင်းများတွင် ချက်ချင်း ဒဏ်ရာရသွားခဲ့သည်။
လုမိခင်က မျက်ရည်ကျကာ လုစီဟန်ကို ပွေ့ဖက်ထားပြီး ရင်ထဲမှ နာကျင်နေခဲ့သည်။ လုစီဟန်က "မေမေ လုရှင်းမြန်ကို အပြစ်မတင်ပါနဲ့။ သားဘာသာ မတော်တဆ ချော်လဲတာပါ။ လုရှင်းမြန် သားကို တွန်းချတာ မဟုတ်ပါဘူး" ဟု ပြောလေ့ရှိသည်။
သူဟာ သနားဖွယ် သတ္တဝါလေးတစ်ကောင်လို အကြီးအကျယ် မတရားစွပ်စွဲခံထားရတဲ့ပုံစံမျိုး ဖြစ်သည်။ ဒါမှမဟုတ်ရင်လည်း သူတို့နှစ်ယောက် လမ်းပေါ်မှာ အတူတူ လမ်းလျှောက်သွားတဲ့အခါ လုစီဟန်က လမ်းဘေးသို့ ရုတ်တရက် လဲကျသွားပြီး ကျောက်ခဲနဲ့ တိုက်မိကာ နဖူး ပြဲသွားတတ်သည်။
လုစီဟန်က "မေမေ ဖေဖေ လုရှင်းမြန်ကို မပြစ်တင်ပါနဲ့။ သူ သားကို တွန်းချတာ မဟုတ်ပါဘူး သားဘာသာ မတော်တဆ လဲကျတာပါ။ လုရှင်းမြန်နဲ့ ဘာမှမဆိုင်ပါဘူး" ဟု ပြောလေ့ရှိသည်။
ဒါပေမဲ့ ထိုအချိန်က လုစီဟန်ဘေးမှာ လုရှင်းမြန် တစ်ယောက်တည်းသာ ရှိနေခဲ့ပြီး လမ်းကလည်း ညီညာပြန့်ပြူးနေသဖြင့် မတော်တဆ လဲကျရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
လုဇနီးမောင်နှံက လုရှင်းမြန်ကို သီးသန့်ခေါ်ယူ မေးမြန်းခဲ့ပြီး သူဟာ လုမိသားစုရဲ့ ကလေးတစ်ယောက် ဖြစ်တဲ့အတွက် လုစီဟန်ကို နောက်ထပ် မနာကျင်စေသင့်တော့ကြောင်း ပြောခဲ့ကြသည်။
မကြာမီ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုက မိဘတွေကို လုရှင်းမြန်အား အဝေးသို့ ပို့ပစ်ရန် နောက်ဆုံး ဆုံးဖြတ်ချက် ချစေခဲ့သည်။
ထိုနေ့က လုစီဟန်ဟာ လုရှင်းမြန်ကို ရေကန်ဘေးတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။ လုရှင်းမြန် အနားကို တိုးလာတဲ့ စက္ကန့်မှာပင် လုစီဟန်က ရေကန်ထဲသို့ သူ့ဘာသာ အလိုအလျောက် ခုန်ဆင်းသွားခဲ့ပြီး ကူညီကြပါဦးဟု အော်ဟစ်ခဲ့သည်။
အပြေးအလွှား ရောက်ရှိလာတဲ့ လုမိသားစုရဲ့ အိမ်ထိန်းက သူ့ကို ကယ်ထုတ်ခဲ့ရပြီး လုစီဟန်ဟာ ထိုနေရာမှာပင် ချက်ချင်း မေ့မေ့မျောမျော ဖြစ်သွားခဲ့သည်။
လုစီဟန်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။ သူ နိုးလာတဲ့အခါ လုရှင်းမြန်က သူ့ကို ရေထဲတွန်းချခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ လုမိသားစုရဲ့ အိမ်ထိန်းက ထိုအကြောင်းကို လုဇနီးမောင်နှံအား ပြောပြပြီးဖြစ်သည်။ လုဇနီးမောင်နှံ နှစ်ယောက်က လုစီဟန် ပြောတာကို ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားလိုက်ရချိန်မှသာ လုရှင်းမြန်အပေါ် တစ်ခါမှ မခံစားဖူးတဲ့ စိတ်ပျက်မှုကို ခံစားလိုက်ရသည်။
လုမိခင်နဲ့ လုဖခင်တို့ လုရှင်းမြန်ကို ကြည့်တဲ့ မျက်လုံးတွေက စိမ်းသက်သက် ဖြစ်သွားခဲ့သည်။
သူတို့ မွေးထုတ်ထားတဲ့ သားအရင်းက ဘာကြောင့် ဒီလောက် စိတ်ဓာတ်ယုတ်မာရတာလဲ?
လုစီဟန်က လိမ္မာပါးနပ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး လုရှင်းမြန်ကို အမြဲ ဂရုစိုက် စောင့်ရှောက်ပေးခဲ့သည်။ လုရှင်းမြန်က ဘာကြောင့် ဒီလောက် ရက်စက်ပြီး လုစီဟန်ကို နာကျင်အောင် လုပ်ရတာလဲ?
သူတို့မှာ ဒီလို ကလေးတစ်ယောက် ရှိနေတာကို မယုံနိုင်အောင် ဖြစ်ခဲ့ကြသည်။
လုရှင်းမြန်သာ လုမိသားစုမှာ ဆက်နေပါက သူတို့ရဲ့ ချစ်လှစွာသော သားဖြစ်သူ လုစီဟန် ဆက်လက် နာကျင်ရမည်ကို စိုးရိမ်သဖြင့် လုဇနီးမောင်နှံဟာ လုရှင်းမြန်ကို ယန်ချိမ်းမြို့စွန်သို့ အဝေးဆုံး ပို့ပစ်ရန် ဆုံးဖြတ်ခဲ့ကြပြီး လုစီဟန်နဲ့ ထပ်မံ ထိတွေ့ဆက်ဆံခွင့် မရစေရန် တားဆီးခဲ့ကြသည်။
လုရှင်းမြန်က သူတို့ရဲ့ သားအရင်း ဖြစ်နေသေးတာကို ထည့်သွင်းစဉ်းစားသောအားဖြင့် လုစီဟန်အား တမင်တကာ နာကျင်စေခဲ့တဲ့ ကိစ္စအတွက် ရဲတပ်ဖွဲ့ထံ အကြောင်းမကြားရန်နဲ့ ဆက်လက် အရေးမယူရန် သူတို့ ရွေးချယ်ခဲ့ကြသည်။
လုရှင်းမြန်က သူ့မိဘတွေ ဘာကြောင့် သူ့ကို မယုံကြည်ကြမှန်း စဉ်းစား၍ မရခဲ့ပေ။
သူက လုစီဟန်ကို လှေကားပေါ်မှ တွန်းမချခဲ့ပါကြောင်း၊ ကျောက်ခဲတွေနဲ့ တိုက်မိအောင် မလုပ်ခဲ့ပါကြောင်း၊ ရေထဲကိုလည်း တွန်းမချခဲ့ပါကြောင်း မိဘတွေကို အကြိမ်ကြိမ် အခါခါ ရှင်းပြခဲ့ဖူးသည်။ ဒါတွေအားလုံးက လုစီဟန် ကိုယ်တိုင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဒါပေမဲ့ လုဖခင်နဲ့ လုမိခင်တို့က သူ့ကို လုံးဝ မယုံကြည်ခဲ့ကြပေ။
သူတို့ဟာ ငယ်စဉ်ကတည်းက အမြတ်နိုးဆုံး မွေးမြူလာခဲ့တဲ့ လုစီဟန်ကိုသာ ယုံကြည်ကြပြီး မကြာသေးမီကမှ ပြန်လည် ခေါ်ဆောင်လာခဲ့တဲ့ လုရှင်းမြန်ကိုမူ မယုံကြည်ခဲ့ကြပေ။
လုရှင်းမြန် မရောက်လာမီက လုစီဟန်ဟာ အမြဲတမ်း ဘေးကင်းလုံခြုံနေခဲ့သည်။ လုရှင်းမြန် ပြန်ရောက်လာပြီးနောက်တွင်မူ လုစီဟန်ဟာ မတော်တဆမှု သေးသေးမွှားမွှားများနဲ့ နေမကောင်းမှုမျိုးစုံ ကြုံတွေ့ခဲ့ရသဖြင့် မိဘတွေအနေနဲ့ သဘာဝအတိုင်း ရင်ကျိုးခဲ့ရသည်။
လုမေမေက စိတ်ပျက်လက်ပျက်ဖြင့် လုရှီးမြန်ကို ကြည့်လိုက်သည်။
"ဆုန်း... လုရှင်းမြန် ဘာပဲဖြစ်ဖြစ် သွေးသား သံယောဇဉ် မရှိရင်တောင် လုစီဟန်က လုမိသားစုရဲ့ ကလေး၊ ငါတို့ရဲ့ကလေး အမြဲ ဖြစ်နေမှာ။ ဒါကြောင့် ဒီကိစ္စမျိုးတွေကို နောက်ထပ် မလုပ်ပါနဲ့တော့။ တော်သေးတာပေါ့ စီဟန် ဘာမှမဖြစ်လို့ မဟုတ်ရင်... ထားလိုက်ပါတော့။ အခုလောလောဆယ်တော့ ငါတို့နဲ့ အကွာအဝေးတစ်ခုမှာ နေပေးပါ။ လုမိသားစုဆီကနေ ထွက်သွားပေးပါ။"
အမှန်ပင် သာမန် ဆင်းရဲသားတွေ မွေးမြူထားတဲ့ ကလေးတွေက အဆင့်မရှိကြပေ။ လုစီဟန်ကို ပြန်မလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ငြင်းဆန်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရမည်၊၊ မဟုတ်ပါက လုစီဟန် ဘာဖြစ်သွားမလဲဆိုတာကို ဘယ်သူ သိနိုင်မည်နည်း?
အမြဲတမ်း ခေါင်းမာလေ့ရှိတဲ့ လုရှင်းမြန်က အကြီးအကျယ် မတရားစွပ်စွဲခံရမှုတွေကို မျိုသိပ်လိုက်ပြီး သူ့ကို မွေးစားခဲ့တဲ့ မိဘများထံ ဖုန်းဆက်လိုက်သည်။
သူတို့က သူ့ကို သေချာပေါက် ယုံကြည်လိမ့်မည်။ လုစီဟန်ကို နာကျင်အောင် သူ ဘာတစ်ခုမှ မလုပ်ခဲ့ကြောင်း ယုံကြည်ပေးလိမ့်မည်ဟု သူ မျှော်လင့်ခဲ့သည်။
ဒါပေမဲ့ သူ့ကို အံ့အားသင့်စေတာက အဖေဆုန်းနဲ့ အမေဆုန်းတို့ကလည်း လုမိသားစုမှာ လုစီဟန်ကို သူ အနိုင်ကျင့်ခဲ့တဲ့ အကြောင်းတွေကို ကြားသိထားပြီးဖြစ်နေသည်။ သူတို့နှစ်ယောက်စလုံးက သူ့ကို ပြစ်တင်ကြိမ်းမောင်းကြရင်း အမုန်းပွားကာ ကျေးဇူးကန်းတဲ့ကောင်ဟုပင် ဆဲဆိုခဲ့ကြသည်။
သူတို့က လုရှင်းမြန်ကို အရွယ်ရောက်တဲ့အထိ မွေးမြူပေးခဲ့ရာ သူက သူတို့ရဲ့ ကျေးဇူးကို ဒီလို ယုတ်မာမှုဖြင့် မည်သို့ တုံ့ပြန်နိုင်ရသနည်း?
လုစီဟန်က သူတို့ရဲ့ ကလေးဖြစ်သည်။ သူတို့ရဲ့ ကျေးဇူးကို ထောက်ထားသောအားဖြင့် လုစီဟန်ကို အနိုင်မကျင့်ဘဲ မနေပေးနိုင်ဘူးလား?
လုရှင်းမြန်ရဲ့ မျက်လုံးတွေ နီရဲလာပြီး မျက်ရည်တွေကို အတင်းအကျပ် ထိန်းထားလိုက်သည်။
"မေမေ ဖေဖေ သား တကယ် လုစီဟန်ကို အနိုင်မကျင့်ခဲ့ပါဘူး။"
အဖေဆုန်းက "လုရှင်းမြန် ငါတို့ကို မေမေနဲ့ ဖေဖေလို့ နောက်ထပ် မခေါ်ပါနဲ့တော့။ မင်းက ငါတို့ရဲ့ ကလေး မဟုတ်ဘူး။ လုစီဟန်ကမှ ငါတို့ရဲ့ သား။ နောက်ဆို ငါတို့ဆီ ဖုန်းထပ်မဆက်ပါနဲ့" ဟု ပြောလိုက်သည်။
ထို့နောက် အေးစက်စက် ဖုန်းချသံ ထွက်ပေါ်လာသည်။ အဖေဆုန်းက ဖုန်းကို ရက်စက်စွာ ချပစ်လိုက်ခြင်းဖြစ်သည်။
ခွဲဝက်မျှပင် မပြည့်သေးတဲ့ အချိန်အတွင်းမှာပင် လုရှင်းမြန်ဟာ ခိုကိုးရာမဲ့တဲ့ ကလေးတစ်ယောက် ဖြစ်သွားခဲ့သည်။
သူ့ကို မွေးမြူခဲ့တဲ့ မိဘတွေကလည်း သူ့ကို လုံးဝ မယုံကြည်ကြသလို သွေးသားအရင်း မိဘတွေကလည်း သူ့ကို မယုံကြည်ကြတဲ့အပြင် မုန်းပင် မုန်းနေကြသည်။
သူက ဒီကမ္ဘာပေါ်မှာ တစ်ယောက်တည်း သီးသန့်ဖြစ်နေသလိုပင်။
လုရှင်းမြန်က လူတိုင်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။
ရှားရှားပါးပါး ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ရတဲ့အတွက် လုရှင်းမြန်ဟာ ယနေ့တွင် အလွန် စွမ်းအင်ပြည့်ဝနေခဲ့သည်။ ဒါက သူ့မျက်နှာသွင်ပြင်မှာ ပေါ်လွင်နေပြီး ယခင်ကထက် ပိုကြည့်ကောင်းလာသည်။
လုရှင်းမြန်ရဲ့ စာပေထူးချွန်မှုက အမြဲတမ်း ကောင်းမွန်ခဲ့ပြီး ဆရာအသစ်တွေရဲ့ သင်ကြားမှုပုံစံကိုလည်း ချက်ချင်း အသားကျသွားခဲ့သည်။
နေ့လယ်စာစားချိန်မှာ ချန်ချဲ့က သူတို့ရဲ့ အထက်တန်းနောက်ဆုံးနှစ်အတွက် ပထမဆုံး အစမ်းစာမေးပွဲက နောက်အပတ်တွင် ရှိကြောင်း ပြောပြခဲ့သည်။ ချန်ချဲ့ဟာ အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ လုရှင်းမြန် ပတ်ဝန်းကျင်အသစ်နဲ့ အသားမကျသေးဘဲ အမှတ်တွေ ထိခိုက်မှာကို စိုးရိမ်သဖြင့် သီးသန့်လာရောက် အားပေးခဲ့ခြင်းဖြစ်သည်။
ချန်ချဲ့က "ကျောင်းက ကျောင်းသားတွေကို အာရုံစိုက်စေချင်တာရယ် သင့်တော်တဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်စေချင်တာရယ်ကြောင့် ပထမဆုံး အစမ်းစာမေးပွဲကို အတော်လေး ခက်အောင် ထုတ်ထားတယ်။ ဒါကြောင့် အရမ်း စိုးရိမ်မနေပါနဲ့" ဟု ပြောခဲ့သည်။
လုရှင်းမြန်က ခေါင်းညိတ်လိုက်သည်။
"ငါ နားလည်ပါတယ်။"
လုရှင်းမြန် ဒီနေရာမှာ ရောက်နေတာ နှစ်ရက်ရှိပြီဖြစ်ရာ ချန်ချဲ့က
"ဘယ်လိုလဲ? ဆရာတွေ စာသင်တဲ့ နှုန်းကို လိုက်နိုင်ရဲ့လား?" ဟု မေးလိုက်သည်။
လုရှင်းမြန်က အရာရာအဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။
လုရှင်းမြန်နဲ့ ချန်ချဲ့တို့ ထမင်းစားနေတုန်း မိန်းကလေးနှစ်ယောက် အနားကို တိုးလာခဲ့ကြသည်။
"ဒီမှာ ထိုင်လို့ရမလား?"
မိန်းကလေးတစ်ယောက်က ချန်ချဲ့ကို မျက်စိမှိတ်ပြလိုက်သည်။
ချန်ချဲ့က သူမဟာ ဘေးအတန်းမှ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်း မှတ်မိလိုက်သည်။
ချန်ချဲ့ "ထိုင်လို့ရပါတယ်" ဟု ပြန်ဖြေလိုက်ပြီး လုရှင်းမြန်ကို "အဆင်ပြေရဲ့လား? အခု အတော်လေး လူကျပ်နေတော့ ထိုင်ခုံရှာရခက်နေလို့" ဟု မေးလိုက်သည်။
လုရှင်းမြန်က ခေါင်းညိတ်လိုက်ပြီး "အင်း အဆင်ပြေပါတယ်" ဟု ပြောခဲ့သည်။
ထို့နောက် မိန်းကလေးနှစ်ယောက်ဟာ လုရှင်းမြန်နဲ့ ချန်ချဲ့တို့ရဲ့ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကြသည်။ လုရှင်းမြန်နဲ့ ချန်ချဲ့တို့ ထွက်မသွားမချင်း သူတို့ စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။
"နင် လုရှင်းမြန်ရဲ့ WeChat ကို တောင်းချင်တာ မဟုတ်ဘူးလား? ဘာလို့ မတောင်းတာလဲ?"
"ငါ ရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေလို့ လုရှီးမြန်ကို စကားတောင် မပြောရဲဘူး။ သူ့ရဲ့ အဆက်အသွယ်ကို ဘယ်လိုလုပ် သွားတောင်းလို့ ရမှာလဲ?"
"လုရှင်းမြန်ကို ဒီလောက် အနီးကပ် မြင်ရတာ မယုံနိုင်ဘူး။ သူက တကယ်ကို ရုပ်ဖြောင့်တာပဲ! သူ့အသားအရေက မိန်းကလေးဖြစ်တဲ့ ငါ့ထက်တောင် ပိုကောင်းနေသေးတယ်"
ယန်ချမ်း မူကြိုကျောင်း အပြင်ဘက်တွင် လုရှီရန်က ရှောင်ယို့ဇီကို လာကြိုခဲ့သည်။ ရှောင်ယို့ဇီက လုရှီရန်ကို မြင်တဲ့အခါ အားရဝမ်းသာစွာနဲ့ သူ့ထံ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားခဲ့သည်။
"ဦးဦး၊ ရောက်လာပြီလား!"
ကားပေါ်မှာ ရှောင်ယို့ဇီက မူကြိုကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းတွေကို လုရှီရန်အား ပြောပြခဲ့သည်။ ပြောပြပြီးနောက် လုရှီရန်က သူ့ဖုန်းကို မြှောက်ပြကာ "ရှောင်ယို့ဇီ ဒီလူကို သိလား? မူကြိုကျောင်းက သူငယ်ချင်းထဲက တစ်ယောက်ယောက်လား?" ဟု မေးလိုက်သည်။
ရှောင်ယို့ဇီက ဖုန်းကို ကြည့်လိုက်ပြီး "သိတာပေါ့!" ဟု ပြန်ဖြေသည်။
လုရှီရန်က ရှောင်ယို့ဇီ တကယ် သိတဲ့ သူငယ်ချင်းလို့ ထင်ကာ မျက်ခုံးပင့်လိုက်သည်။
ရှောင်ယို့ဇီက ဆက်၍ "ဒါက ရှင်ချန်းနဲ့ ရှီရိုလေ" ဟု ပြောလိုက်သည်။
လုရှီရန် ခဏမျှ ကြောင်အသွားပြီးမှ ရှောင်ယို့ဇီ ပြောတဲ့ "သိတယ်" ဆိုတာက သူမ ကြည့်ရတာ ကြိုက်တဲ့ အန်နီမေးရှင်း ဇာတ်လမ်းထဲမှ Profile ပုံထဲက ဇာတ်ကောင်များကို ဆိုလိုခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည်။
လုရှီရန်က သူမကို "ရှောင်ယို့ဇီ ဒါဆို ဒီလူကိုေကာ သိလား?" ဟု ထပ်မေးလိုက်သည်။
ရှောင်ယို့ဇီက သူမရဲ့ ခေါင်းလေးကို ငြင်းခါလိုက်သည်။ "မသိဘူး။"
"တကယ် မသိတာလား?"
"တကယ် မသိတာ။"
လုရှီရန်က "သူတို့ကို မသိရင် ဘာလို့ အကောင့်ချင်း မိတ်ဆွေဖွဲ့ထားရတာလဲ?" ဟု မေးလိုက်သည်။
ရှောင်ယို့ဇီက ချစ်စဖွယ် ပြုံးပြလိုက်ပြီး "ချစ်ဖို့ကောင်းလို့!" ဟု ပြောသည်။
လုရှီရန် နားလည်သွားခဲ့သည်။ ထိုလူရဲ့ Profile ပုံက ရှောင်ယို့ဇီ အကြိုက်ဆုံး အန်နီမေးရှင်း ဇာတ်လမ်းထဲမှ ရှင်ချန်းနှင့် ရှီရို ဖြစ်နေ၍သာ ဖြစ်သည်။
လုမျိုးနွယ်စုရဲ့ အကြီးအကဲဖြစ်သူ လုရှီရန်အနားကို တက်နိုင်သမျှ တိုးကပ်ချင်သူတွေ၊ သွေးဆောင်ချင်သူတွေနဲ့ သူ့ရဲ့ဆက်သွယ်ရန် အချက်အလက် ရရှိရန် နည်းလမ်းမျိုးစုံ သုံးကြသူတွေမှာ ရေတွက်၍ပင် မရနိုင်ပေ။
သူ သိတဲ့သူလည်း မဟုတ်၊ ရှောင်ယို့ဇီ သိတဲ့သူလည်း မဟုတ်သဖြင့် လုရှီရန်ဟာ ထိုအကောင့်ကို တိုက်ရိုက် ဖျက်ပစ်လိုက်သည်။
လုရှင်းမြန် အိမ်သို့ ပြန်ရောက်ပြီး ညစာ အလွယ်တကူ ပြင်ဆင်စားသောက်ပြီးနောက် ပါဆယ်ထုတ်တစ်ခု လက်ခံရရှိခဲ့သည်။ ကျောင်းပြောင်းမှု နှစ်ကြိမ်ကြောင့် သူ့ရဲ့ ပညာရေး ထိခိုက်မှာကို စိုးရိမ်တဲ့ ဆရာမဟောင်းက ပေးပို့လိုက်တဲ့ လေ့လာရန် စာအုပ်စာတမ်းများ ဖြစ်သည်။
ဆူးကျိုး အမှတ် (၁) အထက်တန်းကျောင်းတွင် လုရှင်းမြန်ဟာ စာမေးပွဲတိုင်း၌ အတန်းထဲတွင် အမြဲတမ်း ပထမ ရလေ့ရှိသည်။ လုရှင်းမြန် စတင် ကျောင်းပြောင်းချင်စဉ်က ဆရာမက လုံးဝ သဘောမတူခဲ့ပေ။ နောက်မှ ကျောင်းပြောင်းရတဲ့ အကြောင်းအရင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။
ဒါပေမဲ့ တစ်နှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ကျောင်းပြောင်းလိမ့်မည်ဟု ဆရာမ မထင်မှတ်ခဲ့သဖြင့် လွန်စွာ စိုးရိမ်ခဲ့ရသည်။
ကျောင်းသားဖြစ်သူ စိတ်ဓာတ်ကျမှာကို စိုးရိမ်၍ ဆရာမက သူ့ရဲ့ လေ့လာရန် စာအုပ်စာတမ်းအချို့ကို စုစည်းပေးပို့လိုက်ခြင်းဖြစ်သည်။
ပါဆယ်ထုတ် ရရှိပြီးနောက် လုရှင်းမြန်ဟာ ဆရာမထံ ပစ္စည်းရောက်ရှိကြောင်း စာပို့လိုက်သည်။
ဆရာမက စာကြိုးစားရန်၊ ပြင်ပအချက်အလက်တွေရဲ့ လွှမ်းမိုးမှုကို မခံရန်နဲ့ ပညာရေးဆိုင်ရာ အခက်အခဲတွေရှိပါက ဆက်သွယ်ရန် ပြောကြားခဲ့ပြီး တတ်နိုင်သမျှ ကူညီပေးမည်ဟု အာမခံခဲ့သည်။
ဆရာမက လုရှင်းမြန်ရဲ့ လက်ရှိအခြေအနေကို မသိရှိပေ၊၊ မွေးဖွားစဉ်ကတည်းက လွဲမှားခဲ့ပြီး မူလမိသားစုဆီ ပြန်ရောက်သွား၂ဲ့ ကလေးတစ်ယောက်ဖြစ်ကြောင်းသာ သိရှိထားသည်။
နောက်အပတ်တွင် အစမ်းစာမေးပွဲ ရှိကြောင်း ချန်ချဲ့က နေ့လယ်စာစားချိန်မှာ ပြောခဲ့သည်။ လုရှင်းမြန်က စာတော်တဲ့ အရည်အသွေး ကျဆင်းသွားသလား မသေချာတာကြောင့် ပထမဆုံး စာမေးပွဲမှာ ရလဒ်မကောင်း မဖြစ်ချင်ပေ။ လုရှင်းမြန်မှာ အမြဲတမ်း ရှင်းလင်းတဲ့ ပန်းတိုင်တစ်ခု ရှိသည်။ ၎င်းမှာ ယန်ချိမ်းတက္ကသိုလ်သို့ တက်ရောက်ရန်ဖြစ်သည်။
လုရှင်းမြန်က ညဆယ်နာရီဝန်းကျင်မှာ အိမ်စာတွေကို ပြီးစီးခဲ့သည်။ ပိုမိုများပြားတဲ့ ပုံပြင်ေ၂ွကို နားထောင်ချင်တာကြောင့် အိပ်စက်ခြင်း ပုံပြင်ပြောပြပေးသူနဲ့ အချိန်ချိန်းဆိုရန် WeChat ကို ဖွင့်လိုက်သည်။
ဒါပေမဲ့ စာပို့လိုက်တဲ့အခါ လုရှင်းမြန်ဟာ ကြီးမားတဲ့ အနီရောင် အာမေဍိတ်သင်္ကေတ (!) ကို တွေ့လိုက်ရသည်။
တစ်ဖက်လူက သူ့ကို (delete) လိုက်ပြီဖြစ်သည်။
Delete!!!