"ကောင်းပြီ၊ ဒီနေ့အတွက် သင်ခန်းစာက ဒီလောက်ပဲ။ ဆရာ မင်းတို့အားလုံးအတွက် အင်္ဂလိပ်စာပေ တိုးတက်မှုရဲ့ မူလဇာတ်မြစ်ကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးမျိုးသော လူမျိုးစုတွေအပေါ် နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှုအပါအဝင် ဒုတိယယဥ်ကျေးမှု ပေါ်ထွက်လာပုံကိုရော ဆွေးနွေးဖို့ ပရောဂျက်တစ်ခု အိမ်စာပေးလိုက်မယ်။ မင်းတို့ကိုယ်မင်းတို့ လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတယ်။ အိမ်စာကို နောက်တစ်ပတ်မှာ ထပ်ရမယ်။"
ပညာရှင်ဆန်သော အသွင်အပြင်နှင့် ပါမောက္ခက အကျင့်ဖြစ်စွာဖြင့် စားပွဲကိုခေါက်ကာ ထွက်ခွာသွားခဲ့သည်။ သုံးချက်ခေါက်သံက သင်ကြားမှုပိုင်းနှင့် စာသင်ခန်း၏လေထုကို သူ ကျေနပ်မှုရှိပြီး နှစ်ချက်တည်းဆိုလျှင် သိပ်ပြီးကျေနပ်မှုမရှိသည်ကိုဆိုလိုကြောင်း ကျောင်းသားများအားလုံး သိနေကြပြီဖြစ်၏။
ယနေ့ သုံးချက်ခေါက်သွားသဖြင့် အဆင်ပြေချောမွေ့နေသည့်ပုံပင်။
ကျောင်းသားများက ပါမောက္ခကိုနှုတ်ဆက်ရန် အမြန်ထရပ်လိုက်ကြပြီး သူထွက်သွားတော့မှ အေးအေးဆေးဆေးထိုင်ကာ အချင်းချင်း စကားပြောနေခဲ့ကြသည်။ အဖွဲ့လိုက် စကားပြောနေကြသော အတန်းဖော်များနှင့်မတူညီစွာပင် လျန်ယယ့်က သူ၏စာအုပ်များကို တိတ်တဆိတ်သိမ်းဆည်းကာ တံခါးဝဆီသို့ ဦးတည်လိုက်၏။
မည်သူကမှ သူ့ကို အော်မခေါ်သလို သတိတောင်မထားမိကြပေ။
တံခါးနားမှာ သူ့လမ်းကိုပိတ်ဆို့နေသူကို မြင်လိုက်တော့မှ သူတစ်ယောက်တည်းမဟုတ်ကြောင်း သတိရလိုက်၏။
သူစိမ်းတစ်ယောက်က သူ၏လက်ကိုဆန့်တန်းပေးလာပြီး တော်တော်လေး ဆန်းပြားသော အနောက်တိုင်းပုံစံဖြင့် နှုတ်ဆက်လာခဲ့သည်။
သို့သော် လျန်ယယ့်မှာ ထိုသူ့အားမသိပေ။
"ရှုန်းတိ*၊ ခဏနေပါဦး။ ငါ့နာမည်လင်ရှူးပါ။ မင်း ငါ့ကို သေချာပေါက် သိမှာမဟုတ်ပေမဲ့ ငါကတော့ မင်းကိုသိတယ်။ ငါ မင်းကိုမေးစရာလေးရှိလို့၊ ငါတို့ ခဏလောက် စကားပြောလို့ရမလား။"
(TN/ ရှုန်းတိ - ညီလေး)
လင်ရှူးက သူ့ကိုပြုံးပြကာ စွဲမက်ဖွယ်ကောင်းပြီး ချစ်စရာကောင်းသောအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ကံမကောင်းစွာဖြင့် လျန်ယယ့်က စိတ်မဝင်စားချေ။
သူက လင်ရှူးကို တစ်ချက်ကလေးသာကြည့်ပြီး ရှောင်ထွက်သွားဖို့ စီစဥ်လိုက်၏။
သို့သော် လင်ရှူးက လက်လှမ်းကာ သူ့ကိုလှမ်းဆွဲလိုက်သည်။
"ရှုန်းတိ၊ ငါက မကောင်းတဲ့သူမဟုတ်ပါဘူး။ ငါ့မျက်နှာကိုကြည့်လိုက်၊ ဘယ်လူဆိုးက ဒီလိုချောချောလေး မွေးဖွားလာတာကို မြင်ဖူးလဲ။ ငါက ရဲအရာရှိတစ်ယောက်ပါ၊ မင်းကို မေးချင်တာလေးရှိလို့!"
သို့သော် လျန်ယယ့်ကတော့ သူ့အား လုံးဝလျစ်လျူရှုကာ သူ၏လက်ကိုပြန်ဆွဲလိုက်ပြီး မျက်လုံးချင်းဆုံဖို့တောင် ငြင်းဆန်နေ၏။
လင်ရှူးက သူ့ကိုဆွဲခေါ်သွားဖို့ အားထည့်လိုက်သည်။
"ကျွန်တော့်ကိုလွှတ်! ခင်ဗျား နေ့ခင်းကြောင်တောင်ကြီးမှာ ဘာလုပ်ဖို့ကြိုးစားနေတာလဲ!"
ရုတ်တရက် လျန်ယယ့်က ကျယ်လောင်စွာအော်လိုက်ရာ ကျောင်းသားအများစု၏အာရုံကို ဆွဲဆောင်လိုက်လေသည်။
လူများစွာ၏ စူးစမ်းသည့်အကြည့်အောက်မှာ ရောက်ရှိနေကြောင်း လင်ရှူးသိလိုက်ရသော် သူ့ကိုယ်သူ အပြစ်ကင်းသည့်မျက်နှာဖုံးကို တပ်ဆင်လိုက်၏။
"ဝမ်းကွဲ၊ ငါ့အမေက အပြင်းအထန်နေမကောင်းဖြစ်နေပြီး သူ(မ)မသေခင် မင်းကိုတွေ့ချင်နေတာ။ မင်း ကိုယ့်အဒေါ်ကို ဂရုမစိုက်ဘူးလား။ ကျေးဇူးပြုပြီး တစ်ချိန်က သူ(မ) မင်းကို ကျောင်းတက်နိုင်အောင်ပံ့ပိုးပေးခဲ့တာကို ထည့်စဥ်းစားပေးပါကွာ။ မင်း လိုက်ခဲ့မယ်မလား။"
လျန်ယယ့်က ဒေါသထွက်စွာဖြင့် နာမှုတ်လိုက်၏။ "ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့!"
သူ လင်ရှူးကို တွေ့ဖူးဖို့နေနေသာသာ သိတောင်မသိပေ။ သူက ကျောင်းနှင့်အိမ်ကို ပြေးလွှားနေရပြီး သူ့ကိုယ်ပိုင်ကိစ္စကိုပဲ အာရုံစိုက်ကာ ဘာပြစ်မှုကိုမှ မကျူးလွန်ဖူးပေ။
ထို့ကြောင့် လင်ရှူးအား အလိုလိုပင် လူဆိုးကောင်ဟုသာ ထင်မြင်နေတော့သည်။
"ဝမ်းကွဲ၊ မင်း ငါတို့ကို မင်းရဲ့မိသားစုအဖြစ် အသိအမှတ်မပြုတာ ငါသိပါတယ်။ ဒါပေမဲ့ အခု မင်းဆီကနေ ပိုက်ဆံတောင်းနေတာမဟုတ်ပါဘူး။ ငါ့အမေက မင်းကို တကယ်လွမ်းနေတာ။ သူ(မ)က အိပ်ရာထဲမှာလဲနေပေမဲ့ မင်းကိုပဲ တဖွဖွမေးနေတာပါ။ ဒါကို ကောင်းမှုလုပ်တယ်လို့ပဲသဘောထားပြီး သူ(မ)ကို လိုက်တွေ့ပေးပါကွာ!"
လျန်ယယ့်မှာ သူ့ရှေ့ကလူကို ကြည့်နေမိသည်။
ထိုလူတောင်းဆိုနေသည်မှာ အမှန်ကိုပြောနေသည့်အလား။ သို့သော် ပြဿနာမှာ ထိုလူဆုပ်ကိုင်ထားသည်က အားကောင်းလွန်းသည့်အတွက် လျန်ယယ့်မှာ သူ့ဆီကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
ပို၍ကြောက်စရာကောင်းသည်က ကြည့်နေသူများသည် ထိုသူ့အား အမှန်တကယ် ယုံကြည်နေကြခြင်းပင်။
"လျန်ယယ့်၊ သားတစ်ယောက်အနေနဲ့ မင်း အကြီးတွေအပေါ်မှာ တာဝန်ကျေသင့်တယ်။ ဒီသဘောထားကိုတောင် နားမလည်ရင် မင်း စာလေ့လာပြီး ဘာလုပ်တော့မှာလဲ။ မင်းက တက္ကသိုလ်မှာ ထိပ်တန်းကျောင်းသားတစ်ယောက်လေ၊ ဒါကို နားမလည်ဘူးလား။"
"မင်း စဥ်းစားကြည့်၊ မင်းရဲ့အဒေါ်က နေမကောင်းဖြစ်နေတာကို ဘာလို့ သူ(မ)ကို သွားမတွေ့ရမှာလဲ။ မင်း သူ(မ) တစ်ခုခုဖြစ်တဲ့အချိန်ထိစောင့်နေပြီးမှ နောင်တရချင်နေတာလား။" လူအုပ်ကြီးက ဖျောင်းဖျကာ လင်ရှူးဘက်မှ ကူပြောပေးပြီး လျန်ယယ့်အား အပြစ်တင်နေခဲ့ကြသည်။
"မင်း ငါနဲ့လိုက်ခဲ့ရင် မင်းကို ခက်ခဲအောင်မလုပ်ဘူး။" လျန်ယယ့် သူ့အား ဆွဲခေါ်ကာ သူ၏နားနားကပ်၍ ထိုလူ၏တီးတိုးပြောသံကို ကြားလိုက်ရသည်။
ဤသည်ကို ပူးပေါင်းကြံစည်မှုဟုတောင် ခံစားနေရသော်လည်း ခုခံဖို့ နည်းလမ်းမရှိပေ။
ပုံမှန်အားဖြင့် သူ့မှာ သူငယ်ချင်းတောင်မရှိချေ။ သူ၏အတန်းဖော်များကလည်း သူ့အကြောင်းကို မသိကြဘဲ သူ့အား အနွေးထွေးဆုံး နေမင်းကတောင် အရည်မဖျော်နိုင်သည့် သီးသန့်ဆန်သောလူသားဟု ထင်နေခဲ့ကြ၏။
၎င်းတို့သည် တဖြည်းဖြည်း ဝေးကွာလာခဲ့ကြသော်လည်း ဝမ်းနည်းပက်လက်အမူအရာနှင့် ခံ့ညားသည့် လင်ရှူးကတော့ 'လူကောင်း' ဆိုသည့်စာလုံးအား သူ့မျက်နှာထက် အသေးစိတ်ရေးချထားသလိုနှယ်။
လူတိုင်းက လင်ရှူးဘက်ကနေလိုက်ကာ လျန်ယယ့်အား တစ်သံတည်း နားချခဲ့ကြသည်။
လျန်ယယ့်မှာ သူ သီးသန့်ကွဲနေသည်ကို သတိပြုမိသွားပြီး သူ၏နှလုံးသားက ရုတ်တရက် ဆိတ်သုဥ်းသွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ခုခံမနေတော့လဲ လင်ရှူးဆွဲခေါ်ရာ အုတ်နံရံဘေးက သစ်ပင်ကြီးဆီ ပါသွားခဲ့လေသည်။
လင်ရှူးက တော်တော်လေး ရွှင်မြူးနေ၏။ "လျန်ယယ့်၊ မင်းကိုကြည့်ရတာ သူငယ်ချင်းမရှိဘူးထင်တယ်။ ငါပြောလိုက်တာနဲ့ လူတိုင်းက ငါ့ကိုယုံကြည်ကြတော့တာပဲ။ တစ်ယောက်လေးမှ ငါ့ကို သံသယမဝင်ကြဘူး။ စောစောက မင်းသာ ငါ့အပေါ်မှာ အကြွေးတင်နေတယ်လို့ပြောရင် လူတိုင်း မင်းကို အကြွေးပြန်ဆပ်ခိုင်းမယ်ထင်တယ်။"
"ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ကျွန်တော့်ကို ဒီလိုတွေလုပ်နေရတာလဲ။" လျန်ယယ့်က နံရံကိုမှီကာ ဝမ်းနည်းမှု၊ ဒေါသနှင့် ကူကယ်ရာမဲ့မှုတို့ကို ရောပြွန်းခံစားနေရ၏။
လင်ရှူးက ပြန်ပြောလိုက်သည်။ "ငါ့နာမည်က လင်ရှူး၊ စောစောတုန်းက မိတ်ဆက်ထားသလိုပဲ ရဲအရာရှိတစ်ယောက်ပါ။ ဒီကိုရောက်လာရတာက မင်းပါဝင်ပတ်သက်နေတယ်လို့ သံသယရှိနေတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မေးမြန်းချင်တာလေးရှိလို့။"
လျန်ယယ့်က အလွန်သတိထားနေ၏။ "ကျွန်တော့်မှာ ဘာပိုက်ဆံမှမရှိသလို အဒေါ်လည်းမရှိဘူး!"
လင်ရှူး: "ငါ အဲ့လိုမပြောရင် မင်းက လိုက်လာမှာတဲ့လား။ လှည့်ထွက်ပြီး ထွက်ပြေးသွားမှာလေ။"
လျန်ယယ့်က ဒေါသထွက်စွာဖြင့် ပြန်ပြောလိုက်သည်။ "ခင်ဗျားက ဘာမေးချင်တာလဲ။ ကျွန်တော်က နေ့တိုင်း ကျောင်းမှာပဲရှိနေတာ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်ကို သတ်နိုင်မှာလဲ။ ကျွန်တော် ကြက်တစ်ကောင်ကိုတောင် မသတ်ဖူးဘူး!"
လင်ရှူးက မေးလိုက်၏။ "ဒါဆို မင်းရဲ့အစ်ကို လျန်ကျို့က ဘယ်လိုသေခဲ့တာလဲ။"
လျန်ယယ့်၏မျက်နှာက ပြောင်းလဲသွားခဲ့သည်။
လင်ရှူးက ဆက်ပြောလိုက်၏။ "ဘာလဲ။ မင်းရဲ့အစ်ကိုကို မမှတ်မိတော့ဘူးလား။ ဒါဆို ပြန်ပြီးသတိပေးရရင် လျန်ကျို့က မင်းလိုပဲ လျန်မျိုးရိုးရှိတယ်။ မင်းရဲ့မိဘတွေက သူ့အတွက် နေ့နေ့ညည အလုပ်ကြိုးစားခဲ့ရလို့ ကျို့လို့ခေါ်ခဲ့ပြီးတော့ မင်းကိုကျ ညမှမွေးလို့ ယယ့်လို့ပေးခဲ့တယ်။ လျန်မိသားစုက ပညာတတ်မိသားစုဖြစ်ပြီး စုထားတဲ့ငွေကြေးတွေနဲ့ဆို မင်းတို့နှစ်ယောက်လုံးအတွက် ကျောင်းတက်ဖို့လုံလောက်တယ်။ ဒီတော့ ဘာဖြစ်လို့ မိသားစုက ပျက်စီးသွားပြီး တစ်စုံတစ်ယောက်က သေဆုံးခြင်းနဲ့ အဆုံးသတ်ခဲ့ရတာလဲ။"
လျန်ယယ့်က မေးလိုက်၏။ "ခင်ဗျားကို ဘယ်သူပြောတာလဲ။ ဟယ်မျိုးရိုးနဲ့အမျိုးသမီးလား။"
လင်ရှူးက စကားစကာ လျန်ယယ့်၏အမူအရာကို စိတ်ဝင်တစားလေ့လာနေ၏။ "ဒီတော့ မင်းရဲ့မရီးကို ဟယ်မျိုးရိုးနဲ့အမျိုးသမီးလို့ ခေါ်တာပေါ့။ ငါသိသလောက်ဆိုရင် မင်းရဲ့အစ်ကို လျန်ကျို့က ဟယ်ရို့အန်းကို သိပ်သဘောကျတာမဟုတ်ဘူးလား။ သူက သူ(မ)ကို ချစ်ခွင့်ပန်ပြီး လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့အစ်ကိုက မူးယစ်ဆေးနဲ့ လောင်းကစားထောင်ချောက်ထဲကျသွားပြီး သူ့ရဲ့အနာဂတ်နဲ့ဘဝကို ပျက်စီးစေခဲ့တယ်။ သူက ဟယ်ရို့အန်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ အကြွေးတွေပိစေခဲ့တယ်။ အဲ့ဒါ အမှန်တရားတွေမဟုတ်ဘူးလား။"
လျန်ယယ့်က ဒေါသတကြီးအံကြိတ်လိုက်သည်။ "သူ(မ)သာ သူ(မ)ကိုယ်သူ(မ)ဟန်ဆောင်ပြီး တခြားယောက်ျားတွေနဲ့ ရောရောနှောနှောမနေရင် ကျွန်တော့်အစ်ကိုက သူ(မ)နဲ့ ဘာလို့စကားများရမှာလဲ။ သူတို့သာ စကားမများရင် သူ ဒေါသတကြီးထွက်သွားစရာမလိုသလို သူ့စိတ်ဖိစီးမှုတွေဖြေဖျောက်ဖို့အတွက် ဆေးလိပ်လည်းသောက်ခဲ့မှာမဟုတ်ဘူး။ အဲ့လိုသာဆို ကျွန်တော်တို့မိသားစုရဲ့ စည်းစိမ်တွေမကုန်သလို ကျွန်တော့်ရဲ့ကျောင်းစရိတ်ရဖို့အတွက် လောင်းကစားကနေ မျှော်လင့်နေစရာလည်း မလိုဘူး။"
လင်ရှူးက မျက်ခုံးပင့်လိုက်၏။ "ဒီတော့ ဟယ်ရို့အန်းကို သေခြင်းတရားနဲ့ခြိမ်းခြောက်ပြီး သူ(မ)ကို စိတ်အေးလက်အေးမနေနိုင်အောင် ကြိုးစားနေတာပေါ့။"
လျန်ယယ့်က ပြောလိုက်၏။ "ခင်ဗျားပြောနေတာကို ကျွန်တော်မသိဘူး!"
"ကိစ္စမရှိပါဘူး။" လင်ရှူးက ပြောလာ၏။ "ငါသိပါတယ်။ မင်း ဒီနေ့ ငါ့ကို အမှန်တိုင်းမပြောရင် ရဲစခန်းကို သွားရလိမ့်မယ်။ ဟယ်ရို့အန်းက အခု အောင်မြင်တဲ့ကြယ်ပွင့်ဖြစ်နေပြီဆိုတာ မင်းသိတယ်မလား။ သူ(မ)ရဲ့ပရိသတ်တော်တော်များများက ချမ်းသာတဲ့ သခင်လေး၊ သခင်မလေးတွေချည်းပဲ။ အဲ့ဒီလူတွေက မင်းကို စကားလေးနည်းနည်းပြောလိုက်ရုံနဲ့ အဆုံးမသတ်တဲ့ဒုက္ခတွေ ဖြစ်စေနိုင်တယ်။ ပြီးတော့ ရှန်ရှစ်ချီးဆိုတဲ့ တစ်ယောက်လည်းရှိသေးတယ်။ မင်း သူ့ကို ကြားဖူးမလားတော့မသိဘူး။ သူသာ မင်းကိုချေမွချင်ရင် ပုရွက်ဆိတ်လေးတစ်ကောင်လိုပဲ အလွယ်တကူချေမွပစ်လို့ရတယ်။ မင်းသာ အဲ့ထဲကိုရောက်သွားရင် အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်မယ်ထင်လား။"
လျန်ယယ့်၏မျက်နှာက ဖြူဖျော့သွားပြီး လင်ရှူးကို မော့ကြည့်လာခဲ့သည်။
"ကျွန်တော်ကို အတင်းအကျပ် ဝန်ခံခိုင်းနေတာလား။" သူက မေးလာ၏။
"ငါက မင်းကို ရိုးရှင်းတဲ့အမှန်တရားကို ပြောပြချင်ရုံတင်။" လင်ရှူးက မယိမ်းယိုင်သွားဘဲ ပြန်ဖြေလိုက်သည်။
လျန်ယယ့်မှာ ဒေါသထွက်နေ၏။ "အမှန်တရားက ကျွန်တော် သူ(မ)ကို မခြိမ်းခြောက်ဖူးသလို ဘာအန္တရာယ်မှလည်း မလုပ်ခဲ့ဖူးဘူး! ကျွန်တော် အဲ့ဒီအမျိုးသမီးကို ဘယ်တော့မှထပ်မတွေ့ရဖို့ ဆုတောင်းတယ်! သူ(မ)က ကျွန်တော့်မိသားစုကို ဖျက်ဆီးခဲ့တဲ့သူ။ အခု ကျွန်တော် စာလေ့လာတာကိုပဲ အာရုံစိုက်ချင်ပြီး ဟယ်မျိုးရိုးရှိတဲ့ဘယ်သူနဲ့မှ ဘာမှလုပ်စရာမရှိဘူး။"
ဟယ်ရို့အန်းအပေါ် သူ၏မနှစ်မြို့မှုက သူ၏အမူအရာထဲမှာ အထင်းသားပေါ်နေပြီး အခြားသူများရှေ့တွင် ဖုံးကွယ်ထားဖို့လည်း ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့် သူက ၎င်းတို့၏ပတ်သက်မှုကို မည်သူ့ကိုမှ မဖော်ပြခဲ့ခြင်းပင်။
လင်ရှူးက လျန်ယယ့်ကို ထပ်ပြီးကြည့်လိုက်သည်။ သူက စာသင်ခန်းထဲကနေ ဤနေရာအထိ အမောတကောပြေးလိုက်လာခဲ့ရသော အသုံးမကျသည့်ပညာတတ်တစ်ယောက်သာ။ ထိုသူက ဟယ်ရို့အန်းနေအိမ်၏ ဒုတိယထပ်သို့တက်ကာ ကြောင်သေအား ပြတင်းပေါက်ဘောင်၌ထားခဲ့ဖို့ဆိုသည်မှာ စိတ်ကူးကြည့်ဖို့ ခက်ခဲလွန်းပေ၏။ ဒုတိယမတော်တဆအတွက်မူ တိုက်ခိုက်ရန် တစ်စုံတစ်ဦးကိုငှားဖို့ လျန်ယယ့်မှာ ထိုကဲ့သို့သော သတ္တိမျိုးမရှိပေ။
သူက ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။ "လျန်မိသားစု ကျဆင်းသွားကတည်းက မင်း သီးသန့်နေထိုင်ပြီး ဘယ်အတန်းဖော်နဲ့မှလည်း မပေါင်းသင်းခဲ့ဘူးလို့ပြောခဲ့တယ်။ သူတို့က မင်းကို ကိုယ်ချင်းစာလို့ဆိုပြီး ထောက်ပံ့မပေးနိုင်ဘူး။ ငါ မင်းရဲ့ ပညာရေးမှတ်တမ်းကိုလည်း မြင်ပြီးပြီ၊ သာမန်ပဲ။ ကျောင်းသားတွေ ထောင်ပေါင်းများစွာထဲကနေ မင်းကို ရှာဖွေတွေ့ရှိပြီး ချီးကျူးပေးမဲ့ဆရာ ဒါမှမဟုတ် နည်းပြ လုံးဝမရှိဘူး။ ဒီတော့ မင်းရဲ့ကျောင်းလခတွေပေးဖို့ ဘယ်ကနေပိုက်ဆံရတာလဲ။"
လျန်ယယ့်က ပြန်ပြောလိုက်သည်။ "အဲ့ဒါ ကျွန်တော့်ရဲ့ အလှမ်းဝေးတဲ့ဆွေမျိုးတစ်ယောက်ဆီက။"
လင်ရှူး: "သူ့နာမည်ကဘာလဲ။ သူက ဘယ်မှာနေတာလဲ။ သူ့ရဲ့အလုပ်အကိုင်က?"
လျန်ယယ့်က တိုးတိုးလေး ပြန်ဖြေခဲ့၏။ "ကျွန်တော် မသိဘူး! သူက ကျွန်တော့်အစ်ကိုဆုံးပါးသွားတဲ့နောက်ပိုင်းမှာမှ ကျွန်တော့်အခြေအနေတွေကို မေးမြန်းတဲ့စာတွေရေးခဲ့တာ။ ကျွန်တော့်မိဘတွေက သူ့ကို အရင်ကကူညီပေးခဲ့တာကြောင့် ကျွန်တော့်ကို မိသားစုတစ်ခု မထူထောင်ခင်အထိ ထောက်ပံ့ပေးမယ်လို့ ပြောတယ်။ သူက ပေဖျင်*မှာနေတယ်၊ ဒါပေမဲ့ ဘာအလုပ်လုပ်လဲဆိုတာတော့ ကျွန်တော်မသိဘူး။ ကျွန်တော် သူ့ဆီကို စာရေးလို့မရပေမဲ့ ကျွန်တော့်ဆီကို နေထိုင်ဖို့နဲ့ စာလေ့လာဖို့အတွက် လုံလောက်တဲ့ငွေတွေကို အချိန်မှန်ပို့ပေးတယ်။"
(TN/ ပေဖျင်ဆိုတာ အရင်တုန်းက ပေကျင်းကိုခေါ်တဲ့နာမည်ပါ။)
***
Aurora Novel Translation Team