no

Font
Theme

လင်ရှူး၏အမြင်၌ အလွန်ဖြောင့်မတ်မှန်ကန်သော ယွဲ့တင့်ထန်က ယခုလိုမျိုး အမှောင်ထုနှင့် မငြိမ်မသက်ဖြစ်နေသော လူ့အဖွဲ့အစည်းအတွင်း ဒေဝါလီခံသွားရသော သေးငယ်သည့် စီးပွားရေးလုပ်ငန်းရှင်များအကြောင်းကို စိတ်ဝင်စားတာထက် 'လူမျိုးတို့၏ ချမ်းသာကြွယ်ဝမှု' နှင့် 'ရှားလော့(ခ်)ဟုမ်း၏ စွန့်စားခန်းများ' စသည့် သူ၏အနေအထားနှင့် ကိုက်ညီသောစာအုပ်မျိုးကို ဖတ်လိမ့်မည်ဟု ထင်နေခဲ့သည်။

ယွဲ့မိသားစု၏ အဆက်အသွယ်များနှင့် အစွမ်းအစများနှင့်ဆို ၎င်းတို့ နိုင်ငံခြားကို သွားလျှင်တောင် ချမ်းချမ်းသာသာနှင့် လွတ်လပ်သောဘဝမှာ နေထိုင်နိုင်ဆဲဖြစ်၏။ ယွဲ့တင့်ထန်က စာပေကို ချစ်မြတ်နိုးပြီး အားလပ်ချိန်များတွင် သူ၏စာဖတ်ခြင်းမိုးကုတ်စက်ဝိုင်းကို ချဲ့ထွင်ချင်တာဖြစ်နိုင်ပေသည်။

လင်ရှူး သူ၏စာအုပ်ကို ပြန်ချလိုက်ပြီး သမ်းဝေကာ အနည်းငယ်အိပ်ငိုက်လာခဲ့သည်။ သို့သော် သူရုန်းကန်ထလိုက်ပြီး သူ၏ညအိပ်ဝတ်စုံကို တစ်လုံးချင်းကြယ်သီးပြန်တပ်ကာ ညာဘက်လက်မောင်းပေါ်ရှိ အမာရွတ်အား ဖုံးအုပ်လိုက်သည်။

ဒဏ်ရာဟောင်းက အနာကျက်တာ တော်တော်ကြာခဲ့ပြီဖြစ်သော်လည်း အမာရွတ်မှာမူ အတိတ်ကရက်စက်မှုတို့၏ မျက်မြင်သက်သေပင်။ ညာဘက်ပခုံးပေါ်ကနေ လက်မောင်းအထိ အမာရွတ်အရှည်လိုက်ကြီးက အလွန်ပြင်းထန်ပြီး သူ၏အသားနှင့် အရွတ်တို့ကို ဆုတ်ဖြဲသွားတော့မတတ်။

ယခုတောင် သူ၏ညာဘက်လက်က အပြင်ပိုင်းမှာ ပုံမှန်ဟုထင်ရသော်လည်း သူ ဘောပင်နှင့်စာရေးချိန်တွင် အနည်းငယ်တုန်ယင်နေဆဲဖြစ်ပြီး လေးလံသော အရာဝတ္ထုများကို မမနိုင်ပေ။ သူက အသုံးမကျသောသူအဖြစ်မခံဘဲ ထိုအစား ဘယ်ဘက်လက်ဖြင့် လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့လေသည်။

အံကိုကြိတ်လျက် ဇွဲရှိရှိဖြင့် လပေါင်းများစွာ လေ့ကျင့်ပြီးနောက် သူ၏ဘယ်လက်က ညာဘက်လက်လို စတင်ပြီးအသုံးပြုနိုင်ခဲ့၏။ ယခုဆို လက်နှစ်ဖက်ကြား သိပ်ပြီးကွာဟချက်မရှိတော့ချေ။

သူ၏အင်္ကျီလက်ကနေ သူ၏အကြည့်က ဒဏ်ရာပေါ်ကျရောက်သွား၏။ သို့သော် အခိုက်အတန့်တစ်ခုသာ ကြာလိုက်ပြီး အကြည့်လွှဲလိုက်လေသည်။

အတိတ်က အတိတ်မှာကျန်နေခဲ့ပြီး ပြန်ပြီးတွေးနေခြင်းက အကျိုးမရှိချေ။ ပစ္စုပ္ပန်ကို အာရုံစိုက်ထားတာက ပိုကောင်းပေသည်။

အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာပြီး တဖြည်းဖြည်းနီးကပ်လာကာ တံခါးခေါက်သံထွက်ပေါ်လာခဲ့သည်။ လင်ရှူးက ပြန်မဖြေခဲ့ချေ။ ထိုအစား တည်ငြိမ်စွာလဲလျောင်းကာ စောင်ဆွဲခြုံလိုက်ပြီး မျက်လုံးများမှိတ်၍ ခပ်ဖွဖွအသက်ရှူနေခဲ့၏။

မကြာမီ အပြင်ဘက်မှလူက တံခါးတွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ ယွဲ့တင့်ထန်က ယွဲ့ချွင်းရှောင် ချက်ပြုတ်ပေးထားသော ကြာစေ့နှင့် စွပ်ပြုတ်ပန်းကန်ကို သယ်လာ၏။

"မင်း နိုးနေသေးရင် ညလယ်စာ စားလိုက်ဦး။ ငါ့အစ်မက မင်းအတွက်ဆိုပြီး အထူးတလှယ်လုပ်ထားတာ။" သူက အိပ်မပျော်သေးသည့်သူကို နိုးလာစေရန်၊ အိပ်ပျော်သွားသည့်သူကို အနှောင့်အယှက်မဖြစ်စေရန် မတိုးလွန်း မကျယ်လွန်းသည့်လေသံဖြင့် ပြောလာခဲ့သည်။

လင်ရှူးက လှုပ်ရှားမှုမရှိပေ။

သူက တံခါးကိုကျောပေးကာ ဘေးတစောင်းအိပ်စက်နေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုပင်။

ယွဲ့တင့်ထန်က ထပ်မမေးဘဲ အခိုက်အတန့်တစ်ခုလောက်ထိစောင့်ကာ လင်ရှူးမတုံ့ပြန်သောအခါ လှည့်ထွက်လာခဲ့လိုက်သည်။

လင်ရှူးက ခက်ခက်ခဲခဲ ပြန်လှည့်၍ ခေါင်းအုံးအောက်ကစာအုပ်ကို လက်လှမ်းလိုက်သည်။

သူ အိပ်ချင်စိတ်မရှိရာ သူ့ကို အိပ်ပျော်အောင် အကူအညီဖြစ်စေရန်အတွက် စာအုပ်ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရုတ်တရက် တံခါးက ထပ်ပွင့်လာခဲ့ပြန်သည်!

ကျယ်လောင်သော အသံနှင့်အတူ အလင်းရောင်က ဝင်ရောက်လာ၏။

လင်ရှူး၏လက်တို့က လေထဲမှာ ရပ်တန့်သွားခဲ့သည်။

၎င်းတို့၏မျက်လုံးများ ဆုံသွားကြ၏။ ယွဲ့တင့်ထန်၏မျက်နှာထက်မှာ အမူအရာကင်းမဲ့လျက်။ လင်ရှူးကမူ အပြစ်ကင်းမဲ့သယောင်။

"မင်း အိပ်ချင်ယောင်ဆောင်နေတာလား။"

"ဟင့်အင်း၊ ငါ စောစောက တကယ်အိပ်ပျော်သွားတာ။ မင်း တံခါးပိတ်လိုက်တဲ့အချိန် နိုးလာတာ။"

"မင်းက နိုးနိုးချင်း ချက်ချင်းလက်ငင်းကို စာဖတ်ချင်နေတာပေါ့။"

"အင်း၊ ခေါင်းဆောင်ယွဲ့က ဘယ်လိုစာအုပ်မျိုးကိုဖတ်တာလဲလို့ စပ်စုကြည့်တာ၊ ဒါမှ သူ့ဆီကနေ ပညာတွေရပြီး အမြင်တွေကျယ်လာမှာပေါ့။"

ယွဲ့တင်ထန်က လျှောက်သွားလိုက်ပြီး အိပ်ရာဘေးကစားပွဲပေါ်သို့ ပန်းကန်လုံးကို ဆောင့်ချလိုက်သည်။

"စွပ်ပြုတ်အချိုသောက်လိုက်ဦး၊ မဟုတ်ရင် ကျဲက မင်းကို နားပူနားဆာလုပ်နေလိမ့်မယ်။"

လင်ရှူးက နာခံမှုရှိစွာ ထထိုင်လိုက်ပြီး ပြိုင်ငြင်းမနေဘဲ သူ၏ညွှန်ကြားချက်များကို လိုက်နာခဲ့သည်။ စွတ်ပြုတ်၏ ချိုမြိန်မှုက သူ၏ထိတ်လန့်နေသောနှလုံးသားကို နှစ်သိမ့်ပေးကာ သူ၏ဒဏ်ရာများကတောင် အနာလျော့သွားသလိုပင်။

"ကျဲက အရမ်းကြင်နာတတ်တာပဲ!" လင်ရှူးက ဖောဖောသီသီ ချီးကျူးလိုက်သည်။

ယွဲ့တင့်ထန်က ပြောလာ၏။ "မနက်ဖြန်ကစပြီး မင်း ငါနဲ့အတူ အလုပ်သွားရမယ်။ ငါ ကျောင်းသွားရမယ်ဆို မင်းက ရဲဌာနမှာပဲ မလှုပ်မယှက် ငြိမ်ငြိမ်လေးနေခဲ့ရမယ်။ ငါ ရှန်မိသားစုနဲ့ကိစ္စတွေကို ကိုင်တွယ်နိုင်ပေမဲ့ ရှန်းရန်ကျယ်က လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး။ ဘာပြဿနာမှ ထပ်မဖြစ်စေနဲ့။"

လင်ရှူး: "ဒါပေမဲ့ အကောင်းဆုံးအကွက်ချထားတဲ့ အစီအစဥ်တွေတောင် အမြဲတမ်း လွဲချော်မှုတစ်ခုခုကတော့ ရှိတတ်တယ်။ အဲ့ဒါကြောင့် ငါတစ်ယောက်တည်းရှိတဲ့အချိန်ကလည်း ရှိနိုင်တာပဲ။ သူလှုပ်ရှားလာရင်တော့ ငါက ငြိမ်ငြိမ်လေးထိုင်ပြီး သေခြင်းတရားကို စောင့်နေနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ငါ ရှန်ရှစ်ချီးကို သတ်မိသွားရင်ရော ဘယ်လိုလုပ်မလဲ။"

ယွဲ့တင့်ထန်က ပြန်ဖြေလာ၏။ "သူက အရူးမဟုတ်ဘူး။ ဒီနေ့ပြီးတော့ သူ သူ့မျက်နှာကို ထပ်ပြရဲမှာမဟုတ်ဘူး။ သူသာ တစ်ခုခုလုပ်ချင်ရင် သူ့အကြီးအကဲတွေမသိအောင် လျှို့ဝှက်ပြီးလုပ်လိမ့်မယ်။ မင်း တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အလှလေးတွေကို ဆွဲဆောင်နိုင်ပြီး လူကြီးလူကောင်းတွေကို မဆွဲဆောင်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်လိုက်။"

လင်ရှူးက သက်ပြင်းချလိုက်သည်။ "မင်း တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင် အရမ်းထူးချွန်ထက်မြက်နေပြီး အလှလေးတွေကို ဆွဲဆောင်နိုင်တဲ့ငါ့ကိုပဲ အပြစ်တင်လိုက်ပါကွာ။ အခုကစပြီးတော့ ငါ သူတို့ကို ဝေးဝေးရှောင်ပြီး ဒီလိုပြဿနာတွေကို ဆွဲမခေါ်တော့ဘူး။"

လင်ရှူးက စွပ်ပြုတ်နှစ်ဇွန်းသောက်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ "ဒါနဲ့ ငါအိပ်ချင်ယောင်ဆောင်နေတာကို ဘယ်လိုလုပ်သိတာလဲ။"

စောစောက လင်ရှူးသည် သူ၏အသက်ရှူသံနှင့် လှုပ်ရှားမှူများမှာ အမှားမပါဘူးသာ ယုံကြည်ချက်ရှိနေ၏။

ယွဲ့တင့်ထန်က ရယ်လိုက်သည်။ "မင်းက မရင်းနှီးတဲ့နေရာတစ်ခုမှာရောက်နေရင် မီးဖွင့်အိပ်တတ်တဲ့အကျင့်ရှိတယ်။ ဒါပေမဲ့ ငါ ဝင်လာတော့ မင်းက မီးတွေပိတ်ထားတယ်။"

လင်ရှူးက အံ့အားသင့်သွား၏။ "ငါ မမျှော်လင့်ထားမိဘူး။ လောင်ယွဲ့၊ မင်းက ငါ့ကို အနီးကပ်လေ့လာထားတာပဲ။ မင်းသာ မိန်းကလေးဖြစ်ပြီး ငါတို့က အချိန်အကြာကြီး ခွဲခွာပြီးမှ ပြန်ဆုံကြတဲ့ ငယ်ဘဝအချစ်ဦးတွေဖြစ်မယ်ဆိုရင် ငါတို့တွေ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လောက် ပြန်ရေးနိုင်မှာပဲ၊ ဟုတ်တယ်မလား။"

ယွဲ့တင့်ထန်က သူ့ဘာသာသူ တွေးလိုက်၏။ "မင်းကို လက်ထပ်ရလောက်အောင်ထိ ကံဆိုးတဲ့မိန်းကလေးက နေ့တိုင်း ချောက်ကမ်းပါးအဆုံးစွန်မှာ လမ်းလျှောက်နေရသလိုမျိုး မင်း မက်မွန်ပွင့်တချို့ယူလာမှာကို* စိတ်ပူနေရမှာပဲ။"

(TN/ ပြဿနာသယ်လာမှာ/သေသွားမှာကို စိုးရိမ်နေရမှာလို့ ပြောချင်တာပါ။)

ထိုနေ့ညက လင်ရှူးကိုယ်တိုင်တောင် မမျှော်လင့်ထားမိလောက်အောင် ဘာအိပ်မက်မှမမက်ခဲ့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့လေ၏။

နောက်တစ်နေ့တွင် သူ ရဲဌာနသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဟယ်ရို့အန်းပို့လိုက်သော ပါဆယ်တစ်ထုပ်ကို လက်ခံရရှိခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment