no

Font
Theme

အိမ်တော်ထိန်းက ရယ်မောလိုက်ပြီး လှုပ်ရှားမှုမရှိဘဲ စွပ်ပြုတ်ပန်းကန်ကို သူ့ရှေ့မှာကိုင်ထား၏။

သူက လင်ရှူးကိုအချက်ပြလိုက်ရာ လင်ရှူးက ချက်ချင်းဆိုသလို ရှေ့တက်လာပြီး သူ့လက်ထဲကပန်းကန်အား ဆွဲယူသွားလိုက်သည်။

"ဒါ ဦးလေးကျိုးပေးတာဟုတ်ဘူး၊ ငါ့ဘာသာငါ ယူလိုက်တာ။ ဦးလေးကျိုးကို အပြစ်မပြောနဲ့ဦး။" လင်ရှူးက စွပ်ပြုတ်တစ်ငုံသောက်လိုက်ပြီး အအေးဒဏ်ကြောင့် ခံစားခဲ့ရသော အစာအိမ်လေးမှာ ချက်ချင်း နွေးထွေးသွားခဲ့သည်။

"ဦးလေးကျိုး၊ ဒီထဲမှာ ဝက်ရိုးပါထည့်ထားတာလား။" လင်ရှူးက မေးမြန်းလိုက်၏။

အိမ်တော်ထိန်းကြီးက လက်မထောင်ပြလိုက်သည်။ "အဲ့ဒါ အရသာအတွက်လေ။"

လင်ရှူးက ကြွားပြောနေပြန်သည်။ "ကျွန်တော် သောက်ကြည့်လိုက်တာနဲ့ ဒီထဲမှာဘာပါလဲဆိုတာ ချက်ချင်းပြောနိုင်တယ်။"

ယွဲ့တင့်ထန်က ဖြည်းဖြည်းချင်းပြောလာ၏။ "ဒီထဲမှာ မင်းနဲ့အရမ်းကိုတူတဲ့ တိရစ္ဆာန်ပါတယ်။"

"ခေါင်းဆောင်ယွဲ့၊ ငါ့မှာတော့လေ တစ်နေ့ကုန်လုံး မင်းအတွက် မိန်းကလေးကျန်းနဲ့ ရင်ဆိုင်နေရတာ။ ငါ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိရင်တောင် အားထုတ်မှုကိုတော့ ထည့်ထားတုန်းပဲ။ မင်းအတွက် ကောင်းကောင်းမွန်မွန်လုပ်ပေးခဲ့တဲ့သူရဲ့ နှလုံးသားကို ထိခိုက်စေမိမှာ မစိုးရိမ်ဘူးလား။"

လင်ရှူးက သက်ပြင်းချကာ စွပ်ပြုတ်သောက်ပြီးနောက် သူ၏ရင်ဘတ်အားထိလိုက်သည်။

"ငါ့ရဲ့နှလုံးသားလေးက အရမ်းကိုအေးစက်နေပြီ။" သူက ဆက်ပြောခဲ့၏။

သို့သော် ယွဲ့တင့်ထန်ကတော့ မလှုပ်မယှက်ရှိနေဆဲ။ "ငါက သူ(မ)ကိုဖြေရှင်းဖို့ မင်းကိုလွှတ်လိုက်တာ၊ သူ(မ)နဲ့ ရုပ်ရှင်ရုံမှာချိန်းတွေ့ဖို့မဟုတ်ဘူး။"

လင်ရှူး: "အိုး၊ ဒီတော့ ငါ့ကို တကယ်ပဲ မျက်စိဒေါက်ထောက်ကြည့်နေတာကိုး။ ကြည့်ရတာ ငါ့ကိုမယုံတဲ့ပုံပဲ။ ဆိုစမ်းပါဦး၊ အသုံးဝင်တာတစ်ခုခုများ ရှာတွေ့ခဲ့ရဲ့လား။"

ယွဲ့တင့်ထန်က တိတ်ဆိတ်နေပြီး အစားကိုသာ စပြီးစားလိုက်သည်။ သူ့မှာ မည်မျှပင်အရေးကြီးနေပါစေ၊ ပါးစပ်ထဲ အစားရှိနေလျှင် စကားမပြောတတ်သည့် အကျင့်ကောင်းတစ်ခုရှိ၏။ သူက ကြေညက်အောင်ဝါးကာ မျိုချပြီးမှ စကားပြောတတ်သည်။

၎င်းမှာ လင်ရှူးနှင့် ဆန့်ကျင်ဘက်ပင်။ အထူးသဖြင့် ရဲဌာန၌ အလုပ်လုပ်နေချိန်မှာမျိုးတွင် လင်ရှူးက စားသည့်နှုန်းကို ဘယ်တော့မှအာရုံမစိုက်ပေ။

စားသောက်နေရင်း အရေးပေါ်ကိစ္စ ပေါ်ပေါက်လာလျှင် သူ၏တူကိုချကာ ချက်ချင်းအာရုံစိုက်လိမ့်မည်၊ သို့မဟုတ် အလုတ်အနည်းငယ်တည်းဖြင့် သူ၏အစားအသောက်များအား မြန်မြန်လက်စသတ်လိမ့်မည်။

အတိတ်တုန်းက လင်မိသားစု ချမ်းသာကြွယ်ဝခဲ့စဥ်အချိန်၌ ၎င်းတို့မှာလည်း သင့်တင့်သော ထမင်းစားခန်းကျင့်ဝတ်များ ရှိကြပေသည်။

သို့သော် နေ့စဥ်ဘဝနှင့် အဆက်မပြတ်အလုပ်များနေသည့် သာမန်လူများအဖို့ 'စားသောက်နေစဥ် စကားမပြောရနှင့် အိပ်စက်နေစဥ် မနှောင့်ယှက်ရ' ဆိုသည်မှာ လူချမ်းသာများနှင့် အားလပ်ချိန်ရှိသူများအတွက်သာ ဆိုလိုပေ၏။

လင်ရှူးသည် ချမ်းသာသောမိသားစုဘဝမှ သာမန်လူသားအဖြစ် ကူးပြောင်းလာခဲ့ပြီးဖြစ်ရာ သူသာ စနစ်ကျပြီး ယဥ်ကျေးမှုရှိသော ယွဲ့တင့်ထန်လို ထမင်းစားနေပါက စားပြီးဖို့ နာရီဝက်လောက်တောင် အချိန်ယူရလိမ့်မည်ပင်။

သို့သော်လည်း အချိန်တချို့ကုန်ဆုံးပြီးနောက် ယွဲ့တင့်ထန်မှာလည်း သူ့ပုံစံတစ်ခုရှိကြောင်း သူ သတိပြုမိခဲ့၏။

ယွဲ့တင့်ထန် စိတ်အခြေအနေမကောင်းသည်ဖြစ်စေ၊ အတွေးများနေသည်ဖြစ်စေ၊ သူကြိုက်သောဟင်းလျာများက ခပ်ဝေးဝေးမှာရောက်နေလျှင် သူက သူနှင့်အနီးဆုံးမှာရှိသော ဟင်းနှစ်မျိုးလောက်ကိုသာ ထည့်စားတတ်သည်။

ယခု ယွဲ့တင့်ထန် စိတ်အခြေအနေမကောင်းမှန်း ရှင်းလင်းပေ၏။

လင်ရှုးက ပြုံးလိုက်ပြီး တစ်ဖက်လူက တိတ်ဆိတ်နေသောကြောင့် သူကလည်း စကားပြောဖို့ အလျင်မလိုခဲ့ပေ။ သူက စားသည့်အရှိန်ကိုလျှော့လိုက်ပြီး ဝါးသည့်အကြိမ်ရေကိုလည်း တစ်စက္ကန့်ကို လေးကြိမ်ဝါးရာကနေ နှစ်ကြိမ်သို့ပြောင်းလဲကာ စွပ်ပြုတ်ကိုလည်း နည်းနည်းချင်းသာသောက်ခဲ့၏။

ငါးပေါင်းလိုမျိုး လတ်လတ်ဆတ်ဆတ်ရေချိုငါးဟင်းလျာမှာ ငါးအသားကို တစ်ဖဲ့ယူကာ အရသာဝင်အောင် အရည်ထဲခဏနှစ်လိုက်ပြီးမှ ပါးစပ်ထဲထည့်လိုက်လျှင် အရသာအပြည့်အဝကို ခံစားနိုင်မည်ပင်။

လင်ရှူးက နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခဲ့ပြီး သူ့ဘာသာသူ ပျော်ရွှင်ခံစားနေလေ၏။

ယွဲ့တင့်ထန်က အေးစက်စွာစိုက်ကြည့်နေပြီး လင်ရှူးအား အမြဲလိုလိုပျင်းရိကာ ဘာကိုမှဂရုမစိုက်တတ်သူဟု ခံစားနေရသည်။

အခြားသူများက တစ်နေ့လျှင် ၇၂ နာရီလောက်ရှိဖို့ မျှော်လင့်နေချိန် လင်ရှူးတစ်ယောက်ကတော့ ရုံခန်းထဲမှာအိပ်လိုက်၊ အလုပ်နားချိန်တွင် ရုပ်ရှင်ရုံသို့သွားလိုက်နှင့် သာယာနေတတ်သည်။

သူသာ လမ်းတစ်ဝက်မှာ ခိုးမထွက်ခဲ့ဘူးဆိုလျှင် ဟယ်ရို့အန်း၏လုပ်ကြံမှုနှင့် မည်သို့တွေ့ကြုံနိုင်ခဲ့မည်နည်း။

"မင်းမှာ ပြောစရာမရှိရင် ပြန်လို့ရပြီ။" သူက တည်ငြိမ်စွာပြောလိုက်၏။

ညစာစားပြီးနောက် အစေခံတစ်ယောက်က အသီးများယူလာပေးခဲ့သည်။ လင်ရှူးက သူ့ကိုယ်သူ အပြင်လူဟု သဘောမထားဘဲ ခက်ရင်းဖြင့် လှမ်းနှိုက်လိုက်လေ၏။

"ဒါ ယန်းထိုင်ကပန်းသီးမဟုတ်လား။ အရမ်းချိုပြီး ကြွပ်ရွနေတာပဲ၊ တကယ်စားကောင်းတယ်!" လင်ရှူးက တစ်စိတ်စားပြီးနောက် နောက်တစ်စိတ်စားရန် လက်လှမ်းလိုက်သော်လည်း ပန်းကန်းအား ဆွဲယူခံလိုက်ရလေသည်။

"ဦးလေးကျိုး၊ ဧည့်သည်ကို လိုက်ပို့လိုက်ပါဦး။" ယွဲ့တင့်ထန်က ပြောလိုက်သည်။

ဦးလေးကျိုးက တုံ့ဆိုင်းနေ၏။ "စတုတ္ထသခင်လေး..."

ယွဲ့တင့်ထန်က ကြားဖြတ်ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ကျွန်တော်က ဒါလေးကိုတောင် လုပ်ခိုင်းလို့မရတော့ဘူးပေါ့။ ဒါဆို လောင်ဟုန်..."

"ပြောမယ်၊ ငါပြောပြမယ်။" လင်ရှူးက အသီးပန်းကန်ကို ပြန်ဆွဲယူလိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပန်းသီးနောက်တစ်စိတ်ကို ဆက်စားနေလိုက်သည်။ "ငါရှာတွေ့ခဲ့တဲ့သတင်းက အရမ်းကိုမှ ထိတ်လန့်စရာကောင်းတယ်။ မင်း မယုံကြည်နိုင်ဖြစ်နေမှာစိုးလို့ မင်းကို တုံ့ပြန်ဖို့ အချိန်ပေးချင်ခဲ့တာကို။ ထားပါ။ နေ့လယ်က ငါ မိန်းကလေးကျန်းနဲ့ လမ်းခွဲပြီးတော့ ဟယ်ရို့အန်းရဲ့ လိပ်စာအဟောင်းဆီ သွားခဲ့ပြီး အဲ့နားပတ်ချာလည်က အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေကို လိုက်မေးခဲ့တယ်။ ခန့်မှန်းကြည့်၊ ငါ ဘာကိုရှာတွေ့ခဲ့တာဖြစ်မလဲ။"

သူက ယခုလိုမျိုး လျှို့ဝှက်ဆန်းကြယ်စွာပြောနေရာ အဖြေက သေချာပေါက် မမျှော်လင့်ထားတာမျိုးဖြစ်ရမည်။

ယွဲ့တင့်ထန်မှာ အမှန်တကယ်ကို အနည်းငယ်စိတ်ဝင်စားလာခဲ့၏။

"အရင်က သူ(မ) လူသတ်ခဲ့တာလား။"

လင်ရှူး: "အရင်က သူ(မ) လက်ထပ်ခဲ့ဖူးတာ။"

ယွဲ့တင့်ထန်က မျက်ခုံးပင့်လိုက်ပြီး သူ၏မျက်နှာထက်၌ အံ့အားသင့်သောအရိပ်အယောင်တို့ကို ပြသလျက်။

"သူ(မ)အိမ်နီးချင်းတွေက သူ(မ)ရဲ့အောင်မြင်မှုကို မနာလိုပြီး သူ(မ)ကို တမင်တကာ အသေရေဖျက်နေတာရော မဖြစ်နိုင်ဘူးလား။"

လင်ရှူးက ပြောလိုက်သည်။ "မဖြစ်နိုင်ပေမဲ့ ဒီကိစ္စကို လူအများကြီးမသိကြဘူး။ ငါ အိမ်တော်တော်များများကို သွားခဲ့တယ်၊ ပြီးတော့ ဟယ်ရို့အန်းနဲ့ သူ(မ)အစ်ကိုအပေါ်ထားတဲ့ သူတို့ရဲ့အမြင်တွေက အစ်ကိုကြီးက ရိုးသားကြိုးစားပြီး သူ့ကိုယ်သူနဲ့ သူ့ညီမလေးကိုထောက်ပံ့နိုင်ဖို့ နေ့ဆို သင်္ဘောကျင်းမှာအလုပ်လုပ်၊ ညဆို မီးအိမ်အောက်မှာ စာလေ့လာ။ ညီမလေးကကျ မကြာခဏအပြင်ထွက်ပြီး မကောင်းတဲ့အလုပ်တွေလုပ်တယ်။ ချန့်အန်းပျောက်ကွယ်သွားပြီးနောက်မှာ ဟယ်ရို့အန်းက ထောက်ပံ့မှုတွေအားလုံးကို ဆုံးရှုံးခဲ့ရတယ်။ သူ(မ)ရဲ့အလှနဲ့ သူ(မ)ကိုကာကွယ်ပေးမဲ့ အစ်ကိုလည်းမရှိတော့တဲ့အချိန် ဘယ်သူကမှ သူ(မ)ကိုစိတ်မဝင်စားကြတာ သိပ်ကိုထူးဆန်းနေတယ်။"

ယွဲ့တင့်ထန်: "ဆက်ပြော။"

လင်ရှူး: "အဲ့ဒီအချိန်တုန်းက လျန်မျိုးရိုးနဲ့ မိသားစုတစ်ခုရှိခဲ့တယ်။ မိဘတွေက ဟယ်ရို့အန်းရဲ့မိဘတွေနဲ့ မိတ်ဆွေတွေပေါ့။ သူတို့ကလည်း မိဘမဲ့တွေဖြစ်သွားပေမဲ့ အနည်းဆုံးတော့ သူတို့မှာ ချမ်းသာကြွယ်ဝမှုတချို့ရှိပြီး လျန်ညီအစ်ကိုတွေက ကျောင်းတက်နိုင်ခဲ့ကြတယ်။ လျန်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့ လျန်ကျို့က ဟယ်ရို့အန်းကို ဟိုးအရင်ကတည်းကသဘောကျနေခဲ့ပြီး သူ(မ)ကို လက်ထပ်ခွင့်တောင်းခဲ့တယ်။"

ယွဲ့တင့်ထန်က မေးလာ၏။ "သူ(မ)က သဘောတူခဲ့လား။"

လင်ရှူး: "သဘောတူခဲ့တယ်။ လက်ထပ်ပွဲကို မျက်မြင်တွေ့ခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့ ဟယ်ရို့အန်းရဲ့ အိမ်နီးချင်း မစ္စတာကျုန်းက ဒီအကြောင်းတွေပြောပြခဲ့တာ။ ကံမကောင်းစွာနဲ့ပဲ သူတို့လက်ထပ်ပြီး သိပ်မကြာခင် သူ(မ)ရဲ့ခင်ပွန်း လျန်ကျို့က ဆေးစွဲသွားတယ်။ သူက ဟယ်ရို့အန်းရဲ့နောက်ကွယ်မှာ တိတ်တိတ်လေးဆေးချနေခဲ့ပြီး သူ ဆေးဝယ်လိုက်တဲ့ပိုက်ဆံတွေကို နေ့ချင်းညချင်း ပြန်ရချင်ခဲ့တယ်လေ။ ရလဒ်အနေနဲ့ လောင်းကစားရုံမှာ သူ့မှာရှိသမျှအရာအားလုံး ဆုံးရှုံးသွားခဲ့တယ်။"

ယနေ့ခေတ်တွင် ဆေးစွဲဖို့မပြောနှင့် ဆေးလိပ်စွဲသည်ကပင် တော်တော်လေးဆိုးဝါးလှ၏။

ယွဲ့တင့်ထန်က ပြောလိုက်သည်။ "သူတို့တွေ အဆုံးသတ်မလှခဲ့တဲ့ပုံပဲ။"

လင်ရှူးက ပြန်ဖြေလိုက်၏။ "အတိအကျတော့မဟုတ်ပေမဲ့ နီးစပ်တယ်၊ လျန်ကျို့က ဆေးလွန်ပြီး မသေခဲ့ဘူး။ အဲ့ဒီအစား လောင်းကစားရုံမှာ အကြွေးမဆပ်နိုင်လို့ သေလောက်အောင် အရိုက်နှက်ခံခဲ့ရတယ်။ အဲ့နေ့က သူ အိမ်ပြန်လာခဲ့ပေမဲ့ သူ့ကို မကယ်တင်နိုင်ခဲ့ဘူး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment