ယွဲ့တင့်ထန်က ပြောလာ၏။ "တချို့လောင်းကစားရုံတွေက လူတွေကို နေရာမှာတင် ပွဲချင်းပြီးအောင်မသတ်ဘဲ အသက်မျှင်းမျှင်းလေး ချန်ထားတတ်ကြတယ်။ သူတို့က အတွင်းဒဏ်ရာတွေဖြစ်စေပြီး အဲ့ဒီလူ အိမ်ရောက်တော့မှ ကိစ္စချောအောင်လို့။ ဒါမှ သူတို့တွေ တာဝန်ယူမှုကို အလွယ်တကူခါချပြီး သူတို့ကို အမှုမပက်မှာ။ တစ်ခါတလေဆို သူတို့နောက်ကွယ်မှာ ဂိုဏ်းကြီးတွေရှိတော့ ရဲစခန်းကို သတင်းပို့ရင်တောင် အသုံးမဝင်ဘူး။"
လင်ရှူးက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်၏။ "အမှန်ပဲ။ လျန်ကျို့ဆုံးသွားတော့ သူစျေးကြီးတဲ့ဆေးတွေသုံးဖို့ မိသားစုပိုင်ဥစ္စာတွေကို အကုန်ရောင်းစားခဲ့မှန်း ဟယ်ရို့အန်းသိသွားတယ်။ သူက အတိုးနှုန်းများတဲ့ဆီကနေတောင် ပိုက်ဆံချေးခဲ့သေးတယ်။ သူ ဆယ်နှစ်လောက် မစားမသောက်ဘဲ အလုပ်လုပ်ရင်တာင် ပြန်ဆပ်နိုင်မှာမဟုတ်ဘူး။ ပိုဆိုးချင်တော့ လျန်ကျို့ရဲ့ ညီဖြစ်တဲ့ လျန်ယယ့်က စာလေ့လာနေတုန်းဖြစ်ပြီး ငွေကြေးထောက်ပံ့မှုလိုအပ်တယ်။ အကြွေးတွေက သူတို့ကို ပြိုလဲသွားစေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဟယ်ရို့အန်းက ရုပ်ရှင်ရုံအပြင်ဘက်မှာ ပန်းတွေစရောင်းခဲ့တယ်၊ အဲ့လိုနဲ့ ရှန်ရှစ်ချီးက တွေ့သွားခဲ့တယ်ဆိုပါတော့။"
ယွဲ့တင့်ထန်က မေးလာ၏။ "ဟယ်ရို့အန်းရဲ့ အိမ်နီးချင်းက ပြောပြခဲ့တာလား။"
လင်ရှူးက ခေါင်းညိတ်ပြလိုက်သည်။ "ဟယ်ရို့အန်းမှာ ပရိသတ်တွေ အများကြီးရှိတယ်။ ဒီကိစ္စသာ ပေါက်ကြားသွားရင် သူ(မ)ရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို သေချာပေါက်ထိခိုက်စေပြီး တန်ဖိုးကလည်း ထိုးကျသွားနိုင်တယ်။ အိမ်နီးချင်းအဖိုးကြီးက တိတ်တဆိတ်ငွေလက်ခံခဲ့ပြီး ဟယ်ရို့အန်းရဲ့ ခက်ခဲတဲ့နောက်ခံကိုလည်း သနားတာကြောင့် ဒီသတင်းကို မဖြန့်ခဲ့ဘူး။"
ယွဲ့တင့်ထန်က မေးလိုက်၏။ "ဒါပေမဲ့ မင်းက ဘယ်လိုလုပ်ပြီး မင်းကိုပြောပြလာအောင်လုပ်ခဲ့တာလဲ။"
လင်ရှူးက မေးကိုပင့်ချီလိုက်သည်။ "အဲ့ဒါ ငါ့ရဲ့အရည်အချင်းပဲလေ။ ဦးလေးကျိုးရော အဲ့လိုမထင်ဘူးလား။"
အိမ်တော်ထိန်းက ပြုံးပြကာ ဘာမှမပြောခဲ့ပေ။
ယွဲ့တင့်ထန်က မေးလာသည်။ "ဒီတော့ အခု မင်းမှာ ဘာအစီအစဥ်ရှိလဲ။"
လင်ရှူး: "စိတ်မပူပါနဲ့၊ ငါ ဒီထက်ပိုပြီး ရှာတွေ့ခဲ့တယ်။ အဲ့ဒီအိမ်နီးချင်းကနေတစ်ဆင့် ဟယ်ရို့အန်းခင်ပွန်းဟောင်းရဲ့ ညီဖြစ်တဲ့ လျန်ယယ့်ကို ငါရှာတွေ့ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ သူက လက်ရှိ မင်းစာသင်ပေးနေတဲ့ တက္ကသိုလ်မှာတက်နေတယ်။ တစ်နည်းပြောရရင် ခေါင်းဆောင်ယွဲ့၊ ဒီလျန်ယယ့်က မင်းရဲ့ကျောင်းသားပဲ!"
ယွဲ့တင့်ထန်: "ဘယ်ဌာနကလဲ။"
လင်ရှူးက မျက်ခုံးပင့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။ "စပိန်ဌာနမှာ ဒုတိယနှစ်။ ပြီးတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုက လျန်ကျို့ကို လောင်းကစားလုပ်ဖို့ဆွဲဆောင်ခဲ့တဲ့၊ သူ့ရဲ့မိသားစုကို ဖျက်ဆီးခဲ့တဲ့လောင်းကစားရုံပိုင်ရှင်အစစ်က လုထုန်ချန်းရဲ့ညာလက်ရုံး ကျန်းဟယ်ပဲ။"
ယွဲ့တင့်ထန်က ပြန်ပြောခဲ့သည်။ "လုထုန်ချန်းက ဟယ်ရို့အန်းအပေါ်မှာ ခံစားချက်တွေရှိနေလို့ ကျန်းဟယ်က မပျော်မရွှင်ဖြစ်ပြီး သူ(မ)ရဲ့အလှတရားကြောင့် လုရဲ့ပျက်စီးခြင်းကို ဦးတည်သွားစေမှာ စိုးရိမ်နေတယ်လို့ ဟယ်ရို့အန်းပြောခဲ့ဖူးတယ်နော်။ သူက သူ(မ)ကိုတောင် လာပြီးသတိပေးခဲ့ဖူးတယ်။"
လင်ရှူးက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်၊ အဲ့ဒါ သူပဲ။"
ယွဲ့တင့်ထန်က ထပ်ဖြည့်ပြောလာသည်။ "ဒါပေမဲ့ ဒီကိစ္စက ဟယ်ရို့အန်း ဖျော်ဖြေရေးနယ်ပယ်ထဲကို ဝင်ခဲ့ပြီးမှ ဖြစ်လာခဲ့တာလေ။"
လင်ရှူးက မှန်းဆလိုက်၏။ "လုထုန်ချန်းက ဟယ်ရို့အန်းကို အရင်ကတည်းကတွေ့ဖူးပြီး သူ(မ)ကိုယ်သူ(မ)ရောင်းစားအောင် တွန်းအားပေးဖို့ ဒီထောင်ချောက်ကိုဆင်ခဲ့တာဆိုရင်ရော? ကံမကောင်းစွာနဲ့ ရှန်ရှစ်ချီးက အဲ့ဒီကနေ အကျိုးအမြတ်ရသွားတယ်။"
ယွဲ့နင့်ထန်က သူ့အား သတိပေးလိုက်၏။ "အဲ့ဒါက မင်းရဲ့ခန့်မှန်းချက်ပဲ။"
လင်ရှူး: "ဒီတော့ ငါတို့မှာ သက်သေတွေလိုအပ်နေတုန်းပဲ။ ငါ မနက်ဖြန်ကျ လျန်ယယ့်နဲ့ ကျန်းဟယ်ကိုသွားရှာဖို့ စီစဥ်ထားတယ်။ ငါတို့တွေ သူတို့ဆီကနေ သဲလွန်စတချို့တော့ ရနိုင်လောက်တယ်။"
ယွဲ့တင့်ထန်က အသီးပန်းကန်ကို ကြည့်လိုက်၏။ ပန်းသီးတစ်လုံးအား ရှစ်စိတ်စိတ်ထားသော်လည်း လင်ရှူးက ခြောက်စိတ်စားလိုက်ပြီး သူ့အတွက် နှစ်စိတ်သာ ချန်ထားပေးလေသည်။
ဒီကောင်က နေ့တိုင်း ဒီလောက်ထိစားနေတာကို ဘာလို့ အရမ်းပိန်နေရသေးတာလဲ။ သူ့မှာ အစာအိမ်နှစ်ခုပါတာများလား။
လင်ရှူးက ယွဲ့တင့်ထန်၏အကြည့်သည် အသီးပန်းကန်ဆီမှ သူ့ဆီရောက်လာကြောင်း သတိပြုမိသွားပြီး သူ၏ရင်ဘတ်အား ဖုံးကွယ်လိုက်လေသည်။
"နေဦးနော်၊ မင်း ငါက အရမ်းဉာဏ်ကောင်းတယ်လို့တွေးပြီး ငါ့ရဲ့နှလုံးသားကို ခိုးယူချင်နေတာမလား။"
ယွဲ့တင့်ထန်မှာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
လင်ရှူးနှင့် အဆင်ပြေဖို့အတွက် အရေးကြီးဆုံးနည်းလမ်းမှာ ဗုဒ္ဒ၏ တည်ငြိမ်အေးချမ်းခြင်းတရားတော်များကို အဆုံးစွန်လေ့ကျင့်ထားဖို့လိုကြောင်း ခံစားလိုက်ရပေသည်။ 'ငါ အသေးအဖွဲကိစ္စလေးတွေကြောင့် ဒေါသထွက်စရာမလိုဘူး။ ငါ တခြားလူတွေလိုမျိုး ဒေါသမထွက်ဘူးဆိုရင် ငါ စိတ်ရှုပ်စရာမလိုတော့ဘူး။' ယွဲ့တင့်ထန်မှာ ထိုဝါကျများကို အပြန်ပြန်အလှန်လှန် စိတ်ထဲရွတ်ဆိုနေပြီးနောက် လင်ရှူးကိုကြည့်လိုက်ပြီး အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဒီလောက်ထိ အကုန်ပြောပြီးတာတောင် ငါ့ကို ကျန်းချုန်းယွင်နဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာ မပြောရသေးဘူးနော်။"
လင်ရှူး: ...
ယွဲ့တင့်ထန်၏တုံ့ပြန်မှုက အလွန်ထူးဆန်းနေသည်ဟု ခံစားရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ လင်ရှူးသည် ယခုတစ်ကြိမ်၌ ပျော်ရွှင်စွာဖြင့် ပြောလာခဲ့သည်။
"မိန်းကလေးကျန်းနဲ့တွေ့ပြီးတော့ ငါ မင်းမှာတဲ့အတိုင်း တစ်တဝေမသိမ်း ပြောလိုက်ပါတယ်။ အံ့သြဖို့ကောင်းတာက မိန်းကလေးကျန်းက ငါ့ကို ခက်ခဲအောင်မလုပ်ခဲ့ဘူး။ ပြီးတော့ ငါတို့တွေ ခဏလောက်စကားပြောဖြစ်ခဲ့တယ်။"
"ဘာအကြောင်းပြောကြတာလဲ။" ယွဲ့တင့်ထန်က မေးလာ၏။
"ငါတို့ ရိုးရာဓလေ့တွေ၊ ခေတ်ရေစီးကြောင်းတွေအကြောင်း ပြောခဲ့တယ်။ သူ(မ)က အမေရိကကနေ ပြန်လာတာဆိုပေမဲ့ အသိပညာကြွယ်ဝပြီး စာအုပ်တွေလည်း အများကြီးဖတ်ခဲ့ဖူးတယ်။ ငါတို့ တရုတ်နဲ့ နိုင်ငံခြားရုပ်ရှင်တွေအကြောင်းလည်း ပြောဖြစ်ခဲ့တယ်။ ပြီးတော့ အမှတ်မထင်ဘဲ ဟယ်ရို့အန်းရဲ့ ဇာတ်ကားအသစ်နဲ့ မိန်းကလေးဟယ်အကြောင်းကိုလည်း ပြောဖြစ်သွားတယ်။ သူ(မ)က အဲ့ဒါကို ရုပ်ရှင်ရုံမှာသွားကြည့်ဖို့ ငါ့ကိုဖိတ်ခဲ့တယ်လေ။"
"မင်း သွားခဲ့လား။" ယွဲ့တင့်ထန်က မေးလိုက်၏။
လင်ရှူး: "ဘယ်သွားမလဲ။ ငါသာသွားခဲ့တယ်ဆို ဒီအမှုကို ဘယ်လိုစုံစမ်းနိုင်တော့မှာလဲ။ ငါရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ မိန်းကလေးကျန်းရဲ့ကြင်နာမှုကို ငြင်းဆိုခဲ့ရတာပေါ့။ ဒါပေမဲ့လည်း မိန်းကလေးကျန်းက ဒီပိတ်ရက်မှာ ငါ့ကို ပိုင်လဲ့မန်းဆီလာဖို့ ဖိတ်သွားခဲ့တယ်။ ကျန်းမိသားစုက ကလပ်တစ်ခုလုံးကို အပြတ်ငှားပေးပြီး သူ(မ)ရဲ့မွေးနေ့ပွဲကျင်းပဖို့ သူငယ်ချင်းတွေကိုပဲ ဖိတ်မှာတဲ့လေ။"
"မင်း သဘောတူခဲ့တယ်?" ယွဲ့တင့်ထန်က ပြောလာ၏။
လင်ရှူးက သူ၏အိတ်ကပ်ထဲအနေ စာရင်းတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"ဒါက မိန်းကလေးကျန်းဆီကနေ ရခဲ့တဲ့ ဧည့်သည်စာရင်း။ ဒီပေါ်ကနာမည်က သူ(မ) ဖိတ်ဖို့စီစဥ်ထားတဲ့သူတွေ။ အနက်ရောင်နဲ့က သူ(မ)ရဲ့သူငယ်ချင်းတွေ၊ အနီရောင်နဲ့က ကျန်းမိသားစုရဲ့ကွန်ယက်ကို ချဲ့ဖို့အတွက်။"
ယွဲ့တင့်ထန်က စာရင်းကိုယူကာ အကြမ်းဖျင်းကြည့်လိုက်သည်။ စာရွက်ထောင့်နားလေးတွင် လုထုန်ချန်းနှင့် သူ၏မိသားစုပြီးနောက် ရင်းနှီးနေသော အမည်နာမတစ်ခုရှိနေခဲ့လေသည်။
ကျန်းဟယ်။
***
Aurora Novel Translation Team