လင်ရှူးထင်လိုက်သည်က ဟယ်ရို့အန်းသည် ကျေးဇူးတင်သည့်အတွက် သူ့အား ညစာဖိတ်ကျွေးချင်ခဲ့သည်။ သို့သော် နှစ်ဦးလုံးက အိမ်ထောင်သည်မဟုတ်ကြ၍ နားလည်မှုလွဲမှားမှုများကို ရှောင်ကြဥ်ဖို့ ယွဲ့တင့်ထန်ကိုပါ ဖိတ်ကြားခဲ့သည်ဟူ၍။
၎င်းတို့မသိကြသည်က ရုပ်ရှင်ရုံမှာဖြစ်ပွားခဲ့သော လုပ်ကြံမှုသည် တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘဲ သေခြင်းတရားအတွက် ရေရှည်ခြိမ်းခြောက်မှုထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းကိုပင်။
"မင်းကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ပရိသတ်က မနေ့တုန်းက ကမောက်ကမဖြစ်နေတုန်း ထွက်ပြေးသွားခဲ့တယ်။ လူအုပ်ကြီးက အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘူး။ ရဲတွေကလည်း အဲ့ဒီအချိန်ကတည်းက သူ့ကိုလိုက်ရှာနေကြပေမဲ့ ခုထိရှာမတွေ့သေးဘူး။" ယွဲ့တင့်ထန်က ပြောလိုက်၏။
ဆိုလိုသည်မှာ ရဲအရာရှိများ၏ လက်ရှိလုပ်နိုင်စွမ်းအရ တရားခံကိုရှာတွေ့ဖို့အခွင့်အရေးက မရှိသလောက်နည်းပါးသည်။
ဟယ်ရို့အန်း၏မျက်နှာက အံ့သြမှုတို့ မပြသခဲ့ချေ။
"ကျွန်မ မျှော်လင့်ပြီးသားပါ။ ဒါပေမဲ့ အားလုံးကို ကျေးဇူးတင်နေဆဲပါပဲ။ အထူးသဖြင့် မစ္စတာလင်ပေါ့။ ရှင်သာ အဲ့မှာရှိမနေရင် ကျွန်မ အခု ဒီနေရာမှာထိုင်ပြီး ရှင်တို့ကို စကားပြောနေနိုင်ပါ့မလားတောင် မသိပါဘူး။ ဒါပေမဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ရှင့်တစ်ယောက်တည်းကိုပဲတွေ့ရင် မစ္စတာရှန်က နားလည်မှုလွဲနေမှာစိုးတာကြောင့်ပါ။ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ။"
ထုံးစံအတိုင်း လင်ရှူးက သူ ကျေးဇူးတင်ခံရတာဖြစ်ဖြစ်၊ မခံရတာဖြစ်ဖြစ် ဂရုမစိုက်ချေ။ ထိုကဲ့သို့ခြိမ်းခြောက်မှုနှင့် ကြုံလာသူတိုင်း သေချာပေါက် စိတ်အေးမည်မဟုတ်။
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က ရပ်ကြည့်မနေနိုင်ရုံတင်ပါ။ အန္တရာယ်ကြုံနေတာက အခြားတစ်ယောက်ဆိုလည်း ကျွန်တော် ဝင်ကူညီခဲ့မှာပါပဲ။ အဲ့ဒါပြီးတော့ မင်း အန္တရာယ်တစ်ခုခု ကြုံတွေ့ခဲ့သေးလား။ ရှန်ရှစ်ချီးကရော မင်းကိုကူညီဖို့ ဘာလုပ်ပေးထားလဲ။"
ဟယ်ရို့အန်းက ခါးသီးစွာပြုံးလိုက်သည်။ "မစ္စတာရှန်က ကျွန်မကိုကာကွယ်ဖို့ လူနှစ်ယောက်လွှတ်ထားပေးပါတယ်။ သူက ဒါတွေကို တိုက်ဆိုင်မှုဖြစ်ပြီး ကျွန်မကပံ တုံ့ပြန်မှုလွန်ကဲနေတာလို့ ထင်နေတာ။"
သူ(မ)လို အလှလေးတစ်ဦးက သူ(မ)၏စွဲမက်စရာကောင်းမှုကို နားလည်သောသူနှင့်သာ ထိုက်တန်ပြီး ငတုံးကောင် ရှန်ရှစ်ချီးလိုလူမျိုးနှင့်တော့ မဟုတ်ပေ။ လင်ရှူးနှင့် ယွဲ့တင့်ထန်တို့မှာ ထိုကဲ့သို့ခံစားမိသည့် ပထမဆုံးလူမဟုတ်သလို နောက်ဆုံးလူလည်း မဖြစ်နိုင်ချေ။
နှလုံးသားနူးညံ့သော မိဘမဲ့ကလေးတစ်ယောက်အနေနှင့် ဟယ်ရို့အန်းသည် သူ(မ)အား စာဝါငှက်လို ဆက်ဆံပြီး ကြမ်းတမ်းသည့် ရှန်ရှစ်ချီးလိုမဟုတ်ဘဲ သူ(မ)ကို ချစ်မြတ်နိုးကာ ကာကွယ်ပေးမည့်တစ်စုံတစ်ယောက်၊ သူ(မ)၏စိုးရိမ်ပူပန်မှုတို့ကို ချေဖျက်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို လိုအပ်သည်။
သို့သော် ဟယ်ရို့အန်းကတော့ ရှန်ရှစ်ချီးအား ကျေးဇူးတင်နေပြီး သူ့ကိုချန်ထားရစ်ဖို့ ငြင်းဆန်ခဲ့၏။ အခြားသူများကမူ သူ(မ)၏အမှားများကိုသိပြီး သူ(မ)၏ကံကြမ္မာဆိုးထဲကနေ ထွက်လာမည့်တစ်နေ့နေ့ကိုသာ မျှော်လင့်စောင့်စားလျက်။
ယနေ့ခေတ်တွင် အမျိုးသမီးတော်တော်များများက လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို လိုက်လံရှာဖွေနေကြသည်။ ချမ်းသာသော သခင်မလေးများက အချစ်စစ်ကိုရှာဖွေရန် အိမ်မှ မိုင်ထောင်ချီဝေးသောအရပ်ဆီ ထွက်ပြေးကြသလို မိဘများ၏အမိန့်ကို ဆန့်ကျင်ကြသည့် ဇာတ်လမ်းပုံပြင်များက အဆန်းမဟုတ်တော့ပေ။
တချို့က ပျော်ရွှင်စရာဇာတ်သိမ်းကို ရရှိခဲ့ကြပြီး တချို့ကတော့ အိမ်ကနေ စာလေ့လာဖို့သက်သက် ထွက်ပြေးခဲ့ကြပြီးနောက် လက်ထပ်ဖို့ အတင်းတွန်းအားပေးခံခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။
၎င်းတို့နှင့် ယှဥ်လိုက်လျှင် မြို့ကြီးပြကြီးမှာနေထိုင်သော်လည်း ရှေးရိုးစွဲနေဆဲဖြစ်သော ဟယ်ရို့အန်းလို အမျိုးသမီးက အမှန်တကယ်ကို နှမြောစရာပင်။
ယွဲ့တင့်ထန်က လင်ရှူးလိုမဟုတ်။ သူက မိန်းမလှလေးများအပေါ် ထူးထူးခြားခြား သနားစိတ်မရှိပေ။ သူ့အမြင်တွင် လူတိုင်းက ကိုယ်ပိုင်ဘဝလမ်းကြောင်းကို ရွေးချယ်ကြရုံသာ။
ဟယ်ရို့အန်းက သူ(မ)၏ကံတရားကို ပြောင်းလဲဖို့ ဆန္ဒရှိနေသည့်အတွက် ရှန်ရှစ်ချီး၏အနောက်သို့ လိုက်ခဲ့သည်။
၎င်းက သူ(မ)၏ရွေးချယ်မှုဖြစ်ရာ ထိုအရာနှင့်အတူပါလာမည့် နောက်ဆက်တွဲအခက်အခဲများကို လက်ခံဖို့လည်း ပြင်ဆင်ထားသင့်သည်။ အလှတရားကြောင့် တွန်းအားပေးခံရသည်ဆိုပါက တစ်စုံတစ်ယောက်၏ အသွင်အပြင်ကို ဖြတ်တောက်လိုက်ခြင်းဖြင့် ဒုက္ခများကင်းဝေးပြီး အေးချမ်းသောဘဝမှာ နေထိုင်နိုင်မည်ဖြစ်၏။ သို့သော်လည်း သူ(မ)က ထိုသို့မလုပ်နိုင်သည့်အတွက် သက်ဆိုင်ရာအကျိုးဆက်တို့ကို သည်းခံဖို့လိုအပ်သည်။
ယွဲ့တင့်ထန်သည် ဟယ်ရို့အန်း၏ လက်ရှိအခြေအနေများက ပြင်ပအကြောင်းတရားများကြောင့်သာမက အတွင်းပိုင်းအခြေအနေများကြောင့်ဖြစ်မည်ဟု အေးစက်စွာပင် ယုံကြည်နေခဲ့၏။ ရှန်ရှစ်ချီးမရှိလျှင် လီရှစ်ပါးနှင့် ကျန်းရှစ်ကျို*တို့က တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနိုင်သေး၏။ ထို့ကြောင့် ခုခံရန်မှာ အသုံးဝင်မည်မဟုတ်ပေ။ ကမောက်ကမဖြစ်နေချိန်များတွင် အလှလေးက
သူ(မ)ကိုယ်သူ(မ) ကာကွယ်နိုင်စွမ်းမရှိပါက အာဏာရှင်တို့၏ ကစားစရာမျှသာ ဖြစ်လာပေမည်။
(TN/ ရှန်ရှစ်ချီးရဲ့ ရှစ်ချီးက တရုတ်လိုဆို ၁၇ ဖြစ်တာကြောင့် မျိုးရိုးနာမည်လွှဲနဲ့ ရှစ်ပါး - ၁၈၊ ရှစ်ကျို - ၁၉ ဆိုပြီး ဥပမာပေးတဲ့သဘောပါ။ တကယ့်နာမည်တွေမဟုတ်ပါဘူး။)
သူက ဟယ်ရို့အန်းကို ခြိမ်းခြောက်ထားသော ခြိမ်းခြောက်စာကိုသာ စိတ်ဝင်စားသည်။
ထို့နောက် လင်ရှူးကပါ ပါဝင်နေသဖြင့် သူ နောက်ဆုတ်နေဖို့မှာ မလွယ်ကူနိုင်တော့ချေ။
ထို့ကြောင့် ယွဲ့တင့်ထန်က အမှုကိစ္စကိုသာ အာရုံစိုက်ပြီး အချက်ကျကျ ဆွေးနွေးခဲ့သည်။ "သတိပေးစာ သုံးစောင်။ ပထမတစ်ခုက မင်းကိုကြောက်လန့်ပြီး စိတ်မသက်မသာဖြစ်စေဖို့အတွက် စနောက်ထားတဲ့ ပိုပြီးဆင်တယ်။ ဒါပေမဲ့ တခြားနှစ်ခုနဲ့ ပေါင်းစပ်ကြည့်မယ်ဆိုရင် ကြောင်သေတစ်ကောင်က သတိပေးချက်တစ်ခုနဲ့ ပိုတူသွားပြီ။"
ကြောင်သေဆိုသည်မှာ မုန်တိုင်းမတိုင်ခင် ကောင်းကင်ထက်ဝေ့ဝဲနေသော တိမ်မည်းတစ်ခုလို လူတို့၏ဦးခေါင်းအား လေးလံစေပြီး စိတ်မအေးဖြစ်စေသည်။
ရုပ်ရှင်ရုံရှိ ဓားထိုးမှုက မုန်တိုင်းအတွက် ခလုတ်နှိပ်လိုက်ခြင်းနှင့်တူပြီး လှိုင်းလုံးထန်ကာ ဖျက်ဆီးနိုင်သည့်စွမ်းအားတို့ကို သယ်ဆောင်လာသည့် ရှေ့ပြေးနမိတ်ပင်။ ထိုအချိန်က ဟယ်ရို့အန်း မထိခိုက်မိသွားဘဲ ကံကောင်းသွားလျှင်တောင် အနာဂတ်မှာ ဘေးကင်းနေဦးမည်ဟု အတပ်မပြောနိုင်ပေ။
"မင်း အရင်က တစ်ယောက်ယောက်ကိုများ အပြစ်လုပ်မိထားသေးလား။ ဒါမှမဟုတ် တစ်နည်းပြောရရင် မင်း အပြစ်ပြုမိထားတဲ့လူတွေကြားထဲ အငြိုးအတေးကြီးတဲ့သူ၊ မင်းကို သေအောင်လုပ်နိုင်ပေမဲ့ တိုက်ရိုက်သတ်မပစ်ဘဲ ဒီလိုမျိုး နှိပ်စက်နိုင်တဲ့သူမျိုးဖြစ်ဖြစ်?"
ယွဲ့တင့်ထန်၏ စကားများကို ကြားလိုက်ရသော် ဟယ်ရို့အန်းက မျက်မှောင်ကြုတ်လိုက်၏။
"ရှိတယ်။" သူ(မ)က အကြာကြီး စဥ်းစားမနေခဲ့ပေ။ ထိုမေးလွန်းအား အရင်ကလည်း စဥ်းစားထားဖူးကြောင်း သိသာလှ၏။
"ရှင်တို့ စုထောင်ကို ကြားဖူးလား။"
လင်ရှူးမှာ ရုပ်ရှင်ချစ်အစ်မတော်တစ်ယောက်ရှိရာ တွန့်ဆုတ်မနေဘဲ တုံ့ပြန်လိုက်၏။ "《အထက်တန်းစားမိသားစု》ထဲက ဇာတ်လိုက်မင်းသမီးမလား။"
ဟယ်ရို့အန်းက ခေါင်းညိတ်လိုက်၏၊ "ကျွန်မ လက်ရှိရိုက်နေတဲ့ရုပ်ရှင်မှာ မူလတုန်းက သူ(မ)ကို ဇာတ်လိုက်မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့လျာထားတာ။ ဒါပေမဲ့ နောက်ကျ ကျွန်မတို့ရုပ်ရှင်ကုမ္ပဏီရဲ့ သူဌေးဖြစ်တဲ့ မစ္စတာထန်က ရင်းနှီးမြှုပ်နှံခွင့်အတွက် ရယူနိုင်ခဲ့တာမို့ ဇာတ်လိုက်မင်းသမီးနေရာက ကျွန်မဆီကို ရောက်လာခဲ့တယ်။ စုထောင်က ကျွန်မကို ပြန်ပြီးလက်စားချေမယ်လို့ တစ်ခါမထက်မကပြောဖူးတာကို တစ်စုံတစ်ယောက်က အမှတ်မထင်ကြားခဲ့ဖူးတယ်။"
လင်ရှူးက မေးလိုက်၏။ "သူ(မ)နဲ့ အရင်က ပြဿနာဖြစ်ဖူးလား။"
ဟယ်ရို့အန်းက သက်ပြင်းချကာ ပြန်ဖြေခဲ့သည်။ "တကယ်တော့ ကျွန်မတို့က ဟိုးအရင်ကတည်းကသိခဲ့ကြတာ၊ ဆက်ဆံရေးလည်းကောင်းတယ်။ ကျွန်မတို့ ရုပ်ရှင်ကုမ္ပဏီအတွက် လူရွေးပွဲဝင်ဖြေတုန်းက ကျွန်မမိသားစုက အဆင်မပြေတော့ သူ(မ)က မကြာခဏဆိုသလို ကျွန်မနဲ့အတူ သူ(မ)ရဲ့နေ့လယ်စာကို မျှဝေပေးလေ့ရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းကျ နယ်ပယ်ထဲမှာ ကျွန်မတို့ရဲ့လမ်းကြောင်းတွေက အတူတူပဲဆိုတော့ ယှဥ်ပြိုင်မှုတွေရှိလာတာ မလွှဲမသွေပါပဲ။"
ယွဲ့တင့်ထန်က မေးလိုက်သည်။ "အဲ့ဒါလေးအတွက်နဲ့ သူ(မ)က တစ်စုံတစ်ယောက်ကို သတ်ဖို့ဖြစ်နိုင်လို့လား။"
လင်ရှူးက ပြန်ဖြေလိုက်သည်။ "မနှစ်တုန်းက တော်တော်လေး နာမည်ကြီးသွားတဲ့ အရှုပ်အထွေးတစ်ခုရှိခဲ့တာကို ကျွန်တော်မှတ်မိသေးတယ်။ စုထောင်က သတင်းစာထဲမှာ မင်းကို သူ(မ)ရဲ့ယောက်ျားကိုဖျားယောင်းဖို့ ကြိုးစားပါတယ်ဆိုပြီး လူသိရှင်ကြား ကြေညာခဲ့တယ်မဟုတ်လား။ သူ(မ)ပြောထားတာ ဝေ့ဟုန်ရွှမ်းက မင်းကို စိတ်မဝင်စားတာမို့ ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိဖို့အတွက် တောင်းဆိုတယ်ဆိုပြီး..."
***
Aurora Novel Translation Team