no

Font
Theme

အေးစက်နေသောလေသံနှင့်အတူ ယွဲ့တင့်ထန်က ပြောခဲ့သည်။ "လင်ရှူးက ငါ့လူလို့ ရှန်ရှစ်ချီးကို ပြန်သွားပြောလိုက်။ သူ ဆံချည်မျှင်တစ်မွေးလျော့တာနဲ့ ရှန်မိသားစုအတွက် ပြဿနာဖန်တီးပေးမယ်။ ရှန်ရှစ်ချီးကိုမေးလိုက်၊ သူ့ဦးလေးကို သူ့အတွက် အရှုပ်တွေလိုက်ရှင်းစေချင်လားလို့။"

ထိုလူက ငြင်းရန်ပြင်လိုက်သော်လည်း 'သွားတော့' ဟု ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလို ခြေထောက်ရှိ သေနတ်ဒဏ်ရာအား လစ်လျူရှုကာ ထရပ်ဖို့ရုန်းကန်လိုက်ပြီးနောက် ထော့နဲ့ထော့နဲ့ဖြင့် ပြေးသွားခဲ့လေသည်။

သူသည် ယွဲ့တင့်ထန်နှင့် လင်ရှူးတို့ မမြင်နိုင်လောက်သည်အထိ လျှောက်သွားခဲ့ပြီးနောက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။ ထို့နောက် ကားရပ်ထားသော ထောင့်ချိုးဆီသို့ ဖြည်းဖြည်းချင်း ချိုးကွေ့လိုက်သည်။

ကားရှေ့မီးက မှိတ်ထားသော်လည်း တစ်စုံတစ်ဦးက အထဲမှာရှိနေသည်။

"မစ္စတာရှန်..."

ကားမှန်က ဖြည်းဖြည်းချင်း ကျသွားပြီး ရှန်ရှစ်ချီး၏မျက်နှာတစ်ဝက် ပေါ်ပေါက်လာခဲ့သည်။ "ဘာဖြစ်တာလဲ။ အလုပ်မပြီးခဲ့ဘူးလား။ မင်းရဲ့ပါတနာတွေရော?" ရှန်ရှစ်ချီး ဂျာကင်ဝတ်နှင့်လူ၏ စုတ်ပြတ်နေသော အသွင်အပြင်ကိုကြည့်ကာ ရလဒ်ကို ခန့်မှန်းပြီးသားဖြစ်၏။

"သူတို့အားလုံး ထွက်ပြေးသွားကြပါတယ်!" ဂျာကင်ဝတ်နှင့်လူက တိုင်တန်းနေ၏။ "တစ်စုံတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူ့နာမည်က ယွဲ့တင့်ထန်ဆိုပြီး ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကိုတောင် သေနတ်နဲ့ထောက်ထားတာကြောင့် တကယ် ရွေးချယ်စရာ မရှိခဲ့လို့ပါ။ ပြီးတော့ ကြည့်လိုက်ပါဦး၊ ကျွန်တော် ဒဏ်ရာတောင်ရလာခဲ့သေးတယ်။ ဒီနေ့ညအလုပ်က..."

သူ စျေးစကားမဆိုရသေးခင် ဦးခေါင်းအနောက်ကနေ အရိုက်ခံလိုက်ရသဖြင့် ချက်ချင်းဆိုသလို မေ့လဲသွားခဲ့ပြီး သူ၏ချိုင်းကြားထဲကနေ တစ်စုံတစ်ဦးက ဆွဲမထားလေသည်။

"မစ္စတာရှန်၊ သူ့ကို ဘယ်လိုလုပ်လိုက်ရမလဲ။" ဒရိုင်ဘာက တိုးတိုးလေး မေးလာခဲ့သည်။

"ဘာပဲဖြစ်ဖြစ်၊ သူ့ကို နောက်တစ်ခေါက်ထပ်မတွေ့ချင်ဘူး!" ရှန်ရှစ်ချီးက ရက်ရက်စက်စက်ပြောလိုက်ပြီး ထိုလူ့အား အမှိုက်ပုံကြီးလို ရွံရှာစက်ဆုပ်စွာ ကြည့်နေခဲ့သည်။

"သနားစရာ! သုံးယောက်တစ်ယောက်ကိုတောင် မနိုင်ခဲ့ကြဘူး။ အဲ့ဒါကို ပိုက်ဆံတောင်းချင်နေသေးတယ်။ ငါ သူတို့ကို ခွေးစာကျွေးပစ်မယ်! အခုကစပြီး ချင်းဂိုဏ်းကလူတွေကို ထပ်မငှားတော့ဘူး။ သူတို့က ရိုးရိုးတာဝန်လေးတစ်ခုကိုတောင် မကိုင်တွယ်နိုင်ကြဘူး။ ငါ မစ္စတာချန်နဲ့ သွားတွေ့ရမယ်။ သူ့မှာ အဖြေရှိမှာပဲ!"

ဒရိုင်ဘာက လိမ္မာပါးနပ်စွာဖြင့် သူ့သူဌေး၏စကားကို ကြားဖြတ်မနှောင့်ယှက်ခဲ့ပေ။

ရှန်ရှစ်ချီးတစ်ယောက် ပြစ်တင်ပြောဆိုလို့ပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။ "ယွဲ့မိသားစုက ဘာလဲ။ သူတို့က ကြားဝင်ပါနေတာ။ ဒီအခြေအနေကို လူသိခံလို့မှမဖြစ်တာ။ လင်ရှူးအတွက်နဲ့ ယွဲ့မိသားစုကို စော်ကားတာ ထိုက်တန်ပါ့မလား။"

အဆုံးသတ်တွင် ၎င်းမှာ ရှန်ရှစ်ချီး၏မနာလိုဝန်တိုမှုက ဤအရှုပ်အထွေးကို ဖန်တီးခဲ့ခြင်းသာ။ သူက လူတိုင်းအပေါ်ကို အထင်သေးပြီး လေနှင့် မိုးကို ထိန်းချုပ်နိုင်သည်ဟု ထင်နေသည်။

သို့သော် ရုတ်တရက်ဆိုသလို နေရာတိုင်းတွင် သူ့ထက်သာလွန်နေသော လင်ရှူးက ပေါ်ပေါက်လာခဲ့သည်။ လင်ရှူးက ဟယ်ရို့အန်း၏မျက်လုံးကို ဖမ်းစားဖို့အတွက် သူ၏ရုပ်ရည်ကို အသုံးချခဲ့ပြီး ရှန်ရှစ်ချီး၏မျက်လုံးထဲမှာတောင် ဟယ်ရို့အန်းက ကစားစရာသက်သက်သာရှိသည်။

ရှန်ရှစ်ချီးသည် သူ့ထိန်းချုပ်မှုအောက်မှာရှိသော မည်သူ့ကိုမှ သို့မဟုတ် မည်သည့်အရာကိုမှ သည်းမခံနိုင်ဘဲ အသေးငယ်ဆုံးသော အဆင်မပြေမှုကတောင် သူ့ကို မပျော်မရွှင်ဖြစ်စေသည်။

လင်ရှူးက သူ့လက်ချောင်း၌ စိုက်ဝင်နေသော ဆူးတစ်ချောင်းပမာ မနာကျင်ရသော်လည်း မသက်မသာဖြစ်စေသဖြင့် သူ ထိုအဆူးကို ဆွဲနှုတ်ရပေမည်။

၎င်းက လူနေမှုအဆင့်အတန်းမြင့်မားပြီး အားကြီးသောလူများကြားမှာ ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာတစ်ရပ်ဖြစ်ပြီး ရှန်ရှစ်ချီးကလည်း ခြွင်းချက်မဟုတ်ပေ။ ရှန်ဟိုင်းရှိ တကယ့်အကောင်ကြီးများ၏မျက်လုံးထဲ၌ သူက ဘာမှမဟုတ်သော်လည်း လင်ရှူးလိုလူတစ်ယောက်နှင့်ရင်ဆိုင်ဖို့ အရည်အချင်းလုံလောက်သည်ဟု ထင်နေခဲ့၏။

သို့သော် ရုတ်တရက်ဆိုသလို ယွဲ့တင့်ထန်က ပေါ်ပေါက်လာပြီး သူ၏အစီအစဥ်အား ပြောင်းလဲသွားစေခဲ့ပြန်သည်။

ရှန်ရှစ်ချီးက အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေပြီးနောက် တွန့်ဆုတ်စွာဖြင့် ပြောလာခဲ့သည်။ "အဲ့ဒီလင်မျိုးရိုးရဲ့အသက်ကို အခုတော့ ခဏလောက် ဘေးမဲ့ပေးထားကြမယ်။ နောက်မှ သူနဲ့ ဖြေရှင်းရမယ်!"

...

"ငါ့အသက်ကို ကယ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ယွဲ့။" လင်ရှူးမှာ မတုန်မလှုပ်လေသံမျိုးရှိနေပြီး သူ၏မျက်နှာက အနည်းငယ်တောင် ပြုံးယောင်သန်းနေသေး၏။

ယွဲ့တင့်ထန်သာ ကိုယ်ပိုင်မျက်လုံးများနှင့် မမြင်ခဲ့လျှင် လင်ရှူးတစ်ယောက် ဘာမှမဖြစ်ခဲ့ဘူးဟုသာ ယုံကြည်နေလိမ့်မည်။

"မင်းမှာ စနောက်နေဖို့ အင်အားရှိသေးတာပဲ။ ဘာလို့ ကိုယ်ဘာသာကိုယ် ထမရပ်ရတာလဲ။" ယွဲ့တင့်ထန်က သူ့ကို စိတ်ပျက်သော အကြည့်တစ်ချက်ပေးလိုက်ပြီး လင်ရှူးနာကျင်နေသည်ကို မြင်လိုက်ရသောအခါ သူ၏လက်ကို ဆန့်တန်းပေးလိုက်၏။

လင်ရှူးက မဆိုင်းမတွ သူ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ထရပ်ရန် အင်အားသုံးလိုက်သည်။

ရေရှည်နာကျင်မှုထက် ရေတိုနာကျင်မှုကို သည်းခံရသည်က ပိုကောင်းပေ၏။

ထိုသို့ဆိုလျှင်တောင် သူ နာကျင်စွာဖြင့် အော်ညည်းနေမိဆဲပင်။

သူ၏နောက်ကျောက ယောင်ကိုင်းနေပုံပင်။

ကံကောင်းစွာဖြင့် ၎င်းက သတ္တုတုတ်မဟုတ်ပေ။ သတ္တုတုတ်သာဆိုလျှင် ယခုဆို သူ အတွင်းကြေဒဏ်ရာများတောင် ရနေနိုင်၏။ လင်ရှူးတစ်ယောက် ယခုနောက်ပိုင်းတွင် ကံညံ့နေပုံရပြီး အမြဲလိုလို ထိခိုက်ဒဏ်ရာရနေတတ်၏။ ကိစ္စများ ဆိုးဝါးသွားချိန်တိုင်း ယွဲ့မျိုးရိုးရှိသူ တစ်စုံတစ်ယောက်နှင့်လည်း အမြဲတမ်း ပက်ပင်းတိုးမိနေတတ်သည်။

ဤယွဲ့မျိုးရိုးကောင်က လင်ရှူးကို ကံမကောင်းခြင်းများအား ယူဆောင်လာပေးသည့် သူ့နဖူးပေါ်က မှဲ့နက်ကြီးတစ်လုံးဖြစ်လိမ့်မည်။

လင်ရှူး စဥ်းစားနေသည်ကို ယွဲ့တင့်ထန်မသိပေ။

"မင်း လမ်းလျှောက်နိုင်လား။" သူက မေးလိုက်၏။

လင်ရှူးက သက်ပြင်းချလိုက်သည်။ "လျှောက်နိုင်ရမှာပေါ့၊ ငါ့ခြေထောက်တွေကို ထိခိုက်သွားတာမှမဟုတ်ဘဲနဲ့။"

သို့သော် သူ၏ခြေလှမ်းတိုင်းက သူ၏ဒဏ်ရာများကို သွားဆွနေသည့်ပုံပင်။

သူ၏နောက်ကျော၊ အစာအိမ်၊ နာကျင်မှုများက ရေခဲနှင့်မီးကြား ဖမ်းချုပ်ခံထားရသည့်နှယ်။

ရုတ်တရက် ယွဲ့တင့်ထန်က သူ့ကို ကျောပေါ်တင်လိုက်ပြီး ကားဆီကို အသာလေးသယ်သွားပေးခဲ့သည်။

ဒရိုင်ဘာက အမြန်ရောက်လာပြီး ကူညီပေးချင်နေသော်လည်း ယွဲ့တင့်ထန်က မေးငေါ့ပြကာ လင်ရှူး၏အိမ်ကို ညွှန်ပြလိုက်သည်။

"ဒီလူက ဒီနေ့ည ယွဲ့အိမ်တော်မှာအိပ်မှာလို့ အန်တီဟုန်ကို သွားပြောပေး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment