"သခင်လေး၊ မစ္စတာလင် ပစ္စည်းတစ်ခုကျန်ခဲ့ပါတယ်။" ဒရိုင်ဘာက ကားပြန်လှည့်ပြီးမကြာခင်မှာ ပြောလာခဲ့သည်။
"ဘာကျန်ခဲ့တာလဲ။" ယွဲ့တင့်ထန်က မေးလိုက်၏။
"ခရီးသည်ထိုင်ခုံမှာ တင်ထားတဲ့ စက္ကူအိတ်တစ်လုံးပါ။ အထဲမှာ အစားအသောက်တချို့ ပါမယ်ထင်တယ်။ သခင်မလေးက တစ်စုံတစ်ယောက်ကို မစ္စတာလင်အတွက်ဆိုပြီး ကားထဲထည့်ခိုင်းလိုက်ပေမဲ့ ယူဖို့ မေ့သွားတဲ့ပုံပါပဲ။" ဒရိုင်ဘာက ရှင်းပြခဲ့သည်။
ယွဲ့တင့်ထန်မှာ သူ့အစ်မ၏တောင်းဆိုချက်ကြောင့် ဆွံအသွားလေ၏။
လင်ရှူးက အိတ်များနှင့် အထုပ်အပိုးများ အများကြီးသယ်ကာ မြို့ပေါ်ကဆွေမျိုးများဆီကနေ အလည်အပတ်ပြန်လာသည့် တောသားတစ်ယောက်နှယ်။ သူသည် ထိုအိတ်ကို မမြင်ချင်ယောင်ဆောင်ကာ သူကိုယ်တိုင်ကလည်း မေ့လျော့သွားသလို ဟန်ဆောင်လို့ရသော်လည်း အိမ်ပြန်ရောက်ချိန် သူ့အစ်မသာ သိသွားလျှင် နားပူနေအောင် တွတ်ထိုးခံရပေမည်။
ယွဲ့တင့်ထန် သက်ပြင်းချလိုက်၏။ "ပြန်လှည့်လိုက်။ ပြီးရင် ခင်ဗျားပဲ ကားပေါ်ကနေဆင်းပြီး သူ့ကိုပေးလိုက်တော့။"
"ဟုတ်ကဲ့။"
...
လင်ရှူး သူ၏ကျောအား တုတ်ဖြင့် အဆော်ခံလိုက်ရသည်။ တစ်ဖက်လူ၏လက်ဆက အတော်ပြင်းပြီး အညှာအတာမဲ့၏။ သူ၏နောက်ကျောကို တိုက်ရိုက်'ရိုက်ချလိုက်ရာ သူ့ရင်ဘတ်အထိကိုပါ နာကျင်သွားခဲ့သည်။
သူ သွေးများအန်လုနီးပါး ဖြစ်သွား၏။ မသက်သောသေးသော သူ့ဝမ်းဗိုက်ရှိ ဒဏ်ရာကတောင် ပြန်ပွင့်သွားတော့မည်။
သူ့ကို တိုက်ခိုက်လာသော ကန်ချက်၊ ထိုးနှက်ချက်များကနေ ခန့်မှန်းကြည့်ရလျှင် တစ်ဖက်က တစ်ယောက်ထက်ပိုနိုင်၏။ ၎င်းတို့ တိုက်ခိုက်ပုံအရ သူ့ကို အသက်ရှင်လျက်ချန်ရစ်ဖို့ အစီအစဥ်မရှိသည့်ပုံပင်။
တစ်ဖက်က ဤအရာကို လွယ်ကူသည့်တာဝန်ဟု မှတ်ယူထားပုံရ၏။ မည်သို့ပင်ဖြစ်စေ လင်ရှူးက တစ်ယောက်တည်းဖြစ်ပြီး အဖမ်းခံထားရပြီဖြစ်သည်။ တိုက်ကွက်အနည်းငယ်ဖြင့် သူ့အား သတိမေ့သွားအောင် ပြုလုပ်နိုင်ပေသည်။
သူ၏နားထင်အား သေစေနိုင်သော လက်သီးတစ်ချက်ထိုးသွင်းလိုက်ပါက မနက်ဖြန်ဆို သူ၏ခန္ဓာကိုယ်သည် အေးစက်နေပေမည်။
ယခုလိုရာသီဥတုနှင့်ဆို မနက်ဖြန်ထိတောင် စောင့်စရာမလိုဘဲ တစ်နာရီ၊ နှစ်နာရီအတွင်း သတိမေ့ကာ အသက်ရှူရပ်တန့်သွားနိုင်၏။
သို့သော် လင်ရှူးက ထိုအခွင့်အရေးကို မပေးခဲ့ချေ။ ရုတ်တရက် ဂုန်နီအိတ်အတွင်းထဲ၌ ဘောလုံးတစ်လုံးလို သူ၏ခန္ဓာကိုယ်ကို ကွေးချလိုက်ပြီး တစ်ဖက်သို့လှိမ့်လိုက်၏!
သူ့ဘေးမှာ လှေကားထစ်များရှိရာ ၎င်းတည့်တည့်သို့ တန်းတန်းမတ်မတ် လှိမ့်ချသွားလိုက်သည်။ အရှိန်ကို အခွင့်ကောင်းယူကာ လင်ရှူးက အိတ်ကိုအပေါက်ဖွင့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်တစ်ဝက်က အပြင်သို့ ထွက်လာနိုင်ခဲ့၏။
ခန္ဓာကိုယ်တစ်ဝက်နှင့်ပင် လုံလောက်ချေပြီ!
သူက သူ့ဆီလွှဲယမ်းလာသောတုတ်ကို ဆွဲယူကာ သူ့ဘက်ကိုဆွဲ၍ တစ်ဖက်လူဘက်သို့ အားဖြင့် ပြန်တွန်းလိုက်သည်။ တစ်ဖက်လူက သတိလက်လွတ်ဖြစ်ကာ တုတ်အားဆုပ်ကိုင်ထားသောလက်က အားလျော့သွားခဲ့သည်။
နောက်အခိုက်အတန့်၌ လင်ရှူးက တုတ်ကို ဆွဲလုလိုက်သည်။
လက်ထဲမှာ တုတ်တစ်ချောင်းရောက်လာသောအခါ လင်ရှူးက ချက်ချင်းဆိုသလို အခြားတုတ်များကို တားဆီးကာ အိတ်ကို သူ၏ခြေထောက်များဖြင့် ကန်ဖွင့်လိုက်ပြီးနောက် ထိုထဲကနေ ရုန်းထွက်လာခဲ့သည်။
ထို့နောက် ခန္ဓာကိုယ်ကိုကွေးညွှတ်၍ ရန်သူများရှိရာသို့ လှိမ့်သွားလိုက်သည်။ လင်ရှူးက သူ၏ခန္ဓာကိုယ်ကို လက်နက်အဖြစ် အသုံးပြုလိုက်သောကြောင့် သုံးယောက်သားမှာ သတိလက်လွတ်ဖြစ်ကာ အနောက်သို့ လှန်ကျသွားခဲ့ကြသည်။ တစ်ယောက်က ခြုံပုတ်ပေါ်ကျသွားပြီး နောက်တစ်ယောက်က လှေကားပေါ်ကနေ ပြုတ်ကျကာ တတိယတစ်ယောက်က လင်ရှူးကို လှမ်းဆွဲရန် ကြိုးစားခဲ့သော်လည်း တစ်ပတ်လည်သွားပြီး လင်ရှူးဆီကနေ အဖိခံလိုက်ရသည်။
ဘယ်ညာတစ်ချက်စီ လက်သီးပစ်သွင်းလိုက်ရာ သူ၏ရန်သူမှာ ကြယ်တွေလတွေမြင်သွားပြီး သူ၏နှာခေါင်းမှ သွေးများ ထွက်ကျလာခဲ့လေ၏။
အန္တရာယ်ကို အာရုံခံစားမိသော အခြားတစ်ယောက်က ခြေထောက်အမြန်ကြွကာ တုတ်ချောင်းကိုဆွဲယူ၍ လင်ရှူး၏အနောက်ကနေ ခေါင်းကိုရိုက်ဖို့ ပြင်လိုက်သည်!
တင်းမာမှုက ထင်ထင်ရှားရှားရှိပြီး မှန်ကန်သော အခိုက်အတန့်ပင်။
ထိုအချိန်၌ သေနတ်သံ ထွက်ပေါ်လာခဲ့သည်။
တစ်ဖက်လူက နာကျင်စွာ အော်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွား၏။
လင်ရှူး အသက်ပြင်းပြင်းရှူကာ ရင်တထိတ်ထိတ်နှင့် အနောက်သို့လှည့်ကြည့်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။
သူ၏နောက်ကျောက ပူထူနေပြီး ဒဏ်ရာများနှင့် ယောင်ကိုင်းနေပြီဖြစ်ကြောင်း သူသိပေ၏။
သူ သေနတ်မပစ်လိုက်သော်လည်း သူ့ဦးခေါင်းအနောက်မှ တိုက်ခိုက်မှုကို ရှောင်ရှားရန် စီစဥ်လိုက်သော်လည်း တစ်စုံတစ်ယောက်က သူ့ထက်ပိုမြန်ပြီး သေနတ်ပစ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
(TN/လင်ရှူးက အနောက်ကနေ တုတ်နဲ့ရိုက်မှာကို ရှောင်လိုက်တာပါ၊ သေနတ်ပစ်မယ်မှန်းမသိပါဘူး။)
အနက်ရောင်ဂျာကင်ဝတ်နှင့် လူမိုက်နှစ်ယောက်က ၎င်းတို့၏ အဖော်ကိုတောင်မစောင့်တော့ဘဲ ခြေသုတ်တင်ကာ ပြေးတော့သည်။
ဒူးခေါင်းအား အပစ်ခံလိုက်ရသောသူမှာ မပြေးနိုင်တော့ဘဲ ခြေနှစ်လှမ်းမျှလျှောက်ပြီးနောက် လက်လျှော့လိုက်လေ၏။
အမှောင်ထဲတွင် လေကာအင်္ကျီနှင့် အမျိုးသားတစ်ယောက် တစ်လှမ်းချင်းစီ ချဥ်းကပ်လာခဲ့သည်။ သေနတ်ကိုင်ထားသောလက်က အနက်ရောင်လက်အိတ်များကို ဝတ်ဆင်ထားပြီး တုန်ယင်မနေဘဲ လုံးဝတည်ငြိမ်နေပေ၏။
သူ့အနောက်ဘက်၌ မီးတိုင်များ၏ အလင်းရောင်ဖြာကျနေပြီး ကောင်းကင်ဘုံ၏ ရွေးနုတ်ခြင်းမျိုးမဟုတ်ဘဲ ငရဲဆီသို့ လမ်းညွှန်ခြင်းနှင့် တူနေသည်။ ထိုလေကာအင်္ကျီနှင့်လူက သေမင်းတမန်ဖြစ်ရမည်။
ထိုလူမိုက်၏မျက်နှာမှာ အကြောက်တရားတို့ကို ဖော်ပြနေသော်လည်း အများစုအား ညအမှောင်ထုဖြင့် ဖုံးလွှမ်းထားသည်။
လင်ရှူးတစ်ယောက် အလွန်ဒေါသထွက်ကာ သူ့ကို ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်၏။ တစ်ဖက်လူက ညည်းညူကာ သေနတ်သမား နီးသည်ထက် နီးလာသည်ကိုကြည့်နေပြီး ဆဲလည်းမဆဲရဲသလို ပြန်ပြီးလည်း မတိုက်ခိုက်ရဲခဲ့ပေ။
လင်ရှူးက ထိန်းမထားဘဲ သူ၏ခြေသလုံးအရိုးကို အကြိမ်အနည်းငယ်လောက် တိုက်ရိုက်ကန်ပစ်လိုက်သည်။ ကန်ချက်တစ်ခုစီတိုင်းက ပြင်းထန်သဖြင့် နောက်ဆုံးတော့ ထိုလူ့မှာ ညှာတာပေးရန် တောင်းပန်ရတော့၏။
"မကန်ပါနဲ့တော့။ ရပ်လိုက်ပါတော့။ ကျုပ်က တစ်စုံတစ်ယောက်ရဲ့ အမိန့်ကြောင့် လုပ်ရတာပါ။ ဒါ ကျုပ်နဲ့ ဘာမှမဆိုင်ပါဘူး!"
ထိုသို့ပြောလာသောအခါ အေးစက်နေသောသေနတ်က သူ၏နဖူးထက် ကျရောက်လာ၏။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး နေရာမှာတင် အေးခဲနေခဲ့သည်။
***
Aurora Novel Translation Team