no

Font
Theme

လင်ရှူးထွက်သွားသောအခါ ယွဲ့တင့်ထန်မှာ ပိုလို့တောင် စိတ်မအေးဖြစ်လာခဲ့ရသည်။

လင်ရှူးက ကိစ္စများကိုဖြေရှင်းရာ၌ လုပ်နိုင်စွမ်းရှိသော်လည်း ၎င်းမှာ သူလုပ်ချင်သည့်အချိန်မှသာ။

သူသာ ရှန်ရှစ်ချီးလိုမျိုး တစ်စုံတစ်ယောက်အား ထပ်ပြီးရန်စမိပါက...

နှစ်နာရီကြာပြီးနောက် နေ့လယ်ရောက်ခါနီးတွင် ယွဲ့တင့်ထန်မှာ နောင်တတို့ အထွတ်အထိပ်ကိုရောက်ရှိနေချေပြီ။

သူက ဖုန်းကိုကောက်ယူကာ ဟိုတယ်၏နံပါတ်ကို ဆက်လိုက်၏။

"အမိန့်ရှိပါ၊ ရှန်ဟိုင်းဟိုတယ်ကပါခင်ဗျာ။"

"နိဟောင်၊ ကျွန်တော့်မျိုးရိုးနာမည်က ယွဲ့ပါ။ ကျေးဇူးပြုပြီး လေးရာသီစားသောက်ဆိုင်ကို လွှဲပေးနိုင်မလား။ ကျွန်တော် တစ်စုံတစ်ယောက်ကို ရှာချင်လို့ပါ။"

"ရပါတယ် မစ္စတာယွဲ့။ ကျေးဇူးပြုပြီး ခဏကိုင်ထားပေးပါ။"

တစ်ဖက်လူ၏စွမ်းဆောင်ရည်က မနှေးကွေးသော်လည်း ယွဲ့တင့်ထန်၏မျက်ခွံများက ခပ်မြန်မြန်လှုပ်ရှားသွားသည်။

ဘယ်ပျော်၊ ညာငိုလား၊ ဒါမှမဟုတ် ဘယ်ငို၊ ညာပျော်လား။

(TN/ဘယ်ဘက်ကလှုပ်ရင် ဘာဖြစ်တယ်။ ညာဘက်လှုပ်ရင် ဘာဖြစ်တယ်ဆိုတဲ့ဟာပါ။)

နိုင်ငံခြားပညာသင်မှ ပြန်လာခဲ့ပြီးနောက် အသိပညာဗဟုသုတများ ပြည့်ဝနေသော ပါမောက္ခယွဲ့မှာ သူ့ဘိုးဘေးများ၏အယူသီးမှုတို့ကို စတင်စဥ်းစားနေတော့၏။ စားသောက်ဆိုင်ဘက်မှ အလျင်အမြန် တုံ့ပြန်လာခဲ့သည်။

"နိဟောင်၊ မစ္စတာယွဲ့။ ဘယ်သူ့ကိုများ ရှာနေတာပါလဲ။"

"မင်းတို့ဟိုတယ်မှာ ကျန်းနာမည်နဲ့ ဧည့်သည်ရှိတယ်၊ မိန်းကလေးကျန်း။ သူ(မ)က ဒီနေ့ မင်းတို့စားသောက်ဆိုင်မှာ အမျိုးသားဧည့်သည်တစ်ယောက်နဲ့ နေ့လယ်စာစားလိမ့်မယ်။ သူက ကျွန်တော့်သူငယ်ချင်း၊ ကျွန်တော် သူနဲ့စကားပြောဖို့လိုလို့ ကျေးဇူးပြုပြီး အဲ့ဒီအမျိုးသားကို ဖုန်းလာဖြေဖို့ သွားပြောပေးလို့ရမလား။"

"စိတ်မကောင်းပါဘူး မစ္စတာယွဲ့။ မိန်းကလေးကျန်းနဲ့ အဲ့ဒီလူကြီးမင်းက အခုလေးတင် ပြန်သွားပါပြီ။"

"သူတို့ အတူတူပြန်သွားကြတာလား။"

"ဟုတ်ပါတယ်။ မိန်းကလေးကျန်း ရောက်လာတုန်းက သူ(မ)ကိုကြည့်ရတာ တော်တော်လေး စိတ်ဆိုးနေတဲ့ပုံပါပဲ။ ဒါပေမဲ့ အဲ့ဒီလူကြီးမင်းရောက်လာပြီး စားသောက်ပြီးနောက်မှာ သူ(မ)ရဲ့စိတ်အခြေအနေက တိုးတက်လာခဲ့တယ်။ သူတို့ ပြန်ထွက်သွားတော့ သူ(မ)က ပြုံးတောင်ပြုံးနေခဲ့ပါတယ်။"

"သူတို့ ဘယ်ထွက်သွားတာလဲ သိလား။"

"ကျွန်တော်တို့ ငွေရှင်းတဲ့အချိန်မှာ မိန်းကလေးကျန်းက လက်တလောရုပ်ရှင်တွေအကြောင်းကို ပြောနေပါတယ်။ အဲ့ဒီလူကြီးမင်းက သူ့မှာ လက်မှတ်တွေရှိတာမို့ နာမည်ကြီးမင်းသမီး ဟယ်ရို့အန်းရဲ့ဇာတ်ကားကိုကြည့်ကြဖို့ အကြံပေးနေတာကို အမှတ်မထင် ကြားခဲ့ရပါတယ်။"

ယွဲ့တင့်ထန်: "..."

သူ၏နှုတ်ခမ်းတို့ တွန်းချိုးသွားပြီး 'ငါသိနေတယ်' နှင့် 'ထင်တဲ့အတိုင်းပဲ' ဟူ၍ ခံစားလိုက်ရလေသည်။

ညနေ ၅ နာရီပတ်ဝန်းကျင်၌ ယွဲ့တင့်ထန်သည် ကျောင်းမှပြန်လာပြီး ရဲဌာနကို ပြန်ရောက်လာခဲ့သည်။

ရုံးခန်းမှာ တိတ်ဆိတ်ပြီး ဗလာကျင်းနေဆဲ။ လင်ရှူး၏စားပွဲပေါ်မှ ဖိုင်များသည် ယနေ့မနက် သူထွက်သွားချိန်တုန်းကအတိုင်း ရှိနေဆဲဖြစ်ရာ သူ ပြန်မလာဘူးဆိုသည်အား ညွှန်ပြနေလျက်။

ယွဲ့တင့်ထန် မျက်မှောင်ကြုတ်လိုက်၏။

လင်ရှူးက ကိစ္စများကိုကိုင်တွယ်ရာ၌ ထက်မြက်သူတစ်ဦးဟု သူ ထင်ခဲ့မိသည်။

ရှန်ရှစ်ချီးနှင့် မမျှော်လင့်ဘဲ ပတ်သက်ခဲ့သော်လည်း ကျန်းချုန်းယွင်အကြောင်းကို သူသတိပေးလိုက်ပြီးနောက် လင်ရှူး သူ(မ)နှင့် နီးနီးကပ်ကပ်မနေသင့်ပေ။

သူ့အား စိတ်ပျက်သွားမိသည်။ ဉာဏ်ရည်ထက်မြက်သူတစ်ယောက်က ချမ်းသာကြွယ်ဝမှုနှင့် အာဏာတို့ကြားမှာ ဆင်ခြင်နိုင်စွမ်းများ မည်သို့ပျောက်ရှသွားနိုင်ရသနည်း။

...

ယွဲ့မိသားစုအိမ်တော်က အေးစက်ကာ ခြောက်ကပ်နေ၏၊

ယွဲ့ချွင်းရှောင်မှာ တွန့်ဆုတ်နေသော်လည်း သူ(မ)၏ခင်ပွန်းနှင့်တွေ့ဆုံရန် နန်ကျင်းသို့ ထွက်ခွာသွားခဲ့သည်။

ပုံမှန်အားဖြင့် ယွဲ့တင့်ထန် အိမ်ပြန်ရောက်လျှင် သူ့အစ်မ၏ နွေးထွေးသောကြိုဆိုမှုနှင့် ဆီးကြိုခံရသည်။ ယနေ့မှာတော့ ပူနွေးနွေးဟင်းလျာများရှိနေသော်လည်း အားလုံးက အစေခံများ ချက်ပြုတ်ထားခြင်းပင်။

အများဆုံးမှ အိမ်တော်ထိန်းအိုကြီးကပဲ သူနှင့် စကားအနည်းငယ် ဖလှယ်လိမ့်မည်ပင်။ သူ ရုတ်တရက်ဆိုသလို အဆင်မပြေဖြစ်လာခဲ့သည်။

"ဒီနေ့ည စွပ်ပြုတ်တစ်မျိုးမျိုးချက်လား။" သူက မေးလိုက်၏။

"ဟုတ်ကဲ့ ရှိပါတယ်။ အပြင်မှာ အရမ်းအေးပြီး သခင်လေးက တစ်နေကုန်လုံး အလုပ်လုပ်ခဲ့ရတာဆိုတော့ သခင်လေးရဲ့စွမ်းအင်ကို ပြန်ဖြည့်ဖို့လိုပါတယ်။ သခင်မလေးက သူ(မ)မသွားခင် နေ့စဥ်ဟင်းလျာစာရင်းကို ပြင်ဆင်ပေးခဲ့ပြီးတော့ မီးဖိုချောင်းကို အဲ့ဒီအတိုင်းလိုက်နာဖို့ မှာကြားခဲ့ပါတယ်။ ဒီနေ့ညအတွက် နှစ်နာရီလောက်ပြုတ်ထားတဲ့ ဘဲသား၊ လက်ဖက်ရွက်နဲ့ မှိုစွပ်ပြုတ်ချက်ထားတယ်။ ဦးလေးသွားထည့်ပေးမယ်။"

(TN/ ယွဲ့တို့အိမ်ရဲ့ အိမ်တော်ထိန်းက အမျိုးသားကြီးပါ။ ရှေ့ပိုင်းတွေမှာ အမျိုးသမီးအနေနဲ့ရေးမိခဲ့ရင် ဒီကနေစပြီး ပြောင်းဖတ်ပေးပါနော်။ ဒါပေမဲ့ လင်အိမ်ရဲ့အန်တီဟုန်ကလွဲပြီး မပါသေးဘူးလို့ထင်ပါတယ်။)

အိမ်တော်ထိန်းကြီးက ထိုသို့ပြောပြီးနောက် တံခါးဘဲလ်က မြည်လာ၏။

"ဘယ်သူများပါလိမ့်။ ဒီလောက်နောက်ကျနေပြီကို သခင်မလေးက တစ်ခုခုမေ့ခဲ့လို့ ပြန်လာတာများလား..."

လူအိုကြီးက တံခါးဆီလျှောက်သွားရင်း တီးတိုးဆိုနေခဲ့၏။

သူ တံခါးသွားဖွင့်စရာမလိုအပ်ပေ။ အစေခံတစ်ယောက်က အပြေးရောက်လာပြီး တင်ပြလာခဲ့သည်။

"စတုတ္ထသခင်လေး၊ မစ္စတာလင်ရောက်လာပါတယ်။"

သော့ကိုင်ထားသော ယွဲ့တင့်ထန်၏လက်တို့က ရပ်တန့်သွားခဲ့သည်။

သူ ထိုလူ့ကို ဝင်ခွင့်ပေးရမည့်အစား မေးလိုက်၏။

"သူက ဘာလိုချင်လို့လဲ။"

"မစ္စတာလင်ပြောတာတော့ ညစာမစားရသေးလို့ တစ်နပ်လောက်လာစားတာပါတဲ့။"

အစေခံကလည်း အံ့အားသင့်နေပြီး ထမင်းတစ်နပ်စားရန် ယခုလိုမျိုး ပွင့်ပွင့်လင်းလင်းတောင်းဆိုတတ်သည့် တစ်စုံတစ်ယောက်အား တစ်ခါမှမမြင်ခဲ့ဖူးချေ။

ယွဲ့တန့်ထန်က မျက်ခုံးပင့်လိုက်၏။ "ငါတို့ညစာစားပြီးသွားပြီလို့ သူ့ကိုပြောလိုက်။ ပြီးတော့ သူ့ကို စောင့်နေခိုင်းလိုက်။"

သူပြောပြီးသည်နှင့်တစ်ပြိုင်နက် အပြင်မှလင်ရှူး၏အသံအား ကြားလိုက်ရလေသည်။

"ခေါင်းဆောင်ယွဲ့၊ လောင်ယွဲ့၊ မင်း အဲ့လိုလုပ်လို့မရဘူးလေ။ မင်းက မင်းရဲ့အတန်းဖော်ဟောင်း၊ မင်းရဲ့သူငယ်ချင်း၊ မင်းရဲ့လက်အောက်ငယ်သားကို အပြင်မှာထားချင်လို့လား။ ချွင်းရှောင်ကျဲက အခုမှထွက်သွားတာကို မင်းက ငါ့ကို အနိုင်ကျင့်နေပြီပေါ့။ မင်း ငါ့ကို ထမင်းတစ်နပ်တောင် မကျွေးတော့ဘူးလား။ လက်မခံနိုင်စရာကိစ္စပဲ! မင်း စားပြီးပြီဆိုပြီးတော့ လှည့်စားဖို့ကြိုးစားနေတာလား။ ငါ ဘဲသားစွပ်ပြုတ်အနံကို ရနေတယ်နော်!"

ယွဲ့တင့်ထန်မှာ အခိုက်အတန့်တစ်ခုလောက် တိတ်ဆိတ်သွားပြီး နောက်ဆုံး၌ ယခုလိုသာပြောလိုက်ရ၏။ "ဝင်လာခိုင်းလိုက်။"

အိမ်တော်ထိန်းမှာ အပြုံးကိုထိန်းချုပ်ကာ သူကိုယ်တိုင် အပြင်ဘက်ကလူအား သွားခေါ်လာခဲ့တော့သည်။

အမှန်မှာ သူသည် လင်ရှူးအား တော်တော်လေးသဘောကျပေ၏။

အကြောင်းပြချက်က ရိုးရှင်းပေသည်။ လင်ရှူးရှိနေလျှင် စတုတ္ထသခင်လေးက မကြာခဏ ဒေါသထွက်ကာ စကားမပြောနိုင်တော့လျှင်တောင် အမြဲလိုလို အေးစက်ကာ သီးသန့်ဆန်သော ယွဲ့မိသားစုတို့က အခိုက်အတန့်တစ်ခုလုံး ရယ်မောသံများဖြင့် ပြည်နှက်နေတတ်၏။

လင်ရှုးက သက်ပြင်းချကာ အိမ်ထဲဝင်လာပြီး ယွဲ့တင်ထန်နှင့်မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်လေသည်။

"ဦးလေးကျိုး၊ ကျွန်တော့်ကို အသားများများနဲ့ စွပ်ပြုတ်လေးတစ်ပန်းကန်လောက်ပေးပါ။ ကျွန်တော် ဗိုက်အရမ်းဆာနေပြီ!"

အိမ်တော်ထိန်းမှာ ရယ်မောကာ ပြောလာ၏။ "ဟုတ်ပြီ၊ ဟုတ်ပြီ။ ဦးလေးကိုယ်တိုင် ပြင်ပေးမယ်။"

ယွဲ့တင့်ထန်က ပြောလာ၏။ "မင်းကိုယ်မင်း အပြင်လူတစ်ယောက်လို သဘောမထားဘူးလား။"

"ခေါင်းဆောင်ယွဲ့ကလည်း မျှတမှုမရှိလိုက်တာ!" လင်ရှူးက ခေါင်းယမ်းလိုက်၏။ "ဒီနေ့ မင်းအတွက် ကျားမေမေနဲ့တိုက်ခိုက်ဖို့ ငါ့အသက်ကိုစွန့်စားခဲ့ရတယ်။ ပြီးတော့ ဟယ်ရို့အန်းရဲ့အမှုကိုလည်း စစ်ဆေးဖို့အတွက် အချိန်ယူခဲ့ရသေးတယ်။ အဲ့ဒါတောင် ငါ့ကို ထမင်းလေးတစ်နပ်တောင် မစားစေချင်ဘူးလား။ သတိထားနေနော်။ ငါ မင်းအကြောင်းကို နန်ကျင်းဆီ သတင်းပို့ပစ်လိုက်မယ်။"

"အနီးနားကမီးကို အဝေးကရေနဲ့ ငြိမ်းသက်လို့မရဘူး။" ယွဲ့တင့်ထန်က သူ၏ကိုယ်ပိုင်ပန်းကန်အား ညွှန်ပြလိုက်၏။

"ဒီနေ့အခြေအနေတွေအားလုံးကို ငါ့ကိုပြောပြ။ သတင်းကောင်းမဟုတ်လို့ကတော့ မင်းအတွက် စားစရာမရှိဘူး။ ဦးလေးကျိုး သူ့ကို ဘာစွပ်ပြုတ်မှမပေးနဲ့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment