no

Font
Theme

လင်ရှူး အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် သူသည် ရှောက်ကျိခေါက်ဆွဲဆိုင်ပိုင်ရှင်နှင့် ပျော်ရွှင်စွာ စကားပြောဆိုရင်း သောက်စားကာ အချင်းချင်း အဖော်ပြုပေးနေခဲ့ကြ၏။ လောင်ရှောက်က သူ၏အဆုံးမရှိသော နွားများအကြောင်း ကြွားလုံးထုတ်နေစဥ် လင်ရှူးက ကြက်သားခေါက်ဆွဲ၏ဟင်းရည်များကို တရှူးရှူးသောက်ရင်း လောင်ရှောက်၏ ရိုးရှင်းသောအချိန်များကို လွမ်းဆွေးမှုတို့ရောယှက်နေသည့် တက်ကြွသောစကားဝိုင်းကို ကြည့်ရှုနေခဲ့သည်။ ရုတ်တရက် ကျယ်လောင်သောဆူညံသံတစ်ခုက သူ၏အိပ်မက်ကို ကြားဖြတ်နှောင့်ယှက်ခဲ့၏။

သူ ထိတ်လန့်တကြား နိုးထလာခဲ့ပြီး လောင်ရှောက်ဆုံးပါးသွားတာ ရက်ပေါင်းအတော်ကြာနေပြီဖြစ်ကြောင်း သတိပြုမိသွားကာ သူ၏အိပ်မက်က အိပ်မက်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူ၏အမူအရာပြောင်းလဲသွားပုံကို ယွဲ့တင့်ထန်က သတိပြုမိသွားပြီး ပြောလိုက်သည်။ "ထတော့၊ မင်း သွားရည်တွေကျနေပြီ။"

လင်ရှူးက အလိုလိုပင် သူ၏ပါးစပ်ကို သုတ်လိုက်ပြီးနောက် မေးလိုက်သည်။ "ငါ သွားရည်ကျခဲ့တာလား။"

ယွဲ့တင့်ထန်က အမူအရာမဲ့ တည်ရှိလျက်။

လင်ရှူးက အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ၏စာအုပ်ကို ပိတ်လိုက်သည်။ "မင်း အလုပ်ပြီးသွားပြီလား။ နေ့လယ်စာသွားစားကြစို့။"

ယွဲ့တင့်ထန်က စာရွက်အနည်းငယ်သာ လှန်ရသေးသော စာအုပ်ပါးလေးကို တစ်ချက်ကြည့်ကာ သူ့ဘာသာသူ တွေးလိုက်မိသည်။ 'စာဖတ်တာလည်း တယ်မြန်သကိုး။'

လင်ရှူးက အလျင်အမြန်ပြောလာ၏။ "အပြင်သွားစားရအောင်။"

ယွဲ့တင့်ထန်က သူ၏လည်စည်းပဝါနှင့် အနွေးထည်ကို ကောက်ယူကာ ထွက်လာခဲ့လိုက်သည်။ နေရောင်က ၎င်းတို့၏အနွေးထည်များ ချိတ်ထားသောနေရာတည့်တည့်ကို တိုက်ရိုက်အလင်းပေးနေသဖြင့် နေရောင်ခြည်အလွှာလေးကို ဝတ်ဆင်ထားသလိုမျိုး နွေးထွေးနေစေ၏။

လင်ရှူးမှာ ရုတ်ခြည်းဆိုသလို အေးချမ်းမှုလေးကို ခံစားလိုက်ရသည်။

"ဘာစားချင်လဲ။" ယွဲ့တင့်ထန်က မေးလာ၏။

"မင်းရော ဘာစားချင်လဲ။" လင်ရှူးက ပြန်မေးလိုက်သည်။

"ကြက်သားခေါက်ဆွဲ?"

"ကောင်းပြီ။"

"တကယ်တော့ ငါ စောစောက အမဲသားခေါက်ဆွဲအကြောင်း အိပ်မက်မက်နေခဲ့တာ၊ ဒီတော့ အဲ့ဒါသွားစားရအောင်။"

"..."

....

နေ့လယ်စာစားပြီးနောက် နှစ်ဦးသားက ကျောင်းသို့သွားခဲ့ကြသည်။

လာရာလမ်းတစ်လျှောက် ကျောင်းသားများက ယွဲ့တင့်ထန်ကို အဆက်မပြတ် နှုတ်ဆက်နေသည့်အတွက် ကျောင်းသားများကြား ယွဲ့တင့်ထန်က နာမည်ကြီးကြောင်း လင်ရှူး သတိပြုမိလိုက်သည်။

အထူးသဖြင့် ကျောင်းသူများပင်။ ယနေ့ခေတ်တွင် ဒီမိုကရေစီနှင့် သိပ္ပံပညာ၏ ဆောင်ပုဒ်များ ထွက်ပေါ်လာလေပြီ။

တချို့မိသားစုများက ၎င်းတို့၏သမီးများကို ကျောင်းပို့ကြသော်လည်း အများစုကတော့ တစ်ဖက်ပိတ်သာရှိသေးသည်။ တက္ကသိုလ်များရှိ ကျောင်းသူများမှာ အသိပညာဖွံ့ဖြိုးသောမိသားစုများ၊ အစိုးရအရရှိများ၊ သို့မဟုတ် နိုင်ငံခြားပညာသင်မှ ပြန်လာကြသူများဖြစ်ကြ၏။

၎င်းတို့၏နောက်ခံနှင့်ပတ်သက်၍ မိသားစုများသည် ၎င်းတို့ကလေးများ၏ ကျောင်းလခများကို ပေးဆောင်ရန် ချမ်းသာကြွယ်ဝမှုတချို့ ရှိရပေမည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသူများမှာ ဇာမဏီအမွေးတောင်နှင့် ယူနီကွန်းဦးချိုများပမာ ရှားပါးလှပေသည်။

၎င်းတို့အားလုံးက လူ့ပတ်ဝန်းကျင်တွင် ထူးချွန်သောအမျိုးသမီးများ ဖြစ်ကြ၏။

ထိုကဲ့သို့ အမျိုးသမီးများကနေ ကြိုဆိုပေးသော ပါမောက္ခများသည် ထုံးစံအတိုင်း ထူးခြားမှုရှိကြသည်။

သို့သော်လည်း ယနေ့ အနည်းငယ်ကွဲပြားနေ၏။

ယွဲ့တင့်ထန်ပေါ် သဘောကျလေးစားမှုတို့က ယခု ပါးလျနေပေသည်။

ယခုအခိုက်အတန့်တွင် ယွဲ့တင့်ထန်၏အနောက်မှာ ရပ်နေသော လင်ရှူးက ဦးဆောင်သွားခဲ့သည်။ တချို့ရဲတင်းသော ကျောင်းသူများက ယွဲ့တင့်ထန်ကိုနှုတ်ဆက်ပြီး လင်ရှူးအကြောင်းကို မေးမြန်းခဲ့ကြသည်။

"မစ္စတာယွဲ့၊ ဒါက သူငယ်ချင်းလား။"

မစ္စတာယွဲ့က 'သူ့ရဲ့အသွင်အပြင်ကြောင့် အရူးလုပ်မခံပါနဲ့။ ဒီလူက《လူမှုကိစ္စများကို ဆွေးနွေးခြင်း》ကို သုံးမျက်နှာပဲဖတ်ပြီး အိပ်ပျော်သွားတဲ့သူပါ။' ဟု ပြောချင်နေခဲ့သည်။

"ဟုတ်ပါတယ်။ ဒါ ကိုယ့်လက်ထောက် လင်ရှူးပါ။"

ကျောင်းသူများ၏မျက်လုံးများက တောက်ပသွားကြသည်။ "ဒါဆို သူကလည်း ကျောင်းကဆရာတစ်ယောက်ပေါ့?"

"သူက မြို့တော်ရဲဌာနက ကိုယ့်ရဲ့အကြံပေးလက်ထောက်ပါ။ ဒီကျောင်းကဆရာမဟုတ်ပါဘူး။" မစ္စတာယွဲ့က ပြန်ပြောခဲ့သည်။

ကျောင်းသူများမှာ စိတ်ပျက်မသွားကြချေ။

ထိုအစား လင်ရှူးထံ လက်ဆန့်ပေးကာ ပြောလာ၏။

"နိဟောင်၊ ကျွန်မက ရှောင်ယွဲ့ပါ၊ လွမ်းဆွေးတယ်ရဲ့ ရှောင်၊ လမင်းရဲ့ ယွဲ့ပါ။"

ထိုမိတ်ဆက်ခြင်းက လင်ရှူးအား ရှင်းယွဲ့ကော်ဖီဆိုင်ကို တွေးမိသွားစေသော်လည်း ရှောင်းယွဲ့၏အသွင်အပြင်က ကော်ဖီဆိုင်နှင့် ဘာမှသက်ဆိုင်မှုမရှိချေ။ ထိုအသား သူ(မ)က ကဗျာဆရာ၏ ဖောင်တိန်အောက်မှ လမင်းလေးနှယ် ကျက်သရေရှိပြီး မြင့်မြတ်ကာ ကဗျာလို၊ ပန်းချီလို အရည်အသွေးမျိုးရှိပေ၏။

"နိဟောင်၊ ကိုယ့်နာမည်က လင်ရှူးပါ။"

ကျောင်းသူလေး၏ ဆံပင်တိုလေးက သူ(မ)၏လှုပ်ရှားမှုအတိုင်း လှုပ်ရှားသွားခဲ့သည်။

"လင်းပင်းရဲ့ လင်၊ ရှူးအမတ်ရဲ့ ရှူးပါ။"

ကျောင်းသူလေးက ကြုံတောင့်ကြုံခဲမြင်ကွင်းကြောင့် ရှက်သွေးဖြာသွားခဲ့သည်။ "ဟုတ်ပါပြီ။ ကျေးဇူးတင်ပါတယ်၊ လင်ရှူး။ ကျွန်မ အမှတ်ရနေမှာပါ။ ရှင် အချိန်ရရင် ကျောင်းကိုလာပြီး သင်ခန်းစာတွေ နားထောင်ဖို့လာခဲ့လေ။ ရှင်က ရဲအရာရှိ၊ ဟုတ်တယ်မလား။ ကျွန်မတို့မှာ သမိုင်းအတန်းရှိတယ်၊ ရှင် လာပြီးနားထောင်လို့ရပါတယ်။"

လင်ရှူးက ပြုံးလိုက်၏။ "မင်းကို သမိုင်းကြောင်းသင်ပေးတဲ့ဆရာက ကိုယ့်ဘေးမှာရှိတယ်လေ။ ကိုယ့်ကို တခြားအတန်းတစ်ခုခုကို ဖိတ်ခေါ်သင့်တာမဟုတ်ဘူးလား။"

ကျောင်းသူက တစ်စုံတစ်ခု ပြောချင်သော်လည်း သူ(မ)၏အဖော်က အတော်လေးရှက်နေပြီဖြစ်ရာ သူ(မ)အား ဆွဲခေါ်သွားခဲ့လေသည်။

လင်ရှူးက သက်ပြင်းချလိုက်၏။ "ကျောင်းသားဖြစ်ရတာ တကယ်ကောင်းတာပဲ။ စာအုပ်လှန်သံလေးတွေရယ်၊ တက်ကြွတဲ့စွမ်းအင်တွေရယ်။"

ယွဲ့တင့်ထန်: ...

ကျောင်းသူတွေနဲ့ စကားပြောရတာ အဲ့လောက်တောင် ကောင်းနေတာလား။

လင်ရှူးအား သဘောကျသူများ အများအပြားရှိကြောင်း သူသိထားသော်လည်း အတိုင်းအတာကို သူ လျှော့တွက်ထားမိသည်။

သူသည် ကျောင်းဝန်းထဲကနေ ရုံးခန်းဆီသို့ လမ်းလျှောက်သွားတာတောင် ရစ်ဝဲနေသော သဘောကျလေးစားသူများကြောင့် နှောင့်နှေးရမည်ဟု တစ်ခါမှ စိတ်မကူးခဲ့ဖူးချေ။

ကံကောင်းစွာဖြင့် ရုံးခန်းထဲ၌ တစ်စုံတစ်ယောက်ကို အလွယ်တကူ ရှာတွေ့ခဲ့လေ၏။

တရုတ်ဘာသာကို သင်ကြားပေးသူ ပါမောက္ခကျောက်က အားလပ်နေခဲ့သည်။

သူက ၎င်းတို့၏တောင်းဆိုချက်ကို ကြားသိလိုက်ရသောအခါ အူလှိုက်သည်းလှိုက် ရယ်မောခဲ့ပြီး သက်သေဖြစ်ပေးဖို့ သဘောတူခဲ့၏။ သူက ဖယောင်းတိုင်နှစ်တိုင်ကိုတောင် ထွန်းညှိပေးကာ စာရွက်နီအား မီးအပေါ်မှာ ကင်ပေးခဲ့သေးသည်။ ခဏကြာပြီးနောက် စာကြောင်းတချို့က စာရွက်ပေါ်မှာ ပေါ်လာခဲ့၏။

"မစ္စတာလင်နဲ့ မစ္စတာယွဲ့၊ ရှင်တို့ရဲ့ စောင့်ရှောက်ပေးမှုအတွက် ကျွန်မကျေးဇူးတင်တာကို လက်ခံပေးပါ။ ကျွန်မ ရှင်တို့ကို လူကိုယ်တိုင်လာမတွေ့နိုင်တဲ့အတွက် နောင်တရမိပါတယ်။ ကျွန်မ ရှင်တို့နဲ့မတွေ့ရတာ ရက်ပေါင်းတော်တော်ကြာနေပါပြီ။ ရှင်တို့ ဒီညအား၊ မအား မသိပေမဲ့ ရှင်တို့ကို ပေါင်ဖုန့်အဆောက်အအုံရဲ့ နေနဲ့လ အဆောင်တော်ဆီလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ ကျေးဇူးပြုပြီး ဧည့်သည်တော်များအဖြစ် တက်ရောက်ပေးကြပါဦး။ ကျွန်မက ပွဲကျင်းပတဲ့သူပါ။

ပြီးတော့ မစ္စတာလင်က စကားထာတွေဖြေရှင်းရတာကို သဘောကျတာတယ်ဆိုတာ သိတဲ့အတွက်ကြောင့် ဖိတ်ကြားလွှာကို ပိုပြီးစိတ်ဝင်စားစရာကောင်းအောင် ပြင်ဆင်လိုက်ပါတယ်။ တကယ်လို့ တစ်နည်းနည်းနဲ့ စော်ကားမိခဲ့တာတွေရှိရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

သူ(မ)က ၎င်းတို့ကို ညစာအတွက် ဖိတ်ခေါ်ထားခြင်းဖြစ်နေ၏။

လင်ရှူးမှာ အနည်းငယ်စိတ်ပျက်ကာ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ မျှော်လင့်ထားသည့်အတိုင်း ဟယ်ရို့အန်းက ယွဲ့တင့်ထန်၏အမည်ကိုပါ ဖော်ပြသွားခဲ့၏။

ရွှေမှုန်လေးများပါသော ထူးခြားသည့် ဖိတ်ကြားလွှာမှာ ရိုးရှင်းသောဖိတ်စာတစ်စောင်သာ။

"ဘာဖြစ်လို့လဲ။ မင်းအတွက်ပဲမဟုတ်လို့ စိတ်ပျက်သွားပြီလား။" ယွဲ့တင့်ထန်က စိတ်အခြအနေကောင်းနေ၏။

"လောင်းကြေးကို မမေ့နဲ့။ လောင်ကျောက်၊ မင်းက မျက်မြင်သက်သေပဲနော်။ " ယွဲ့တင့်ထန်က ပါမောက္ခကျောက်ကို သတိပေးလိုက်၏။

"မစ္စတာလင် ကစားပွဲမှာ ရှုံးသွားပါပြီ!" ပါမောက္ခကျောက်က ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့သည်။

ယွဲ့တင့်ထန်နှင့်မတူဘဲ လင်ရှူး၏စိတ်အခြေအနေက လဲလျောင်းပြီးကာမှ သုံးမိနစ်ခန့် အမခံထားရပြီး တစ်ညလုံး အလုပ်လုပ်ဖို့အပြောခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။

သူသည် သူ့ကို ညစာဝယ်ကျွေးမည့် အလှလေးအား စိတ်ဝင်စားမှုမရှိတော့ပေ။

သို့သော် သူရော၊ ယွဲ့တင့်ထန်ရော ယခုအခိုက်အတန့်၌ တစ်စုံတစ်ခုကို သိလိုက်ကြရ၏။ ဟယ်ရို့အန်း၏စိတ်အခြေအနေက အလွန်ဆိုးဝါးနေသည်။

စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားတချို့ ရှိနေ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment