ဟယ်ရို့အန်းအတွက် လက်ရှိပတ်ဝန်းကျင်၌ သူ(မ)၏စိုးရိမ်စိတ်များနှင့် အကြောက်တရားတို့ကိုဖော်ပြရန် မလွယ်ကူချေ။ သူ(မ)၏အောင်မြင်မှုနှင့်ဆို သူ(မ)၏အမူအကျင့်များကနေ အနည်းငယ်သွေဖယ်သွားလျှင်တောင် သတင်းစာထဲကြော်ငြာကာ လူထုဆီမှ ဝေဖန်ခံရလိမ့်မည်။
သူ(မ)သည် လင်ရှူးကို အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးပြီး မရင်းနှီးသော်လည်း ယခုလိုအခိုက်အတန့်၊ ယခုလိုနေရာမှာ သူ(မ) သူ့ကိုရင်ဖွင့်နိုင်ပြီး သူ(မ)၏ ဝန်ထုပ်ဝန်ပိုးတချို့ကို သက်သာရာရစေနိုင်၏။ သူ(မ)၏အလှတရားနှင့်တောင် သူ(မ)သည် ရင်ဖွင့်ဖို့အတွက် တောင့်တနေဆဲပင်။
နောက်ဆုံးတွင် သူ(မ)ထိန်းချုပ်ထားရသောအရာကို ထုတ်ပြောနိုင်လိုက်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏၊ ဟယ်ရို့အန်း၏အမူအရာက ပို၍ပေါ့ပါးလာခဲ့သည်။
"ရှင်တို့နှစ်ယောက်လုံးရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ရှင်တို့တွေ ကြေးနီပြားလိုအရာတွေကို ဂရုမစိုက်တာ ကျွန်မသိပါတယ်။ ကျွန်မ ရှင်တို့ရဲ့ သန့်စင်တဲ့စိတ်ကို မစော်ကားချင်ပါဘူး။ ဒီနှစ်တွေထဲ ကျွန်မရဲ့စုငွေတွေနဲ့ ကျောက်စိမ်းပန်းချီကားတွေကို စုဆောင်းနိုင်ခဲ့တယ်။ အဲ့ဒါတွေက တန်ကြေးများများစားစားမရှိပေမဲ့ တချို့က နာမည်ကျော်ကြားတဲ့ စုန့်တို့၊ မင်တို့ရဲ့ လက်ရာတွေပါ။"
ယွဲ့တင့်ထန်က ပြန်ပြောလိုက်၏။ "ကျွန်တော်တို့က အဲ့ဒီပစ္စည်းတွေအတွက်နဲ့ မင်းကိုကူညီပေးတာမဟုတ်ဘူး။"
ဟယ်ရို့အန်းက တက်ကြွစွာပြောလာခဲ့သည်။ "ကျွန်မနားလည်ပါတယ်။ ဒီပစ္စည်းတွေက ဇာစ်မြစ်လည်းသန့်ရှင်းပြီး သန့်စင်တဲ့ငွေတွေနဲ့ ဝယ်ယူထားတာပါ။ ကျေးဇူးပြုပြီး မငြင်းပါနဲ့ရှင်။ ကျွန်မ ဘယ်လောက်ပဲပေးပေး ကျွန်မရဲ့ကျေးဇူးတင်မှုကို မဖော်ပြနိုင်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ဒါ ကျွန်မတွေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းမို့ပါ။ ရှင်တို့ လက်မခံရင် ကျွန်မ ရှင်တို့ဆီကနေ နောက်ထပ်အကူအညီတောင်းဖို့ မျက်နှာရှိမှာမဟုတ်တော့ဘူး။"
သူ(မ)က ယခုလိုထိပြောလာသည့်အတွက် ယွဲ့တင့်ထန်မှာ ပြောစရာမရှိတော့ချေ။
ရုတ်တရက် လင်ရှူးက ချောင်းဟန့်လိုက်၏။ "မိန်းကလေးဟယ်၊ မင်းပြောတဲ့အရာက ထူးခြားတာပဲ။ မစ္စတာယွဲ့က သာလွန်တဲ့နောက်ခံရှိတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးဆိုတော့ သေချာပေါက် အဲ့လိုအရာတွေကို သဘောကျမှာပါ။ ကျွန်တော်ကတော့ မတူဘူး။ ကျွန်တော်က အရမ်းကိုသာမန်ဆန်တယ်။ ရှေးဟောင်းပစ္စည်းတွေ၊ လက်ရေးလှပန်းချီတွေ တစ်ခုမှသဘောမကျပါဘူး။ ကျွန်တော်က သမ္မတယွမ်ရဲ့ ထိပ်ပြောင်ကိုပဲ သဘောကျတာ။"
ယွဲ့တင့်ထန်: ...
ဟယ်ရို့အန်းမှာ မရယ်ဘဲ မနေနိုင်ခဲ့ချေ။
သမ္မတယွမ် အာဏာရရှိသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း သူ၏ပုံတူပန်းချီပါသော 'ယွမ်၏ဦးခေါင်း' ငွေအကြွေစေ့ကို လက်ဆင့်ကမ်းလာခဲ့ပြီး ယနေ့ခေတ်အထိ ငွေရေးကြေးရေးမှာ အသုံးပြုနေကြဆဲဖြစ်သည်။
လင်ရှူး၏စကားလုံးများက သူသည် ငွေကြိုက်ပြီး ဟယ်ရို့အန်းက ၎င်းအား တိုက်ရိုက်ပေးနိုင်သည်ဟူ၍။
၎င်းမှာ သဲလွန်စတစ်ခုမဟုတ်တော့ဘဲ ရှင်းလင်းသော အဆိုပြုချက်ပင်။
ယွဲ့တင့်ထန်မှာ ဆွံ့အသွား၏။ လင်ရှူးအား ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင်မလုပ်ဖို့ သူ မည်သို့တားဆီးရမှန်း မသိတော့ပေ။
ဟယ်ရို့အန်းက ဖိနှိပ်ထားသောအပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မနားလည်ပါပြီ။ မစိုးရိမ်ပါနဲ့။"
၎င်းတို့ စကားပြောနေခိုက် သီးသန့်ခန်း၏တံခါးက ပွင့်လာခဲ့ပြီး ဟင်းလျာမျိုးစုံကို တစ်ခုပြီးတစ်ခု လာချပေးခဲ့သည်။
ပေါင်ဖုန်းအဆောက်အအုံ၏ လျှို့ဝှက်ချက်ပြုတ်နည်းဖြင့် ပြုလုပ်ထားသော ခြင်္သေ့ဂဏန်းသားဦးခေါင်းဟင်းလျာအား ကြက်သားပြုတ်ရည်ဖြင့် ချက်ပြုတ်ထားသည်။ အသားလုံးများက ဟင်းရည်အရသာကို စုပ်ယူထားပြီး အနံ့အရသာမွှေးကြိုင်လှ၏။ စားသုံးသူများမှာ မည်သည့်အချိန်၌ ကုန်လို့ကုန်သွားမှန်းမသိအောင် ဟင်းလျာအား အလွန်စွဲလမ်းသွားတတ်ကြသည်။
ဝမ်စစ်တို့ဖူးမှာ အပြင်လူများအတွက် သာမန်တို့ဖူးနှင့်တူသော်လည်း အနီးကပ်ကြည့်ရှုလိုက်လျှင် တို့ဖူးအား ပါးလျသော အမျှင်လေးများအဖြစ် လှီးဖြတ်ထားပြီး အပ်ပေါက်ထဲကိုတောင် ဝင်နိုင်လောက်အောင် အလွန်နူးညံ့လှ၏။ ၎င်းက ပါးစပ်ထဲထည့်လိုက်လျှင် အရည်ပျော်သွားပြီး နူးညံ့သောအထိအတွေ့ရှိကာ သိမ်မွေ့သလို ပြင်းလည်းပြင်းထန်ပေသည်။
နောက်ဆုံးမဟုတ်သော နောက်ထပ်ဟင်းလျာမှာ ငါးရှဥ့်ပုံသဏ္ဌာန် မန်ဒရင်းငါးနှင့် ကြည်လင်သောဝက်သုံးထပ်သားတို့ကို စားပွဲပေါ်တွင် ကျကျနန စီစဥ်ထား၏။ ထိုဟင်းလျာများအား နေရာတိုင်းမှာ တွေ့နိုင်သော်လည်း ပေါင်ဖုန်းအဆောက်အအုံက ခန့်အပ်ထားသော စားဖိုမှူးသည် အမှန်တကယ်ကို အတိုင်းထက်လွန်တော်လှပေသည်။
တူညီသော ပါဝင်ပစ္စည်းများနှင့်တောင် စားသုံးသူများအား ဒါပြီးရင် ဘာလာမှာလဲဟု စိတ်အားထက်သန်စွာဖြင့် စောင့်စားစေတတ်သည်အထိ ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းသော ညစာကို ဖန်တီးပေးနိုင်၏။ ကြာစွယ်နှင့်သကြားခဲ၊ ဆောင်းမျှစ်ပြုတ် စသည့်ဟင်းလျာများလည်း ပါဝင်ပြီး အသားစားသုံးသူများနှင့် အရွက်စားသုံးသူများကိုပါ သွားရည်ယိုစေနိုင်ပြီး လူတိုင်း၏အရသာဖုလေးများကို လှုံ့ဆော်ပေးနိုင်ပေသည်။ အရောင်အဆင်း၊ အနံ့အရသာတို့ပေါင်းစပ်လိုက်သော် လုံးဝလက်ရာမြောက်လှ၏။
"ရှင်တို့နှစ်ယောက်လုံးက မြောက်ပိုင်းကမဟုတ်ဘူးဆိုတော့ ကျွန်မ ဟွိုင်ယန်ဟင်းလျာတွေကိုပဲ မှာထားတယ်။" ဟယ်ရို့အန်းက ပြောလိုက်၏။
"မင်းရဲ့ စဥ်းစားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ မိန်းကလေးဟယ်။ ဒါဆို ကျွန်တော် အားနာမနေတော့ဘူးနော်။"
"ရှင်တို့နှစ်ယောက် ဖြည်းဖြည်းစားနော်။ ကျွန်မ ပင်လုံးကြိုင်ဝိုင်နဲ့ ဆီးစိမ်းဝိုင်ကိုလည်း ခဏနေရင်လာချပေးဖို့ ပြောထားတယ်။" သူ(မ)က ထပ်ဖြည့်ပြောလိုက်၏။
လင်ရှူးရှိနေသည့်အတွက် စုဝေးပွဲသေးသေးလေးကတောင် ပျင်းစရာကောင်းမနေတော့ချေ။
အစားအသောက်များနှင့် ဟယ်ရို့အန်းက တဖြည်းဖြည်း စိတ်အေးလက်အေးဖြစ်လာပြီး ၎င်းတို့နှစ်ဦးနှင့်အတူ စကားဝိုင်းထဲ ဝင်ပါလာခဲ့၏။ သူ(မ)သည် ပညာရေးပိုင်းမှာ ကောင်းကောင်းမလေ့လာခဲ့ဖူးသော်လည်း ရုပ်ရှင်နယ်ပယ်ထဲ ဝင်ရောက်လာချိန်ကတည်းက သူ(မ)၏ကိုယ်ပိုင်အားနည်းချက်တို့ကို သတိပြုမိခဲ့သည်။
သူ(မ)သည် ရှန်ရှစ်ချီးအား အမျိုးမျိုးသောပွဲများတွင် အဖော်ပြုပေးရပြီး သူ(မ)ကိုယ်သူ(မ) တိုးတက်လာအောင် ကြိုးစားအားထုတ်ခဲ့သည်။ သို့နှင့် ဝေါဟာရများကို လေ့လာကာ စာအုပ်များကိုတောင် ဖတ်ခဲ့ပြီး အင်္ဂလိပ်စကားကိုလည်း အနည်းငယ်သော်မျှ ပြောနိုင်လာခဲ့၏။
ထို့ကြောင့် လင်ရှူးနှင့် ယွဲ့တင့်ထန်တို့အား ရင်ဆိုင်ရချိန်၌ စကားအရာမှာ အားနည်းသလိုမခံစားရတော့ဘဲ ၎င်းတို့နှင့်အတူ ဝါကျအနည်းငယ်မျှ ဖလှယ်နိုင်ခဲ့သည်။
လင်ရှူး သောက်တာများသွားသည့်အတွက် ရုတ်တရက်ဆိုသလို သန့်စင်ခန်းသုံးရန် အလျင်လိုလာခဲ့ပြီး ထိန်းမထားနိုင်တော့ချေ။ သူ ခွင့်တောင်းလိုက်ပြီးနောက် သူ့ကိုယ်သူဖြေလျှော့ဖို့ ထွက်လာခဲ့လိုက်၏။
ပြန်လာသည့်လမ်းတွင် ကပ်လျက်သီးသန့်ခန်းမှ စားပွဲထိုးတစ်ဦး လင်ပန်းဖြင့်ထွက်လာသည်နှင့် ကြုံလိုက်ရသည်။ တံခါးက တစ်ဝက်ပွင့်လာပြီး ထိုစားပွဲထိုးမော့ကြည့်လိုက်ရာ လင်ရှူးအား တွေ့လိုက်ပြီး အမြန်လမ်းဖယ်ပေးကာ သူ့ကို တောင်းပန်လာခဲ့သည်။ သို့သော် လင်ရှူး အခန်းထဲသို့ တစ်ချက်ကြည့်လိုက်မိလေ၏။
ထိုအကြည့်က အခန်းထဲကနေ သူ့ကိုကြည့်နေသူအား သတိထားမိသွားဖို့ လုံလောက်ပေသည်။
၎င်းတို့ မျက်လုံးချင်းဆုံသွားကြ၏။
လင်ရှူးတစ်ယောက် မိတ်ဆွေဟောင်းကို တွေ့လိုက်ရသည်။ တစ်ဖက်လူက ကြောင်အမ်းနေပြီးနောက်မှ ဒေါသအဖြစ် ပြောင်းလဲသွားပြီး ထရပ်ကာ သူ့ဆီလျှောက်လာခဲ့သည်။
ကောင်းပြီ၊ ကောင်းပြီ၊ ရန်သူဟောင်းတွေ ထပ်ပြီးတွေ့ဆုံကြတာပေါ့။
လင်ရှူး ရယ်မောလိုက်လေသည်။
တစ်ယောက်က ပြုံးနေပြီး နောက်တစ်ယောက်က ဒေါသထွက်နေ၏။
နှစ်ဦးသား၏တုံ့ပြန်မှုများက လုံးဝကွဲပြားလွန်းလှသည်။
"မင်း ငါ့ရှေ့မှာ ထပ်ပြီးပေါ်လာရဲသေးတယ်ပေါ့?"
ရှန်ရှစ်ချီးက နှာမှုတ်ကာ သူ၏ကိုယ်ပိုင်သက်တော်စောင့်များ ရောက်လာဖို့အထိတောင် မစောင့်နိုင်တော့ဘဲ လက်ဆန့်ထုတ်၍ လင်ရှူး၏ကော်လံကို ဆွဲလိုက်သည်။
လင်ရှူးက ဘေးသို့ခြေလှမ်းကာ လွယ်လင့်တကူရှောင်ရှားလိုက်သည်။
သူ၏လှုပ်ရှားမှုများက ချောမွေ့ပြီး ခမ်းနားကာ ကျက်သရေရှိပုံပေါ်သော်လည်း တကယ့်လက်တွေ့၌ သူသည် မနေ့ညက အရိုက်ခံထားရသောဒဏ်ရာဟောင်းများကို မတော်တဆထိမိသွားပြီး သူ၏ကျောက နာကျင်သွား၏။ လင်ရှူး ငိုချင်သလို ခံစားလိုက်ရသော်လည်း မျက်နှာကို တည်တင်းထားဆဲပင်။
သို့သော် ရှန်ရှစ်ချီးက ဂရုမစိုက်ပေ။ သူ၏ပထမချဥ်းကပ်မှုက မအောင်မြင်သည့်အတွက် သူ၏တစ်ကိုယ်လုံးကို လင်ရှူးထံပစ်ဝင်လိုက်ပြီး သူ၏ပခုံးအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ကာ သူ့အား လသာဆောင်ဆီတွန်းလိုက်သည်!
လင်ရှူးသည် ရှန်ရှစ်ချီး၏လက်များကို လိမ်ဖယ်ကာ ရှောင်လိုက်သည့်အတွက် အရှိန်ကြောင့် ထိုလူ့အား အရှေ့သို့ယိုင်သွားစေကာ လသာဆောင်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားစေခဲ့သည်။ သို့သော် ထိုအခိုက်အတန့်၌ ရှန်ရှစ်ချီး၏အနောက်ကနေ လက်တစ်ဖက်ရောက်လာပြီး သူ၏အဝတ်များကိုဆုပ်ကိုင်ကာ သူ့အား အနောက်သို့ပြန်ဆွဲလိုက်၏။
ရှန်ရှစ်ချီးက ကြမ်းပြင်ပေါ် ထိုင်လျက်သားလဲကျသွားပြီး သူ၏မျက်နှာက ဒေါသကြောင့် အနီရောင်ပြောင်းနေလေပြီ။ သူ ပေါက်ကွဲတော့မလိုဖြစ်နေချိန်မှာပဲ ယွဲ့ထန်က ကပ်လျက်အခန်းကနေ ထွက်လာသည်အား မြင်လိုက်ရ၏။
သူ၏လျှာဖျားမှာ ရောက်ရှိနေသော ဆဲရေးတိုင်းထွာသည့်စကားလုံးများက ရုတ်ခြည်းပိတ်မိသွားကာ မျိုချလို့လည်းမရ၊ ထုတ်ပြောဖို့လည်း မတတ်နိုင်ဖြစ်သွားလေသည်။
ယွဲ့တင့်ထန်တစ်ယောက်တည်းက စိုးရိမ်စရာမရှိသော်လည်း သူ့နောက်က ယွဲ့မိသားစုကိုတော့ လျှော့တွက်လို့မဖြစ်ချေ။
ထိုအချိန်တွင် ရှန်ရှစ်ချီးမှာ ယွဲ့တင့်ထန်နှင့် အချင်းမများချင်သလို ယနေ့ည သူ၏စိတ်တည်ငြိမ်မှုကိုလည်း မဆုံးရှုံးချင်ပေ။
လင်ရှူးမှာ တစ်ဖက်လူ၏ ဖြူတစ်ခါ၊ ပြာတစ်လှည့်ဖြစ်နေသော အမူအရာအား ကြည့်နေရသည်ကို ရွှင်မြူးနေစဥ် နောက်ဆုံး၌ ထိုလူက ပြောလာခဲ့သည်။ "ကျေးဇူး!"
လင်ရှူးက အော်ရယ်မိလုနီးပါး ဖြစ်သွားရ၏။ "သခင်လေးရှန်က ကျွန်တော့်ကို ဘာအတွက်ကျေးဇူးတင်နေတာလဲ။"
ရှန်ရှစ်ချီးမှာ အပြုံးတစ်ခုညှစ်ထုတ်လိုက်ရသည်။ "စောစောက ငါ့ကို ပြန်ဆွဲပေးလို့ကျေးဇူးပဲ။ မဟုတ်ရင် ငါ ပြုတ်ကျသွားနိုင်တယ်။"
လင်ရှူးက စနောက်လိုက်၏။ "ဒါဆို ကျွန်တော်က ခင်ဗျားရဲ့အသက်ကို ကယ်ခဲ့တာဆိုတော့ ကျေးဇူးတရားလေးဘာလေးကို မပြသသင့်ဘူးလား။"
ရှန်ရှစ်ချီး၏နှုတ်ခမ်းများက တွန့်ချိုးသွား၏။ "နောက်ကျရင် ငါ့ရဲ့ကျေးဇူးတရားကိုဖော်ပြဖို့ မင်းဆီကို လက်ဆောင်တချို့ပို့ပေးခိုင်းလိုက်မယ်။"
"ဘာဖြစ်နေတာလဲ။" တစ်စုံတစ်ယောက်က ရှန်ရှစ်ချီးအား ကူညီ၍မပေးကာ ပေါ့ပေါ့ပါးပါးမေးလာ၏။
ထိုအခါမှ လင်ရှူးတစ်ယောက် ရှန်ရှစ်ချီး၏သီးသန့်ခန်းထဲ၌ တခြားလူတစ်ယောက်ရှိနေမှန်း သတိပြုမိလိုက်သည်။ ထိုလူက အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ဝန်းကျင်ရှိပြီး သာမန်အသွင်အပြင်နှင့် ပျမ်းမျှရုပ်လက္ခဏာတို့ရှိသည်။
သို့သော်လည်း သူ၏မျက်လုံးများထဲတွက် စီးပွားရေးသမားကောင်းတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည့် ပါးနပ်မှုတို့ရှိ၏။ သူဖြတ်သန်းလာသော ဘဝတစ်လျှောက်မှာ လူတော်တော်များများနှင့် ဆက်ဆံခဲ့ဖူးသလို သူ၏ပါးစပ်နှင့် မျက်လုံးထောင့်များ၌ နက်ရှိုင်းသော အပြုံးလိုင်းများရှိနေသည်။
***
Aurora Novel Translation Team