no

Font
Theme

"ဟယ်ရို့အန်းကို ဘယ်သူက ခြိမ်းခြောက်နေတာလဲဆိုတာရှာဖွေဖို့ သူ(မ)နဲ့ပတ်သက်တဲ့လူတိုင်းကို စစ်ဆေးကြည့်ရမယ်။" လင်ရှူးက ပြောလိုက်၏။

ယွဲ့တင့်ထန်: "သူ(မ)ကို အန္တရာယ်ပြုချင်တဲ့ အာဏာနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့သူတွေက အထူးတလှယ်ရည်ရွယ်ချက်တွေမရှိရင်၊ ပြီးတော့ ရှာတွေ့မခံချင်ရင် ဒီလောက်ထိ ဒုက္ခခံနေစရာမလိုဘူး။ အဖြစ်အပျက်အကုန်လုံးကနေ သူတို့တွေ တခြားလူတွေကို လှည့်စားနိုင်ပြီး အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်တယ်။"

"ဟယ်ရို့အန်းက ရှုပ်ထွေးနေတယ်။ သူ(မ)အပေါ်ကို အငြိုးထားတယ်လို့ သူ(မ)သိထားတဲ့လူတိုင်းကတော့ ဒီကိစ္စမှာ မဖြစ်မနေပါဝင်စရာမလိုသလို သူ(မ)သိထားတဲ့အရာအားလုံးကလည်း မဖြစ်မနေ မှန်ကန်နေစရာမလိုဘူး။"

လင်ရှူးက ဆက်ပြောလာခဲ့သည်။ "ဥပမာဆိုကွာ၊ ငါ လမ်းသွားရင်း ဖြတ်သွားဖြတ်လာလူတစ်ယောက်ကို မတော်တဆ တိုက်မိသွားမယ်။ ငါက တောင်းပန်ပြီး ဆက်လျှောက်သွားပေမဲ့ ငါဝင်တိုက်လိုက်လို့ သူက သူ့အမေရဲ့ရောဂါကို ကုသပေးဖို့ပြင်ဆင်ထားတဲ့ပိုက်ဆံတွေ ပျောက်သွားခဲ့တယ်။ အဲ့ကနေ သူ့မိသားစုပျက်စီးသွားပြီး သူကိုယ်တိုင်လည်း ပြိုလဲသွားမယ်။ နောက်ပိုင်း သူ ငါနဲ့ထပ်ဆုံတဲ့အချိန် ငါက သူ့ကိုမမှတ်မိပေမဲ့ သူကတော့ ငါ့အပေါ်ကို အငြိုးထားပြီး လက်စားပြန်ချေချင်လိမ့်မယ်။"

"နောက်ထပ်ဥပမာအနေနဲ့ ငါက မင်းကို သဘောကျနေတယ်ဆိုပါတော့။ ခေါင်းဆောင်ယွဲ့ကတော့ ငါ့ကို သဘောမကျသလို အသုံးမကျဘူးလို့ထင်နေတယ်။ ဒါပေမဲ့ ငါ့ကို မင်းဘေးမှာပဲထိန်းချုပ်၊ ခြယ်လှယ်နေခဲ့ပြီး မင်းရဲ့ စောင့်ကြည့်နေတဲ့မျက်လုံးတွေအောက်မှာ ငါ့ကို မသက်မသာဖြစ်စေတယ်။ ဒါပေမဲ့ အဲ့ဒါတွေက ငါ့ဘက်ကခန့်မှန်းချက်တွေပဲဖြစ်ပြီးတော့ မှန်ချင်မှမှန်နိုင်မယ်။ ဟယ်ရို့အန်းအတွက်လည်း အဲ့လိုပဲ။ မင်းရော ဘယ်လိုထင်လဲ။"

"ဟမ်း၊ မင်းက ကောင်းကောင်းမွန်မွန် ခွဲခြမ်းစိတ်ဖြာသွားတာပဲ။ ဒီတော့ နောက်ထပ် ဘာလုပ်မယ်လို့စီစဥ်ထားလဲ။" ယွဲ့တင့်ထန်က ခေါင်းတောင်မော့ကြည့်မလာဘဲ ဘောပင်တစ်ချောင်းကောက်ကိုင်ကာ သူဖတ်ရှုနေသောစာရွက်ပေါ် မှတ်ချက်အနည်းငယ် ရေးနေခဲ့သည်။

"အငြင်းအခုန်က ကောင်းမွန်ပေမဲ့ သက်သေက မလုံလောက်ဘူး။ ငါ အရင်ကအချက်အလက်တွေကနေ ပြန်စဖို့အကြံပြုချင်တယ်။"

"မင်း စစ်ဆေးမယ်ဆိုရင် ဟိုးအစကနေ စဖို့လိုအပ်တယ်။"

လင်ရှူးက သူ၏စားပွဲပေါ် ဖိုင်တွဲများကိုဖြန့်ပြလိုက်၏။ ၎င်းတို့မှာ ဟယ်ရို့အန်းအိမ်၏ဇစ်မြစ်၊ အသက်၊ မိသားစုဝင်များနှင့် အခြားသော အခြေခံအချက်အလက်တချို့ပါဝင်သည့် သူ(မ)နေထိုင်ရာပတ်ဝန်းကျင်အတွက် ရဲစခန်းမှရရှိခဲ့သော အချက်အလက်များပင်။

မြို့တော်ရဲဌာနမှာ အချိတ်အဆက်ရှိသည်က အမှန်တကယ် သက်သာလှပေသည်။

သူ ကျန်းဝမ်ခရိုင်၌ ရှိခဲ့စဥ်က ယခုလိုအချက်အလက်များရရှိရန် မဖြစ်နိုင်လုနီးပါးပင်။ ယခု မြို့တော်ရဲဌာန၏ ဂုဏ်သရေနှင့် သူမေးလိုက်ရုံဖြင့် လိုချင်သည့်အချက်အလက်များကို ရရှိနိုင်ပေ၏။

ဤသည်မှာ ကျားအရေခွံဖြင့် အလံထောင်ခြင်းဟု ခေါ်ရမည်။

"ဟယ်ရို့အန်းက ဆင်းရဲတဲ့မိသားစုကနေ ဆင်းသက်လာတာ။ သူ(မ)မှာ အစ်ကိုတစ်ယောက်ရှိတယ်။ သူ(မ)မိဘတွေ သေဆုံးသွားတုန်းက သူ(မ)က သုံးနှစ်သမီး၊ သူ(မ)အစ်ကိုက ခုနစ်နှစ်သားပဲရှိသေးတယ်။ အဲ့အချိန်ကစပြီး သူ(မ)အစ်ကိုက သူ(မ)ရဲ့ တစ်ခုတည်းသောအထောက်အပံ့ဖြစ်ခဲ့တယ်။ သူက သူ(မ)ကို အရွယ်ရောက်အောင် ပျိုးထောင်ပေးခဲ့တယ်လို့ ပြောရမယ်။"

"ဒါပေမဲ့ သူတို့ရဲ့ပျော်ရွှင်မှုတွေက ကြာကြာမခံပါဘူး။ ဟယ်ရို့အန်း ဆယ့်လေးနှစ်အရွယ်ရောက်တော့ သူ(မ)ရဲ့အစ်ကို ချန့်အန်းက သင်္ဘောကျင်းမှာ အလုပ်လုပ်နေတုန်း ပျောက်ဆုံးသွားခဲ့တယ်။ တချို့ကပြောတာတော့ ရေထဲကိုကျသွားပြီး ရေနစ်ခဲ့တာတဲ့။ ဒါပေမဲ့ တချို့ကကျ သူ ဂိုဏ်းတစ်ခုနဲ့ငြိပြီး လမ်းကြားလေးတစ်ခုမှာ သေအောင်အရိုက်ခံခဲ့ရတယ်လို့လည်း ပြောကြတယ်။"

"ရလဒ်အနေနဲ့ မိသားစုမရှိတော့တဲ့ မိန်းမငယ်လေးဟယ်ရို့အန်းက အရင်ကထက် ခက်ခဲတဲ့ဘဝကို ရင်ဆိုင်ခဲ့ရတယ်။"

"ဟယ်ရို့အန်း အသက်နှစ်ဆယ်လောက်မှာ ရုပ်ရှင်နယ်ပယ်ထဲကို ခြေလှမ်းစခဲ့တယ်။ သူ(မ) ရှန်ရှစ်ချီးနဲ့မတွေ့ခင်က သူ(မ)မှာ အလှတရားပဲရှိခဲ့ပြီး အာဏာတွေ၊ လွှမ်းမိုးနိုင်စွမ်းတွေ ဘာတစ်ခုမှမရှိခဲ့ဘူး။ သူ(မ) ဘာမဆိုဖြစ်သွားနိုင်ပေမဲ့ ကံကောင်းစွာနဲ့ သူ(မ)ကို နာမည်ကြီးကြယ်ပွင့်ဖြစ်အောင် ကူညီပေးခဲ့တဲ့ ရှန်ရှစ်ချီးနဲ့တွေ့ဆုံခဲ့တယ်။ အမိုက်စားပဲ!"

"ဒါက ဟယ်ရို့အန်းနေထိုင်ခဲ့တဲ့ နေရာပဲ။ ငါ အဲ့ကိုသွားပြီး သူ(မ)ရဲ့ အရင်ကအိမ်နီးချင်းတွေကို မေးကြည့်ချင်တယ်။ ငါတို့တွေ ဒီဖိုင်ထဲမှာရေးမထားတဲ့ တစ်ခုခုကို ရှာတွေ့ရင်တွေ့နိုင်လောက်တယ်။"

ထိုသို့ပြောပြီးနောက် လင်ရှူးက ဖိုင်ကိုပိတ်ကာ ယွဲ့တင့်ထန်အား ကြည့်လိုက်သည်။

ယွဲ့တင့်ထန်က ခေါင်းညိတ်လိုက်၏။

"အချိန်ကိုက်ပဲ။ မင်း အပြင်သွားမယ်ဆို ငါ့ကို တစ်ခုလောက်ကူညီပေးလို့ရမလား။"

သူက အံဆွဲထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူလိုက်သည်။

"နေ့လယ်ကျ ရှန်ဟိုင်းဟိုတယ်ရဲ့ လေးရာသီစားသောက်ဆိုင်မှာ နေ့လယ်စာစားဖို့ ချိန်းထားတာရှိတယ်။ မင်း အဲ့ကိုသွားပြီး ငါ့ကိုယ်စား သူ(မ)နဲ့ သွားတွေ့ပေးလို့ရမလား။"

လင်ရှူးက ဓာတ်ပုံကိုကြည့်ကာ လေချွန်လိုက်သည်။

"အလှလေးပဲ!" ၎င်းမှာ အဖြူအမည်းဓာတ်ပုံဖြစ်ပြီး နောက်ခံ၌ မီးခိုးငွေ့များဖြင့် အနောက်တိုင်းဝတ်စုံဝတ်ထားသော မိန်းမလှလေးတစ်ယောက်က တောက်ပစွာ ပြုံးနေ၏။

ယခင်တုန်းက မည်သူကမှ မိမိ၏ဓာတ်ပုံကို ရိုက်ကူးဖို့ မတတ်နိုင်ကြပေ။ များစွာသောလူများမှာ ကင်မရာဆိုသည်အား မွေးကတည်းကနေ သေဆုံးချိန်ထိ မမြင်ခဲ့ဖူးသလို ဓာတ်ပုံရိုက်ကူးရန် တတ်နိုင်သူများကလည်း ကင်မရာ၏ဆုံချက်အောက်မှာ ထိတ်လန့်ကာ တွန့်ဆုတ်နေတတ်ကြပြီး ဓာတ်ပုံထဲ၌ တောင့်တောင့်တင်းတင်းများ ဖြစ်နေတတ်ကြ၏။

ယခုဓာတ်ပုံထဲကလို ယုံကြည်မှုရှိနေသူများက နိုင်ငံခြားပညာတော်သင်ကနေ ပြန်ရောက်လာကြသည့် ချမ်းသာသော သခင်မလေးများသာဖြစ်သည်။

"ကံကောင်းလိုက်တဲ့ ခေါင်းဆောင်ယွဲ့!" လင်ရှူးက ချီးကျူးလိုက်၏။

"မင်း သွားမှာလား၊ မသွားဘူးလား။ မသွားရင်လည်း ထားလိုက်တော့။" ယွဲ့တင့်ထန်က ဓာတ်ပုံအား ပြန်ယူသလိုဟန်ဆောင်လိုက်သော်လည်း လင်ရှူးက လွှတ်မပေးခဲ့ချေ။

"သေချာပေါက် သွားမှာပေါ့! ဒါပေမဲ့ သူ(မ)ကိုတွေ့တဲ့အချိန် ဘာတွေလုပ်ရမလဲ၊ ဘာတွေပြောရမလဲ ငါမသိသေးဘူး။ ကျေးဇူးပြုပြီး အလင်းပြပေးပါဦး၊ ခေါင်းဆောင်။"

ယွဲ့တင့်ထန်: "သူ(မ)က ကျန်းချုန်းယွင်၊ ကျန်းမိသားစုရဲ့ အငယ်ဆုံးသမီး။ သူ(မ)က အခုမှ ဂျပန်ကနေကျောင်းပြီးလို့ပြန်လာတာ။ ငါ့အစ်မက ငါတို့ကို တွဲစေချင်လို့ မိတ်ဆက်ပေးပေမဲ့ ငါ ကျန်းမိသားစုရဲ့လည်ပတ်ပုံကို သဘောမကျဘူး။ ဒီတော့ သူ(မ)ကို သွားတွေ့ဖို့ အစီအစဥ်မရှိဘူး။ မင်း အဲ့ကိုသွားပြီး ငါက စာပြပေးဖို့ မြို့ကနေထွက်သွားတယ်၊ သူ(မ)နဲ့တွေ့ဖို့ အချိန်မရှိဘူးလို့ ပြောပေးနိုင်မလား။ အဲ့လိုဆို သူ(မ) နောက်ဆုတ်သွားလိမ့်မယ်။"

လင်ရှူးက ပြောလာ၏။ "ချွင်းရှောင်ကျဲကိုယ်တိုင် မိတ်ဆက်ပေးတဲ့သူက ခပ်ရှားရှားပဲ။ ဒါက အမှုဆောင်ယွမ်ရဲ့ ဥက္ကဌဝမ်နဲ့ရင်းနှီးတဲ့ ကျန်းမိသားစုလား။"

ယွဲ့တင့်ထန်က တိတ်ဆိတ်နေပြီး သူ၏တိတ်ဆိတ်မှုက ဝန်ခံခြင်းပင်။

လင်ရှူးက ရယ်မောကာဖြင့် ပြောလာခဲ့သည်။ "မိန်းကလေးကျန်းက ငယ်ရွယ်ပြီး လှပတယ်။ သူ(မ)က နန်ကျင်းရဲ့ အလှလေးလေးယောက်ထဲကတစ်ယောက်လို့ နာမည်ကြီးပြီးတော့ 'တောင်ကျန်း၊ မြောက်လင်' ဆိုပြီးတောင် ခေါ်ဝေါ်ခဲ့ကြသေးတယ်။ ခေါင်းဆောင်ယွဲ့ကတော့ အံ့ဖွယ်ပါပဲ။ မင်းမှာ သူ(မ)လိုမျိုး အလှလေးရှိနေတာတောင် တွန့်ဆုတ်နေသေးတယ်?"

ယွဲ့တင့်ထန်က ပြောလိုက်သည်။ " ကျန်းချုန်းယွင်မှာ မျက်နှာလှလှလေးပဲ ရှိတာမဟုတ်ဘူး။ သူ(မ) နိုင်ငံခြားမသွားခင်တုန်းက သူ(မ)အဖေရဲ့ အတွင်းရေးမှူးဖြစ်ခဲ့တာ။ သူ(မ)က ကျန်းမိသားစုနဲ့ ဝမ်မိသားစုကြားဆက်ဆံရေးမှာ အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ခဲ့တယ်။ နန်ကျင်းအရာရှိတွေရဲ့ ဇနီးတွေကြားမှာလည်း ကျန်းချုန်းယွင်က အာဏာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်။ ငါက ဆရာတစ်ယောက်ဖြစ်တာကြောင့် အဲ့လိုကိစ္စတွေမှာ များများစားစား မပါဝင်ချင်ဘူး။ ငါက မိန်းကလေးကျန်းရဲ့အဖော်ပြုတာကို ပျော်ရွှင်ခံစားရလောက်အောင်ထိ ကံမကောင်းပါဘူး။"

လင်ရှူး: "ကောင်းပြီလေ၊ ငါ့ကိုသာအပ်လိုက်တော့။ မိန်းကလေးကျန်းက မင်းကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ ငါ အာမခံတယ်။ ဒါပေမဲ့ လူတွေက တခြားသူတွေရဲ့ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး အကဲဖြတ်တတ်ကြတယ်။ ငါသာ အခုလိုဝတ်စားပြီးသွားရင် မိန်းကလေးကျန်းက ငါ့ကို လှည့်တောင်ကြည့်မှာမဟုတ်ဘူး။ အဲ့လိုဆို မင်းရဲ့ဂုဏ်သိက္ခာကိုပါ ထိခိုက်စေလိမ့်မယ်။ ပြီးတော့ ငါတို့က မိန်းကလေးကျန်းကို သွားတွေ့ရမှာဆိုတော့ အနည်းဆုံးတော့ နေ့လယ်စာအတွက် ငွေရှင်းပေးသင့်တာပေါ့။ မဟုတ်ရင် သူ(မ)က မင်းကို ကော်တရာကပ်စေးဆိုပြီး လျှောက်ပြောနေလိမ့်မယ်၊ ဟုတ်တယ်မလား။"

သူက လက်ချောင်းများဖြင့် ပိုက်ဆံရေတွက်နေသည့်အမူအရာမျိုး လုပ်ပြလိုက်သည်။

ယွဲ့တင့်ထန်က မေးလိုက်၏။ "မင်း ဘယ်လောက်လိုချင်တာလဲ။"

လင်ရှူးက ပြုံး၍ဆိုလိုက်သည်။ "မင်း သင့်တော်မယ်ထင်တဲ့ပမာဏကို ပေးလိုက်ပေါ့။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment