ဤသည်မှာ သူ(မ)လက်ခံရရှိသော တတိယမြောက်သေခြင်းတရားစာစောင်ပင်။
ဟယ်ရို့အန်းက သူ(မ)ရှေ့မှာ ဖြန့်ထားသောစာရွက်ကိုကြည့်ကာ အစိုးမရဖြစ်နေ၏။
၎င်းက ရွှေရောင်ပန်းစာဟု လူသိများသော ရွှမ်းစက္ကူပင်။
ထန်မင်းဆက်အတွင်း တော်ဝင်နန်းတော်က ဤစာရွက်ကို ကဗျာများရေးရန်နှင့် ရွှေရောင်ပန်းများကို ရေးဆွဲရန်အသုံးပြုကြပြီး ၎င်းအား ကိုယ်လုပ်တော်များနှင့် အမှုထမ်းများကို ပေးအပ်ကြသည်က ရေစီးကြောင်းတစ်ခုလို ဖြစ်ခဲ့သည်။
ယနေ့ခေတ်တွင် လူများက ရှေးခေတ်ကိုတုပကာ ကွယ်ဝှက်ထားသော ပုံစံများဖြင့် ရွှေရောင်ပန်းစာကို တုပ၍ဖန်တီးခဲ့ကြပြီး ချမ်းသာသော သခင်မလေးများနှင့် အချစ်ရေးကို စိတ်ဝင်စားသောသူများကြား ရွှေရောင်ပန်းအတုအဖြစ် နာမည်ကြီးပေ၏။
ဤ'ရွှေရောင်ပန်းအတု' ပေါ်တွင် ပန်းချီကားတစ်ခုရှိသည်။
ချီဖောင်ဝတ်ထားသော မိန်းမလှလေးတစ်ဦးက တံခါးကိုတွန်းဖွင့်နေပြီး ညှိုးနွမ်းနေသော အပင်များ၊ ပွင့်ရွက်ကြွေများ၊ ရှုပ်ပွနေသော အကိုင်းအခတ်များဖြင့် ဝန်းရံနေခဲ့သည်။ ဘေးတစ်ဖက်တွင် ကဗျာနှစ်ကြောင်းရှိသော်လည်း ၎င်းအား လက်ရေးဖြင့်ရေးသားထားတာမဟုတ်ဘဲ သတင်းစာမှ ဖြတ်ညှပ်ကပ်လုပ်ထားသောကြောင့် ထူးဆန်းနေပေ၏။
"သနားစရာအစေခံလေး၊ သေဖို့အတွက်ကိုပဲ ရှင်သန်နေရတယ်။"
ပန်းချီထဲရှိ ချီဖောင်ဝတ်ထားသော အမျိုးသမီးအား ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း သူ(မ)၏ပုံစံက ဟယ်ရို့အန်းနှင့်ဆင်သည်။
အခန်းထဲ၌ ဟယ်ရို့အန်းအပြင် နောက်ထပ်လူနှစ်ယောက်ရှိနေ၏။
တစ်ယောက်က ရှန်ရှစ်ချီးဖြစ်ပြီး သူ၏ပေါင်နှစ်ဖက်ကို လက်များဖြင့် ပွတ်သပ်နေသည်။
နောက်တစ်ယောက်က ရုပ်ရှင်ကုမ္ပဏီ၏သူဌေး ထန်စစ်ဖင်ဖြစ်ပြီး ဟယ်ရို့အန်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေ၏။
"ငါပြောနေတာက မင်း စိုးရိမ်တာကို လျှော့လိုက်လို့မရဘူးလား။ ဒါက ပန်းချီးကားတစ်ခုနဲ့ ကဗျာတစ်ပုဒ်ပဲကို ဘာတွေများ ဖြစ်နိုင်မှာမို့လဲ။" ရှန်ရှစ်ချီး၏လေသံက စိတ်မရှည်ဖြစ်လာ၏။
သူက ယနေ့မနက်တွင် သူ့ဦးလေးဆီမှ ဖုန်းဆက်အဆူခံထားရသည်။ သူ့ဦးလေးက ရှန်းမိသားစု၏ အကြီးဆုံးအထောက်အပံ့ဖြစ်ပြီး အမြင့်ဆုံးနေရာမှာ ရှိနေသည်။ သူက အသေးအမွှားကိစ္စများကို ဝင်ရောက်စွက်ဖက်တာ ရှားသော်လည်း ယခုတစ်ကြိမ်၌ သူကိုယ်တိုင် ရှန်ရှစ်ချီးကို ဆူပူကြိမ်းမောင်းလာခဲ့၏။
သူက ကိုယ့်ကိုယ့်ကိုယ် ခပ်လျှိုလျို့နေဖို့နှင့် ရှန်မိသားစုအား တစ်ချိန်လုံး ပြဿနာမဖြစ်စေဖို့ ပြောခဲ့သည်။ ရှန်ရှစ်ချီးမှာ ကြိမ်းမောင်းခံရသောကြောင့် ထိတ်လန့်ကာ စိတ်ခံစားချက်တို့ မကောင်းပေ။
သူ အဘယ့်ကြောင့်အဆူခံရမှန်း သိသော်လည်း ယွဲ့မိသားစုက လင်ရှူးအတွက်နှင့် ယခုလိုအတိုင်းအတာထိ သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ၎င်းတို့က ယွဲ့မိသားစု၏ခေါင်းဆောင်ဆီသွားကာ သူ၏ဦးလေးကို သူ့အားသင်ခန်းစာပေးဖို့ အသုံးချခဲ့ကြသည်။
ရှန်ရှစ်ချီးမှာ ပို၍ဒေါသထွက်လာ၏။
သူသည် သူ၏ဦးလေးနှင့် အငြင်းမပွားရဲသလို ယွဲ့မိသားစုအား လက်စားချေဖို့လည်း မပြုလုပ်ရဲသဖြင့် သူ၏ဒေါသများအားလုံးကို အားနည်းသူထံ ဖွင့်ထုတ်လိုက်ရုံသာ။
"တောင်းပန်ပါတယ်၊ ကျွန်မ အရမ်းစိတ်လှုပ်ရှားနေလို့ ဖြစ်မှာပါ။" ဟယ်ရို့အန်းက မျက်မှောင်ကြုတ်လျက် အားတင်းကာပြုံးပြခဲ့သည်။
အလှလေးက စိတ်ပူနေသောအခါ သူ(မ)မှာ တချို့သောဆွဲဆောင်မှုလည်းရှိရာ ပုံမှန်ထက်ပို၍ သနားစဖွယ်ကောင်းနေပေ၏။
ရှန်ရှစ်ချီးက နှုတ်ခမ်းများတင်းတင်းစေ့ကာ အနည်းငယ် နောင်တရသွားသည်။
သူသာ ဟယ်ရို့အန်းကိုသဘောမကျလျှင် သူ(မ)အား သူ့ဘေးနားမှာ တစ်ချိန်လုံးထားမည်မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့၏အနေအထားက ကွာဟချက်ရှိပြီး ရှန်ရှစ်ချီးသည် သူက ဟယ်ရိုးအန်းကို ဆင်းရဲသားရပ်ကွက်များကနေ ကယ်ထုတ်ပေးကာ လူတိုင်းသဘောကျသော ကြယ်ပွင့်အဖြစ်သို့ ခေါ်ဆောင်ပေးခဲ့သည်ဟု ယုံကြည်လျက်ရှိ၏။
အောင်မြင်မှု၊ ကျော်ကြားမှုတို့နှင့်အတူ ဟယ်ရို့အန်း၏ သိမ်မွေ့သောစကားလုံးများက ဘယ်တော့မှ မောက်မာသွားခြင်းမရှိရာ ရှန်ရှစ်ချီးတစ်ယောက် ပို၍လွှမ်းမိုးလာခဲ့သည်။
သို့သော် ၎င်းက သူ ဟယ်ရို့အန်းကို သဘောမကျဘူးဟု မဆိုလိုချေ။
ထန်စစ်ဖင်က အမျိုးသမီးများအတွက် နူးညံ့ပြီး သူ(မ) ထိတ်လန့်တကြားကြုံတွေ့ပြီးနောက် အဆူခံနေရသည်ကို မကြည့်ရက်ပေ။
သူက ကြားဖြတ်ပြောလိုက်၏။ "မစ္စတာရှန်၊ ခင်ဗျား အလုပ်ရှုပ်နေရင် အရင်ပြန်နှင့်လိုက်ပါ။ ကျွန်တော် ဒီကိစ္စအတွက် တစ်စုံတစ်ယောက်ကို ရှာဖွေခိုင်းလိုက်ပါ့မယ်။ ဒါက စနောက်မှုဖြစ်နိုင်ပြီး ကြီးကြီးမားမား မဖြစ်နိုင်လောက်ပါဘူး။ မိန်းကလေးဟယ် မနေ့တုန်းကလည်း ထိတ်လန့်ခဲ့တာဆိုတော့ သူ(မ)ရဲ့စိတ်ခံစားချက်တွေက မတည်ငြိမ်နိုင်သေးဘူး။ ကျွန်တော် သူ(မ)ကိုကာကွယ်ဖို့ လူနှစ်ယောက်လွှတ်လိုက်ပါ့မယ်။"
ရှန်ရှစ်ချီး၏အမူအရာက အနည်းငယ်ပျော့ပျောင်းသွားသော်လည်း သူ၏လေသံကတော့ ကောင်းမွန်မနေသေးချေ။ သို့သော် အနည်းဆုံးတော့ အရင်ကလောက် မအက်ရှတော့ပေ။
"ဒါဆိုလည်း ပြီးတာပဲ။ ငါ ဒရိုင်ဘာကို ယုံအန်းကုန်တိုက်ဆီ မင်းကိုလိုက်ပို့ဖို့ ပြောလိုက်မယ်။ မင်းကြိုက်တာ ဘာပဲဖြစ်ဖြစ် ငါ့ပိုက်ဆံနဲ့ ဝယ်ခဲ့လိုက်။ ငါ မနက်ဖြန်ကျ လာခဲ့မယ်၊ ဟုတ်ပြီလား။"
သူက ဟယ်ရို့အန်း၏မေးစေ့ကို ပင့်မကာ သူ(မ)၏အမူအရာနှင့် တုံ့ပြန်မှုတို့ကို လေ့လာနေခဲ့သည်။
ဟယ်ရို့အန်းက ပျော့ပျောင်းသိမ်မွေ့စာ 'ကောင်းပါပြီ' ဟု ပြောလိုက်ပြီး ခုခံနိုင်စွမ်းမရှိဘဲ အပြစ်ဒဏ်ကို နာနာခံခံ ခံယူကာ ပိုင်ရှင်၏လက်ထဲ ပွတ်သပ်တိုးခွေ့နေသော နုနယ်သည့် သိုးလေးပမာ။
သို့သော် ထိုကဲ့သို့ သိမ်မွေ့သောအလှလေးသည် တစ်ခါတစ်ရံ လွှမ်းမိုးချုပ်ကိုင်ချင်စိတ်တို့ နိုးဆွတတ်၏။
ရှန်ရှစ်ချီး၏နှလုံးသားက တုန်လှုပ်သွားသော်လည်း ထန်စစ်ဖင်ရှိနေသည့်အတွက် ဘာမှမပြောခဲ့ပေ။ သူက လက်ချောင်းလေးဖြင့် ဟယ်ရို့အန်း၏ နူးညံ့သောမေးစေ့လေးကိုထိကာ အောက်သို့ လျှောချသွား၏။
ဟယ်ရို့အန်းက အနည်းငယ်တုန်ယင်သွားပြီး ထိုသေးငယ်သောလှုပ်ရှားမှုလေးကို ရှန်ရှစ်ချီး သတိပြုမိရာ သူက ပြုံးလိုက်သည်။
ရှန်ရှစ်ချီး ထွက်သွားသောအခါ ထန်စစ်ဖင်က သူ(မ)၏စိုးရိမ်နေသောအမူအရာကိုကြည့်ကာ သည်းမခံနိုင်တော့ပေ။
"စိတ်မပူပါနဲ့။ ငါ မင်းနောက်ကို တစ်ယောက်ယောက်လိုက်ခိုင်းလိုက်မယ်။ ပထမနှစ်ကြိမ်က တိုက်ဆိုင်ရုံသက်သက်ပဲ၊ အဲ့အကြောင်းကို အများကြီးမတွေးနဲ့တော့။"
ထန်စစ်ဖင်၏စကားများက သူ(မ)ကို နှစ်သိမ့်ဖို့ရည်ရွယ်သော်လည်း ရုပ်ရှင်ကုမ္ပဏီ၏ သူဌေးတစ်ယောက်အနေဖြင့် သူလုပ်နိုင်တာ များများစားစားမရှိချေ။
ဟယ်ရို့အန်းက ရှန်ရှစ်ချီး၏အသီးမှန်း လူတိုင်းသိကြသည်။ ထန်စစ်ဖင်မှာ ဆန္ဒရှိနေလျှင်တောင် သူသည် သံသယများကို ရှောင်ရှားရမည်။ ထိုသို့မဟုတ်ဘဲ ရှန်ရှစ်ချီးသာ ရူးသွပ်သွားလျှင် ခြင်္သေ့ဆယ်ကောင်တောင် သူ့ကို ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။
ဟယ်ရို့အန်းက စိတ်မပါလက်မပါဖြင့် ခေါင်းညိတ်လိုက်သည်။
သူ(မ) ပန်းချီကားကို မတွေးမိအောင် ထန်စစ်ဖင်က လက်လှမ်းကာ 'ရွှေရောင်ပန်းအတု' ကို ဆွဲယူလိုက်၏။
ဟယ်ရို့အန်း မတုံ့ပြန်နိုင်ခင် သူက ပန်းချီးအား အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုက်ပြီး မီးခြစ်ဆံဖြင့် မီးရှို့လိုက်လေသည်။ သူ၏လှုပ်ရှားမှုများက ရစ်ဝဲနေသော မကောင်းမှုနှင့် ကံဆိုးမှုများကို မောင်းထုတ်နေသည့်အလား ပြင်းထန်လှ၏။
ဟယ်ရို့အန်း သက်ပြင်းချလိုက်သည်။
သူ(မ) ထူးဆန်းသည့်စာ စုစုပေါင်းသုံးစောင်ရရှိခဲ့၏။
စာအိတ်များက အတူတူဖြစ်သော်လည်း အကြောင်းအရာများက ကွဲပြားသည်။
စာများ လက်ခံရရှိပြီးနောက် ထူးဆန်းသောကိစ္စများ စတင်ဖြစ်ပွားခဲ့သည်။
ပထမဆုံးအဖြစ်အပျက်က လွန်ခဲ့သော သုံးပတ်ခန့်ကဖြစ်၏။
ထိုနေ့က နှင်းများထူထဲစွာကျခဲ့ကြောင်း ဟယ်ရို့အန်း ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ သူ(မ) ရိုက်ကူးရေးပြီး၍ ဒရိုင်ဘာက သူ(မ)နေထိုင်ရာ အဆောက်အအုံ၏အပေါက်၌ သူ(မ)ကို ချပေးခဲ့၏။ အစေခံတစ်ယောက်က သူ(မ)ကို တံခါးနားမှာ စောင့်နေခဲ့သည်။
***
Aurora Novel Translation Team