no

Font
Theme

သူသည် ယွဲ့ချွင်းရှောင်၏ စိတ်ပျက်နေသောအမူအရာအား လျစ်လျူရှူကာ လင်ရှူးဘက်လှည့်ကာ မေးလိုက်သည်။ "မင်းအစ်မတို့က ဘာလို့ ရွာဘက်ကအမျိုးတွေဆီ ရုတ်တရက်သွားလည်ရတာလဲ။"

လင်ရှူးက သူ့ကိုအားပေးနေသည့် ယွဲ့ချွင်းရှောင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ "စိုးရိမ်စရာမလိုဘူး၊ ပြောပြလိုက်။ မင်းက ဘာအမှားမှ လုပ်မထားဘူးလေ။"

ယွဲ့တင့်ထန်မှာ ခံစားချက်တို့ မကောင်းတော့ဘဲ လင်ရှူးအား မပြောပြတော့ဖို့ တားဆီးချင်နေ၏။

"ငါ ဟယ်ရို့အန်းကို သူ(မ)ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ အစွန်းရောက် fan တစ်ယောက်ဆီကနေ ကယ်ပေးခဲ့ပြီး သူ(မ)က ငါ့ကို ကျေးဇူးတင်နေတဲ့အချိန် ရှန်ရှစ်ချီးက တွေ့သွားခဲ့တယ်။ သူက ငါ့ကို တိုက်ခိုက်လာလို့ ငါလည်း သူ့ကိုပြန်ရိုက်ခဲ့လိုက်တယ်။ အဲ့ကိစ္စကြောင့် သူ ငါ့အစ်မနဲ့ သူ(မ)ခင်ပွန်းကို တစ်ခုခုလုပ်မှာစိုးလို့ သူတို့ကို ရွာကအမျိုးတွေဆီ သွားလည်ခိုင်းရင်း ပြဿနာမဖြစ်အောင် ရှောင်ခိုင်းလိုက်တာ။"

ယွဲ့ချွင်းရှောင်က ထပ်ဖြည့်ပြောလာ၏။ "သူက သတ္တိရှိရှိနဲ့ မှန်ကန်တဲ့အလုပ်ကို လုပ်ခဲ့တာ။ မတရားမှုကို မြင်နေတာကို ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ။ အဲ့ဒီရှန်ရှစ်ချီးက ဘယ်လိုကျေးဇူးတင်ရမှန်းမသိဘဲ ကြင်နာမှုကိုတောင် ရန်လိုမှုနဲ့ ပြန်ပေးဆပ်ခဲ့သေးတယ်။ ငါ့အမြင်မှာတော့ နောက်တစ်ခါ ဟယ်ရို့အန်းနဲ့တွေ့ရင် သူ(မ)ကို လျစ်လျူရှုထားလိုက်။ ရှန်မျိုးရိုးနဲ့တစ်ယောက်ဆီကနေ ပြဿနာမဖြစ်အောင်ရှောင်တာ ပိုကောင်းတယ်!"

လင်ရှူးက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ "သူ(မ)က ကျွန်တော့်ရှေ့တည့်တည့်မှာ အန္တရာယ်ကြုံနေရတာ။ ကျွန်တော် သူ(မ)ကို ဒီတိုင်းတော့ သေခွင့်မပေးလိုက်နိုင်ဘူးလေ။ နောက်တစ်ခါ ရှန်ရှစ်ချီးနဲ့တွေ့ရင် လမ်းလွဲကနေသွားပြီး ဆယ်ရက်၊ ရက်နှစ်ဆယ်လောက် ရှောင်နေလိုက်မယ်။ အဲ့လိုဆို ကျွန်တော့်လို သာမညလူသားတစ်ယောက်ကို သူမေ့သွားမှာပါ။"

ယွဲ့ချွင်းရှောင်က သူ့အတွက် စိတ်မကောင်းဖြစ်နေ၏။ "ဘာလို့ ဒီလိုလုပ်ရမှာလဲ။ ဒီဘက်ခေတ်မှာ လူကောင်းတွေက ဘာမှမလုပ်နိုင်တော့ဘူးလား။ စိတ်မပူပါနဲ့၊ ငါတို့ယွဲ့မိသားစုက ရှန်ဟိုင်းမှာ လွှမ်းမိုးမှုတချို့ရှိနေသေးတယ်။ မင်းရဲ့ဒုတိယအစ်ကိုကိုလွှတ်ပြီး ရှန်ရှစ်ချီးရဲ့အကြီးအကဲတွေနဲ့ စကားပြောခိုင်းလိုက်မယ်။ ဒါနဲ့ ရှန်မိသားစုက ဘယ်လိုမိသားစုမျိုးလဲ။"

ထိုသို့ပြောပြီးနောက် သူ(မ)က ယွဲ့တင့်ထန်ကိုကြည့်လိုက်သည်။

ယွဲ့တင့်ထန်: ...

ဒီကိစ္စက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ပြဿနာဖြစ်လာရပြန်တာလဲ။

ယွဲ့တင့်ထန်က သူ့ဘာသာသူတွေးကာ ဖြည်းဖြည်းချင်းပြောလိုက်၏။ "ရှန်မိသားစုမှာ မဒမ်ကျန်းနဲ့အဆက်အသွယ်ရှိတဲ့ ရှန်ရှစ်ချီးရဲ့ဦးလေးကလွဲပြီး ဘာမှထူးခြားတာမရှိဘူး။ သူက စကားကြီးစကားကျယ်ပြောနေပေမဲ့ လေပဲရှိတာ။"

ယွဲ့ချွင်းရှောင်က ပြန်ပြောလိုက်၏။ "ဒါဆိုလည်း ကောင်းပြီလေ။ ငါတို့ သူကြောက်သွားအောင် သင်ခန်းစာပေးလိုက်တာပေါ့။ ငါ့အထင်တော့ မင်းရဲ့ဒုတိယအစ်ကို ဝင်ပါစရာတောင်မလိုတော့ဘူး။ ရှောင်တိ၊ မင်း ဒီကိစ္စကို ကိုင်တွယ်လိုက်ပါလား။"

ယွဲ့တင့်ထန်က တိတ်ဆိတ်နေ၏။

လင်ရှူးက ဝင်ပြောလိုက်သည်။ "ချွင်းရှောင်ကျဲ၊ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျဲတို့ကို ဒုက္ခမပေးချင်ပါဘူး။ ယွဲ့မိသားစုက ကျွန်တော့်ကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျွန်တော်တို့က အတန်းဖော်ဟောင်းတွေဆိုရင်တောင် ကျေးဇူးကြွေးကို ဆပ်လို့မကုန်နိုင်ပါဘူး။ ကျွန်တော်တို့ သူ့ကို ရန်စဖို့မတတ်နိုင်မှတော့ ကျွန်တော် သူနဲ့ အကွာအဝေးထိန်းထားလိုက်ပါ့မယ်။ လူတိုင်းမှာ ကိုယ့်လုပ်ရပ်အတွက် တာဝန်ရှိပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော့်ကို စိုးရိမ်စရာမလိုပါဘူး။"

ယွဲ့ချွင်းရှောင်က ပြန်ဖြေလိုက်၏။ "မင်းက သိတတ်လိုက်တာ၊ ဒါပေမဲ့ ငါ စိတ်မကောင်းဖြစ်နေတုန်းပဲ။ မင်းမျက်နှာကို အရိုက်ခံရမယ်ဆိုရင် ဘယ်နှယ့်လုပ်မလဲ။"

ယွဲ့တင့်ထန်က တိတ်ဆိတ်နေဆဲ။

ထိုအခိုက်အတန့်တွင် လင်ရှူးက ခါတိုင်းထက်ကို ပိုပြီးအပြစ်ကင်းသည်ထက် ကင်း... ကင်း... ဟုမြည်အောင်ထိ အပြစ်ကင်းမဲ့နေဟန်။ ကမ္ဘာကြီးက ပြိုပျက်ကာ နေနှင့်လတို့ အလင်းရောင်ပျောက်ကွယ်သွားနိုင်သော်လည်း ၎င်းက သူ့အပေါ် သက်ရောက်မှုမရှိသည့်အလား။

သူက သန့်စင်ပြီး အပြစ်အနာဆာကင်းမဲ့သော နှင်းပွင့်လေး သို့မဟုတ် နတ်သား၏တောင်ပံမှ ကြွေလွင့်လာသော တောင်ပံမွေးလေးပမာ၊ ဖုန်တစ်စက်မရှိဘဲ ကြင်လင်သန့်ရှင်းနေ၏။

သို့သော် ယွမ်မိသားစု၏ မြေအောက်ခန်းထဲ၌ စန်းချိုင်ကို ပစ်သတ်ခဲ့သောလင်ရှူးအား သူ မေ့လို့မရပေ။

ထိုစက္ကန့်ပိုင်းအတွင်း သူ၏တုံ့ပြန်မှုက တွန့်ဆုတ်မှုလုံးဝမရှိဘဲ တိကျပြတ်သားကာ ရက်စက်သည်။ သွေး သို့မဟုတ် သေခြင်းတရားကို တစ်ခါမှမမြင်ဖူးသော ရဟန်း သို့မဟုတ် လူမိုက်တစ်ယောက်က ထိုကဲ့သို့တုံ့ပြန်မှုမျိုး လုံးဝမရှိနိုင်ပေ။

လင်ရှူးနှင့် ယွဲ့ချွင်းရှောင်တို့က လိုလိုလားလား အရူးလုပ်ခံချင်နေကြောင်း ပြောနိုင်ပေ၏ - တစ်ယောက်က လှည့်စားချင်ပြီး နောက်တစ်ယောက်က လှည့်စားခံချင်သည်၊ တစ်ယောက်က တိုက်ခိုက်ချင်ပြီး နောက်တစ်ယောက်က အရိုက်ခံချင်နေသည်။

ယွဲ့တင့်ထန်၏အမြင်တွင် ယွဲ့ချွင်းရှောင်နှင့် လင်ရှူးတို့က မောင်နှမများဖြစ်ပြီး သူကိုယ်တိုင်ကတော့ လမ်းဘေးကမွေးစားခံခဲ့ရတာပင်။

"လင်ရှူးက ဒီလိုပြောလာမှတော့ ရှန်ရှစ်ချီးရဲ့ပြဿနာကို သူကိုယ်တိုင်ပဲ ဖြေရှင်းခွင့်ပေးလိုက်ပါ။" ယွဲ့တင့်ထန်က ကျော့ကွင်းထဲဝင်မလာပေ။ "ကျဲ၊ လင်ရှူးက အရွယ်ရောက်ပြီး နှစ်အနည်းငယ်လောက် စစ်မှုထမ်းပြီးသွားပြီ။ သူက ချော့မြှူဖို့လိုတဲ့ ကလေးမဟုတ်တော့ဘူး။ သူ့ရဲ့လုပ်နိုင်စွမ်းကို ကျဲ ယုံကြည်ပေးရမယ်၊ ကျွန်တော်တို့တွေ ဝင်စွက်ဖက်စရာမလိုပါဘူး။"

ယွဲ့ချွင်းရှောင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။

ယွဲ့တင့်ထန်ကတော့ အေးဆေးပင်။

အခြားတစ်ဖက်တွင် လင်ရှူးက အင်မတန်မှ သဘောပေါက်နားလည်နေသည်။

"ချွင်းရှောင်ကျဲ၊ ဒီကိစ္စကို စိတ်မပူပါနဲ့။ ကျဲရဲ့အမျိုးသားက ကျဲကို ပြန်လာခေါ်တော့မှာဆိုတော့ မကြာခင် နိုင်ငံခြားကို ပြန်သွားရတော့မှာလို့ ကျွန်တော်ကြားတယ်။ ကျဲ အိမ်လွမ်းတာပျောက်အောင် ကျဲနဲ့အတူယူသွားဖို့ ကျွန်တော် ကျွန်တော့်အစ်မကို အရွက်အချဥ်တည်ထားတာလိုမျိုး၊ ပုစွန်ခြောက်လိုမျိုး ဒေသထွက်ပစ္စည်းတချို့ကို ပြင်ဆင်ခိုင်းထားတယ်။" လင်ရှူးက ပြောလာသည်။

ယွဲ့ချွင်းရှောင်က 'ကျွန်တော့်အစ်မ' ဆိုသည့်အပိုင်းကို လျစ်လျူရူကာ လင်ရှူးကိုပဲ အာရုံစိုက်၍ သူ(မ)အပေါ်တွေးပေးမှုကြောင့် စိတ်ထိရှသွားတော့သည်။

"လိမ္မာလိုက်တာ၊ ငါ မင်းကို ပျိုးထောင်ပေးတာ အချည်းနှီးမဖြစ်ဘူးပဲ!" သူ(မ)က ချီးကျူးလိုက်၏။

သူ(မ)က ယွဲ့တင့်ထန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ(မ)၏အမူအရာက 'မင်း သူ့ဆီကနေ သင်ယူသင့်တယ်' ဟူ၍။

ယွဲ့တင့်ထန်မှာ စကားပြောချင်စိတ်မရှိတော့ပေ။ သူက တူကိုချကာ ပါးစပ်သုတ်လိုက်သည်။

"ကျဲ၊ ကျွန်တော် လင်ရှူးကို အိမ်ပြန်လိုက်ပို့လိုက်မယ်။"

"ဘာလို့ ပြန်မှာလဲ။ ဒီည ဒီမှာနေမယ်လို့ ငါတို့ သဘောတူထားတယ်မဟုတ်ဘူးလား။" ယွဲ့ချွင်းရှောင်က မေးလိုက်သည်။

ယွဲ့တင့်ထန်က မျက်မှောင်ကြုတ်ကာ ပြောခဲ့၏။ "မဆင်မခြင်မလုပ်နဲ့။ သူ့အိမ်က အိမ်တော်ထိန်းက သူ ဒီည အပြင်မှာနေမယ်ဆိုတာမသိဘူး၊ စိတ်ပူနေလိမ့်မယ်။ ပြီးတော့လည်း ဧည့်သည်အခန်းတွေက မသုံးတာကြာပြီဆိုတော့ သန့်ရှင်းရေးလုပ်ဖို့ အချိန်ယူရမှာ။ သူ့ကို ဧည့်သည်လုပ်စေချင်ရင် နောက်နေ့မှ လုပ်လို့ရတာပဲ။

သူက ယွဲ့ဖိုးဖိုး၏အရှိန်အဝါလို လေးနက်ပြီး တင်းမာနေ၏။ ယွဲ့ချွင်းရှောင်မှာ ဘာပြောရမှန်း မသိတော့ပေ။

ထိုအချိန်တွင် လင်ရှူးကပြုံး၍ ပြောလိုက်သည်။ "ချွင်းရှောင်ကျဲ၊ ကျွန်တော် ပြန်လိုက်ပါဦးမယ်။ နောက်နေ့မှ လာတွေ့လိုက်ပါ့မယ်။"

ယွဲ့ချွင်းရှောင်မှာ အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ "ဒါဆို ဒရိုင်ဘာကို ဖြည်းဖြည်းမောင်းခိုင်းဖို့ ပြောလိုက်ဦး။ အပြင်မှာ အရမ်းအေးပြီး လမ်းတွေချော်နေမှာ။ အိုး၊ ဒါနဲ့ ငါကိုယ်တိုင် လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ မုန့်တွေရှိတယ်။ အန်တီဟုန်စားဖို့အတွက် ယူသွားပေးဦး။ နောက်ကျ မင်းလည်း ဗိုက်ဆာရင် အဆာပြေစားလို့ရတာပေါ့။"

သူ(မ)၏ လင်ရှူးအပေါ်သဘောထားကတော့ သည်းသည်းလှုပ်လုနီးပါးပင်။ ယွဲ့တင့်ထန်မှာ သူ နိုင်ငံခြားကိုကျောင်းသွားတက်တုန်းကတောင် ယခုလိုမျိုး တစ်ခါမှ ဆက်ဆံမခံခဲ့ရပေ။ မသိတဲ့သူတစ်ယောက်ယောက်သာဆို လင်ရှူးက နိုင်ငံရပ်ခြားသွားပြီး ဆယ်နှစ်ကျော်လောက် ပြန်မလာတော့မည့်လူဟု ထင်သွားနိုင်သည်။

ယွဲ့တင့်ထန် သက်ပြင်းချလိုက်၏။ တုန်နေအောင်ချစ်သော မိခင်တစ်ယောက်က သူ(မ)၏ကလေးကို အလိုလိုက်ကာ ပျက်စီးသွားစေသည်မှာ အမှန်ပင်။ လင်ယောင်နှင့် လင်ရှူးတို့၏ အမေသည်လည်း လင်ရှူးအပေါ် ယခုလို တုန်နေအောင်ချစ်ခဲ့လောက်၏။ ထို့ကြောင့် သူက တိုးတက်ချင်စိတ်မရှိဘဲ အမှန်တကယ်ကို ပျက်စီးနေတာပင်။

လင်ရှူး ယွဲ့မိသားစု၏အိမ်တော်ကနေ ထွက်လာလာချင်း အေးစက်သောလေပြင်းများက အဘက်ဘက်မှ သူ့ဆီကို အလုံးအရင်း ဝင်ရောက်လာပြီး သူ့အား လုံးဝတိုက်စားသွားခဲ့သည်။ သူသည် နွေးထွေးသော နိဗ္ဗာန်ကနေ အေးခဲနေသော ငရဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရပြီး တုန်ယင်နေခဲ့သည်။

ယွဲ့တင့်ထန်က အရှေ့ကနေလျှောက်ကာ ကားထဲသို့ ငုံ့ကိုင်းကာဝင်လိုက်စဥ် လင်ရှူးက အနောက်မှ လိုက်ပါလာခဲ့သည်။ ၎င်းတို့သည် တစ်လမ်းလုံး ဘာစကားမှမဆိုခဲ့ကြချေ။ လမ်းတစ်ဝက်ရောက်သော် ယွဲ့တင့်ထန်က ရုတ်တရက် ပြောလာခဲ့၏။

"မင်း ငါ့အစ်မမှာ အဆက်အသွယ်တွေရှိလို့ ဒါမှမဟုတ် ယွဲ့မိသားစုရဲ့ ဂုဏ်သတင်းကြောင့် သူ(မ)ကို ကျေနပ်စေပြီး နီးကပ်အောင်ကြိုးစားနေတာလား။"

သူ၏အသံက တိုးလျပြီး ပြတင်းမှန်ပိတ်ကာ ကားအင်ဂျင်အသံနှင့် ပေါင်းစပ်သွားရာ တစ်စုံတစ်ယောက်က ဂရုတစိုက်နားမထောင်လျှင် ကြားနိုင်မည်မဟုတ်ပေ။

ကျေနပ်စရာကောင်းသော စားသောက်ပွဲကြီးကို စားသုံးခဲ့ရပြီး နွေးထွေးသောကားထဲ ငိုက်မြည်းနေသည့် လင်ရှူးတစ်ယောက် ထိုမေးခွန်းကြောင့် ကြောင်အမ်းသွားခဲ့သည်။

သူသည် မှင်တက်နေရင်း အလိုလို ညည်းတွားလိုက်မိ၏။ "ဟမ်?" ထို့နောက် တဖြည်းဖြည်း အသိစိတ်ဝင်လာပြီး ယွဲ့တင့်ထန်အား ပြောလိုက်သည်။ "ချွင်းရှောင်ကျဲက ငါ့အစ်မလိုပဲ သန်မာတယ်။"

ယွဲ့တင့်ထန်မှာ တခြားပြောစရာမရှိတော့ပေ။

လင်ရှူးကလည်း ထပ်ပြီး ရှင်းမပြခဲ့ချေ။

အရှေ့ခန်းမှ ဒရိုင်ဘာကတောင် ထူးဆန်းသောလေထုကို ခံစားမိ၍ သူ၏နေရာ၌ ဖင်ရွှေ့ကာ မသက်မသာဖြစ်နေလေ၏။

ကံကောင်းစွာဖြင့် လမ်းမထက် ကားအများကြီးမရှိသလို အိမ်ကလည်း သိပ်မဝေးပေ။ သိပ်မကြာလိုက်ခင် လင်ရှူး၏အိမ်သို့ ရောက်လာခဲ့၏။

"ဒီနားမှာ ရပ်လိုက်လို့ရပါပြီ၊ ကျေးဇူးတင်ပါတယ်။" လင်ရှူးက ထိုသို့ပြောလိုက်ရာ ဒရိုင်ဘာက လမ်းဘေးသို့ချရပ်ပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ်၊ ခေါင်းဆောင်ယွဲ့။ မနက်ဖြန်မှ တွေ့ပါမယ်။" လင်ရှူးက ပေါ့ပေါ့ပါးပါးပြောကာ အနောက်လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းပြလိုက်သည်။ သူ၏ပုံရိပ်က နှင်းဝေသောညထဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။

ယွဲ့တင့်ထန်က အချိန်အတော်ကြာ စောင့်ကြည့်နေပြီးမှ ပြောလိုက်သည်။ "သွားစို့။"

လင်ရှူးက ယွဲ့ချွင်းရှောင်ပေးလိုက်သော မုန့်အိတ်ကိုသယ်ကာ သံစဥ်လေးညည်းရင်း လှေကားထစ်ကို တက်လာခဲ့ပြီး တံခါးဖွင့်ရန် သော့ထုတ်လိုက်သည်။

ရုတ်တရက် အနောက်မှ လှုပ်ရှားမှုလေးတစ်ခု ရှိလာခဲ့၏။

သူ မတုံ့ပြန်နိုင်ခင် ဂုန်နီအိတ်ဖြင့် အအုပ်ခံလိုက်ရပြီး သူ့အရှေ့ရှိ အရာအားလုံး အမှောင်ကျသွားခဲ့လေသည်!

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment