သို့သော် ယွဲ့တင့်ထန်သည် ၀.၀၁ စက္ကန့်လောက်ကြာသော သူ၏ကြင်နာမှုအတွက် လျင်မြန်စွာ နောင်တရသွားလေ၏။
"ငါ့အစာအိမ်က နာနေသေးတယ်။ ကောင်းကောင်းမသက်သာသေးတာမို့ ကျေးဇူးပြုပြီး မထိပါနဲ့။"
"မင်းရဲ့လက်လေးကို နည်းနည်းလောက် အောက်ချပေးလို့ရမလား။ ငါ့ကျောတွေလည်း နာနေလို့။"
"ဟူး~ ငါ့မှာ အိမ်ထဲကိုတောင် မဝင်ရသေးဘူး အခု မင်းရဲ့အိမ်ကို ပြန်သွားနေရပြီ။ ချွင်းရှောင်ကျဲအတွက် ဒုက္ခများတော့မှာပဲ။"
ယွဲ့တင့်ထန်က ထပ်ပြီး သည်းမခံနိုင်တော့ချေ။
"ငါ့အတွက် ဒုက္ခများလိမ့်မယ်လို့ရော ဘာလို့မပြောတာလဲ။"
လင်ရှူးက ပြန်ဖြေလိုက်၏။ "ငါတို့က အချိန်အကြာကြီး အတန်းဖော်ဟောင်းတွေဖြစ်ခဲ့ကြတာလေ။ ဒုက္ခပေးတယ်၊ မပေးဘူးဆိုတာမျိုး ငါတို့ကြားထဲမှာ ဘယ်ရှိနိုင်မှာလဲ။ မင်းက အရမ်းကို သမားရိုးကျဆန်နေတာပဲ။"
ယွဲ့တင့်ထန်: ...
သူ လင်ရှူးကို အစစ်အမှန် လေးစားသွားခဲ့သည်။
ကားပြန်လှည့်ကာ ရပ်လိုက်သည်နှင့်တစ်ပြိုက်နက် ယွဲ့တင့်ထန်ကိုယ်တိုင် သူ၏မျက်လုံးများနှင့် လင်ရှူး၏နောက်ကျောကို တုတ်ဖြင့် အရိုက်ခံလိုက်ရသည်အား မြင်တွေ့လိုက်ရသည်။
လင်ရှူးတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားမှန်း သူသိပေ၏။ ထို့ပြင် ယွမ်မိသားစုအိမ်တော်၏ မြေအောက်ခန်းထဲမှ ရရှိခဲ့သော ဒဏ်ရာများလည်းရှိနေသေးသည်။
သို့သော် လင်ရှူးက စနောက်ရယ်မောနေနိုင်သေးရာ အမှန်တကယ်ကို လေးစားစရာပင်။
သူ လေးစားမိသော်လည်း တစ်ချိန်တည်းမှာပင် ယွဲ့တင့်ထန်သည် လင်ရှူးအား သူ၏ကျောပေါ်ကနေ ကန်ချပစ်ချင်နေခဲ့သည်။
ကံကောင်းစွာဖြင့် ကားဆီကိုသွားရန် ခြေလှမ်းအနည်းငယ်သာ လှမ်းရပေ၏။
ဒရိုင်ဘာက အန်တီဟုန်နှင့် စကားပြောပြီးနောက် အမြန်ပြေးလာပြီး ကားတံခါးဖွင့်ပေးခဲ့ရာ ယွဲ့တင့်ထန်သည် လင်ရှူးအား အာလူးပူတစ်လုံးလို ကားနောက်ခန်းထဲ ပစ်ထည့်လိုက်ပြီး အမူအရာမဲ့စွာဖြင့် တစ်ဖက်သို့လျှောက်သွား၍ ဒရိုင်ဘာအား ညွှန်ကြားလိုက်သည်။
"မောင်းတော့။"
...
ယွဲ့ချွင်းရှောင်တစ်ယောက် ၎င်းတို့ထွက်သွားပြီး ပြန်လာတာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သော်လည်း ယွဲ့တင့်ထန် ပြန်ပြောပြသည်တို့ကို နားထောင်ပြီးနောက် သူ(မ)၏အံ့သြမှုက ဒေါသအဖြစ် အလျင်အမြန် ပြောင်းလဲသွားခဲ့သည်။
"မယုံနိုင်စရာပဲ! ရှန်ရှစ်ချီးက သူ့ကိုယ်သူ ဘယ်သူလို့ထင်နေတာလဲ။ သူက ငါတို့ယွဲ့မိသားစုနဲ့တောင် လာရှုပ်ရဲတယ်ပေါ့။ ရှောင်တိ၊ သူက မင်းနှာခေါင်းအောက်မှာ ဆင်ခြင်မဲ့ပြုမူနေတာနော်။ မင်း ဘာမှမလုပ်ရင် ငါတို့ယွဲ့မိသားစုရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားလိမ့်မယ်!"
ယွဲ့တင့်ထန်က သက်ပြင်းချကာ ထိုအဆိုပြုချက်မှာ ဟာကွက်များစွာပါဝင်နေကြောင်း ခံစားနေရ၏။
လင်ရှူးတစ်ယောက် မည်သည့်အချိန်က ယွဲ့မိသားစုဝင်ဖြစ်သွားရသနည်း။ ထို့နောက် ယွဲ့မိသားစုက မည်သည့်အချိန်တုန်းက ဂုဏ်သိက္ခာလိုအရာမျိုးကို ဂရုစိုက်ခဲ့သနည်း။ သူ့အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတောင် ထိုစကားလုံးများနှင့် ဘာမှမဆိုင်ပေ။
"ဒီကိစ္စကို မနက်ဖြန်မှ မေးကြည့်လိုက်မယ်။ အခုက အရမ်းနောက်ကျနေပြီ။ ကျဲ၊ ဒေါက်တာချန်ကို သွားခေါ်လိုက်။"
"ငါ အခုပဲ သွားလိုက်မယ်!"
ယွဲ့ချွင်းရှောင်က အိပ်မက်ကနေ လန့်နိုးလာသလိုမျိုး မိသားစုဆရာဝန်ကို အလျင်အမြန်ပြေးခေါ်ခဲ့လေသည်။
လင်ရှူးက နှစ်ကြိမ် ချောင်းဟန့်လိုက်၏။ "ချွင်းရှောင်ကျဲ၊ ခေါ်ဖို့မလိုပါဘူး။ ကျွန်တော် အိပ်လိုက်ရင် သက်သာလာမှာပါ။"
"မလှုပ်နဲ့!" ယွဲ့ချွင်းရှောင်က တယ်လီဖုန်းကိုကိုင်ကာ သူ့အား ကျောက်ရုပ်ဖြစ်အောင် မန္တာန်မန်းမှုတ်လိုက်သလို နေရာမှာပဲ ငြိမ်ငြိမ်လေးနေဖို့ လက်ညိုးထိုးကာ အော်လိုက်သည်။ လင်ရှူးမှာ ရွေးချယ်စရာမရှိဘဲ ငြိမ်ငြိမ်လေးသာ နေနေရ၏။
မိသားစုဆရာဝန်က ဆေးသေတ္တာနှင့်အတူ အလျင်အမြန်ရောက်လာခဲ့ပြီး အခန်းထဲမှာ လင်ရှူးအား ကုသပေးနေသည်။
ယွဲ့ချွင်းရှောင်က အထဲကို လိုက်ဝင်သွားလို့မရသဖြင့် အချိန်အတော်ကြာသည်အထိ အပြင်မှာပဲ ရပ်နေခဲ့ရပြီးနောက် သူ(မ)ဘာသာ ညည်းတွားလိုက်သည်။ "ငါ သူ့အတွက် သွားရည်စာလေး သွားလုပ်လိုက်ဦးမယ်။"
ယွဲ့တင့်ထန်က သူ(မ)ကို တားဆီးကာ ပြောလိုက်သည်။ "သူ စောစောလေးကတင် ဟော့ပေါ့စားထားတာမဟုတ်ဘူးလား။" သူ့အစ်မ ဦးနှောက်များ ချောင်သွားတာလား။
ယွဲ့ချွင်းရှောင်က ဆူလိုက်၏။ "မင်း နားမလည်ပါဘူး။ သူ့ကို စိတ်တည်ငြိမ်သွားအောင် အရင်ဆုံး ငါ ကြာစေ့တချို့နဲ့ သကြားရည်လေးကို ချက်လိုက်မယ်။ ပြီးရင် မနက်ဖြန် သူနိုးလာရင်စားဖို့ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ စွပ်ပြုတ်လေး ပြင်ထားလိုက်မယ်လေ။"
ယွဲ့တင့်ထန်က မျက်မှောင်ကြုတ်လိုက်သည်။ "ကျဲ၊ ကျဲက သူ့ကို မောင်လေးတစ်ယောက်လို ဆက်ဆံနေပေမဲ့ သူ့မှာ အစ်မအရင်းရှိသေးတယ်။ ဘာလို့ သူ့ကို အလုပ်ရှုပ်ခံပြီး ဂရုစိုက်ပေးနေမှာလဲ။ ကျဲ သူ့အပေါ်ကို အရမ်းကောင်းလွန်းနေတာမဟုတ်ဘူးလား။ တစ်စုံတစ်ယောက်ရဲ့ပိုက်ဆံတွေကို အခွင့်အရေးအယူမခံရအောင် သတိထားနော်!"
ယွဲ့ချွင်းရှောင်က ပြုံးလိုက်၏။ "မင်း ငါ့စရိုက်ကို သိပါတယ်။ ငါက ငါ့အကြိုက်နဲ့ မကြိုက်တာတွေကို ရှင်းရှင်းလင်းလင်းသိတယ်။ ငါနဲ့ ဆက်ဆံရေးကောင်းတဲ့သူတွေအတွက်ဆို ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေကို ငါ ပေးချင်တယ်။ လင်ရှူးက ငါ့မျက်လုံးကို ဖမ်းစားသွားတဲ့သူတစ်ယောက်ပဲ။ သူက လိမ္မာတယ်၊ နှုတ်ချိုတယ်၊ ပြီးတော့ ကြည့်ကောင်းတယ်။"
ယွဲ့တင့်ထန်: ...
နောက်ဆုံးတစ်ခုက အရေးပါလို့လား။
"သူ့လိုလူမျိုးက အနာဂတ်ကျ ရောက်လေရာနေရာတိုင်းမှာ လေးစားခံရမှာ။ သူ့ကို ချဥ်းကပ်ချင်တဲ့ မိန်းကလေးတွေလည်း အများကြီးရှိလာလိမ့်မယ်။ ငါသာ ဆယ်နှစ်လောက်ငယ်မယ်ဆိုရင် ငါလည်း သူ့ကိုလိုက်မှာပဲ။ မင်းက မနာလိုဖြစ်နေတာလား။ ငါ မင်းအတွက်လည်း နှစ်မျိုးလုံးပြင်ပေးမှာပါ။ ဘာပဲဖြစ်ဖြစ် မင်းက ငါ့ရဲ့မောင်လေးပဲလေ!"
သူ၏တုံ့ပြန်မှုကို စောင့်မနေဘဲ ယွဲ့ချွင်းရှောင်က တစ်ဖက်လှည့်ကာ လှေကားကနေ ပြေးဆင်းသွားခဲ့သည်။
ယွဲ့တင့်ထန်က အခန်းထဲကို ပြန်ဝင်သွား၏။
ဆရာဝန်က လင်ရှူးကို ဆေးလိမ်းပေးနေသည်။
ခရမ်းပုပ်ရောင်နှင့် နီညိုရောင်ဒဏ်ရာများက သူ၏ဖြူဖွေးသောအသားအရေထက်မှာ သိသာထင်ရှားနေ၏။
စောစောလေးကမှ ဖြစ်ပျက်ခဲ့ပြီးနောက် နာရီပိုင်းလေးအတွင်း အရေပြားအောက်တွင် သွေးခဲသွား၍ အရောင်က ပို၍ကြောက်စရာကောင်းလာခဲ့သည်။
"ချောင်းဆိုးနေသေးလား။" ဆရာဝန်က ဆေးလိမ်းပေးရင်း မေးခဲ့သည်။
"အဆင်ပြေပါတယ်။" လင်ရှူးက အိပ်ရာပေါ်မှာလဲလျောင်းရင်း ခေါင်းအုံးပေါ်မှောက်အိပ်နေရာ သူ၏အသံက လုံးထွေးနေ၏။ "မနေ့က ကျွန်တော် အအေးမိသွားလို့ပါ။ အဲ့ဒါက အရိုက်ခံခဲ့ရတာနဲ့ ဘာမှမဆိုင်ပါဘူး။"
ယွဲ့တင့်ထန်က အေးစက်စွာ စိုက်ကြည့်နေပြီး ဒဏ်ရာက တစ်နည်းနည်းဖြင့် အံ့သြတုန်လှုပ်စရာကောင်းသည်ဟု ခံစားနေရသည်။
သူ ဝင်ပြောလိုက်၏။ "ဆေးရုံမှာ နောက်ထပ်စမ်းသပ်မှုတွေ လုပ်ဖို့လိုသေးလား။"
ဒေါက်တာချန်: "အရင်ဆုံး ကျွန်တော်ကြည့်လိုက်ဦးမယ်။ နောက်ကျ သူ့အတွက် ဆေးညွှန်းတချို့ ရေးပေးလိုက်ပါ့မယ်။ ဒဏ်ရာကို ရေမစိုအောင် ဂရုစိုက်ပါ။ နေ့တိုင်း ရေပက်တိုက်ပေးပြီး သန့်ရှင်းပေးလို့ရတယ်။ ညအိပ်မယ်ဆို ဘေးတစောင်းအိပ်ဖို့ကို မမေ့ပါနဲ့။"
"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာချန်။ ကျွန်တော် လိုက်ပို့ပေးပါ့မယ်။" ယွဲ့တင့်ထန်က ပြောလိုက်၏။
ဒေါက်တာချန်က သူ၏ဆေးသေတ္တာကို ထုပ်ပိုးကာ ယွဲ့တင့်ထန်နှင့်အတူ လိုက်ထွက်သွားခဲ့ပြီး တံခါးပိတ်ပေးခဲ့သည်။
လှေကားကနေ ဆင်းသွားသည့်အတွက် ၎င်းတို့၏အသံများက တဖြည်းဖြည်း မှေးမှိန်သွား၏။
ဧည့်သည်ခန်းကို အချိန်အတော်ကြာ အသုံးမပြုဘဲ ပစ်ထားခဲ့သဖြင့် ယွဲ့ချွင်းရှောင်က လင်ရှူးကို ယွဲ့တင့်ထန်၏အခန်း၌ နေစေခဲ့သည်။
ယွဲ့တင့်ထန်က သပ်သပ်ရပ်ရပ်နေတတ်သူဖြစ်ပြီး သူ၏အခန်းထဲမှာ မည်သည့်ဓာတ်ပုံ သို့မဟုတ် ပန်ချီကားမှ မရှိချေ။ ကုတင်ဘေးက စားပွဲပေါ်မှာတောင် မီးအိမ်မှလွဲ၍ ဘာမှမရှိပေ။
အိပ်ရာခင်းပေါ်တွင် ရေမွှေးနံ့နှင့် ဆေးလိပ်နဲ့ဖျော့ဖျော့တို့ ရှိနေသော်လည်း ၎င်းက အခန်းအား ရှုပ်ပွမနေစေပေ။ ၎င်းက အခန်းပိုင်ရှင်သည် ဆေးလိပ်သောက်တတ်သူဖြစ်ရုံသာမက တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးပေးသူဖြစ်ကြောင်း ပြောပြနေ၏။
ထို့အပြင် ခေါင်းအုံးဘေးမှာ စာအုပ်တစ်အုပ်ရှိနေသည်။
လင်ရှူး ၎င်းအား ကောက်ယူကြည့်လိုက်၏။
'လင်မိသားစုရဲ့ဆိုင်'
လင်ရှူး မျက်ခုံးပင့်ကာ အနည်းငယ် အံ့သြသွားလေ၏။ ဤသည်မှာ ယွဲ့တင့်ထန်ဖတ်လောက်မည့် စာအုပ်မျိုးဟု မထင်ရချေ။
သို့သော် စာရွက်များအလယ်ရှိ စာအုပ်မှတ်ကတ်နှင့် စာအုပ်ပါ တွန့်ချိုးရာများသည် စာအုပ်တစ်ဝက်လောက်ထိ သေသေချာချာ ဖတ်ထားကြောင်း ညွှန်ပြနေခဲ့သည်။
***
Aurora Novel Translation Team