"မစ္စတာချန်!" ရှန်ရှစ်ချီးက အမြန်ထရပ်ကာ အမေရိကန်ကောင်စစ်ဝန်ကိုတောင် အကြောက်အလန့်မရှိ ဆက်ဆံခဲ့သော်လည်း မစ္စတာချန်ဆိုသူနှင့် မျက်နှာချင်းဆိုင်ရန် တစ်နည်းနည်းဖြင့် စိတ်လှုပ်ရှားနေခဲ့သည်။
"ဘာမှမဖြစ်ပါဘူး။ ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ တွေ့လိုက်လို့ပါ။ စောစောက နားလည်မှုလွဲနေတာလေးတွေ အခု ဖြေရှင်းပြီးသွားပါပြီ။"
ရှန်ရှစ်ချီးက ထိုကိစ္စကို ဆက်လက်မဆုပ်ကိုင်ထားသလို သူကပဲအစပြုကာ ကိစ္စများအား အေးအေးဆေးဆေးဖြစ်အောင် ပြောဆိုခဲ့သည်။
မစ္စတာချန်က ခေါင်းညိတ်ပြလာ၏။
"ကောင်းတာပေါ့။ စီးပွားရေးသမားတွေက ညီညွတ်မှုကို တန်ဖိုးထားကြတယ်။ ကျုပ်တို့က ကမ္ဘာလောကကြီးထဲ ခရီးနှင်နေကြပြီး သူငယ်ချင်းမိတ်ဆွေတွေအပေါ် မှီခိုနေရတာဆိုတော့ မိတ်ဆွေပေါလေ လျှောက်ရတဲ့လမ်းက ကျယ်ပြန့်လေပဲ။"
ရှန်ရှစ်ချီးက ပြုံးလိုက်သည်။ "အမှန်ပါပဲဗျာ။ အဲ့ဒါက တကယ်ကို ကျိုးကြောင်းသင့်တာပဲ!"
မစ္စတာချန်ဆိုသူက တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားပြီး ယွဲ့တင့်ထန်အနောက်မှ အမျိုးသမီးအပေါ် အကြည့်များကျရောက်သွားခဲ့သည်။
"ဒီမိန်းကလေးကို ရင်းနှီးနေသလိုပဲ။"
ရှန်ရှစ်ချီးမှာ ဟယ်ရို့အန်းကိုမြင်လိုက်ရသောအခါ သူ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။ ဟယ်ရို့အန်းသည် တစ်ဖက်အခန်းမှ ရှန်ရှစ်ချီး၏အသံကို ကြားလိုက်ရသောအခါ မလိုအပ်သော ပြဿနာများမဖြစ်စေလို၍ သူ့ကိုရှောင်ရန် စီစဥ်ခဲ့သည်။
သို့သော် သူ၏သဘောထားက ရုတ်တရက်ပြောင်းလဲသွားသည်ကို ကြားလိုက်ရချိန်၌ သိချင်စိတ်ဖြင့် ချောင်းကြည့်လိုက်မိသည်။ ကံမကောင်းစွာဖြင့် သူ(မ)အား မစ္စတာချန်က မြင်သွားလေ၏။
ရှန်ရှစ်ချီးတစ်ယောက် ဒေါသများကို မျိုသိပ်ထားရသည့်အတွက် သူ၏မျက်နှာက မည်းမှောင်လာပြီး ဟယ်ရို့အန်းအား မစ္စတာချန်နှင့် မိတ်ဆက်ပေးလိုက်၏။ "ဒါက နာမည်ကြီးရုပ်ရှင်ကြယ်ပွင့် မိန်းကလေးဟယ်ရို့အန်းလေ။ သူ(မ)ကို ကြားဖူးလောက်မှာပါ။"
မစ္စတာချန်က ရုတ်တရက် မှတ်မိသွား၏။ "ဒါဆို မင်းက မိန်းကလေးဟယ်ပေါ့။ ကျုပ် မင်းရဲ့ရုပ်ရှင်တွေကို ကြည့်ဖူးတယ်။ တော်တော်ကောင်းသကိုး!"
သူ၏အာရုံအများစုက ဟယ်ရို့အန်းပေါ်တွင်သာ ရှိသော်လည်း မည်သည့်တပ်မက်မှုတို့မှ မပါဝင်ပေ။ သူက ရုပ်ရှင်နှင့် ဇာတ်ကကောင်များကို မြတ်နိုးသော ရိုးရှင်းသည့်ပရိသတ်တစ်ယောက်နှင့်သာ တူပေသည်။
ရှန်ရှစ်ချီ: "ဒါက မစ္စတာချန်၊ ငါ့ရဲ့စီးပွားရေးပါတနာ။"
ဟယ်ရို့အန်းက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။ "အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဂုဏ်ယူရပါတယ်ရှင်။"
မစ္စတာချန်က ပြောလာ၏။ "မိန်းကလေးဟယ်၊ နှိမ့်ချနေစရာမလိုပါဘူး။ ကျုပ် နန်ကျင်းမှာတုန်းကဆို မင်းရဲ့နာမည်ကို လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကြားနေရပြီး မင်းရဲ့သရုပ်ဆောင်စွမ်းရည်ကိုလည်း လူတိုင်းချီးကျူးနေကြတာ။ တခြားသူတွေက တစ်စုံတစ်ခုကို သရုပ်ဆောင်နိုင်ပေမဲ့ မင်းကတော့ အဲ့ဒီတစ်စုံတစ်ခုပဲ*။ ရုပ်ရှင်လောကမှာလည်း အော်ပရာဘက်မှာလိုမျိုး ဘွဲ့ထူးတွေရှိမယ်ဆိုရင် မိန်းကလေးဟယ်က ခြွင်းချက်မရှိကို ရထိုက်ပါပေတယ်!"
(TN/ တခြားလူတွေက သရုပ်ဆောင်နေပေမဲ့ ဟယ်ရို့အန်းကကျ သရုပ်ဆောင်နေတာနဲ့မတူဘဲ တကယ်ဖြစ်နေသလိုပဲလို့ ပြောချင်တာပါ။)
သူ၏စကားလုံးများက ယဥ်ကျေးပြီး အလွန်အကျူးရင်းနှီးခြင်းမရှိပေ။ ဟယ်ရို့အန်းသည် အရင်က ချီးကျူးစကားများစွာကို ကြားခဲ့ဖူးသော်လည်း သူ၏စကားများကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ခဲ့ပေ။
သူ(မ)က ပြန်လည်ပြီး ဦးညွတ်လိုက်၏။ "မစ္စတာချန်က မြှောက်ပြောနေပါပြီ။ ကျွန်မက အဲ့လိုချီးမွမ်းမှုမျိုးနဲ့ မထိုက်တန်ပါဘူး။"
ဗိုက်ဆာနေဆဲဖြစ်သော လင်ရှူးက ၎င်းတို့၏ အဆုံးမသတ်နိုင်သောစကားဝိုင်းကို မြင်လိုက်ရသောအခါ အမြန်ကြားဖြတ်ပြောလိုက်၏။
"ကောင်းပါပြီ။ ကျွန်တော်တို့အားလုံးလည်း မိတ်ဆက်ပြီးကြပြီဆိုတော့... မစ္စတာရှန် အသက်ကြွေးကို ဘယ်တော့မှ ပြန်တက်လို့မကုန်ဘူးဆိုပေမဲ့ ပြန်ပေးဆပ်စရာလည်း မလိုအပ်ပါဘူးလေ။ ကျွန်တော်တို့ကို ဒီနေ့ညစာအတွက် ကူရှင်းပေးလိုက်ပေါ့၊ ဘယ်လိုလဲ။"
တစ်ဖက်လူက မစ္စတာချန်၏ရှေ့မှောက်၌ ပြဿနာမဖြစ်ချင်မှန်း သူသေချာနေ၏။ မျှော်လင့်ထားသည့်အတိုင်းပင် ရှန်ရှစ်ချီးက ပြုံး၍ပြောလာခဲ့သည်။ "ဒါပေါ့၊ ဒါက ကြီးကြီးမားမားမဟုတ်ပါဘူး။ မင်းတို့ စိတ်ကြိုက်သာစားကြ၊ ငါ ရှင်းလိုက်ပါ့မယ်။"
ရှန်ရှစ်ချီး၏အပြုံးက ငိုတာထက်တောင် ပို၍ရုပ်ဆိုးနေခဲ့သည်။
"ပြီးတော့ ဒီည မိန်းကလေးဟယ်က ကျွန်တော်တို့ကို အကူအညီတောင်းစရာလေးရှိလို့ ဖိတ်ကြားခဲ့တာပါ။ ခင်ဗျား သူ(မ)ကို အပြစ်တင်မှာမဟုတ်ဘူးမလား။" လင်ရှူးက မေးလိုက်၏။
ရှန်ရှစ်ချီးက ပြန်ပြောခဲ့သည်။ "မတင်ပါဘူးဗျာ။ ရို့အန်းမှာလည်း လွတ်လပ်စွာနဲ့ သူငယ်ချင်းဖွဲ့ပိုင်ခွင့်ရှိတာပဲ။ အထူးသဖြင့် ဦးဆောင်လမ်းပြမှုကောင်းတဲ့ မစ္စတာယွဲ့လိုလူမျိုးနဲ့ပေါ့။"
သူ့အား တမင်ရန်စနေသည်ကို လျစ်လျူရှုကာ လင်ရှူးမှာ စိတ်ကျေနပ်သွားပြီး ပြောလာခဲ့သည်။ "ဒါဆို မစ္စတာရှန်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ကဲ၊ ကဲ ခင်ဗျားတို့ဆက်ပြီး စကားပြောလိုက်ကြပါဦး၊ ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး။"
ရှန်ရှစ်ချီး စားချင်စိတ်မရှိတော့ပေ။ သူ သီးသန့်ခန်းထဲပြန်ရောက်သော် လင်ရှူးဆီကနေ ချိုးလိမ်ခံလိုက်ရသော လက်မောင်းအား ပွတ်သပ်နေပြီး မစ္စတာချန်အား ယဥ်ယဥ်ကျေးကျေးဆက်ဆံဖို့ သူ့ကိုယ်သူ အတင်းကြိုးစားနေရ၏။
"အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်။" မစ္စတာချန်က ပြောလာခဲ့သည်။ "မင်းနဲ့ မိန်းကလေးဟယ်နဲ့က ရင်းနှီးကြတာလား။"
ရှန်ရှစ်ချီးက ပြန်ဖြေလိုက်၏။ "သူ(မ)နဲ့ကျွန်တော်က နီးကပ်တဲ့သူငယ်ချင်းတွေပါ။"
ထိုနီးကပ်သောသူငယ်ချင်းဆိုသည်က မရေမရာအဓိပ္ပာယ်ရှိပြီး ဇနီးမောင်နှံလည်းမကျ သာမန်သူငယ်ချင်းလည်း မဟုတ်ပေ။
မစ္စတာချန်က သဘောပေါက်သွားပြီး ဘာမှထပ်မပြောတော့ချေ။
ထိုစဥ် လင်ရှူးက သီးသန့်ခန်းထဲပြန်ရောက်သော် စားပွဲထိုးအား ခေါ်လိုက်သည်။
"အစားအသောက်တွေ ပါဆယ်မှာချင်လို့ပါ။"
သူကတော့ ထင်တဲ့အတိုင်းပဲဟူ၍ ယွဲ့တင့်ထန် တွေးလိုက်မိသည်။
သို့သော် သူ့ကိုလှည့်စားတာထက် အခြားသူများကိုလှည့်စားတာက ပိုကောင်းပေ၏။ ထို့ပြင် လှည့်စားခံရသူက ရှန်ရှစ်ချီးဖြစ်နေသည်။ ၎င်းတို့၏ဆက်ဆံရေးအရ အစားအသောက်လေးတစ်နပ်အတွက်နှင့် ဘာမှပြောင်းလဲသွားမှာမဟုတ်ရာ သူလည်း ဘာမှဝင်ပြောမနေတော့ပေ။
စားပွဲထိုးက မှတ်စုစာအုပ်လေးထုတ်ယူကာ ပြောလိုက်သည်။ "ဘာများမှာချင်ပါလဲခင်ဗျ။ ကျွန်တော် ချက်ချင်းပြင်ဆင်ပေးပါ့မယ်!"
"ရသာစုံစွပ်ပြုတ်၊ ဘဲသားဆားနယ်၊ ပင်လုံးကြိုင်ကိတ်၊ ကြာစွယ်အချို၊ ကောက်ညှင်းနဲ့ရတနာရှစ်ပါးဘဲပေါင်း၊ ဘဲသွေးစွပ်ပြုတ်၊ ဆန်အရက်၊ ဂဏန်းသားတို့ဖူးစွပ်ပြုတ်နဲ့ ခေါက်ဆွဲပွဲကြီးတစ်ပွဲ။"
လင်ရှူးမှာ ဝင်ဝင်လာချင်း ပထမထပ်မှာချိတ်ဆွဲထားသော မီနူးအားကြည့်ကာ ပြောနေသလိုမျိုး အသက်တောင်မရှူဘဲ ဟင်းလျာများအား တစ်ဆက်တည်းပြောကြားသွားသည်။
"ဒီလောက်ပဲ၊ ဟင်းလျာတစ်မျိုးကို သုံးပွဲဆီပြင်ပေးပါ။ အားလုံးပါဆယ်ပဲယူမယ်။ အိုး၊ ပြီးတော့ နှစ်ချို့ဖန်းအရက်သုံးအိုးပါ ထပ်ပေး။ ငါ့ကို အသစ်တွေနဲ့ အရူးလုပ်ဖို့တော့ မကြိုးစားနဲ့နော်!"
စားပွဲထိုး: ... ခင်ဗျား အလွန်အကျွံစားမိမှာကို မစိုးရိမ်ဘူးလား။
***
Aurora Novel Translation Team