ဟယ်ရို့အန်းက လင်ရှူးစကားရပ်သွားသောနေရာကနေ ဆက်လက်ပြောကြားလာခဲ့ပြီး ကူကယ်ရာမဲ့နေပုံပင်။
"အဲ့သတင်းထွက်မလာခင်က ဝေ့ဟုန်ရွှမ်းနဲ့ကျွန်မက လက်ထပ်ထားတဲ့စုံတွဲအဖြစ် ရုပ်ရှင်ကားတစ်ခုမှာ ပါဝင်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မ ကျိန်ပြောရဲပါတယ်၊ ကျွန်မ သူနဲ့ ဘယ်တုန်းကမှ စည်းမကျော်ခဲ့ဖူးပါဘူး။"
ယွဲ့တင့်ထန်: "အရင်ကရော ဝေ့ဟုန်ရွှမ်းနဲ့ အဆက်အသွယ်ရှိဖူးလား။"
ဟယ်ရို့အန်းက ပြန်ဖြေခဲ့၏။ "အဲ့ဒါက တော်တော်လေးကြာခဲ့ပါပြီ။ ကျွန်မ လမ်းမှာ လန်ချားဝင်တိုက်ခံရဖူးတယ်။ အဲ့တုန်းက လိုက်ပါလာတဲ့ခရီးသည်က သူဖြစ်နေခဲ့တာလေ။ သူက ကျွန်မကို တောင်းပန်ခဲ့ပြီး ဆေးရုံကို ခေါ်သွားပေးခဲ့တာပေါ့။ တဖြည်းဖြည်းနဲ့ ကျွန်မတို့ ရင်းနှီးလာခဲ့ပြီး သူက ကျွန်မကို ချစ်ခွင့်ပန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားတာကြောင့် သူ့ကိုငြင်းခဲ့လိုက်တယ်။ နောက်ပိုင်း သံသယဖြစ်စရာတွေကို ရှောင်ရှားဖို့အတွက် ကျွန်မ သူနဲ့အဆက်အသွယ်ဖြတ်ခဲ့တယ်။ သူနဲ့ အတူတူသရုပ်ဆောင်ရချိန် ရိုက်ကွင်းမှာ ပြန်မဆုံခင်အချိန်ထိပဲ ဆိုပါတော့။"
ယွဲ့တင့်ထန်က တည်ငြိမ်စွာ ပြောခဲ့၏။ "အမျိုးသမီးတစ်ယောက်ရဲ့ ပင်ကိုစိတ်ဆိုတာက အထိခိုက်မခံဆုံးပဲ။ မင်းက အကွာအဝေးထိန်းဖို့ကြိုးစားရင်တောင် ဝေ့ဟုန်ရွှမ်းရဲ့ မင်းအပေါ် အရင်ကခံစားချက်တွေကို မေ့ပျောက်သွားအောင် မစွမ်းနိုင်ဘူး။ ဒါကို စုထောင်က သတိထားမိလို့ မင်းကို အခုလိုမျိုးငြိုးနေတာဖြစ်နိုင်တယ်။"
ဟယ်ရို့အန်းက ရှက်ရွံ့နေဟန်။ "တကယ်တော့ ဒီလိုကိစ္စမျိုးက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အဆန်းမဟုတ်တော့ပါဘူး။ ကျွန်မနဲ့ သူတို့ရဲ့ခင်ပွန်းသည်တွေ ဒါမှမဟုတ် ချစ်သူရည်းစားတွေကြား တစ်စုံတစ်ခုရှိနေမယ်လို့ ထင်နေကြတဲ့အမျိုးသမီးတွေ အမြဲတမ်းရှိတတ်ကြတယ်။ ဒါပေမဲ့ ရှင်တို့လည်းသိပါတယ်၊ မစ္စတာရှန်ရှိနေတာကို ကျွန်မက ဘာဖြစ်လို့ တခြားအမျိုးသားတွေနဲ့ ပတ်သက်ရမှာလဲ။"
လင်ရှူးက ထိုအချက်ကို ယုံကြည်၏။ မည်သို့ပင်ဆိုစေကာမူ ကောင်စစ်ဝန်ရုံးရှိ ပွဲတော်တုန်းက ရှန်ရှစ်ချီး၏ ဟယ်ရို့အန်းအပေါ်ပိုင်ဆိုင်လိုမှုကို လူတိုင်း တွေ့မြင်နိုင်ပေသည်။
ယွဲ့တင့်ထန်က မေးလိုက်၏။ "စုထောင် မနှစ်တုန်းက သတင်းစာကြေညာချက် ထုတ်ပြန်လိုက်ပြီးချိန်ကနေ အခုချိန်ထိ ဒီကြားထဲမှာ ဝေ့ဟုန်ရွှမ်းနဲ့ အဆက်အသွယ်လုပ်ဖြစ်သေးလား။"
"နောက်ဆက်တွဲအဖြစ်အပျက်တွေက ကျွန်မကို ပိုပြီးသတိထားလာစေခဲ့တယ်။ ကျွန်မ ဝေ့ဟုန်ရွှမ်းနဲ့ ကြုံဆုံရတော့မဲ့အချိန်တိုင်း အတတ်နိုင်ဆုံး ရှောင်ခဲ့တယ်။ ရုပ်ရှင်ပူးပေါင်းမှုတွေတောင်မှ သူဌေးထန်ကို အကူအညီတောင်းပြီး ပယ်ဖျက်ခဲ့တယ်။ ကျွန်မကြားတာတော့ ဝေ့ဇနီးမောင်နှံက ဆက်ဆံရေးမကောင်းကြဘူးတဲ့။ သူတို့တွေ ရိုက်ကွင်းမှာတောင် လူသိရှင်ကြား ခဏခဏရန်ဖြစ်ကြတယ်ဆိုပဲ။ စုထောင်က သူ(မ)ရဲ့လက်ကောက်ဝတ်ကို လှီးဖြတ်ပြီးတော့တောင် သေကြောင်းကြံစည်ခဲ့သေးတယ်။"
ယွဲ့တင့်ထန်က မေးလာ၏။ "စုထောင်အပြင် တခြားသူရှိသေးလား။"
"နောက်တစ်ယောက်ရှိတယ်။ နာမည်က လုထုန်ချန်းတဲ့။"
လုမှာ အလွန်ထူးခြားသော မျိုးရိုးနာမည်ပင်။ ရှန်ဟိုင်း၌ နာမည်တူမရှိသလောက်ဖြစ်ပြီး ထိုတစ်ဦးတည်းသောသူက အလွန်နာမည်ကြီး၏။
လုထုန်ချန်းသည် မူလတုန်းက စစ်ချွမ်းမှဖြစ်ပြီး သူ၏ဂိုဏ်းမှာ သူဌေးအဆင့်ရှိသည့် အကောင်ကြီးကြီးတစ်ကောင်ပင်။
နောက်ပိုင်းတွင် တချို့သောအကြောင်းများကြောင့် စစ်ချွမ်းကနေ ထွက်လာကာ ရှန်ဟိုင်း၌ စီးပွားရေးလုပ်ငန်းများ စတင်ခဲ့၏။ သူ၏စီးပွားရေး၌ ပြည်တွင်းသယ်ယူပို့ဆောင်ရေးမှာ အဓိကဖြစ်ပြီး တရားဝင်တာရော၊ တရားမဝင်တာရော နှစ်မျိုးလုံးပါဝင်သည်။
သူက ချင်းဂိုဏ်း၏အဖွဲ့ဝင်များနှင့်လည်း ဆက်ဆံရေးကောင်းပြီး ဂိုဏ်းထဲ၌ နာမည်ကြီးသူဟု သတ်မှတ်ရမည်။ သူက ကြမ်းကြုတ်ပြီး ဂိုဏ်းအပေါ် သစ္စာရှိကာ သူ၏ဂုဏ်သိက္ခာအား အရာအားလုံးထက် တန်ဖိုးထားသူဖြစ်သည။
တစ်နေ့တွင် လုထုန်ချန်းက ဟယ်ရို့အန်းနှင့် အမှတ်မထင် တွေ့ဆုံခဲ့ပြီး ချက်ချင်းဆိုသလို သူ(မ)အား သဘောကျမိသွားသည်။ သူ၏အနေအထားနှင့်ဆို သူလိုချင်သမျှကို ရယူနိုင်ပြီး ရှန်ရှစ်ချီးကတောင် သူ့ကို ခုခံနိုင်မည်မဟုတ်ပေ။ လုထုန်ချန်း၏ ရည်ရွယ်ချက်များကို ရှန်ရှစ်ချီးသိနေလျှင်တောင် ထုတ်မပြောရဲဘဲ အခြေအနေအား လက်ခံလိုက်ရုံသာ တတ်နိုင်ပေ၏။
သို့သော်လည်း အံ့အားသင့်စရာကောင်းသည်မှာ ဟယ်ရို့အန်းက ငြင်းဆန်ခဲ့တာပင်။ သူ(မ)က လုထုန်ချန်း၏ပွဲတစ်ခုကို တက်ရောက်ခဲ့စဥ် သူက ဝိုင်ပုလင်းကြီးကို ညွှန်ပြကာ သူ(မ)သာ ထိုဝိုင်အား အကုန်သောက်မည်ဆိုပါက သူ(မ)ကို ထပ်ပြီးမနှောင့်ယှက်တော့ဘူးဟု ပြောခဲ့သည်။ ထိုသို့မလုပ်နိုင်လျှင် ဟယ်ရို့အန်းက သူ့ဘေးမှာ ထာဝရနေရမည်။
ဟယ်ရို့အန်းသည် နုနယ်သောအသွင်အပြင်ရှိသော်လည်း အံ့အားသင့်စရာကောင်းစွာ စိတ်ဓာတ်ပြင်းပြသည်။ သူ(မ)က ချက်ချင်းဆိုသလို ဝိုင်ပြင်းများ တစ်ခွက်ပြီးတစ်ပြီးငှဲ့ကာ ထိုးအန်သည်အထိ သောက်ခဲ့သော်လည်း သနားညှာတာပေးဖို့ လုံးဝမတောင်းဆိုခဲ့ချေ။
လူတိုင်း၏ရှေ့တွင် လုထုန်ချန်း၏မျက်နှာက ရှုံ့တွလာသော်လည်း သူ့စကားကို ပြန်ရုပ်သိမ်းလို့မရနိုင်ဘဲ ဟယ်ရို့အန်းကို လက်လွှတ်ပေးခဲ့ရသည်။ သို့သော်လည်း ထိုအချိန်မှစ၍ လုထုန်ချန်းက ဟယ်ရို့အန်း၏ပြိုင်ဘက်များကို ထောက်ပံ့ပေးပြီး သူ(မ)အား ဖိနှိပ်တော့လေ၏။
ယွဲ့တင့်ထန် အခိုက်အတန့်တစ်ခုလောက် စဥ်းစားနေခဲ့သည်။
"မင်းပြောသလိုဆို လုထုန်ချန်းက မင်းရဲ့အသက်ကို ယူချင်တာမဟုတ်ဘဲ မင်းကို လက်နက်ချစေချင်တာ။ သူသာ မင်းကိုသတ်ချင်ရင် ဒီလောက်ထိ ဒုက္ခခံနေစရာမလိုဘူး။ အဲ့လိုလုပ်ဖို့ တစ်စုံတစ်ယောက်ကို တိုက်ရိုက်လွှတ်လိုက်ရုံပဲ။ ဘာလို့ ဒီလိုအရှုပ်အထွေးတွေနဲ့ လျှို့ဝှက်ကြံစည်နေမှာလဲ။"
ဟယ်ရို့အန်းက ခါးသီးစွာပြုံးလိုက်၏။ "လုထုန်ချန်းကိုယ်တိုင်မဟုတ်ဘဲ သူ့လက်အောက်ငယ်သားတွေ ဖြစ်နိုင်တယ်။ လုထုန်ချန်းမှာ ကျန်းဟယ်လို့ခေါ်တဲ့ ညာလက်ရုံးတစ်ယောက်ရှိတယ်။ သူက လုထုန်ချန်းအပေါ် သစ္စာစောင့်သိပြီး လုထုန်ချန်းက ကျွန်မအပေါ်ကို အာရုံစိုက်လွန်းတယ်လို့ထင်နေတာ။ အဲ့ဒါက လုထုန်ချန်းအတွက် အားနည်းချက်ဖြစ်လာနိုင်တယ်လို့ သူကယုံကြည်နေပြီး ကျွန်မဆီကိုတောင် သတိပေးဖို့အတွက် တစ်စုံတစ်ယောက်ကိုလွှတ်ခဲ့ပြီး ကျွန်မရဲ့အသွင်အပြင်ကို ဖျက်ဆီးဖို့ကြိုးစားခဲ့ဖူးတယ်။ ကံကောင်းစွာနဲ့ပဲ မစ္စတာထန်က အဲ့အကြောင်းကို အချိန်မီရှာတွေ့ခဲ့လို့ ကျွန်မကိုကူညီဖို့အတွက် လူတွေစေလွှတ်ပေးခဲ့တာ။ ကျန်းဟယ်က ထပ်ပြီးမပြုမူတော့ပေမဲ့ ကျွန်မ လုထုန်ချန်းနဲ့ဆုံတိုင်း သူက သူ့အနောက်မှာရပ်နေပြီး ကျွန်မကို အေးစက်နေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေတတ်တယ်။ အဲ့လိုအချိန်ဆို ကျွန်မ အဆိပ်ရှိတဲ့ပင့်ကူရဲ့ထောင်ချောက်ထဲကျသွားပြီး မလွတ်မြောက်နိုင်တော့သလိုမျိုးပဲ။"
"မစ္စတာရှန်မှာ ရန်သူတချို့ရှိတယ်ဆိုတဲ့ အချက်လည်းရှိတယ်။ သူတို့က သူ့ကို တိုက်ရိုက်အန္တရာယ်မပေးနိုင်လို့ တစ်ခါတလေ ကျွန်မဆီကို ရောက်လာတတ်ကြတယ်လေ။ အရင်တုန်းက မစ္စတာရှန်ကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုတစ်ခုရှိခဲ့ဖူးပြီး တစ်ခါကဆို ကျွန်မတို့အပြင်သွားတုန်း ရုတ်တရက် ကားတာယာကွဲသွားပြီး အနောက်မှာ ဗုံးတစ်လုံးဆင်ထားခဲ့တယ်။"
ဟယ်ရို့အန်းအား သေစေချင်နေသောသူများက တချို့တလေရှိနေပုံပင်။
တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သူ(မ)အား အန္တရာယ်၏ရှေ့တန်းဆီ တွန်းပို့ခံနေရသည်။ သူ(မ)၏လှုပ်ရှားမှုတိုင်းကို မကောင်းသောရည်ရွယ်ချက်များ၊ မနာလိုမှုများ၊ အချစ်မှပေါက်ဖွားလာသော အမုန်းတရားများဖြင့် ကြည့်ရှုနေသော မရေမတွက်နိုင်သည့် မျက်လုံးများစွာရှိနေ၏။ သူ(မ)က မမြင်နိုင်သော ခြိမ်းခြောက်မှုများဖြင့် ဝန်းရံခံနေရပြီး ရှေ့လည်းတိုးလို့မရ၊ နောက်လည်းဆုတ်လို့မရဖြစ်နေပေသည်။
အဆုံးသတ်တွင် ၎င်းတို့အားလုံးက ကိစ္စတစ်ခုတည်းကိုသာ ဦးတည်နေခဲ့သည်။
အလှလေးမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိလျှင် ၎င်းက ကောင်းချီးတစ်ခုဆိုတာထက် ဥပဒ်တစ်ခုသာ ဖြစ်လာလိမ့်မည်။
ဟယ်ရို့အန်းက မဆုံးနိုင်သော ချစ်ခြင်းမေတ္တာများနှင့် လွှမ်းခြုံနေသည်ဟု ထင်ရသော်လည်း အမှန်တော့ သူ(မ)သည် ကူကယ်ရာမဲ့ကာ လင်ရှူးနှင့် ယွဲ့တင့်ထန်တို့ကိုသာ အားကိုးနိုင်ပေ၏။
မည်သို့ပင်ဆိုစေ ၎င်းတို့က ယွမ်မိသားစု၏ လူသတ်မှုကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် ရှန်ဟိုင်းတစ်ခွင်မှာ နာမည်ကြီးနေသည်လေ။
***
Aurora Novel Translation Team