no

Font
Theme

“ငါဟိုးအရင်အချိန်‌တွေကို ပြန်ရောက်သွားရင် ကောင်းမှာပဲ။ ဒါပေမယ့် မင်းလည်းတစ်သက်လုံး ကလေးတစ်ယောက် ဖြစ်မနေသလို ငါလည်းဘယ်တော့မှ မကြီးဘဲမနေဘူးဆိုတာကို သိပါတယ်”

စုန့်လီချင်းမှာ စိတ်မကောင်းခြင်းများစွာနဲ့ တစ်ယောက်တည်း တီးတိုးရေရွတ်နေသည်။

သူ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည်။ အခုချိန်ကစပြီး သူက ကျွင်းချီယွိရဲ့လူဖြစ်သွားပြီ။ ဒီဘဝမှာတော့ ဘယ်တော့မှ တခြားသူတစ်ယောက်ရဲ့လူ ဖြစ်မှာမဟုတ်တော့ဘူး။

သို့သော်ငြား သူ့ကို ကျွင်းချီယွိ လက်ခံလာဖို့ကတော့ ဟိုးအဝေးကြီးမှာပင်။

စုန့်လီချင်းတစ်ယောက် နောင်အနာဂတ်မှာ ပိုကောင်းအောင်လုပ်မယ့်အကြောင်း စိတ်ထဲကနေသာ တိုင်တည်လိုက်သည်။ ကျွင်းချီယွိ သူ့ကို အနှေးနဲ့အမြန် ပြန်ချစ်လာလိမ့်မည်။ သူကလည်း သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပြန်ရမယ့်နေ့အထိ စောင့်နေမည်။

စုန့်လီချင်း ကုတင်ပေါ်ကနေ အသာလေး ဆင်းလိုက်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဒဏ်ရာတွေ ပြန်ပွင့်လာသလို ခံစားရသည်။ နာကျင်မှုကို အံတုရင်း ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်လိုက်ပြီး ရှုပ်ပွနေတဲ့ ဆံပင်ကိုဖြီးကာ သန့်ရှင်းတဲ့အ၀တ်အစားတွေကို လဲ၀တ်လိုက်သည်။

ကြေးနီမှန်ထဲကနေတစ်ဆင့် သူ့ပုံစံက မျက်တွင်းတွေကျနေပြီး မျက်လုံးတွေကလည်း ညိုမည်းနေတာကို တွေ့နိုင်သည်။

တစ်‌နေ့နဲ့တစ်ညပဲ ရှိသေးတာတောင် သူ့ကြည့်ရတာ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေပုံပင်။

စုန့်လီချင်းရဲ့ နားထင်တွေမှာ တအားထိုးကိုက်နေပြီး နာကျင်မှုက မခံမရပ်နိုင်လောက်သည်အထိ ဆိုးရွားသည်။ ကံကောင်းတာက မျက်စိရောဂါက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေလို့သာပေါ့။ အခုတော့ ပြန်ပျောက်သွားပြီမို့ စုန့်လီချင်း ထိုကိစ္စကို ထပ်ပြီးဂရုမစိုက်မိတော့။

စည်းမျဉ်းစည်းကမ်းတွေအရ သူဒီနေ့ နန်းတွင်း၀င်ပြီး အရှင်နှစ်ပါးနဲ့ တွေ့ရမည်ဖြစ်သည်။ အခုဆို ဧကရီက သူ့ရဲ့ဆွေမျိုးသားချင်းဖြစ်နေပြီ။

ဒါပေမယ့် ဒီလိုစုတ်တီးစုတ်ပြတ် ပုံစံနဲ့တော့ နန်းတော်ထဲဝင်ပြီး ဧကရာဇ်နဲ့ မျက်နှာချင်းမဆိုင်ရဲပေ။

သူ့ခေါင်းမှာရှိတဲ့ ပြတ်ရှဒဏ်ရာကသွေးတွေက ခြောက်နေပြီဖြစ်ပြီး သူရေသန့်သန့်လေးနဲ့ သုတ်လိုက်တာတောင် အမာရွတ်ကို ဖုံးလို့မရပေ။ ဒါကြောင့် သူအမာရွတ်ကိုဖုံးဖို့ ရွှမ်တိရဲ့ မျက်နှာချေမှုန့်ကို ခဏဌားလိုက်သည်။

စုန့်လီချင်း ဒီလိုမိန်းကလေးပစ္စည်းတွေနဲ့ ဘာဆိုဘာမှ မလုပ်တတ်ပေ။ ဒါကြောင့် သူကြံမိကြံရာနဲ့ပဲ အကူအညီ တောင်းလိုက်ရသည်။

“ရွှမ်တိ၊ မင်းငါ့ကို ကူညီပေးလို့ရမလား”

ရွှမ်တိက စုန့်လီချင်းရဲ့ အသားအရောင်နဲ့ နီးစပ်တဲ့ မျက်နှာချေမှုန့်ကိုယူကာ အသာအယာလေး တို့ပေးလိုက်လေသည်။

“သခင်လေးက ဖြူဖွေးနေတာပဲ။ မိန်းကလေးတွေထက်တောင် ဖြူသေးတယ်”

ရွှမ်တိက တအံ့တဩ ပြောလာသည်။

စုန့်လီချင်းက အလေးအနက် မထားဘဲ “ယောက်ျားလေးတစ်ယောက်က ဖြူဖြူမဖြူဖြူ ဘာအရေးလဲ”

“အရမ်းအားကျစရာကောင်းတာပဲ။ သခင်လေးသာ လက်ထပ်ပြီး ကလေးလေးတစ်ယောက် မွေးမယ်ဆိုရင် အဲ့ကလေးလေးက ကြွေရုပ်လေးလို ဖြူဖွေးပြီး လှမှာသေချာတယ်…”

ရွှမ်တိတစ်ယောက် သူစကားမှားသွားမှန်း ရိပ်မိလိုက်တာကြောင့် ကမန်းကတန်း စကားစရပ်လိုက်သည်။ စုန့်လီချင်းကလည်း သူ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြောတာမဟုတ်မှန်း သိလေသည်။

“ရွှမ်တိ၊ ပွန်းပဲ့ရာတွေနဲ့ သွေးထွက်တာတွေကိုလိမ်းဖို့ လိမ်းဆေးလေး သွားရှာပေးပါဦး။ ဘယ်သူမှ မသိစေနဲ့နော်”

ရွှမ်တိ စိုးရိမ်တကြီး မေးလိုက်သည်။

“သခင်လေး၊ တခြားနေရာတွေရော ဒဏ်ရာရထားသေးတာလား”

စုန့်လီချင်းတစ်ယောက် ပါးစပ်ဟဖို့ အတော်လေး ကြိုးစားယူလိုက်ရသည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ လိုရမယ်ရယူထားတာ”

ရွှမ်တိ အော်လိုက်သည်။

“မဟုတ်ဘူး၊ သခင်လေးရဲ့ အသားအရောင်က အရမ်းအခြေအနေ ဆိုးနေတာ။ ဒဏ်ရာထားတာ သေချာတယ်။ ဒီမှာကြည့်လေ၊ လည်ပင်းမှာဒဏ်ရာကြီး!”

စုန့်လီချင်း သူ့လည်ပင်းကိုဖုံးဖို့ အကျီကော်လံကို ဆွဲလိုက်သည်။

သူတို့ချစ်နေတဲ့အချိန်တုန်းက ကျွင်းချီယွိမှာ စုန့်လီချင်း နာသွားလောက်မလားဆိုတာကို ဂရုပင်မစိုက်ခဲ့ချေ။ သူလုပ်တာက အရမ်းအကြမ်းကြီးမဟုတ်ပေမယ့် ညင်သာတာလည်းမဟုတ်ပေ။ ဒါကြာင့် စုန့်လီချင်း တစ်ကိုယ်လုံး ပွန်းပဲ့ဒဏ်ရာတွေနဲ့ ပြည့်နေလေသည်။

သူ ရှူးဆိုပြီး တားလိုက်ရသည်။

“တိုးတိုးပြော…”

ရွှမ်တိမှာ မျက်ရည်နဲ့မျက်ခွက်ပင်။

“ဘာလို့ ငိုနေရပြန်တာလဲ၊ ကလေးမလေးရဲ့”

စုန့်လီချင်း သူ့လက်လေးကို ပုတ်ကာမေးလိုက်လေသည်။

“သခင်လေးကို သနားလို့ပါ”

ရွှမ်တိက ရှိုက်ကြီးတငင်နဲ့ ပြန်ဖြေလာသည်။

“တကယ်ပဲ ဧကရာဇ်ကို မတိုင်တော့ဘူးလား။ အရှင့်သားက ဘာလို့ညဘက်မှာ သခင်လေးကို ရိုက်ရတာလဲ။ ပြီးတော့ ရိုက်တာကလည်း အကြမ်းကြီး!”

စုန့်လီချင်း ရှက်ပြီးခဏလောက် စကားမပြောနိုင် ဖြစ်သွားသည်။

“မဟုတ်ပါဘူး…”

စုန့်လီချင်းတစ်ယောက် ဘယ်လိုရှင်းပြလို့ ရှင်းပြရမှန်းတောင် မသိတော့ပေ။

“ဘာမဟုတ်ဘူးလဲ။ အဲဒါကြောင့် သခင်လေး ကျွန်မကို ဆေးသွားယူခိုင်းတာပေါ့။ သခင်လေးက တကယ်ကို တွေးပေးတတ်တာပဲ။ ကျွန်မ‌နောက်ဆို ဝင်ကာကွယ်ပေးပါ့မယ်။ နောက်တစ်ခါ ဘေးကနေပဲ ဘယ်တော့မှ ရပ်ကြည့်မနေတော့ပါဘူး…”

စုန့်လီချင်း ဘာမှမတတ်နိုင်တော့တာကြောင့် သူမပါးစပ်ကိုပဲ ပိတ်လိုက်ရသည်။ ဒီကောင်မလေးက လောကကြီးအကြောင်း နားမလည်သေးတော့ လူတွေသာ သူ့စကားတွေကိုကြားရင် ဝိုင်းရယ်လိမ့်မယ်။

စုန့်လီချင်း အကြောင်းပြချက်တွေ တစ်နံတစ်လျားကြီး ပေးပြီးတော့မှ ရွှမ်တိကို အပြင်ပြန်လွှတ်လိုက်သည်။

ဒီလောက်အကြာကြီးရှိသွားတာတောင် ကျွင်းချီယွိက မနိုးသေးတာကြောင့် စုန့်လီချင်း ကုတင်ဘေးမှာ ခဏစောင့်နေလိုက်သည်။ ပြီးမှ သူ့ခါးမှာဝတ်ထားတဲ့ ကျောက်စိမ်းဆွဲသီးလေး မရှိတော့တာကို သိလိုက်ရသည်။

ကျောက်စိမ်းဆွဲသီးက အရေးမကြီးပေမယ့် သူ့အပေါ်က ပန်းဖွားလေးကတော့ ပျောက်လို့မဖြစ်ပေ။

စုန့်လီချင်းမှာ အစိုးရိမ်လွန်နေတာကြောင့် အခန်းထဲကို စေ့စေ့စပ်စပ် ရှာဖွေပြီး ရှုပ်ပွနေတဲ့ အဝတ်အစားတွေပါမကျန် လှန်လှောရှာဖွေလိုက်သည်။ နောက်ဆုံးမှာ အခန်းတစ်ခုလုံးကိုတောင် တူးဖော်မိလုနီးပါး ဖြစ်သွားပေမဲ့ ပန်းဖွားလေးကိုတော့ ရှာမတွေ့ခဲ့ပေ။

“ရွှမ်တိကတော့ မယူတာသေချာတယ်။ အခန်းထဲမှာလည်း တခြားဘယ်သူမှ ရှိတာမဟုတ်ဘူး…”

စုန့်လီချင်း သေချာစဉ်းစားကြည့်လိုက်သည်။

“ငါတခြားဘယ်နေရာမှလည်း မသွားပါဘူး။ မနေ့ညက ရှန်းလဲ့စံအိမ်ကနေ ပြန်လာတဲ့လမ်းမှာ ပျောက်သွားတာများလား…”

စုန့်လီချင်း ပန်းဖွားလေးအကြောင်း စဉ်းစားရင်း အပြင်ထွက်ရှာကြည့်လိုက်သည်။ သူခေါင်းငုံ့ကာ ကုန်းရှာသည်။ လမ်းတစ်လျှောက်က ချုံပုတ်တွေ၊ ပန်းခင်းတွေပါမကျန် ရှာတဲ့အပြင် တွေ့တဲ့လူတိုင်းကိုပါ မေးကြည့်ပေမယ့် ဘယ်သူကမှ ကောက်ရထားခြင်း မရှိပေ။

“ဘယ်များရောက်သွားတာပါလိမ့်”

စုန့်လီချင်း စိုးရိမ်တကြီးဖြစ်နေပြီး ချွေးတွေပြန်နေကာ ရင်ထဲလေးလံလျက်ရှိသည်။ ဒါလေးက သူ့နဲ့ ကျွင်းချီယွိကြားက တစ်ခုတည်းသော ချည်နှောင်မှုလေးဖြစ်သည်။ သူတို့ရဲ့ လွန်လေပြီးတဲ့ ချစ်ခြင်းပြယုဂ်လေးပင်။

ပန်းဖွားလေးသာ ပျောက်သွားရင် စုန့်လီချင်း တကယ်မသိတော့ဘူး။ ကျွင်းချီယွိရဲ့ သူ့အပေါ်ထားတဲ့ ခံစားချက်တွေကို တခြားဘာနဲ့ သက်သေပြနိုင်မလဲ။

သူတအား ကြောက်ရွံ့တုန်လှုပ်နေမိသည်။

စုန့်လီချင်းရဲ့ မျက်ရည်တွေက သူ့မျက်လုံးထဲမှာ စုဝေးနေပြီပဲဖြစ်သည်။ သူမျက်ရည်တွေသုတ်ပြီး မော့ကြည့်လိုက်တော့ ရှန်းလဲ့စံအိမ်ရဲ့ တံခါးဝနား ရောက်နေတာကို တွေ့လိုက်ရသည်။

“မနေ့ညက ချီယွိကို ၀င်ခေါ်တဲ့အချိန် ရှန့်လဲ့စံအိမ်ထဲမှာ ကျကျန်ခဲ့တာ ဖြစ်လောက်တယ်…”

စုန့်လီချင်း ရှန်းလဲ့အိမ်တော်တံခါးကို ခေါက်လိုက်တော့ တံခါးဖွင့်ပေးလာသူက ဟူနွီအာကို အလုပ်အကျွေးပြုဖို့ စေလွှတ်ထားတဲ့ အစေခံမလေးဖြစ်သည်။

ရွှမ်တိထက် တစ်နှစ်နှစ်နှစ်လောက်ပဲ ပိုကြီးလောက်မည်။

“အိမ်‌ရှေ့စံမိဖုရားကို ကျွန်မမြင်ဖူးပါတယ်”

ထိုအစေခံမလေးရဲ့ မျက်လုံးတွေ ဂနာမငြိမ်ဖြစ်သွားသည်။

စုန့်လီချင်း သူ့ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။

“ငါဟူနွီအာကို ရှာနေတာ”

“ရှောင်ချင်ရဲ့ စော်ကားမှုကို ဗွေမယူပါနဲ့”

အစေခံမလေးက ခေါင်းငုံ့အရိုအသေပြုလျက်

“ရှန်းလဲ့စံအိမ်ကို အိမ်ရှေ့စံမိဖုရား တစ်ယောက်တည်း သီးသန့်လာရင် အထဲကိုမ၀င်ခိုင်းဖို့ အိမ်ရှေ့စံက အမိန့်ထုတ်ထားပါတယ်။ ဟူနွီအာကို အခက်တွေ့အောင် လုပ်မှာစိုးလို့ပါ…”

“အခက်တွေ့အောင် လုပ်မယ်တဲ့လား”

စုန့်လီချင်း ခနဲ့တဲ့တဲ့ ပြုံးမိသွားသည်။ သူပြုံးလိုက်ရတဲ့ အကြောင်းအရင်းက ကျွင်းချီယွိရဲ့ နှလုံးသားထဲမှာ သူက ယုတ်မာရိုင်းစိုင်းတဲ့သူ ဖြစ်နေတာကြောင့်မဟုတ်ဘဲ ကျွင်းချီယွီက သူ့ကိုကာကွယ်ဖို့ထက် ဟူနွီအာကို ကာကွယ်ဖို့ ပိုကြိုးပမ်းအားထုတ်နေတာကြောင့်ပင်။

“ရှန်းလဲ့စံအိမ်မှာ ပစ္စည်းတစ်ခု ကျကျန်ခဲ့လို့ပါ။ ငါသူ့ကို အခက်တွေ့အောင် မလုပ်ပါဘူး”

စုန့်လီချင်း ပန်းဖွားလေးကို ပြန်ရှာတွေ့မှဖြစ်မှာမို့ အထဲဝင်ဖို့ တောင်းဆိုလိုက်သည်။ ရှောင်ချင်းက သူ့ရဲ့အဆင့်အတန်းကြောင့် ကြောက်ရွံ့နေကာ အတင်းအဓမ္မတားဆီးဖို့ မဝံ့ရဲပါချေ။

ဟူနွီအာက အိပ်ရာနိုးနေပြီဖြစ်သည်။ သူက ခမ်းနားထည်ဝါပြီး ပါးလျတဲ့အဝတ်အစားကို ဝတ်ဆင်ထားကာ နတ်ဘုရားရှစ်ပါးရဲ့ စားပွဲရှေ့မှာ ထိုင်နေသည်။ စားပွဲပေါ်မှာတော့ စုန့်လီချင်းနဲ့ မရင်းနှီးတဲ့ နို့ထွက်ပစ္စည်းတွေ ရှိနေသည်။ အနောက်ပိုင်းဒေသက အစားအစာတွေ ဖြစ်လောက်မည်။

ဟူနွီအာက မျက်လုံး၀င့်ကြည့်လာသည်။ သူ့မျက်လုံးတွေထဲမှာတော့ မတူမတန်သလို မထီမဲ့မြင်အကြည့်တွေ အပြည့်ပင်။

“ဘယ်သူများလဲလို့၊ ဂုဏ်သရေရှိလှတဲ့ အိမ်ရှေ့စံအရှင့်သားရဲ့ မိဖုရားဖြစ်နေတာပဲ”

ဟူနွီအာ ဝါးခနဲသမ်းလိုက်သည်။

“ဟူနွီအာ မနေ့ညက ကောင်းကောင်းမအိပ်လိုက်ရလို့ စိတ်မကြည်ဘူး။ ဒါကြောင့် အိမ်ရှေ့စံမိဖုရားကို နှုတ်ဆက်မနေတော့ဘူ”

စုန့်လီချင်း စိတ်ထဲ သိပ်အလေးအနက် မထားမိ‌ပေ။ ဟူနွီအာမှာ သူ့ကိုယ်ပိုင်မာနရှိသည်။ သူ့ရဲ့ ကျောက်မျက်ပြာလို မျက်လုံးတွေက နှလုံးသားကိုပါ ကလိကလိဖြစ်စေနိုင်သည်။ သူဘယ်သွားသွား လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ အံ့ဖွယ်လူပင်။

ကျွင်းချီယွိက အသစ်အဆန်းကို နှစ်သက်တယ်။ ဒါကြောင့် သူ့အပေါ် ခဏတာ စွဲလမ်းနေတာကလည်း ယုတ္တိရှိပါတယ်လေ။

“မင်းက ဟန်တရုတ်လူမျိုး မဟုတ်တဲ့အတွက် ဒီလိုအလယ်ပိုင်းဒေသရဲ့ ဓလေ့ထုံးတမ်းတွေကို နားမလည်တာက နားလည်ပေးလို့ရပါတယ်။ ဟူး…ငါမင်းကို ဘယ်လိုခေါ်ရမလဲမသိဘူး”

စုန့်လီချင်းက လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မတော်ပေ။ အထူးသဖြင့် တစ်ဖက်လူက ကျွင်းချီယွိက အချစ်ဆုံးကျွန် ဖြစ်နေရင် ပိုဆိုးတာပေါ့။

ဟူနွီအာမှာတော့ အံ့ဩသွားရသည်။

“ငါကျွန်အနေနဲ့ အဖမ်းခံရပြီးကတည်းက ဒီနေ့အထိ လူတိုင်းကငါ့ကို ရှုတ်ချပြီး ကြောင်ကလေး ခွေးကလေးလို ဆက်ဆံကြတယ်။ ဒါပေမယ့် မင်းကတော့ ငါ့နာမည်ကိုမေးတဲ့ တစ်ဦးတည်းသောလူပဲ”

ဟူနွီအာက အဓိပ္ပာယ်ပါပါ ပြုံးရင်း

“ဒါပေမယ့် ငါမင်းရဲ့ကြင်နာမှုကို လက်မခံဘူး။ အိမ်ရှေ့စံက ငါ့ကို ဟူနွီအာလို့ ခေါ်တယ်။ ငါကဟူနွီအာပဲ”

စုန့်လီချင်း ဝေ့ဝိုက်မနေတော့ဘဲ တည့်တည့်မေးလိုက်သည်။

“မင်းငါ့ရဲ့ ကျောက်စိမ်းဆွဲသီးလေး တွေ့မိသေးလားမသိဘူး။ အဝါရောင် ပန်းဖွားလေးနဲ့၊ အပေါ်မှာလည်း ကြိုးထုံးလေးပါတယ်”

“ငါတွေ့တယ်”

ဟူနွီအာက အလျင်အမြန် ပြန်ဖြေလာသည်။

စုန့်လီချင်း အပျော်လွန်သွားသည်။ ဒါကပျောက်ဆုံးသွားတာကို ပြန်တွေ့လို့ပျော်ရတဲ့ ပျော်ရွှင်မှုမျိုး။

“ငါ့ကိုပြန်ပေးလို့ ရမလား”

ဟူနွီအာ လက်ထဲက နို့တိုဖူးကိုချကာ ပိုးလက်ကိုင်ပဝါနဲ့ သူ့လက်တွေကို သုတ်လိုက်သည်။

“ဒါပေမယ့် ငါကဘာလို့ ပြန်ပေးရမှာလဲ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment