ဆယ်နှစ်လောက် အပတ်တကုတ် ကြိးစားအားထုတ်ပြီးမှ တစ်ခါတည်း ထိပ်ဆုံးအဆင့်ကို ရောက်တာလောက် ပိုပျော်ဖို့ကောင်းတဲ့ ဖြစ်ရပ်မျိုး ထပ်ရှိနိုင်ပါဦးမလား။
လွန်ခဲ့တဲ့သုံးရက်က ရွှေရောင်စာရင်း ထွက်ရှိလာတော့ မြို့တော်တစ်ခွင် မီးရှူးမီးပန်းတွေနဲ့ ဂုဏ်ပြုခဲ့ကြသည်။ ဒီနေ့ဆို ပိုလို့တောင် ဟာလာဟင်းလင်းဖြစ်နေသည်။ အောင်နိုင်သူသုံးယောက်က ဌက်မွှေးအတောင်နဲ့ ပန်းပွင့်နီတွေကို ဆင်မြန်းလျက် မြင်းစီးကာ မြို့တော်တစ်ပတ်ပတ်ခဲ့ကြပြီး လမ်းတစ်လျှောက်မှာ လူအများနဲ့အတူ အောင်ပွဲခံ ပါ၀င်ဆင်နွှဲပျော်ရွှင်ခဲ့သည်။
လူအများက မနာလိုအားကျမှုတွေနဲ့ ကောင်းချီးဩဘာပေးနေကြပြီး အနာဂတ်မှာ ထင်ပေါ်ကျော်ကြားလာမယ့် သူတို့သုံးယောက်ကို ဂုဏ်ပြုနေကြသည်။
သို့သော် လူထုရဲ့အာရုံကို အဖမ်းစားနိုင်ဆုံးမှာ ပထမနေရာကသူလည်း မဟုတ်၊ ဒုတိယနေရာကသူလည်း မဟုတ်ဘဲ နောက်ဆုံးနေရာက ထန်ဟွားသာဖြစ်သည်။ ယောက်ျားတွေ၊ မိန်းမတွေနဲ့ ကလေးသူငယ်တွေက ရှင်းခဲ့ထန်ဟွားလန်ရဲ့ မျက်နှာအစစ်အမှန်ကို တွေ့နိုင်ရေးအတွက် စိတ်အားထက်သန်စွာနဲ့ အရှေ့ကို တမျှော်မျှော်လုပ်နေကြသည်။
“စာရင်းရဲ့ နံပါတ်တစ်နေရာက အရည်အချင်းကိုပဲ စစ်ဆေးခံရတာပေမယ့် ထန်ဟွားလန်ဆိုတာက အရည်အချင်းရော ရုပ်ရည်သွင်ပြင်ရော လိုအပ်တယ်! နဂါးနဲ့ ဖီးနစ်တွေကြားထဲမှာတောင် ဒီလိုဟာမျိုးက ရှားပါးတယ်!”
လူသွားလမ်းမကြီးတွေနဲ့ လမ်းကြားတွေထဲမှာ လူအုပ်ကြီးနဲ့ ပြည့်နေပြီး မြင်းဖြူစီးလာတဲ့ ထန်ဟွားလန်က ဖြတ်သွားတဲ့အချိန် တစ်ချက်ဝေ့ကြည့်လိုက်ရုံနဲ့တင် လူအုပ်ကြီးက အော်ဟစ်ဆူညံကုန်သည်။
မြင်းကျောကုန်းပေါ်မှာ လိုက်ပါလာတာကတော့ အစိမ်းရောင်ကော်လံဝိုင်း အရာရှိ၀တ်စုံကို ၀တ်ဆင်ကာ ခေါင်းဆောင်းဆောင်းထားတဲ့ လူငယ်လေးတစ်ဦးဖြစ်ပြီး သူ့ရဲ့မျက်ခုံးတန်းပြေပြေတွေနဲ့ မိုးမခသဏ္ဍာန် မျက်၀န်းတွေ ပိုင်ဆိုင်ထားသည့်အပြင် မျက်ခုံးနှစ်ခုကြားမှာလည်း ဟင်္သာပြဒါးနီရောင်မှဲ့လေးတစ်ခု ရှိလေသည်။ မျက်လုံးလေးတွေက တောက်ပကာ အသားအရည်မှာ နှင်းလိုဖြူဖွေးသည်။ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်မှာမူ ပိန်ပါးကာ လှပလေသည်။ မတ်မတ်ထိုင်နေတဲ့ သူ့တစ်ကိုယ်လုံးက ကြည်လင်သန့်ရှင်းကာ အေးစက်နေပေမယ့် လည်ပင်းဘယ်ဘက်ခြမ်းက မှည့်သေးသေးလေးကတော့ ညှို့ငင်အားတစ်မျိုးကို မသိမသာ ပေးစွမ်းနေလေသည်။
“အရှင်မင်းမြတ်ကိုယ်တော်တိုင် ရွေးချယ်ထားတဲ့ ထန်ဟွားလန်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ ဒီလိုမျက်နှာချောချောနဲ့ ကောင်လေးက အခုလိုခေတ်ပျက်ကြီးထဲမှာ တကယ်ကို သားကောင်းရတနာလေးပဲ။ ပေကျင်းမြို့တော်က မိန်းကလေးဘယ်နှယောက်ရဲ့ နှလုံးသားကိုများ ခိုးယူဦးမလဲမသိဘူး…”
“ထန်ဟွားက အမြဲတမ်း ဘုရင့်သမီးတော်တို့၊ မင်းမျိုးမင်းနွယ်တို့၊ မျိုးရိုးစဉ်ဆက် မှူးကြီးမတ်ရာဖြစ်ခဲ့တဲ့ မိသားစုကသူနဲ့ပဲ လက်ဆက်လေ့ရှိတာ။ သူ့အနာဂတ်ကတော့ အကန့်အသတ်မဲ့ကို တောက်ပနေတော့တာပဲ…”
“ကျွန်တော်တို့ရဲ့ ဘုရင်မင်းမြတ်မှာ သမီးတော်မရှိဘဲ သားတော်လေးပဲရှိတာက နှမြောစရာပဲ။ ကျွန်တော်ကြားတာတော့ အိမ်ရှေ့မင်းသားလေးက တန်ခိုးအာဏာကြီးတဲ့ အရှင်သခင်ငယ်လေး တစ်ပါးဆိုလားပဲ…”
“မင်းသားတွေ မင်းသမီးတွေဆိုတာက အရေးမကြီးပါဘူး။ သာဓကအနေနဲ့ ဧကရာဇ်ကလည်း အမျိုးသားတစ်ယောက်ကို ဧကရီအနေနဲ့ တင်မြှောက်ထားတယ်လေ”
“တိတ်စမ်း တော်၀င်မိသားစုအကြောင်း ပြောလို့ အပြစ်ပေးခံနေရမှ…”
“မင်းတို့သိကြလား။ ရှင်းခဲ့ထန်ဟွားက အထက်တန်းလွှာမိသားစုက ဗိုလ်ချုပ်စုန့်ရဲ့ သားလေ!”
“စုန့်မိသားစုက စုန့်လီချင်းလား။ ဒါပေမယ့် ငါကြားတာတော့ သူ့မှာ ချင်းလျန်အိမ်တော်ကို ဦးစီးနေတဲ့ ဖေဖေလေးတစ်ယောက်လည်း ရှိသေးတယ်ဆို။ အဲဒီနာမည်ဆိုးနဲ့ ကျော်ကြားတဲ့…”
“စုန့်လီချင်းက သူတို့ရဲ့မွေးစားသားမလား။ သူက သူ့ရဲ့မူလဇစ်မြစ်ကိုတောင် မသိဘူးဆို…”
“ရှူးးး ဟိုမှာလာနေပြီ!”
စကားပြောနေသံတွေက ရပ်မသွားပေမယ့် စုန့်လီချင်းကတော့ မတုံ့ပြန်ခဲ့ပေ။
သူ့ဘ၀တစ်လျှောက်လုံး အတင်းအဖျင်းတွေ၊ မလိုမုန်းထားဘက်လိုက်မှုတွေ၊ အနိုင်ကျင့်ခံရတာတွေနဲ့ ကြီးပြင်းလာရတော့ ဒီဟာတွေကို အသားကျနေပြီ။
စုန့်လီချင်းက သူ့အရည်အချင်းဟာ သာမန်ပဲဆိုတာကိုသိတော့ သူများတွေထက် ဆယ်ဆပိုကြိုးစားခဲ့ကာ နွေရာသီမှာ ခြင်ကိုက်ခံရပြီး ဆောင်းရာသီမှာ လေပြင်းတွေနဲ့ ဆီးနှင်းခဲတွေရဲ့ဒဏ်ကို ခံရတာတောင်မှ နေ့မနားညမနား ပြင်းပြင်းထန်ထန် စာလေ့လာခဲ့သည်။ မနက်စောစောအိပ်ရာထပြီး စာကိုလောဘတကြီးလေ့လာကာ ညနက်မှသာ အိပ်သည်။ မျက်လုံးတွေ အရည်ခန်းကာ နီရဲပြီး ရောဂါပုန်းတွေကျန်ခဲ့သည်။ ဒီလိုခါးသီးမှုတွေကိုတော့ ဘယ်သူမှမသိခဲ့ပေ။
အနည်းဆုံးတော့ သူကအခုဆို ထပ်ပေါ်ကျော်ကြားကာ အသိအမှတ်ပြုခံနေရပြီ ဖြစ်သည်။ ဂုဏ်သရေရှိတဲ့မိသားစုက မိသားစု၀င်တစ်ယောက်အနေနဲ့ သူ့အဖေတွေကို သူအရှက်မရစေခဲ့ဘူး။ သူ့ကို လေဒဏ်မိုးဒဏ်တွေကနေ ကာကွယ်ပေးပြီး နွေးထွေးမှုတွေပေးခဲ့တဲ့ ဒီမိသားစုနဲ့ သူကထိုက်တန်တယ်။
ပေကျင်းမြို့တော်ရဲ့ ရိုးရာထုံးတမ်းတွေက အခုဆို ပွင့်လင်းမြင်သာလာခဲ့ပြီဖြစ်သည်။ မိန်းကလေးငယ်လေးတွေကလည်း သူတို့ရဲ့သဘောကျမှုကို ဖော်ပြဖို့ သူတို့ရဲ့ ရနံ့အိတ်လေးတွေနဲ့ ပိုးလက်ကိုင်ပဝါလေးတွေကို ပစ်ပေးလာကြသည်။ စုန့်လီချင်းက ချစ်ကြောင်း၀န်ခံတဲ့ လက်ဆောင်တွေကို တစ်ခြင်းလိုက်ကြီး ရရှိခဲ့လေသည်။ နောက်ထပ် ပိုရင်ဖိုဖို့ကောင်းတဲ့ ကိစ္စတစ်ခုကတော့—
“ကုန်းကုန်း”
စုန့်လီချင်းက ရှေ့ကနေ မြင်းကိုဦးဆောင်စီးနေတဲ့ ကုန်းကုန်းငယ်လေးကို ကပ်မေးလိုက်သည်။
“အနောက်မြောက်ပိုင်းတပ်က နန်းတော်ကို ဒီရက်ပိုင်းအတွင်း ပြန်လာမယ်ဆို”
ကုန်းကုန်းငယ်လေးက နောက်လှည့်ပြီး ပြန်ဖြေသည်။
“ဟုတ်ပါတယ်”
ဟုတ်မှန်ကြာင်းအဖြေကို ရသွားတဲ့ စုန့်လီချင်းက အတွေးတစ်ခု တွေးမိသွားပြီး သူ့လက်ကောက်၀တ်မှာပတ်ထားတဲ့ အရောင်မှိန်မှိန် ပန်းဖွားအမြိတ်အဝါရောင်လေးကို မသိစိတ်ကနေ ထိမိသွားသည်။
ကျွင်းချီယွိ ပြန်လာတော့မယ်!
ရွှေချထားရလောက်မယ့် အဖိုးတန် မင်းသားငယ်လေး၊ သူ့ထက်နှစ်နှစ်ငယ်တဲ့ နတ်ဆိုးငယ်လေး။
ကုန်းကုန်းငယ်လေးက ကြင်နာစွာနဲ့
“သခင်ထန်ဟွား၊ မစိုးရိမ်ပါနဲ့။ ဗိုလ်ချုပ်စုန့်က ဘေးကင်းပြီး အဆင်ပြေမှာ သေချာပါတယ်”
စုန့်လီချင်း မရှက်ဘဲ မနေနိုင်တော့။ သူ့အဖေကလည်း အနောက်မြောက်ပိုင်းစစ်တပ်မှာ နှစ်ပေါင်းများစွာ ညွှန်ကြားကွပ်ကဲခဲ့ပေမယ့် သူကတော့ မတွေ့ရတာ ဆယ်နှစ်ကြာပြီဖြစ်တဲ့ နတ်ဆိုးငယ်လေးကိုသာ တွေးနေမိသည်။ သူတကယ့်ကို အသိစိတ်မရှိတာပဲ။
သူ အလောတကြီး မေးလိုက်သည်။
“ဒါဆိုမြို့တော်ကို ဘယ်အချိန်လောက် ရောက်ကြမှာလဲ”
ကုန်းကုန်းငယ်လေးက
“အဲဒါကိုတော့ ဘယ်သူမှမသိပါဘူး။ လမ်းတစ်လျှောက်လုံး အရှင့်သားရဲ့ စိတ်ခံစားချက်အပေါ်ပဲ မူတည်တာ…”
အဲဒီအချိန်တုန်းကဆို ကျွင်းချီယွိက ငါးနှစ်လား ခြောက်နှစ်လားပဲ ရှိသေးသည်။ နန်းတော်ကလူတွေကို အနိုင်ကျင့်တာကြောင့် သူ့ခမည်းတော်ကသူ့ကို လောက၀တ်တွေ၊ တရားမျှတမှု၊ ရိုးသားဖြောင့်မတ်မှုနဲ့ အရှက်အကြောက်တရားတွေကို သင်ယူဖို့ ကျောင်းတော်ကို စေလွှတ်လိုက်သည်။
ဘူလီကောင်ဆိုးလေးက ကျောင်းတော်ကိုရောက်ရောက်ချင်း သူ့အတန်းဖော်တွေကို ရိုက်နှက်ပြီး စုန့်လီချင်းကို သူ့အိမ်စာတွေလုပ်ပေးဖို့ အတင်းဖိအားပေးခဲ့သည်။ သူဆိုးသွမ်းတဲ့ အရာတွေကို အများကြီးမှအများကြီး လုပ်ခဲ့သည်။ သူကအထက်စီးဆန်ပြီး ဒေါပွလွယ်ပေမယ့် စုန့်လီချင်းကိုတော့ ကောင်းကောင်းဆက်ဆံပေးခဲ့ပြီး သူ့ရဲ့ကျောထောက်နောက်ခံ ဖြစ်ပေးခဲ့သည်။ သူက အနိုင်ကျင့်ရိုက်နှက်တတ်တဲ့ ကလေးကြီးဖြစ်ခဲ့သည်။
ကျွင်းချီယွိက ဆရာအိုကြီးတွေကိုလည်း ၀မ်းနုတ်ဆေးတွေ ပေးဖူးသည်။ စုန့်လီချင်းကိုလည်း အတန်းတူတူလစ်ဖို့ ခေါ်ဖူးသည်။ သူများမင်္ဂလာဆောင်ကိုလည်း ပြဿနာသွားရှာဖူးသည်။ သူများရဲ့ ပိုးဖဲကြိုးကိုလည်း အလစ်သုတ်ဖူးပြီး စုန့်လီချင်းကိုလည်း လမ်းတစ်လျှောက်လုံး ပြေးခိုင်းဖူးသည်။
စုန့်လီချင်းအမြဲတမ်း ကိုယ်နဲ့အတူဆောင်ထားတဲ့ ပန်းဖွားအမြိတ်လေးက စုန့်လီချင်းပေးခဲ့တာပင်ဖြစ်သည်။ ဟောင်းလွန်းလို့ အရောင်တွေတောင် ဖြူဖျော့နေပြီဆိုပေမယ့် စုန့်လီချင်းကတော့ လွှင့်ပစ်ဖို့ အမြဲတစေ တွန့်ဆုတ်နေခဲ့သည်။
အတိတ်ကအဖြစ်အပျက်တွေက ဖြစ်ပျက်ခဲ့တာ သိပ်မကြာသေးသလိုပင်။ ကျွင်းချီယွိက ကျောင်းတော်ကနေ ထွက်သွားပြီးနောက်ပိုင်း သူတို့အဆက်အသွယ် ပြတ်သွားခဲ့ကြသည်။ သူတအား ချုပ်ခြယ်တာ ခံနေရတယ်လို့တော့ သူကြားမိသည်။ နှစ်အနည်းငယ်အကြာမှာတော့ သူကအနောက်ပိုင်းဒေသကို စစ်ရေးလေ့ကျင့်ဖို့ ထွက်သွားခဲ့လေသည်။ စုန့်လီချင်းကလည်း တောင်ပိုင်းကို စာလေ့လာဖို့ သွားခဲ့ရတာကြောင့် သူတို့ထပ်မတွေ့ရတော့ပေ။
ဒါပေမယ့် စုန့်လီချင်းရဲ့ နှလုံးသားထဲမှာတော့ ထိုနတ်ဆိုးငယ်လေးရဲ့ ပုံရိပ်က အမြဲတေစ ရှိနေခဲ့ပြီး ဆယ်နှစ်လုံးလုံး အမှတ်ရနေခဲ့သည်။ ဒီရက်ပိုင်းထဲမှာ စုန့်အိမ်တော်ကို လက်ထပ်ပွဲအတွက် လာစေ့စပ်တဲ့ အောင်သွယ်တော်တွေက ပြတ်ကိုမပြတ်ပေ။
“လမ်းဖယ်ကြ! လမ်းဖယ်ကြ!”
သူ့အနောက်ကနေ မြင်းခွာသံတွေ ထွက်ပေါ်လာကာ အော်လိုက်တဲ့အသံက စုန့်လီချင်းရဲ့ အတွေးတွေကို နှောင့်ယှက်လိုက်သည်။
“အိမ်ရှေ့စံမင်းသား ပေကျင်းကိုပြန်လာပြီ!”
သံချပ်ကာမြင်းတပ်က လမ်းဖယ်ပေးပေးမယ့် လူတွေက ရှောင်သွားကြသည်။ စုန့်လီချင်းနဲ့ သူ့လူအုပ်ကတောင် သူတို့မြင်းတွေကိုရှောင်ဖို့ လုပ်လိုက်ကြသည်။
စုန့်လီချင်းက မြို့ထဲ၀င်လာတဲ့အုပ်စုကို ခေါင်းလှည့်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ ခံစားချက်တွေနဲ့ မျှော်လင့်စောင့်စားနေမှုတွေ မဖြစ်ဘဲ မနေနိုင်တော့ပေ။
မြင်းစီးစစ်တပ်ကြီးက ခန့်ညားထည်ဝါလှသည်။ အနောက်မြောက်ပိုင်းတပ်က တာ့ကျင်းနိုင်ငံတော်နဲ့ အနောက်မြောက်ပိုင်းစစ်တပ်ရဲ့ အလံတွေကို မြင့်မြင့်မြှောက်ထူထားကြသည်။ အတန်းလိုက်လှည်းတွေထဲမှာ အကျဉ်းသားတွေနဲ့ စစ်အောင်နိုင်ပစ္စည်းတွေကို ဆွဲယူလာပြီး သူတို့ရဲ့ပြောင်မြောက်တဲ့ စစ်အောင်ပွဲကို ပြသနေသည်။ သူတို့အောင်ပွဲခံပြီး ပြန်လာတာကို ပြည်သူတွေက ကြိုဆိုနေကြပြီး သူတို့ကို လမ်းရဲ့ဘေးနှစ်ဖက်စလုံးမှာ ကောက်ကာငင်ကာ ဒူးထောက်အရိုအသေ ပြုလိုက်ကြသည်။
စုန့်လီချင်း အနောက်မြောက်ပိုင်းတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ သူ့မွေးစားအဖေ စုန့်ချင်းကို တွေ့လိုက်ရသည်။ သူ့မျက်နှာပေါ်မှာ အချိန်ကာလတွေရဲ့ တိုက်စားမှုဒဏ်နဲ့ သူ့နဖူးပေါ်မှာ အမာရွတ်တစ်ခု ရှိနေပေမယ့် သူ့ကြည့်ရတာ စိတ်အားထက်သန်နေပုံပေါ်သည်။ စုန့်လီချင်းမှာ ပြေးတွေ့ပြီး ပွေ့ဖက်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။ အိမ်ပြန်ရောက်ရင်တော့ အဖေနဲ့သားကြားက ချစ်ခြင်းမေတ္တာအကြာင်းတွေ ပြောဖို့ အချိန်ရမှာပါ။ ဘေးကင်းတယ်ဆိုရုံနဲ့တင် တော်ပါပြီ။
စုန့်ချင်းရဲ့ဘေးမှာတော့ အနက်ရောင်အကျီနဲ့ လူငယ်လေးတစ်ယောက်ရှိပြီး သူ့စီးတော်မြင်းမှာ တွေ့မြင်ဖို့ခက်ခဲတဲ့ ကြက်သွေးရင့်ရောင်မြင်းမျိုး ဖြစ်သည်။
ထိုလူငယ်လေးထံတွင် ခရီးရှည်မောင်းနှင်လာရခြင်းကြောင့် ပင်ပန်းနွမ်းနယ်တဲ့ဒဏ်တွေ တစ်ခုမှမတွေ့ရပေ။ သူက စိတ်အားထက်ထက်သန်သန်နဲ့ ပတ်ပတ်လည်ကို တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့်နေသည်။ သူ့အပြုံးတွေက မြူးတူးနေပြီး မွေးရာပါအထက်စီးဆန်မှုနဲ့ တော်၀င်ဆန်မှုတွေ ရှိနေသည်။
တစ်ချက်ကြည့်လိုက်ရုံနဲ့တင် စုန့်လီချင်း သူ့မှတ်ဉာဏ်ထဲက နတ်ဆိုးငယ်လေး ကျွင်းချီယွိနဲ့ ထပ်တူကျသွားခဲ့သည်။
ဒီအရှင်ငယ်လေးက ဘယ်ကိုပဲသွားသွား နေနတ်ဘုရားလို တောက်ပနေပြီး လူအုပ်ကြားထဲမှာ ထင်းထွက်နေသည်။
ကျွင်းချီယွိက သူ့ဘယ်ဘက်လက်မှာ မြင်းဇက်ကြိုးကို ထိန်းကိုင်ထားပြိး ညာဘက်လက်မှာတော့ သံကြိုးတစ်ချာင်းကို ကိုင်ထားသည်။ သံကြိုးရဲ့ အစွန်းတစ်ဖက်မှာတော့ လူတစ်ယောက်ကို ချည်ထားသည်!
ထိုလူအားလည်ပင်းမှာ ခွေးတွေကြောင်တွေလို ကစားစရာတစ်ခုလို ကြိုးချည်ထားသည်။ ကျွင်းချီယွိကတော့ သေခြင်းနဲ့ရှင်ခြင်းရဲ့ အရှင်သခင်ဖြစ်သည်။ အာရုံငါးပါးအရ အနောက်မြောက်ပိုင်းဒေသတွေက အကျဉ်းသားတစ်ယောက် ဖြစ်ပုံရသည်။ ထူးဆန်းတာက သူကဂုဏ်သိက္ခာမဲ့စွာ ချည်နှောင်ထားခြင်း ခံရပေမယ့် သူကကျွင်းချီယွိနဲ့အတူ မြင်းတစ်စီးတည်းစီးနိုင်ပြီး ကျွင်းချီယွိရဲ့ ရင်ခွင်ထဲမှာတောင် ရယ်မောပြောဆိုနိုင်သည်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပေါ့ပေါ့ပါးပါးနဲ့ ဟိုလိုလိုဒီလိုလို ဖြစ်နေသည်။
စုန့်လီချင်းမှာ သေသေချာချာတောင် မကြည့်ရဲဘဲ မျက်လုံးတွေ မည်းမှောင်သွားသည်။
ကျွင်းချီယွိက အစေခံတွေနဲ့အတူရ ယ်ရယ်မောမောနဲ့ သူ့မြင်းကို လမ်းတစ်လျှောက် စီးလာကာ စုန့်လီချင်းရဲ့ရှေ့ရောက်တော့ ရပ်ပစ်လိုက်သည်။
လူရွယ်တစ်ယောက်က သူ့လက်တစ်ကမ်းအကွာမှာ ရှိနေသည်။ ကျွင်းချီယွိဆီမှာ ငယ်ရွယ်စဉ်က ကလေးဆန်မှုတွေ လွင့်ပြယ်သွားပြီး စိတ်နေသဘောထားကလည်း ပြတ်သားကာ အလွန်စိတ်၀င်စားစရာ ကောင်းနေသည်။ သူ့ရဲ့ဓားသွားလို မျက်ခုံးတန်းတွေက တောင်တန်းတွေကို မြင့်လျက်ရှိပြီး ရှည်လျားကျဉ်းမြောင်းတဲ့ ဖီးနစ်မျက်လုံးတွေက ပြုံးသလိုလို မပြုံးသလိုလိုနဲ့ စုန့်လီချင်းကို ကြည့်နေသည်။
“မင်းကထန်ဟွားလန်လား”
ကျွင်းချီယွိရဲ့ ပထမဆုံးစကားပင်။
စုန့်လီချင်းက ခေါင်းကို ဖြည်းဖြည်းချင်း ညိမ့်ပြလိုက်သည်။ သူ့နှလုံးမှာလည်း ဖရိုဖရဲနဲ့ တဒိန်းဒိန်းခုန်နေသည်။
“ကျွန်တော်မျိုးက စုန့်…”
“မင်းက စုန့်လီချင်းမှန်းငါသိတယ်”
သူငါ့ကို အခုထိ မှတ်မိနေသေးတယ်…
စုန့်လီချင်းရဲ့စိတ်ထဲမှာ ခံစားချက်တွေ ရောထွေးကုန်ပြီး ခဏလောက် စကားမပြောနိုင်ဖြစ်သွားရကာ ပြန်ဖြေဖို့တောင် မေ့သွားသည်။
ကျွင်းချီယွိ သူ့နာမည်ကို ပြောလိုက်တုန်းက ကလေးဘ၀တုန်းကလို စိတ်အားထက်သန်မှုတွေ မရှိတော့ဘဲ လျစ်လျူရှုမှုနဲ့ စက်ဆုပ်ရွံရှုမှုတွေသာ ရောထွေးနေသည်။
ကျွင်းချီယွိက စုန့်လီချင်းကို စဉ်းလဲခြင်းတွေနဲ့ စိုက်ကြည့်နေသည်။ စုန့်လီချင်းက အနည်းငယ် စိမ်းကားသလိုပုံရပြီး သူ့မျက်နှာက ကြည်လင်ချောမောလှသည်။ သူ့ပင်ကိုစရိုက်ကသာ အေးစက်စက်ဖြစ်နေပေမယ့် မျက်လုံးတွေထဲမှာတော့ နူးညံ့မှုတွေအပြည့်ပင်။ သွယ်လျလျလည်တိုင်ပေါ်က မပေါ့်တပေါ်နဲ့ ဝိုးတိုးဝါးတားဖြစ်နေတဲ့ မှည့်သေးသေးလေးက လူတွေကို အကျီကော်လံဖြူအောက်မှာ ဘယ်လိုပုံစံမျိုး ရှိလိမ့်မလဲဆိုတာကို သိချင်လာအောင် ဆွဲဆောင်နေသည်။
ကျွင်းချီယွိက စုန့်လီချင်းအား လက်ညှိုးထိုးကာ ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။
“မင်း၀တ်ရုံကို ချွတ်လိုက်”
စုန့်လီချင်းမှာ ကြက်သေသေသွားရသည်။
“ဘယ်လို!”
စုန့်လီချင်းသာမက လူတိုင်းအံ့ဩသွားရသည်။ လူအများရှေ့မှာတောင် အိမ်ရှေ့စံမင်းသားရဲ့ အပြုအမူက အရမ်းလွန်လွန်းသည်။ လမ်းမပေါ်မှာတောင် ထန်ဟွားလန်ကို စော်ကားနေသေးသည်။
ဒီလောက်နှစ်တွေကြာတာတောင် နတ်ဆိုးငယ်လေးရဲ့ အထက်စီးဆန်မှုတွေက ပျောက်မသွားဘဲ ပိုတောင်ဆိုးလာပြီး အရိုင်းဆန်ကာ ရမ္မက်ကြီးလာခဲ့သည်။
“ငါကြိုက်တယ်…မင်း၀တ်ရုံကို။ ချွတ်ပြီးငါ့ကိုပေး”
ကျွင်းချီယွိက ကျီစားနေလေသည်။
“ဘာလဲ မပေးချင်ဘူးလား”
ကျွင်းချီယွိက ရှီဟိုင်အိမ်တော်မှာ ဆယ်နှစ်တောင် နေခဲ့ရကာ ရိုင်းစိုင်းပြီး ပညာမဲ့တဲ့ လူရိုင်းတွေနဲ့ နေထိုင်ခဲ့ရတာကို စုန့်လီချင်းသိသည်။ ထိုရိုင်းစိုင်းမှုတွေကို မြင်နေကြားနေရတာကြောင့် သူ့အပေါ်လွှမ်းမိုးသွားတာဖြစ်ပြီး မာနကြီးကာ အလိုလိုက်ခံရတာကြောင့် ဒီလိုစဉ်းတောင့်စဉ်းလဲ စရိုက်တွေကြီးထွားလာတာဖြစ်သည်။
သူငယ်ငယ်တုန်းက ကျောင်းတော်မှာ စစတွေ့ချင်း “စုန့်လီချင်းက သူ့အပိုင်” ဆိုပြီး ကြေညာခဲ့တုန်းကနဲ့ တစ်ပုံစံတည်းပင်ဖြစ်သည်။
သို့ပေမယ့် စုန့်လီချင်းကတော့ စိတ်မဆိုးပါ။ အပြင်လူတွေကတော့ ဘယ်သိပါ့မလဲ။ တကယ်တော့ ကျွင်းချီယွိရဲ့ သဘာ၀ကိုက တည့်တိုးဆန်တာဖြစ်သည်။ စုန့်လီချင်းရဲ့ မျက်လုံးထဲမှာတော့ သူတည့်တိုးဆန်တာလေးက ချစ်ဖို့ကောင်းနေသည်။
သူက ညင်သာစွာနဲ့
“အရှင့်သား ကိုယ့်အပြုအမူကိုယ် ထိန်းပါဦး”
“အပြုအမူထိန်းရမယ်?”
ကျွင်းချီယွိရဲ့ အထက်စီးဆန်မှုတွေက အရင်တုန်းကနဲ့ တစ်ပုံစံတည်းပင်။
“အရှင့်သားလိုချင်တာမှန်သမျှ လက်ညှိုးညွှန်ရာ ရနေတာပဲလေ။ ဒီလိုအ၀တ်လေးတစ်စုံကို ထည့်တွက်မနေပါနဲ့။ ဒီ၀တ်ရုံအကြောင်း ထားလိုက်ပါတော့။ အရှင့်သားက…”
အဲဒိအချိန်မှာပဲ ကျွင်းချီယွိရဲ့ရှေ့က အစေခံက ပြုံးပြီး ကျွင်းချီယွိကို တစ်ခုခု တီးတိုးလှမ်းပြောနေသည်။
ကျွင်းချီယွိက စိတ်ပြောင်းသွားကာ ခေါင်းညိမ့်ပြလိုက်သည်။
“ဟူနွီအာက မင်းရဲ့ပန်းအနီရောင်လေးက လှတယ်တဲ့။ မင်း သူကစားဖို့ ပေးလိုက်”
စုန့်လီချင်းရဲ့စိတ်ထဲ ငူငူငိုင်ငိုင် ဖြစ်သွာရသည်။ ဒီဖဲပြားနဲ့ ပန်းအနီလေးက ဧကရာဇ်ကိုယ်တိုင် ရွှေရောင်စာရင်းထဲ ၀င်တဲ့သူ့ကို ချီးမြှင့်ခဲ့တဲ့ ဂုဏ်ပြုတံဆိပ်လေ။ ဘယ်လိုလုပ် တခြားတစ်ယောက်ကို အရုပ်တရုပ်လို ပေးပစ်လိုက်နိုင်မှာလဲ။
သူငြင်းဆန်ဖို့ အချိန်မရခင်မှာပဲ ကျွင်းချီယွိက သူ့ဓားအိမ်ထဲကဓားကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲထုတ်လိုက်တာကြောင့် ဓားသွားကပျံလာပြီး ရုတ်တရက်ဆိုသလို ပိုးခါးစည်းကြိုးအနီရောင်လေးကို ဖြတ်ချလိုက်သည်။
ကျွင်းချီယွိက သူ့လက်ထဲမှာ ဆူးပန်းလေးကို ကိုင်ထားပြီး သူ့တန်ခိုးအာဏာကို ကြွားလုံးထုတ်နေသည်။
စုန့်လီချင်းက ပိုးဖဲကြိုးရဲ့အဖျားလေးကို ဆုပ်ကိုင်ကာ ကမန်းကတန်းပြောလိုက်သည်။
“အရှင့်သား၊ ဒါက ကျွန်တော်မျိုးရဲ့ ပထမဆုံးအကြိမ် နန်းတော်ထဲ၀င်ပြီး ဘုရင်မင်းမြတ်ကို တွေ့ရမှာပါ။ နန်းတော်ရှေ့ မလေးမစားပြူမူတာက ကြီးလေးတဲ့ပြစ်မှုကြီးမလို့ ကျွန်တော်မျိုးကိုအဲဒါလေး အခုလောလောဆယ် ပြန်ပေးလို့ရမလား…ကျွန်တော်မျိုး နောက်ကျမှ အရှင့်သားကို ပြန်ပေးရင်ရော ဘယ်လိုလဲ”
“မရဘူး၊ဟူနွီအာကကြိုက်တယ်။ ဒါကိုမင်းက ဂုဏ်တောင်ယူရဦးမယ်”
ကျွင်းချီယွိ ဆက်မေးလိုက်သည်။
“မင်းပေးမယ်မလား”
စုန့်လီချင်း သူ့နှုတ်ခမ်းသူကိုက်ပြီး ခေါင်းကိုပြတ်ပြတ်သားသား ခါလိုက်သည်။
အခြေအနေတွေက မတိုးသာမဆုတ်သာ ဖြစ်နေချိန်မှာ ဗိုလ်ချုပ်စုန့်ချင်းက မြင်းနဲ့ရောက်လာပြီး စုန့်လီချင်းကို ကယ်တင်ပေးလိုက်သည်။
“အရှင့်သားက အရင်က စိတ်ထင်ရာ လုပ်နေကျပေမယ့် ဒါကရှီဟိုင်အိမ်တော် မဟုတ်တော့ပါဘူး။ အင်ပါယာမြို့တော်ပါ။ ရှင်းခဲ့ထန်ဟွားကို လမ်းမပေါ်မှာ စော်ကားတာက မသင့်တော်ပါဘူး။ တော်၀င်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်ပါတယ်”
စုန့်ချင်းက စစ်တပ်ထဲမှာတော့ ကျွင်းချီယွိရဲ့ အထက်အရာရှိဖြစ်ပြီး ဧကရာဇ်အတွက် ကြီးကြပ်ရေးမှူးအနေနဲ့လည်း တာ၀န်ထမ်းဆောင်သည်။ သူ့ကိုလည်း အနောက်မြောက်ပိုင်းမှာ စွမ်းရည်အတော်များများ သင်ပေးကာ အလွန်လည်း ဂရုစိုက်ပေးသည်။ ဒါကိုကြားလိုက်ရတော့ ကျွင်းချီယွိက အထက်စီးပိုဆန်လာသည်။
“ဟမ့်”
ကျွင်းချီယွိက မြင်းဇက်လှည့်ကာ
“ကောင်းပြီလေ ဒါကိုမင်းပဲ တောင်းဆိုတာနော်…ဟူနွီအာ မြင်းပေါ်ကဆင်း”
ဟူနွီအာက မြင်းပေါ်ကနေ နာနာခံခံနဲ့ ဆင်းလိုက်သည်။
ကျွင်းချီယွိက ကျွန်များကို ချည်နှောင်ထားသော သံကြိုးများကို လွှတ်ချလိုက်ပြီး မြင်းခြေထောက်ကို ညှပ်လိုက်တော့ ချွေးပြန်နေတဲ့ မြင်းက ချက်ချင်းဒုန်းစိုင်း ပြေးထွက်သွားသည်။ စုန့်လီချင်းက မြင်းပေါ်ကနေတောင် ပြုတ်ကျတော့မလို ဖြစ်သွားတာကြောင့် မြင်းဇက်ကြိုးကိုဖမ်းကိုင်ပြီး သူနဲ့အတူ ထိန်းစီးလိုက်ရသည်။
ကျွင်းချီယွိ လှည့်ကြည့်လိုက်တော့ စုန့်လီချင်းရဲ့ အထိတ်တလန့်ဖြစ်နေတဲ့ပုံစံနဲ့ ကြောက်ရွံနေတဲ့ အမူအရာကို မြင်လိုက်ရပြီး ခုနကလို အမူအရာမျိုး လုံး၀မရှိတော့တာကြောင့် သူ သဘောတကျ ရယ်မောလိုက်သည်။
“ဟားဟားဟား၊ မင်းကနန်းတော်ထဲ ဝင်မယ်ဆိုတော့ ငါလည်း၀င်ရသေးတာပေါ့။ မင်းခြေထောက် မကျိုးစေနဲ့နော် ထန်ဟွားလန်!”
စုန့်လီချင်းက တိတ်တဆိတ်နဲ့ပဲ မြင်းနောက်ကျောနဲ့ သူ့ရှေ့ကကြာပွတ်ကိုပဲ ကြည့်ရင်း သူ့ရဲ့ဆိုးသွမ်းမှုကို သည်းခံနေလိုက်သည်။
သူ့ဖခင်ပြောစကားအရ ကျွင်းချီယွိ တစ်နှစ်သားအရွယ်တုန်းက ကျုံးကိုဖမ်းကာ စုန့်လီချင်းကို မလွတ်တမ်းဖက်ထားပြီး အပေါ်ရောအောက်ရော ကိုက်ခဲ့တာတဲ့။ ဖြစ်နိုင်တာက တစ်နေရာရာကနေ သူတို့နှစ်ယောက်ကို ကံကြမ္မာအရ ချည်နှောင်ထားပြီးသားပဲနေမှာ။
ဒီအခိုက်အတန့်မှာ ကျွင်းချီယွိအပေါ် သူ့ရဲ့သဘောကျမှုက ဘယ်တော့မှ မပြောင်းမလဲ မလျော့မကျဘဲ ပိုပိုသာတိုးလာမည်ဖြစ်ကြောင်း စုန့်လီချင်းတစ်ယောက် သေချာသွားသည်။
ဒါပေမယ့် ကျွင်းချီယွိကတော့ သူ့ကို ဘာကြောင့် ကျီစားနေလဲဆိုတာ သူတကယ် မပြောတတ်ဘူး။
အစိမ်းနဲ့ အနီရောင်လူ၊ မြင်းက ပန်းရောင်နဲ့ အဖြူ၊ ပြီးတော့ နောက်တစ်ကောင်က အနီ။ အလယ်မှာလည်း အနီရောင်ပန်းဖဲကြိုးက ဆွဲထားသေး။ ဒီလိုနဲ့သူတို့ ခံ့ညားထည်ဝါတဲ့ နန်းတော်တံခါးဝကို ဒုန်းစိုင်းဝင်ရောက်ခဲ့ကြသည်။ ဒီအခြေအနေလေးက လှပကာ လိုက်ဖက်လှသည်။ သစ်လွင်တဲ့ အ၀တ်အစားတွေနဲ့ လူငယ်လေးတစ်ယောက်ရယ်၊ စိတ်ဆိုးနေတဲ့ မြင်းတစ်ကောင်ရယ်။
နန်းတော်ထဲဝင်ပြီးနောက်မှာလည်း ကျွင်းချီယွိက မနားတမ်း ဒုန်းဆိုင်းစီးကာ သောင်းကြမ်းရမ်းကားနေသည်။ ရွှေတွေကျောက်စိမ်းတွေ ကျောက်သံပတ္တမြားတွေလို အဖိုးထိုက်တန်တဲ့ အိမ်ရှေ့မင်းသားဖြစ်တာကြောင့် မည်သူကမှ သူ့ကိုမတားရဲကြပေ။
စုန့်လီချင်းရဲ့ ရှက်ကိုးရှက်ကန်းပုံစံကို အစေခံတွေရော ကုန်းကုန်းတွေရော အကုန်လုံး မြင်သွားကြသည်။ ကျွင်းချီယွီက အထွတ်အထိပ်ဖြစ်တဲ့ ပညာ့ဗိမာန်ခန်းမနားရောက်မှ ဇက်သတ်လိုက်ပြီး မြင်းဇက်ကြိုးကို ကုန်းကုန်းအား လှမ်းပေးလိုက်သည်။
“အရှင်သခင်ကို အလုပ်အကျွေးပြုရတဲ့မြင်းက အလတ်ဆတ်ဆုံးဆိုတဲ့ အစာရေစာတွေကို စားဖို့လိုတယ်။ သူကအခုမှ အလယ်ပိုင်းလွင်ပြင်ကို ရောက်လာတာဆိုတော့ ဒီကရေမြေသဘာ၀တွေနဲ့ အသားမကျသေးဘူး”
ကျွင်းချီယွိရဲ့အမိန့်ကို ကုန်းကုန်းက တလေးတစားနဲ့ လိုက်နာခဲ့သည်။
စုန့်လီချင်း ဘေးကိုစောင်းငဲ့ကြည့်လိုက်တော့ ကျွင်းချီယွိရဲ့ အသိအမှတ်ပြုခံရတဲ့ အရာဆိုရင် အစေခံပဲဖြစ်ဖြစ်၊ မြင်းပဲဖြစ်ဖြစ် တန်ဖိုးထားခံရတာကို တွေ့လိုက်ရသည်။
သူကိုယ်တိုင်ကလွဲလို့ပေါ့။
စုန့်လီချင်းက သူ့ရဲ့ မနာလိုအားကျတဲ့ မျက်လုံးတွေကို ပြန်ရုတ်လိုက်ပြီး ဘုရင်မင်းမြတ်ကို ဖူးမြော်ဖို့ သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်လိုက်သည်။
“စုန့်လီချင်း”
ကျွင်းချီယွိက သူ့ကိုရုတ်တရက် လှမ်းခေါ်ကာ သူ့ဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လာနေသည်။ စုန့်လီချင်း မသိစိတ်ကနေ ခြေလှမ်းတစ်ဝက်လောက် နောက်ဆုတ်မိသွားသည်။ အခုဆို ကျွင်းချီယွိက သူ့ထက် ခေါင်းတစ်လုံးစာ ပိုမြင့်နေပြီဖြစ်သည်။
“ငါမင်းကို လက်ထပ်မှာမဟုတ်ဘူး။ မကြာခင် တရားရုံးရောက်တဲ့အချိန်ကျ စေ့စပ်ထားတာကို မင်းဘာသာမင်း လူပုံအလယ်မှာ ပယ်ဖျက်လိုက်တာက ပိုကောင်းလိမ့်မယ်”
ကျွင်းချီယွိက အေးစက်စွာ ပြောလာသည်။
စုန့်လီချင်းတစ်ယောက် ဘုမသိဘမသိနဲ့ပဲ အထဲကို ၀င်သွားလိုက်သည်။
လက်ထပ်…စေ့စပ်ပွဲ?
စာရေးသူမှာ ပြောစရာရှိပါတယ်:
ကျွင်းမိသားစုရဲ့ အတွဲသုံးတွဲအကြောင်းလာပါတော့မယ်~
“ဆွံ့အတဲ့အစေခံ” ဇာတ်လမ်းရဲ့အဆက်ကို ဆက်ပါတာ့မယ်။
စုန့်လီချင်း* ကျွင်းချီယွိ၊ ချင်းလန်ထန်ဟွားလန်* ရူးနေတဲ့အိမ်ရှေ့မင်းသား
နောက်လာမယ့်အပိုင်းက “ဆွံ့အတဲ့အစေခံ” ရဲ့ အပိုင်းထဲမှာ ပါပါတယ်~
ဇနီးလေးကိုလိုက်ဖမ်းတဲ့ ပူလောင်ပြင်းပြတဲ့ဇာတ်လမ်း၊ HE